စန္ဒယားချစ်သူ
Written by နတ်မှူး (April, 2010...ပေဖူးလွှာ မဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်။)
ကျွန်တော်သည် ဆရာဝန် တစ်ယောက်ဖြစ်သည်။ လူပျို လူလွတ်ဖြစ်ပြီး ရန်ကုန်မြို့၏ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် ပြင်ပ ဆေးကုခန်း ဖွင့်ထားသည်။ ဆေးခန်းမှ ရသော ၀င်ငွေမှာ မဆိုးပါ။ ကျွန်တော်နေဖို့ တိုက်ခန်းငှားခ၊ ဆေးခန်းငှားခ၊သည် ကျွန်တော်၏ စားရေး၊ ၀တ်ရေးအပြင် အနည်းငယ် ပိုလျှံပါသည်။ကျွန်တော်၏ အဓိက ရည်ရွယ်ချက်မှာ တိုက်ခန်းတစ်ခန်း အပိုင်ဝယ်နိုင် ရေးဖြစ်သည်။ ကျွန်တော် ရန်ကုန်ကို ချစ်သည်။ ရန်ကုန်မှာ နေချင်သည်။ အကြောင်းမှာ ကျွန်တော်သည် ဆရာဝန် တစ်ယောက်ထက် စာရေးဆရာ တစ်ယောက် ပိုဖြစ်ချင်နေ၍ ဖြစ်သည်။
ဆရာဝန် စာရေးဆရာတွေ ဖြစ်သော ချက်ကော့(ဗ)၊ အေဂျေကရို နင်တို့ကို ကျွန်တော် အားကျသည်။ စာရေးဆရာ တစ်ယောက် ဖြစ်ရန် အခွင့်အလမ်းသည် နယ်မှာထက် ရန်ကုန်မှာက ပိုများသည်။ ကိုယ်ဖတ်ချင်သည့် ဘယ်စာအုပ်မျိုးကိုမဆို ရန်ကုန်မှာ ရှာလို့ရသည်။ စာအုပ် အရောင်းဆိုင်ကြီးများ ရှိသည်။ စာအုပ်အဟောင်းဆိုင်လေး များလည်းရှိ သည်။ အင်တာနက်မှလည်း ကိုယ်ရေးချင်သည့် အကြောင်းအရာကို စူးစမ်းနိုင်သည်။ ထို့အပြင် ဂျာနယ်၊ မဂ္ဂဇင်း တိုက်များစွာနှင့် စာအုပ် ထုတ်လုပ်သော စာပေ တိုက်များမှာ ရန်ကုန်မှာသာ ရှိသည်။ ထို့ကြောင့် ရန်ကုန်မှာ အခြေချရန် ကိုယ်ပိုင် တိုက်ခန်းတစ်ခန်း ကျွန်တော် အသည်းအသန် လိုချင်နေမိသည်။
သို့သော် ဆေးခန်းက ပိုလျှံသော ၀င်ငွေမှာ လောက်လောက်လားလား မရှိ၊ ရန်ကုန်မှာ ဂျီပီခေါ် ပြင်ပ ဆေးခန်းဖွင့်ရ သည့်အလုပ်မှာ တော်တော်ခက်သည်။ ပိုက်ဆံရှိသူများက ရိုးရိုး ဆရာဝန်ဆို ပြန်စောင်းမခတ်၊ နှာစေး ချောင်းဆိုးတာက အစ အထူးကု ဆရာဝန်နှင့်ပြသည်။ မိန်းမ ကိုယ်ဝန်ရှိလို့ ဗိုက်အပ်တာက အစ နိုင်ငံခြားပြန် အိုဂျီနှင့် အပ်သည်။ အိုဂျီချင်းတူလျှင် နောက်က ဘွဲ့တွေ တသီတ တန်းပါသည့် အမြီးအရှည်ဆုံး အိုဂျီကို ရွေးပြသည်။ ပြည်တွင်းဖြစ် MSC အိုဂျီများကို တောင် အထင်သေးသည်။ ဘာအမြီးမှ မပါသည့် ကျွန်တော်တို့လို ရိုးရိုး ဆရာဝန်များ အတွက်မူ ဆိုဖွယ်ရာ မရှိတော့၊ ထိုအို ဂျီများ မပေါ်သေးခင်က ကျွန်တော်တို့ မိဘများသည် သူတို့ ကလေးတွေကို အရပ် လက်သည်များနှင့်သာ မွေးဖွားခဲ့ကြသည်။ သို့သော် ဂုဏ်တု ဂုဏ်ပြိုင် များလှသော ယနေ့ ရန်ကုန်မြို့ကြီးသည် ထိုအချက်ကို မေ့လျော့သွားပုံ ရသည်။ “တို့က ဘယ်အို ဂျီနဲ့ပြတာ”ဟု ဗိုက်ကလေး တသသနှင့် ပါးစပ်အရသာခံ ပြောဆိုနေလေသည်။
စကားစပ်မိ၍ ကျွန်တော့် အဖေ ပြောသော ပုံပြင်လေးတစ်ပုဒ် ဖောက်သည် ချချင်ပါသည်။ ပုံပြင်က ဒီလိုပါ။ အင်္ဂလိပ် တွေ မြန်မာပြည်ကို သိမ်းတော့ အင်္ဂလိပ် အရေးပိုင်တစ်ယောက်က အာရှ၏ စပါး ကျီဖြစ်သော မြန်မာ့လယ်ကွင်းတွေကို လျှောက်ကြည့်သည်။ တစ်နေရာတွင် ထဘီတိုတိုဝတ်၍ ကောက်စိုက်နေသော ကောက်စိုက်သမများကို တွေ့သည်။ နေ မပူအောင် ဆောင်းထားသော ခမောက်တို့ ၏အောက်တွင် နေပူခံအောင် လိမ်းထား သော