ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, April 20, 2010

ဂြိုဟ်သား

မောင်ကိုယု

အသက် ၆၈ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သော စာရေးဆရာကြီး မောင်ကိုယု (၁၉၃၀-၉၈)၏
ကျော်ကြားသော ၀ထ္ထုတို တစ်ပုဒ် ဖြစ်ပါတယ်။ ဆရာသည် ၀ထ္ထုတိုများ၊ မဂ္ဂဇင်း၊ ၀ထ္ထုရှည်များနှင့် ကျော်ကြားသော တရားခွင် နောက်ခံဘာသာပြန် ၀ထ္ထုရှည်များကိုလည်း ရေးသားခဲ့သည်။ မောင်ရင်မောင်၊ မမယ်မကို ပင်တိုင်ဇာတ်ကောင်ထား၍ ရေးခဲ့သော ဆရာ၏ ၀ထ္ထုတိုများတွင် “ဂြိုဟ်သား”
သည် တစ်ပုဒ် အပါအ၀င် ဖြစ်ပါသည်။
ဆရာ၏ “ဂြိုဟ်သား” ၀ထ္ထုတိုသည် သရော်ငွေ့ငွေ့
ပါသည့်တိုင် အဆိုပါ သရော်ဂြိုဟ်၌ ကောင်းမြတ်သော စိတ်စေတနာပါရှိသည်ဟု ယုံကြည်သဖြင့်
 လည်းကောင်း၊ ၂၅နှစ်တာ ကာလကို လွန်မြောက်၍ စာဖတ်သူအား နှစ်သက် ကျေနပ်စေနိုင်သော ခံစားမှုနှင့် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိနိုင်သည့်ဟု မျှော်လင့်သဖြင့် လည်းကောင်း ထပ်မံ၍ ပုံနှိပ်ဖော်ပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

ပေဖူးလွှာ


ပိုက်ပြင်သမား၏ ကောင်းမှုကြောင့် ဆရာ ကိုရင်မောင် ကျောင်းမသွားနိုင်သေးဘဲ စောင့်နေရပါသည်။x x xကိုရင်မောင် နေထိုင်လျက် ရှိသော ရပ်ကွက် တိုက်ခန်းကို အိုးအိမ်ဦးစီး ဌာနမှ ပိုင်ဆိုင်သည်။ ထိုတိုက်ခန်း အားလုံး၏ ပြုပြင် ထိန်းသိမ်းမှုကို အိုးအိမ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက တာဝန်ယူသည်။ ကိုရင်မောင်တို့က ပြတင်းမှန် ကွဲသည်ဖြစ်စေ၊ ရေပိုက်ပျက် သည်ဖြစ်စေ၊ အင်္ဂတေကွာသည်က အစ မြို့နယ်မှူးရုံးသို့ အကြောင်း ကြားလိုက်ပါက သက်ဆိုင်ရာ ၀န်ထမ်းများကို လွှတ်၍ ပြုပြင်ပေး လေသည်။
ဤသို့ လာရောက်ပြုပြင်သော အလုပ်သမားဝန်ထမ်းများမှာ ပင်ပန်းရှာကြပါသည်။ တိုက်ခန်းပေါင်း မြောက်မြားစွာကို နေ့စဉ်လိုက်လံ ပြုပြင်သော အမှုကို ပြုရပေရာ တစ်ခါတစ်ရံရက်တော့ စောင့်ရသည်။ ကလေးသူငယ်များ လေးခွ သရမ်းသဖြင့် ပြတင်း မှန်များ ကွဲအက်သည်လည်း ရှိ၏။ ထိုသို့သော အခါများတွင် မြို့နယ်ဌာနမှ ရုတ်တရက် ရှောင်တခင် မှန်အစား ထိုးစရာ မရှိသည့် အခါ စောင့်ရသည်။ ရသည့်အခါ လာတပ်ပေးသည်။
လျှပ်စစ် မီးပျက်လျှင်လည်း မြို့နယ် လျှပ်စစ်ဌာနသို့ အကြောင်းကြားလိုက်သည့် အခါ တာဝန်ကျ မီးပြင်သမားများ လာရောက် ပြုပြင်ပေးကြ၏။ဤသို့သော အခါမျိုးများတွင် ကိုရင်မောင်တို့ကလည်း တာဝန် ကျေကြပါသည်။ ၀တ္တရားအရ လာရောက် ဆောင်ရွက်ကြသည်ဆို ပေမယ့် ဆေးလိပ်နှင့် စားစရာတို့ဖြင့် တည်ခင်းဧည့်ခံရသည်။ မြန်မာတို့၏ ဓလေ့အတိုင်း ပြုစုကြသည်။ အပြန်တွင် နည်းသည် များသည် မဟူ လက်ဖက်ရည်ဖိုးလေးတော့ ပေးလိုက်ကြစမြဲပင်။x x xရေပိုက်ပျက်သည်မှာ အခါခါဖြစ်သည်။ရေပိုက်ခေါင်းက ချောင်နေသဖြင့် ရေလာသည့် အခါ ပိတ်မရဘဲ အမြဲကျဆင်း နေတတ်ပြီး တစ်ခါတစ်ရံတွင် ရေပိုက်လိုင်းက ချေးဆို့တတ်ပြန်သည်။ လာပြင်သည့် ရေပိုက်ဆရာများက ရေပိုက်ခေါင်းကို မော်တော် ကားဘီးကျွတ်ကို ၀ါရှာညှပ်၍ ပိုက်ခေါင်းကို ကြပ်ပေးသွား တတ်သည်။ အခိုက်အတန့်တော့ ရေပိုက်ခေါင်း ပိတ်၍ ရသွား၏။
ပိုက်လိုင်းချေးဆိုသည့် အခါများတွင် ရေကျမှန်စေရန် ပိုက်လမ်းတစ်လျှောက် တဒေါင်ဒေါင် ခေါက်ပေးသွားတတ်ကြ၏။ ရေကျကောင်းလာပြန်သည်။ နောက်နှစ်ပတ်လောက် ကြာတော့ ပျက်မြဲပျက်ပြန်သည်။ မြို့နယ်ရုံးသို့ ကိုရင်မောင် သွားရပြန်၏။“ပျက်ပြန်ပြီလား ဆရာ”
မြို့နယ်လက်ထောက် အင်ဂျင်နီယာ ဦးသိန်းဝင်းက ပြုံးပြုံး ကလေးနှင့် လှမ်းမေးလိုက်သည်။“အေးဗျာ ခင်ဗျားတို့ဆီက ဆရာတွေ လာပြီး ပြင်လိုက်တုန်း ခဏတော့ မန်းလိုက်မှုတ် လိုက်သလိုပဲ ကောင်းသွားပြန်ရော။ နောက်တစ်ပတ်လောက်ကြာတော့ ပျက်ပြန်ရော”“အင်း ဒီတစ်ခါတော့ သေသေချာချာ စစ်ဆေးပြီး ပြင်မှရမယ်။ မောင်တင်ထွန်း လွှတ်ရမှာပဲ။ သူကတော့ စိတ်ချရပါတယ်”x x xကိုရင်မောင် မိမိ တိုက်ခန်းသို့ ပြန်ရောက်ပြီး နာရီဝက်ခန့် အကြာတွင် ပိုက်ပြင်ရန် မြို့နယ်ဦးစီးမှူးရုံးမှ လူငယ်တစ်ယောက် ကိရိယာ တန်ဆာပလာတွေနှင့် ရောက်လာသည်။ အသက် ၂၅ နှစ်ထက် ကျော်ပုံမရပေ။ ရောက်သည်ဆိုလျှင်ပဲ စကား တစ်ခွန်းမှ မပြောဘဲ ရေပိုက်လိုင်း တစ်လျှောက်လုံး လျှောက်ဖြုတ်တော့ သည်။
