ဆရာအို ပြဿနာ
သိန်းဖေမြင့်
သိန်းဖေမြင့်
အချိန်မှာ ကျွန်ုပ်တို့၏ ရန်ကုန် တက္ကသိုလ် နွေရာသီ ကျောင်းပိတ်ချိန် တနေ့သော နံနက်ခင်း ဖြစ်လေသည်။ ကျွန်ုပ်သည် ပင်စင် ယူရခါနီးပြီ ဖြစ်သော ကထိက ဆရာအိုကြီးတဦး ဖြစ်ပေ၏။ ကျွန်ုပ်သည် မည်သူကမျှ မပညတ်မီကပင် ကိုယ့်ဖာသာစည်းကမ်း သတ်မှတ်ပြီး ကျောင်းသို့ ၉ နာရီ မှန်မှန်ရောက်အောင် လာလေ့ရှိသည်။

ကျောင်းသားတွေအတွက် ကျောင်းပိတ်ပြီးဖြစ်လျက် ဆရာများအတွက် ကျောင်းမပိတ် သေးသော ရက်များ၌ပင်လျှင် ဤအချိန်ဇယားကို စည်းကမ်းကြီးစွာနှင့် စောင့်ထိန်းလေ့ရှိသည်။
ကျွန်ုပ်သည် နေအိမ်မှ ကျောင်းသို့ ခြေလျင် လျှေက်ရခြင်း ကိုလည်း နေပူမရှောင်၊ မိုးရွာမရှောင် ကျင့်သုံးသော အလေ့ လုပ်ထားပေသည်။ ကျွန်ုပ်၏ ကျန်းမာရေး အခြေအနေ ကောင်းသည်မှာ ဤအလေ့ကြောင့် တကြောင်းဖြစ်သည်။
လူငယ်ဆရာတွေက မော့စ်ဗစ်၊ ဘဲလောက်စ်ဗစ်တာ စသော ကားကလေးများ ၀ယ်နိုင်အောင် လခထဲမှသော်၎င်း၊ စာမေးပွဲဖြေလွှာ ဖျက်ခထဲမှသော်၎င်း အပတ်တကုတ် ကြိုးစား၍ ငွေစုနေကြချိန်တွင် ကျွန်ုပ်မှာ ပင်စင်ယူလျှင် ကိုယ့်ဝင်း၊ ကိုယ့်ခြံ၊ ကိုယ့်အိမ်ကလေးနှင့် နေနိုင်အောင် စုဆောင်း နေရပေသည်။ ပင်စင်ယူပြီးလျှင် ခြံမြေထဲမှာ သစ်ပင်စိုက်ရင်း ရုက္ခဗေဒ သုတေသန လုပ်ရန်စိတ်ကူး ထားသည်။