သနပ်ခါးပါးကွက်ကြားတို့က ထူပိန်း နေသည်။ “ဖိုးသာအောင်ရေ၊ ဗျိုရေ ဗျာရေ၊ ကောက်စိုက်ဖို့ လိုက်မလား၊ လိုက်မလား။ မလိုက်ပါနဲ့တော်ရေ၊ တော်ရေ၊ လိုက်လာ ရင် ရွှံ့စင်ရော့မယ် ပေါင်းကျော့ရင် သွေး”ဟု ကောက်စိုက်ရင်းက သီချင်း တကျော်ကျော် ဟစ်အော်နေသေးသည်။ မျက်နှာဖြူ အရေးပိုင်၏ စိတ်ထဲတွင် “တော်တော် အရုပ်ဆိုးတဲ့မိန်းမတွေပဲ၊ ဒီမိန်းမတွေကို ဘယ်လို ယောက်ျားတွေကများ ဇနီးမယား လုပ်ပါလိမ့်”ဟု တွေးမိလေသည်။ ဆက်လျှောက်လာရာ တစ်နေရာတွင် ခါးတောင်း မြှောင်အောင် ကျိုက်ပြီး လယ်ထွန်နေသော ယောက်ျားများကို တွေ့ရသည်။ ကျောပြောင်ပြောင် နေလောင်ရသည့်အထဲ ရွှံ့ နွံ့တို့ ပေကျံနေသဖြင့် မည်းသည်းနေသည်။ “ဟိုတောင်ဆီက ညိုတိုတိုရယ်၊ ညိုတိုတိုရယ် မိုးဆိုထင့် မိုးဆိုထင့် ရွာတော့မယ်ဗျာ။ မိုးရွာရင်နော် ခင့်ကို ဘာနဲ့ ထွေးရမယ်၊ ပဒုမ္မာရွှေ ကြာရိုးထီး လုပ်လို့မိုး”ဟု သီချင်း အော်ဆိုနေပြန်သည်။ ထိုအခါ အရေးပိုင်မင်းက “အော် အခုဏ ကောက်စိုက်သမတွေ လင်မရမှာ ပူစရာ မလိုဘူး။သူတို့နဲ့ တန်တဲ့ ဒီလို လယ်သမားတွေ ရှိနေသေးတာပဲ”ဟု ကောက် ချက်ချ လိုက်လေသည်။
ဒီပုံပြင်ထဲကလိုပဲဗျာ။ ကျွန်တော်ရဲ့သာမည “နှင်းဆီလမင်း”ဆေးခန်းလေး လင်မရမှာ မပူပါနဲ့။ သူနဲ့တန်တဲ့ ဆင်းရဲ သား နင်းပြားများ ရှိနေပါတယ်။ သူတို့မှာ ရှိတဲ့ ပိုက်ဆံတစ်ပဲ ခြောက်ပြားနှင့် အထူးကု ဆရာဝန်ကြီးများ၏ ဘောင်းဘီ၊ ထဘီ စနားကို မသီနိုင်ပါ။ ထို့ကြောင့် ကျွန်တော်တို့လို အညတြ ဆရာဝန်များ၏ ပြင်ပ ဆေးခန်းများကိုသာ လပြကြရှာသည်။ သူတို့ဆီက ရတဲ့ အမြတ်အစွန်းဖြင့် တိုက်ခန်းဝယ်ဖို့ ကြိုးစားနေရသော ကျွန်တော့် အဖြစ်မှာ တွေးကြည့်လျှင် ကိုယ့်ကိုယ်ကိုပင် သနားမိပါသေးသည်။ သို့သော် စာရေး ဆရာဖြစ်ချင်သောဆန္ဒက ရန်ကုန်မှာ တိုက်ခန်းတစ်ခန်း မဖြစ်မနေ ပိုင်ဆိုင် ရမည်ဟူသော အဓိဋ္ဌာန်ချမိသည် အထိ ပြင်းထန်လှသည်။ ထို့ကြောင့် လက်ထဲရှိ ငွေပိုငွေလျှံလေးကို မသုံးမစွဲရက်၊ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း တိုက်ခန်း ၀ယ်နိုင်မည့် အချိန်ကို မျှော်လင့်စောင့်စား နေလေသည်။
တစ်နေ့တွင် ကျွန်တော်နှင့် မျက်နှာချင်းဆိုင် တိုက်ခန်းမှ ကလေးတပြုံနှင့် မိသားစုပြောင်းရွှေ့သွားကြသည်။ ယောက်ျား ဖြစ်သူ နယ်မြို့ကလေးသို့ တာဝန်ကျသဖြင့် လိုက်သွားရခြင်းဖြစ်သည်။ ထိုတိုက်ခန်းမှ ကလေးများ၏ အသံဗလံတွေကြောင့် စာကောင်းကောင်း မဖတ်။ မရေးရ။ မကြာ ခဏ အနှောင့်အယှက်ဖြစ်ရသည်။ သူတို့ ပြောင်းသွားသဖြင့် ကျွန်တော့်မှာ အတော် ၀မ်းသာအားရ ဖြစ်မိသည်။ မကြာမီ ထိုတိုက်ခန်းသို့ အမျိုးသမီး သုံးယောက်ပါသော မိသားစု တစ်စု ပြောင်း လာသည်။ နှစ်ယောက်မှာ ညီအစ်မဖြစ်ပြီး တစ်ယောက်က လက်တိုလက်တောင်း ခိုင်းရသည့် အိမ်ဖော် ကောင်မလေးဖြစ်သည်။ အစ်မဖြစ်သူမှာ အသက်နှစ်ဆယ့်ငါး ၀န်းကျင် အရွယ်ရှိသည်။ အရပ် မနိမ့်မမြင့် သွယ်လျသော ခန္ဓာကိုယ်ရှိသည်။ အသားအရေ မှာ ရွှေရောင်လို ၀င်းဝါနေသည်။ နဖူးကျယ်ကျယ်၊ မျက်ခုံးကောင်းကောင်း ဖြစ်ပြီး သူမ၏ မျက်လုံးအစုံမှာ အကာလည သန်းခေါင်းယံ ကောင်းကင်ထက်က ကြယ်လေးများလို လင်းလက် တောက်ပနေသည်။ ဖြောင့်စင်းသော နှာတံရှိပြီးပိရိသော နှုတ်ခမ်းများမှာ ဆောင်းတွင်းမနက်တွင် ပွင့်အာဖို့ အားယူ နေသော နီတျာတျာ နှင်းဆီဖူးလေးနှင့် တူနေသည်။ပြုံးရယ်လိုက်လျှင် ပုလဲလို ဖြူဖွေးနေသော ညီညာညာ သွားတန်းလေးတွေ ပြိုးကနဲ ပေါ်လာပြီး အလွန်ချစ်စရာ ကောင်းလှသည်။ သူမသည် ရုပ်ရှင်မင်းသမီး တစ်ယောက်၏ ချောမောခြင်းထက် မဟာဆန်ဆန် ကျက်သရေရှိသော အလှ သရဖူကို ဆောင်းထားသည်။
သူမ၏ ညီမမှာ အသက်နှစ်ဆယ်ခန့် ရှိပြီး နဂိုရုပ်ကို မမှန်းဆနိုင်အောင် ပိန်ချုံးနေသည်။ ဆိုးဆိုးဝါးဝါး ရောဂါတစ်ခု ခံစားနေရတာ သေချာသည်။ အတော်အား ကုန်ခန်းနေဟန် ရှိပြီး လဲပြိုမသွားစေရန် အိမ်ဖော် ကောင်မလေးက ဖေးမထားရသည်။ အိမ်ထောင်ပရိဘောဂများ အလယ်တွင် ထီးထီးမားမား စန္ဒယားကြီး တစ်လုံး ကို တွေ့ရသည်။ ဖိတ်ဖိတ်တောက်အောင် ပြောင်လက်နေသည်။ အလုပ်သမားများက ထိုစန္ဒယားကြီးကို မပြီး အခန်းထဲသို့ ၀င်သွားကြသည်။
နောက်တစ်နေ့မနက် ကျွန်တော် ဆေးခန်း မသွားမီ အခန်းတံခါး ခေါက်သံ ကြားရသည်။ တံခါး ဖွင့်ကြည့်လိုက်တော့ ၀ိုင်းဝိုင်းစက်စက် လမင်းကြီးကို တွေ့ရ သည်။ တခြားသူ ဟုတ်ပါရိုးလား။ ဟိုဘက်ခန်းက မဟာဆန်သူလေးဖြစ်သည်။ စံပယ်ပန်းများ ဝေနေအောင် ပန်ထားသည်။ သူမက လှပစွာ ပြုံးလိုက်ပြီး
“ဒေါက်တာ သက်နောင်ပါလားရှင်”
“ဟုတ်ပါတယ်”
“ကျွန်မက စုဝင်းစံပါ။ ဆရာနဲ့ မျက်နှာချင်းဆိုင် အခန်းကို ပြောင်းလာတာပါ။ ကျွန်မမှာ ညီမလေး တစ်ယောက် ရှိပါ တယ်။ သူ့နာမည်က နုဝင်းမာန်တဲ့။ ညီမ လေးကSLEခေါ်တဲ့ ရောဂါကို ခံစား နေရသူ တစ်ယောက်ပါ။ ဒီရောဂါ ဘယ်လောက် ဆိုးတယ်ဆိုတာ ဆရာဝန်ဖြစ်တဲ့ ဆရာက ကျွန်မထက် ပိုသိပါလိမ့်မယ်။ကျွန်မဟာ စန္ဒရားနည်းပြ တစ်ယောက် ပါ။ ကျွန်မက စန္ဒရား တီးရမှာကို သိပ်ချစ်သလို ညီမလေးက ကျွန်မရဲ့ စန္ဒရား လက်သံကို သိပ်မြတ်နိုးပါတယ်။ ကျွန်မရဲ့ စန္ဒရားလက်သံဟာ ညီမလေးရဲ့ ဝေဒနာကို အတော်လေး သက်သာစေပါတယ်။ သူ့ အာရုံကို စန္ဒရားသံက ဖမ်းစားထားတဲ့ အချိန်တွေမှာ နုလေးဟာ တခြားကမ္ဘာ တစ်ခုကို ရောက်နေသလို မိန်းမော ရွှင်ပြ နေပြီး ဝေဒနာကို ကြိုးစားမေ့ပျောက် နိုင် တာ တွေ့ရတယ်။ ဒါကြောင့် ဆရာ့ အနေနဲ့ ကျွန်မ စန္ဒရားတီးသံ ကြားရင် ရောဂါသည် တစ်ယောက်ကို ဂီတနဲ့ သက်သာအောင် လုပ်ပေးနေတာပါလားဆိုတဲ့ အသိနဲ့ သည်းခံခွှင့်လွှတ်စေချင်ပါတယ်”
“ဟာ ရပါတယ်ဗျာ။ကျွန်တော်လည်း ဂီတကို မြတ်နိုးတဲ့ လူတစ်ယောက်ပါ။ စန္ဒရားသံကိုလည်း နှစ်သက်ပါတယ်။ စန္ဒရားကို ကြိုက်တဲ့ အချိန် ကြိုက်သလို တီးပါ။လူနာနဲ့ ပတ်သက်လို့ ကိစ္စကြီးငယ် ရှိရင်လည်းအချိန်မရွေး လာခေါ်နိုင်ပါတယ်”
ရွှင်ပြအားရစွာဖြင့် သူမက
“၀မ်းသာလိုက်တာရှင်။ ဆရာတို့လို စိတ်ရင်းကောင်းတဲ့ လူမျိုးနဲ့ အိမ်နီးချင်း ဖြစ်ရတာ သိပ်စိတ်ချမ်းသာတာပဲ။ ဒါနဲ့ ဟိုဘက် အခန်းက ဦးသံဒုတ်ဆိုတဲ့ လူကြီး အကြောင်း ဆရာဘာတွေ သိထားလဲဟင်”