“ဆရာလေးရယ်၊ ပိုက်တွေ အားလုံးဖြုတ်ဖို့ လိုသလားဟင်။ အရင်ဆရာတွေကတော့ ဟိုခေါက်ဒီခေါက်နဲ့ ကောင်းသွားတာပဲ။ ဘယ်လောက်ကြာမလဲဟင်”
ကိုရင်မောင်က ကျောင်းသွားရမည့် အချိန်နှင့် တွက်ဆရန် မေးလိုက်ခြင်းဖြစ်၏။အရေးထဲ မမယ်မက ဤနေ့မှ မြို့ထဲ ဈေးဝယ် ထွက်သွားသည်။ အကြီးသုံးယောက်က စာမေးပွဲ ဖြေသွားကြ၏။ အိမ်တွင် သားအငယ်ဆုံး မောင်ညီထွေးသာ စာမေးပွဲပြီးသဖြင့် အိမ်မှာ ကျန်ရစ်သည်။ ကိုရင်မောင်ကလည်း ဥပဒေပိုင်း စာမေးပွဲ စောင့်ရန် တာဝန်ရှိနေသည်။
“ကြာတော့ ကြာမယ်ခင်ဗျ။ ပိုက်တွေ အကုန်ဖြုတ်ပြီး ဆေးပစ်မှ ကောင်းမယ်။ ဟိုခေါက် ဒီခေါက်လုပ်တာက သံချေးတွေ ကို ခေါက်ထုတ်တာ၊ ဆေးမြီးတိုပဲ။ ရေရှည် မကောင်းဘူး”
လူငယ်လေးသည် ပြောပြောဆိုဆို သူ့အလုပ်ကို ဆက်၍ လုပ်နေသည်။ ထုံးစံအတိုင်း ကိုရင်မောင်က ကော်ဖီ၊ ရေနွေးကြမ်း ဆေးလိပ်တို့ကို ပိုက်ပြင် ဆရာလေးဘေးတွင် ဗန်းနှင့်ချ၍ တည်ခင်း ပေးလိုက်သည်။ သို့သော် ထိုလူငယ်ကလေးမှာ လှည့်၍ပင် မကြည့်ပေ။ သူ့အလုပ်ကိုသာ မဲပြီး လုပ်နေသည်။
ကိုရင်မောင်သည် မဂ္ဂဇင်းစာအုပ် ကုန်သလောက် ရှိသွားသော အချိန်ထိ ပိုက်ပြင်ဆရာလေးသည် တကုပ်ကုပ်နှင့် လုပ်တုန်းရှိ သေးသည်။“ဆရာလေး နားနားနေနေပေါ့။ ကော်ဖီလေး သောက်လိုက်ပါဦး”
ကိုရင်မောင်က လောကွတ်ပြုလိုက်၏။“နေပါစေခင်ဗျ။ ကျွန်တော် ထမင်းဘူးပါတယ်”
တအောင့်လောက် ကြာ၍ ကိုရင်မောင် လှမ်းကြည့်လိုက်သော အခါ ကိုယ်တော်ချောမှာ မီးဖိုခန်း သမံတလင်းပေါ်တွင် အကျအန ထိုင်ကာ သူ့မှာပါလာသော ထမင်းဘူးကို ဖွင့်၍ စားနေတော့၏။ ထို့နောက် ရေနွေးကြမ်းကလေး တစ်ခွက်ငှဲ့သောက်ပြီးလျှင် သူ့ လုပ်ငန်းကို သူဆက် လုပ်နေပေတော့သည်။“ဆရာလေး နာမည် ဘယ်လိုခေါ်သလဲ”
ကိုရင်မောင် စကားမရှိ စကားရှာလိုက်သည်။“မောင်တင်ထွန်းပါခင်ဗျ”
“နည်းနည်းနားပါဦးလား။ အခုဆိုရင် မောင်တင်ထွန်းလုပ်တာ နှစ်နာရီတောင် ရှိသွားပြီ”
“နားလို့ မဖြစ်ဘူးခင်ဗျ။ ဟိုဘက်တိုက်ကို ဒီကနေပြီးရင် ကူးရဦးမယ်”
မောင်တင်ထွန်းသည် ဤမျှသာပြောပြီး ဆေးကြောပြီး ပိုက်များကို သူ့နေရာနှင့်သူ ပြန်ပြီး တပ်ဆင်နေသည်။ကိုရင်မောင်အဖို့မှာမူ ရေချိုးခန်း တစ်ဝိုက် ပြန့်ကျဲနေသော သံချေးများကို ဘယ်လို ရှင်းလင်းရပါမည်နည်းဟု စိတ်ဆင်းရဲနေပါ တော့၏။ကိုရင်မောင် စိတ်ပူစရာ မလိုပါ။ မောင်တင်ထွန်းက ပိုက်များကို တပ်ပြီး ဌာနမှ ထုတ်ပေးလိုက်သော ဘုံဘိုင်ခေါင်း အသစ်ကို လဲလှယ်တပ်ဆင်လိုက်သည်။ ဘုံဘိုင်ခေါင်း အပျက်ကို သူ့လွယ် အိတ်ထဲ ထည့်သည်။ ကိရိယာ တန်ဆာပလာများကို သိမ်းဆည်းထုပ်ပိုးသည်။ ထို့နောက် ကိုရင်မောင်အား ဘုံဘိုင် ဖွင့်ပြ၏။ ရေမှာ အလုံးအရင်းနှင့် ကျလာကြသည်။
ဤမျှနှင့် မောင်တင်ထွန်း၏အလုပ်မှာ မရပ်နားသေးပါ။ သမံတလင်း အပေါ်၌ ပြန့်ကျဲနေသော သံချေးများကို အုန်းတံမြက် စည်းဖြင့် အသေအချာ လှည်းချွတ်၍ ရေကျပေါက်ထဲ ရေဖြင့် လောင်းပြီး သန့်စင်လိုက်လေသည်။ကိုရင်မောင်ကတော့ အတော်ပင် ကျေနပ်သွား၏။ ဤကဲ့သို့သော အလုပ်သမားကို ဘောက်ဆူး ကောင်းကောင်းပေးသင့်သည် ဟု ထင်မြင်လာမိသည်။ ခါတိုင်းဆိုလျှင် လက်ဖက်ရည်ဖိုး ငါးကျပ်ခန့်သာ ပေးလေ့ရှိသော်လည်း ဤအခါတော့ ငွေတစ်ဆယ်ကို စွန့်စွန့်စားစား စေတနာဗရပွဖြင့် ပေးလိုက်ရန် ဆုံးဖြတ်လိုက်တော့၏။
မောင်တင်ထွန်းက အားလုံးကိစ္စ၀ိစ္စများ ပြီးစီးသွားသောအခါ လွယ်အိတ်ကို တစ်ထမ်းတစ်ပိုးလွယ်လျက် အိတ်ထဲမှ ပုံစံစာရွက် ကို ကိုရင်မောင်အား လက်မှတ်ထိုးပေးရန် ထုတ်ပေးလိုက်သည်။ ဤအခန်း၌ ပြင်ဆင်မှုပြီးစီးကြောင်း ၀န်ခံထောက်ခံချက် ပုံစံဖြစ် ၏။ကိုရင်မောင်က လက်မှတ်ထိုးပြီးနောက် မောင်တင်ထွန်း အား ငွေတစ်ဆယ် လှမ်းပေးလိုက်၏။မောင်တင်ထွန်းသည် ငွေတစ်ဆယ်ကို လှမ်းမယူဘဲ ငေးကြောင်ကြောင်ဖြင့် ကိုရင်မောင်ကို မော့ကြည့်နေသည်။“ဦးက စေတနာနဲ့ပေးတာပါကွာ။ မောင်တင်ထွန်းလည်း တော်တော် ပင်ပန်းသွားတယ် မဟုတ်လား။ မုန့်ဖိုး အဖြစ်နဲ့ ယူပါကွာ”
ကိုရင်မောင်က လက်ကမ်း၍ ပေးလိုက်သည်။ မောင်တင် ထွန်းကမူ လှမ်းမယူပေ။ကျွန်တော် မပင်ပန်းပါဘူး ဦးလေး။ ဒါက လုပ်လေ့လုပ်နေကျ အလုပ်ပဲ။ ဦးလေးက လက်ဖက်ရည်ဖိုး ပေးစရာ မလိုပါဘူး။ ကျွန်တော့်ကို သွားခွင့်ပြုပါ။ နောက်လည်း ပြင်စရာရှိရင် ရုံးကိုသာ အကြောင်းကြား”
မောင်တင်ထွန်းသည် ပြောပြောဆိုဆိုဖြင့် အခန်းပြင်သို့ လှမ်းထွက်လိုက်ပြီး လှေကားမှ တောက်လျှောက်ဆင်းသွား တော့သည်။“ဒီအစ်ကိုက လူယောင် ဆောင်ထားတဲ့ ဂြိုဟ်သားထင်တယ် ဖေဖေ”
ကာတွန်း စာအုပ် တစ်အုပ်ဖြင့် ငြိမ့်နေသော မောင်ညီထွေးက လှမ်းပြောလိုက်ရာ ကိုရင်မောင်သည် သားတော်မောင်ဘက်သို့ လှမ်းကြည့်လိုက်မိ၏။“ငါ့သား မင်းဘာပြောတယ်။ ဘယ်သူ။ြ၈ိုဟ်သား ဟုတ်လား။ ဘာဖြစ်လို့လဲ”
မောင်ညီထွေးသည် ကာတွန်းစာအုပ်ကို ဘေးသို့ ချလိုက်ရင် ပြောင်ချော်ချော် မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။“လက်ဖက်ရည်ဖိုး ပေးတာ မယူဘူး မဟုတ်လား။ ဒါဆိုရင် လူတော့ မဟုတ်နိုင်ဘူး။ သားတို့ ကာတွန်း စာအုပ်ထဲမှာပါတဲ့ အင်္ဂါဂြိုဟ်က ကျန်ရစ်ခဲ့တဲ့ ဂြိုဟ်သားပဲ ဖြစ်ရမယ်။ လူယောင်
ဆောင်ထားတဲ့ြ၈ိုဟ်သားပေါ့။ ဟဲ ဟဲ”
ကိုရင်မောင်သည် ပါးစပ်ဟ၍သာ နေလိုက်ရပါ၏။ လှေကားမှ ဆင်းသွားသော မောင်တင်ထွန်းကို အံ့သြရမည်လား။ ကာတွန်း စာအုပ်များဖြင့် ဗဟုသုတ စုံလင်နေပြီဖြစ်သောပဉ္စမတန်း ကျောင်းသားကလေး မောင်ညီထွေးကို အံ့သြရမည်လား မပြောနိုင် တော့ပါချေ။
မောင်ကိုယု(၁၉၈၅ ခု၊ အမှတ် (၁၀) မေလ၊ ချယ်ရီမဂ္ဂဇင်းမှ)

မာတိကာ


statistics

web tracker