“သူဟာ ကုမ္ပဏီ တစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တယ်။ လူတစ်ယောက် ဖြစ်ပေမယ့် သူရယ်တာ ပြုံးတာ တစ်ခါမှ မမြင်ဖူးဘူး။ ဘေးတစိမ်း မပြောနဲ့ သူ မိသားစုဝင်တွေကို ပြုံးပြတာ မရှိဘူးလို့ ကျွန်တော်ထင်တယ်။ လှေခါး အတက် အဆင်းမှာ တွေ့တာတောင် ခေါ်ပြော နှုတ်ဆက်ဖော် မရဘူး။ သူ့ ကြည့်ရတာ ငွေ ကလွဲရင် ဘာကိုမှ ဂရုစိုက် ဟန်မတူဘူး။ အသားညိုညို၊ မျက်နှာပွပွ၊ ဘူဇွာဗိုက်နဲ့ လမ်းသွားရင် လှမ်းချင်သလိုလို မလှမ်းချင် သလိုလို လုပ်နေတဲ့ အဲဒီလူကိုမြင်တိုင်း ဒီလူဟာ လူတစ်ယောက်ထက် စက်ရုပ် တစ်ရုပ်နဲ့ ပိုတူနေတယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့ ဒီလူ့အကြောင်း မေးတာလဲ”
“စုက ဆရာ့ကို ပြောသလိုမျိုး သူ့ကို သွားပြောတော့ သူက အင်း မလှုပ်၊ အဲ မလှုပ် လုပ်နေတယ်။ စုစကားလည်းဆုံးရော ဘာမှ ပြန်မပြောဘဲ တံခါးကို ဟပေးတယ်။ အခန်း အပြင်လည်း စုရောက်ရော တံခါးကို ဂျိုင်းကနဲ ဆွဲပိတ်လိုက်တယ်ရှင့်”
“အေးဗျာ၊ ဒီလို လူမှုရေး ညံ့ဖျင်းတဲ့ လူတစ်ယောက်က ဘာလို့ ကုမ္ပဏီဒါရိုက်တာ ဖြစ်နေသလဲဆိုတာ ကျွန်တော်တို့ စဉ်းစားလို့ မရဘူး”
သူမက နှစ်လိုဖွယ်ရာ ပြုံးလိုက်ပြီး
“ကဲ ဆရာ ဆေးခန်းသွားဖို့ နောက်ကျနေပါဦးမယ်။ အနှောင့်အယှက် မပေးတော့ပါဘူး။ စုကို ခွင့်ပြုပါဦး”
“ကောင်းပါပြီဗျာ . . .ကောင်းပါပြီ”
သူမ၏ ကျောပြင်လေးကို ငေးစိုက် ကြည့်ရင်း ကျွန်တော် ကျန်ရစ်ခဲ့သည်။
ထိုနေ့မှ စ၍ ညတိုင်းလိုလို စုဝင်းစံ၏ စန္ဒရား လက်သံကို ကျွန်တော် ကြားနေရသည်။ မိုး၊ ကျေးစေတမန်၊ မောင့်အချစ် မြား၊ မေ့ကွက်ကိုရှာ၊ ပိတောက်လမ်း စသော တီးလုံးများကို အိပ်ရာဝင် နားထောင်ရသည်မှာ အလွန် အရသာရှိလှသည်။ စုဝင်းစံသည် မနက်စောစော အိပ်ရာထလေ့ ရှိသည်။ မျက်နှာသစ်ပြီး ဘုရားပန်းကပ်သည်။ သူမ၏ ဘုရားရှိ ခိုးသံသဲ့သဲ့ကို ကျွန်တော့် အခန်းမှ ကြားရသည်။ အခန်း သန့်ရှင်းရေးနှင့် သူ့ညီမ လူမမာ မျက်နှာသစ်ဖို့ ကိစ္စကို အိမ်ဖော်ကောင်မလေး နှင့် အတူလုပ်သည်။ မနက်စာ စားပြီး ဈေးသွားသည်။ သူမ ဈေးသွားနေ စဉ် အိမ်ဖော်ကောင်မလေးက ထမင်းတစ် အိုးချက်ထားသည်။ ဈေးမှပြန်လာသော အခါ ဟင်းချက်စရာများကို ပြင်ဆင်ချက် ပြုတ်တော့သည်။ ထို့နောက် ရေချိုး ဖြီးလိမ်းပြင်ဆင် အ၀တ်အစားလဲသည်။ ထမင်းချိုင့် ထည့်၍ သူမ စန္ဒရား အတီး သင်ပေးရမည့် အိမ်များကို လှည့်လည်သည်။ဒါက သူမ၏နေ့စဉ် အလုပ်ဖြစ်သည်။ သူမသည် မိန်းမ အလွန်ပီသသူ ဖြစ်သည်။ ပန်းသိပ်ကြိုက်သည်။ သူမကို ကျွန်တော် တွေ့ရသည့် အချိန်တွေတိုင်းမှာ စံပယ်၊ နှင်းဆီ၊ သဇင်၊ သစ်ခွ၊ ပိတောက် စသော ရာသီပန်း တစ်မျိုးမျိုးဝေနေအောင် ပန်ထား လေ့ရှိသည်။
ညစဉ် ကျွန်တော်ကြားရသော သူမ ၏ စန္ဒရားလက်သံမှာ သူမ ပန်ထားသော ပန်းကလေးများလို တစ်မျိုးတစ်ဖုံစီ လှပ သည်။ သူမသည် မြန်မာသီချင်းကြီး၊ သီချင်းခန့်များ၊ ဂန္တ၀င် ခေတ်ပေါ်သီချင်း များအပြင် နိုင်ငံခြားဆင်ဖိုနီ သီချင်းများ ကိုပါ နိုင်နင်းစွာတီးခတ်နိုင်သည်။ နုတ်(စ်) ခေါ်သည့် ဂီတသင်္ကေတများ ကို ကြည့်ပြီး တီးလေ့ရှိသည်။ တချို့သီချင်းများမှာ ကျွန်တော် အလွတ်ရပြီး နားယဉ်နေသည်။ ပန်းမြိုင်လယ်၊ တောနဲ့တောင်စွယ်၊ ယမုံနာ စသောသီချင်းကြီးများကို သံဆန်း တီးခတ်သည်မှာ အလွန် နားထောင်ကောင်းသည်။ စုဝင်းစံသည် နွေမိုးဆောင်း ရာသီပန်းများကို ရွေးချယ် ပန်ဆင်တတ်သလို သီချင်း များကိုလည်း ရာသီအလိုက် ရွေးချယ်တီး ခတ်တတ်သည်။ နွေရာသီတွင် နှင်းပျောက်တဲ့နွေ၊ မုန်းရစ်လေဦး၊ မလွမ်း ဘယ်သူ နေပါ့မယ် စသော သီချင်းများကို ကြားရ သည်။
မိုးရာသီတွင် မိုးဒေ၀ါမိုး၊ ချစ်မိုးကြီး၊ မိုးသက်လေနှင်၊ တိမ်တမန် စသော သီချင်းများမှာ ဆွတ်ပျံ့ဘွယ်ရာ ကောင်းလှ သည်။ ဆောင်းရာသီတွင်မူ ဆောင်းအမီ၊ တစ်ဆောင်းသစ်ပြန်ပြီ၊ ဆောင်းနှင်းမြူနှင့် ကိုယ့်ချစ်သူ၊ ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်၊တက္ကသိုလ်မှာ ဝေတဲ့နှင်း စသော သီချင်းများက စိတ်ကိုကြည်နူးစေ သည်။ ထို့အပြင် စုဝင်းစံသည် ဘွန်ဂျိုဗီ၊ မိုက်ကယ်လန်း၊ ရော့စတီးဝပ်စသော နိုင်ငံ ခြားအဆိုတော်များ၏ သီချင်း များကိုလည်း ကျွမ်းကျင်စွာ တီးခတ်နိုင်သည်။ တကယ် တော့ သူမသည် နာမည်ကြီး စန္ဒရားဆရာ ကြီးတစ်ဦး၏ သမီးဖြစ်သည်။ သူ့အဖေ သေသောအခါ အမွေအဖြစ် စန္ဒရားကြီး တစ်လုံးနှင့် စန္ဒရားပညာကို အူမ ချေးခါး မကျန် ရရှိခဲ့သည်။ အဖေ၏ ဂီတဗီဇသွေး ပါသည့်အပြင် သူမကိုယ်တိုင်ကလည်း ထူးချွန်ထက် မြက်သောကြောင့် စန္ဒရား တီးရာတွင် အလွန်ပြောင်မြောက်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် တစ်ကိုယ်တော် စန္ဒရား တီးပွဲပေါင်းများစွာ တီးခတ်ခဲ့သည်။ မြန်မာနှင့် အနောက်တိုင်း ဂီတကို သဟ ဇာတဖြစ်အောင် ပေါင်းစပ် တီးခတ်နိုင်သည်။ နားထောင်သူ အားလုံးက နှစ်ထောင်းအားရဖြစ်ပြီး သူမသည် စန္ဒရား တီးသော အတတ်တွင် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း တခဲနက် အသိအမှတ်ပြုကြ လေသည်။
ညစဉ်ညတိုင်း စုဝင်းစံ၏ စန္ဒရား လက်သံကို နားထောင်ရသည်မှာ စည်းစိမ် ရှိလှသည်။ စန္ဒရားသံကြားတွင် စာရေးရသည်မှာ အလွန်ထူးခြားသည်။ စိတ်ကူး စိတ်သန်းကောင်းများ ပေါ်ထွက်လာပြီး အားတက်စရာပင်၊ ကျွန်တော်၏ ၀တ္ထုများမှာ မဂ္ဂဇင်းများတွင် မကြာခဏ ဖော်ပြခံ လာရသည်။ စန္ဒရားသံ မကြားရသော ညများတွင် တစ်ခုခု လိုအပ်နေသလို ဟာတာ ဖြစ်နေပြီး ဘယ်လူးညာလှိမ့်နှင့် မအိပ်နိုင်အောင် ဖြစ်ရသည်။ ကျွန်တော်က စုဝင်းစံ၏ စန္ဒရားလက်သံကို အစွဲကြီး စွဲလမ်းမိခဲ့ပြီ။
နှစ်တွေကြာလာသည်နှင့် အမျှ ကျွန်တော်နှင့် စုဝင်းစံတို့ ဆက်ဆံရေးမှာ အတော်နွေးထွေးလာသည်။ အထူးသဖြင့် လူနာဖြစ်သော နုဝင်းမာန်ကလေး၏ ရောဂါ အခြေအနေကို စောင့်ကြည့်ရသော တာဝန် တစ်ရပ် ကျွန်တော့်မှာ ပိုလာသည်။ နုဝင်း မာန်သည် အလွန် သနားစရာ ကောင်းလှသည်။ အရွယ်နှင့် မမျှသော ရောဂါဆိုးကြီး တစ်ခုကို ခံစားနေရသည်။ သူမ ခံစားနေရသောSLE ခေါ် Systemic Lupus Erythematosus ရောဂါအကြောင်း အနည်းငယ် ရှင်းပြချင်သည်။ ထိုရောဂါမှာ အသက်နှစ်ဆယ်နှင့် လေးဆယ်ကြား မိန်းမတွေမှာ အဖြစ်များသည့် ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် ပြင်ပမှ ၀င်ရောက် လာသော ဘက်တီးရီးယား၊ ဗိုင်းရပ်(စ) စသော ပိုးမွှားများကို တိုက်ခိုက်ရမည့် တာဝန်ရှိသည်။SLE ရောဂါဖြစ်သူတွင်မူ ခုခံအား စနစ်က ဖောက်ပြန်ပြီး မိမိခန္ဓာ ကိုယ်၏ အင်္ဂါ အစိတ်အပိုင်းများကို မှားယွင်းစွာ ထိုးနှက်လိုက်သည်။ အဓိက အထိုးနှက်ခံရသော အင်္ဂါ အစိတ်အပိုင်းများမှာ အဆစ်၊ အရေပြား၊ ကျောက်ကပ်၊ ဘေလုံး၊ အဆုတ်၊ နှလုံးနှင့် အာရုံကြော များဖြစ်သည်။ ဆရာဝန်များ ကုသ၍ ပျောက်ကင်းသော ရောဂါမဟုတ်၊ သက်သာရုံသာ တတ်နိုင်သည်။ နောက်ဆုံး ကျောက်ကပ်၊ နှလုံးစသည်တို့ ပျက်စီးပြီး သေဆုံးကြရသည်။
နှစ်ရှည်လများ ရောဂါ၏ ဖိစီးမှုကြောင့် နုဝင်းမာန်ကလေးမှာ အရိုး ပေါ် အရေတင်သာ ကျန်တော့သည်။ ဆံပင်များ ကျွတ်နေပြီး ကျိုးတိုးကျဲတဲ ဖြစ်နေသည်။ မျက်နှာပေါ်တွင် လိပ်ပြာပုံ အရေးအကြောင်းများ ထင်နေသည်။ လက်ဆစ်၊ ခြေဆစ်များက ရောင်ရမ်း ကိုက်ခဲနေသည်။ မျက်နှာနှင့် ခြေထောက် များက ဖောသွပ်နေသည်။ တစ်ခါတစ်ရံ အဖျားအပြင်းအထန် ၀င်လာတတ်သည်။ ထိုအခါများတွင် သူမမှာ ငါးရံ့ ပြာလူး ခံစားရသည်။ ဆရာဝန်တစ်ယောက်ဖြစ် သော်လည်း ကျွန်တော့်မှာ သူမကို နှစ် သိမ့်အားပေးရုံသာ တတ်နိုင်သည်။ အကိုက် အခဲပျောက်ဆေး၊ အရောင်လျော့ဆေး၊ အဖျားပျောက်ဆေးများကို သူတို့ ပြနေကျ အထူးကုဆရာဝန်ကြီး၏ ညွှန်ကြားချက် အတိုင်း တိုက်ပေးရသည်။ တစ်ပတ်တစ်ခါ ထိုအထူးကုဆရာဝန်ကြီးထံ သွားပြရသည်။ သို့သော် ရောဂါမှာ သူ့သဘာဝအတိုင်း တစ်နေ့တခြား ပိုဆိုးလာသည်။သောက် ဆေးများကSLE ရောဂါ၏ ထိုးနှက်မှုကို မဟန့်တားနိုင်သလို စုဝင်းစံ၏ စန္ဒရား လက်သံကလည်း သူမ ခံစားနေရသော ဝေဒနာကိုသက်သာအောင် လုပ်နိုင်စွမ်း မရှိတော့။
တစ်နေ့တွင် နုဝင်းမာန်ကို ပြင်ပ အထူးကုဆေးရုံကြီးတစ်ခုသို့ တင်လိုက်ရ သည်။ ကိုယ်ရောင်လာပြီး ဆီးမသွားနိုင် သောကြောင့် ဖြစ်သည်။ သူမ၏ ကျောက် ကပ်များကိုSLEရောဂါက ဖျက်ဆီးပစ်လိုက်ပြီ။ မကြာခဏ ကျောက်ကပ်ဆေးရသည်။ ကြာလာတော့ ဆေးကုသ စရိတ် ထောင်းလာသည်။ သို့နှင့် စုဝင်းစံက သူမ အလွန်မြတ်နိုးသော စန္ဒရားကြီးကို ချရောင်းရသော အခြေဆိုက်လာသည်။ ထိုစန္ဒရားကို ဈေးမဆစ်ဘဲ ၀ယ်သွားသူမှာ အခြားသူမဟုတ်၊ ကျွန်တော်နှင့် ကပ်လျှက် အခန်းမှ ဦးသံဒုတ်ဆိုသော လူကြီး ဖြစ်သည်။ ထိုလူကြီးမှာ စန္ဒရားတီး တတ်ဖို့ အသာထားလို့လေတောင် ဖြောင့် အောင်ချွန်တတ်သူမဟုတ်။ ဤလို လူမျိုး က စန္ဒရား ၀ယ်သွားသဖြင့် ကျွန်တော့်မှာ အံ့သြတကြီး ဖြစ်ရသည်။ သူ့အခန်းမှ စန္ဒရားသံ တစ်စုံတစ်ရာ ထွက်ပေါ်မလာ သဖြင့် အလှပြရုံသက်သက် ၀ယ်ထား သည်ဟု ယူဆမိသည်။
နုဝင်းမာန်ကလေး ဆေးရုံတက် နေသည့် ကာလများသည် ကျွန်တော့် အတွက် အထီးကျန်နိုင်လှသည်။ စုဝင်းစံ က ဆေးရုံမှာ စောင့်နေရသောကြောင့် သူမ၏ ချောမောလှပသော မျက်နှာလေးကို မမြင်ရ။ ထို့အပြင် ညတိုင်းကြားနေကျ သူမ၏ စန္ဒရားလက်သံကိုလည်း မကြား ရသဖြင့် လူမှာနေမထိ ထိုင်မသာ ဖြစ်ရ သည်။ အိပ်ယာထဲတွင် တလူးလူး တလွန့်လန့်ဖြင့် စုဝင်းစံလေး၏ သနားစရာ မျက်နှာကိုသာ မြင်ယောင်နေမိသည်။ နုဝင်းမာန်မှာ ကျောက်ကပ်များ ပျက်စီး နေပြီးသေဖို့သာ ကျန်တော့သည်။ သောက တွေဝေနေမည့် စုဝင်းစံလေးကို တွေး ယောင်ရင်း စိတ်မကောင်း ဖြစ်နေမိသည်။ လူကို လွမ်းတာလား၊ စန္ဒရားသံကို သတိရ တာလား ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေမိသည်။ လူကိုလည်း လွမ်းသည်၊ စန္ဒရားသံကိုလည်း သတိရသည်။ အနှစ်သုံး ဆယ်နီးပါး အိပ်ပျော်နေသော နှလုံးသားမှာ သိမ့်ကနဲ လှိုက်ဖိုသွားရသည်။ ဟုတ်ပြီ ကျွန်တော် စုဝင်းစံကို ချစ်နေမိပြီ။ စုဝင်းစံကိုသာ အပိုင်သိမ်းပိုက်နိုင်လျှင် သူမ၏ စန္ဒရားသံကို ကျွန်တော်နေ့တိုင်း နားထောင်နိုင်မည်။ သူမ၏ မျက်နှာလေးကို ငေးမောရင်း သူမ၏ စန္ဒရားသံကို နား ထောင်ရသည့် အရသာမှာ “နတ်စည်း စိမ်ဆယ်သက် တကယ်မမက်ပါတယ်”ဆိုသော စကားထက် ပိုတောင်ပိုဦးမည်။ ထိုအကြောင်းကို စဉ်းစားမိပြီး ကျွန်တော့် ရင်တို့မှာ တဆတ်ဆတ် တုန်ခါနေလေ သည်။
မကြာမီ နုဝင်းမာန်ကလေး ဆေးရုံမှ ဆင်းလာသည်။ ရောဂါမသက်သာသဖြင့် သူမ၏ နောက်ဆုံး နေ့ရက်များကို အိမ်မှာ ကုန်လွန်ရန် ပြန်ခေါ်ခဲ့ခြင်းဖြစ်သည်။ မျက်နှာမှာ ရောင်ရမ်းနေပြီး မျက်လုံးများမှာ ဖွင့် မရအောင် မို့မောက်နေသည်။ အဖျား တက်နေပြီး ပါးစပ်က ကယောင်ကတန်း တွေ ပြောနေသည်။ “မမ စန္ဒရားတီးပါဦး။ နားမထောင်ရတာ ကြာလှပြီ။ ညီမလေး နားထောင်ချင်တယ်”ဟု တတွတ်တွတ် ပူဆာနေသည်။ စန္ဒရားမရှိမှန်း သူမမသိ နိုင်တော့ပြီ။ စုဝင်းစံမှာ မျက်ရည်တွေ စီးကျနေသည်။ “အေးအေး တီးမှာပေါ့ ကွယ်။ ညီမလေး နေကောင်းတော့ တီး ပေးမယ်၊ အခု နေကောင်းအောင် အိပ် လိုက်ဦးနော်”ဟု ပြန်ပြောသည်။ “ဟင့် အင်း မရဘူး၊ ခုတီးဆို ခုတီး”ဟု လူမမာက ဇွတ်တရွတ် တောင်းဆိုနေသည်။ စုဝင်းစံက အခန်းအပြင်သို့ ပြေးထွက် သွားပြီး ဦးသံဒုတ်၏ အခန်းတံခါး ခလုတ်ကို နှိပ်နေသည်။ အခန်းတံခါး ပွင့်သွားပြီး အဘိုးကြီး ထွက်လာသည်။
“ဘာကိစ္စလဲ ကလေးမ”
“ဒီလိုပါ ဦးရယ်၊ ကျွန်မ ညီမလေး အတော် အသည်းအသန်ဖြစ်နေပါတယ်။ စန္ဒရားသံ နားထောင်ချင်တယ်လို့လည်း တတွတ်တွတ် ပူဆာနေပါတယ်။ သူ့ရဲ့ နောက်ဆုံးအချိန် ကလေးမှာ သူ့ဆန္ဒက ဖြည့်ဆည်း ပေးချင်ပါတယ်။ အဲဒါ ဦး အနေနဲ့ သနားငဲ့ညှာသောအားဖြင့် စန္ဒရား ကို ခဏငှားပေးစေချင်ပါတယ်”
အဘိုးကြီးက မျက်နှာတစ်ချက် မဲ့လိုက်ပြီး
“ဒီမှာ ကလေးမ၊ ဦးက ဂီတကို ချစ်တဲ့သူ မဟုတ်ဘူး။ မချစ်တဲ့အပြင် ဂီတ သံကြားရင် အလိုလို စိတ်တိုတတ်တယ် ကွဲ့။ ကလေးမရဲ့ စန္ဒရားကို ၀ယ်လိုက် တာကလည်း စန္ဒရားသံကို မကြားချင်လို့ဘဲ။ ဒါကြောင့် ဘာအသံမှ မထွက်တဲ့ ဒီစန္ဒရားကြီးကို ၀ယ်သိမ်းထားတာပေါ့။ ဒီတော့ ကလေးမကို စန္ဒရား မငှားနိုင်ဘူး ပြန်ပါ”
စကားဆုံးသည်နှင့် ဦးသံဒုတ်က တံခါးကို ဂျိုင်းကနဲ ဆောင့်ပိတ်လိုက်သည်။ မျက်ရည်တွေ တသွင်သွင် စီးကျနေရင်းက လဲပြိုမလို ဖြစ်သွားသော စုဝင်းစံကို ကျွန်တော်က ၀င်ပွေ့လိုက်ရသည်။ ရုတ် တရက် စိတ်ထိခိုက်ပြီး သတိလစ်သွား သောကြောင့် သူမကို ပွေ့ချီပြီး သူမ၏ ခုတင်ပေါ်သို့ တင်ထားလိုက်သည်။ အတန် ကြာမှ သူမ သတိရလာသည်။ သူမ၏ ငိုသံကို နုဝင်းမာန်ကလေး မကြားအောင် ထိန်းထားရင်းက တရှိုက်ရှိုက် ငိုကြွေးနေသည်။ သူမကို ကြည့်ပြီး ကျွန်တော်လည်း ငိုချင်စိတ် ပေါက်လာသည်။ အလိုလို မျက်ရည်လည်လာမိသည်။ ဦးသံဒုတ်ဆိုသော လူစိတ်ကင်းမဲ့သည့် စက်ရုပ်လို လူကြီးကို သွားသတ်ချင်နေမိသည်။ စန္ဒရားတစ်လုံး ဘယ်မှာများ ငှား၍ ရနိုင်မည်နည်း။ ကျွန်တော် စဉ်းစားမရ။ ဘယ်ရပါ့မလဲ၊ ကျွန်တော်က ဂီတနယ်ကမှ မဟုတ်တာ၊ ဖြစ်နိုင်လျှင် စုဝင်းစံ အတွက် ဟိုလူကြီးဆီက သူမ၏ စန္ဒရား အဟောင်းကို ပြန်ဝယ် ပေးလိုက်ချင်သည်။ သို့သော် လူညစ်ပတ်ကြီးက ပြန်မရောင်းမှာ သေချာသည်။ ပြန်ရောင်းဦးတော့ ဘယ်မှာလဲ ၀ယ်စရာ ပိုက်ဆံ၊ ကျွန်တော်က ထောဘဲ ဘောစိ အထူးကုဆရာဝန်မဟုတ်၊ ဖွတ်ကျား ငမွဲသာမန် ဆရာဝန်တစ်ယောက်သာ ဖြစ်သည်။
သို့သော် ကံအားလျှော်စွာ နောက်တစ်နေ့ ညနေ အမျိုးသမီးနှစ်ယောက် စုဝင်းစံတို့ တိုက်ခန်းသို့ ရောက်လာသည်။ သူတို့ ကားပေါ်တွင် ပက်ကင်ပိတ် အသစ် စက်စက် ကီးဘုတ်တစ်ခု ပါလာသည်။ စင်ကာပူ နိုင်ငံသို့ ပညာသင်သွားတော့မည့် သူမ၏ တပည့်မ တစ်ယောက်က ဆရာမကို ကီးဘုတ်နှင့် ကန်တော့ခိုင်းသဖြင့် လာပို့ရခြင်းဖြစ်ကြောင်း၊ စေတနာကို လေးစားသောအားဖြင့် လက်ခံစေချင်ကြောင်း ပြောကြားသည်။ စုဝင်းစံမှာ ရေငတ်တုန်း မိုးရွာချသလို အတော်ဝမ်း သာသွားသည်။ သူတစ်ပါးပစ္စည်းကို လက်ခံရန် ၀န်လေးသူဖြစ်၍ ခါတိုင်းအချိန်ဆို ငြင်းကောင်းငြင်းပေလိမ့်မည်။ ယခုတော့ သေရွာကူးတော့မည့် ညီမဖြစ်သူ အတွက် စန္ဒရား သို့မဟုတ် ကီးဘုတ်တစ်ခုအသည်း အသန် လိုအပ်နေချိန် မဟုတ်ပါလား။ သူမက ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး ကျေးဇူးတင်စကား အထပ်ထပ် ဆိုနေသည်။
ထိုညကား အလွန်ကြေကွဲစရာ ကောင်းလှသည်။ စုဝင်းစံက “ညီမလေး မမ စန္ဒရားတီးပြမယ်၊ သေချာနားထောင် နော်”ဟု နုဝင်းမာန်၏ နားနားကပ်ခါ အော်ပြောသည်။ နုဝင်းမာန်က ခေါင်းငြိမ့်ပြသည်။ ကီးဘုတ်ကို ညင်သာစွာ တီးခတ်နေရင်း စုဝင်းစံက
“တို့တတွေဟာ တစ်အူတုံဆင်း ညီအစ်မ အရင်းတွေပါ။ ငယ်ငယ်ကတည်း က အတူကစား၊ အတူစားခဲ့ကြတယ်။ အမေ့ရဲ့ အိပ်ရာဝင် ပုံပြင်တွေကိုလည်း အတူတူနားထောင်ခဲ့ကြတယ်။ အဖေ ၀ယ်လာတဲ့ ဆင်တူဂါဝန်ကလေးတွေကို လည်း အတူတူဝတ်ခဲ့ကြတယ်။ အမေနဲ့ အဖေသေတော့လည်း အတူတူ ငိုကြွေးခဲ့ ကြတယ်။ ကြမ်းတမ်းတဲ့ ခရီးလမ်းကို လည်း အတူတူလျှောက် လှမ်းခဲ့ကြတယ်။ သွားနှင့်ညီမလေး ရေသွားနှင့်။တစ်ယောက်တည်း သွားနှင့်တော့။ တစ်ချိန်မှာ မမလည်း လိုက်ခဲ့မယ်။ တို့တတွေဟာ ဒီဘ၀မှာတင် မကဘူး သံသရာအဆက်ဆက် ညီအစ်မ ဆိုတာ ယုံထားစမ်းပါ”
စကားလုံးတွေ ရွတ်ဆိုနေရင်းက စုဝင်းစံမှာ မျက်ရည်မိုးတွေရွာနေသည်။ ထို့နောက် သူ့ညီမကြိုက်သော သီချင်းများ ကို မိုးသီးမိုးပေါက်များပမာ မနားတမ်း တီးခတ်နေတော့သည်။ သူ့အစ်မ၏ စန္ဒရား သံကို နားထောင်ရင်း နုဝင်းမာန် အသက် ထွက်သွားရှာသည်။ သူ့အစ်မ၏ စကားလုံးတွေကို သူမကြားနိုင်၊မကြားနိုင် ကျွန်တော် မဝေခွဲတတ်ပါ။ သို့သော် သေသွားသော နုဝင်းမာန်၏ မျက်နှာလေးမှာ ပြုံးယောင် သန်းနေလေသည်။
စုဝင်းစံကို ကျွန်တော် သိပ်ချစ်နေ ပြီ။ တားမနိုင်၊ ဆီးမရအောင် ချစ်နေမိပြီ။ သို့သော် ဖွင့်ပြောဖို့က အချိန်အခါ မသင့်။ ညီမ၏ နာရေးကာလဖြစ်နေသည်။သောက မီးတောက်လောင်နေချိန် အခွင့်အရေး ယူလို့မတော်။ အချိန်သည် အကောင်းဆုံး သမားတော်ဆိုသော ဆိုရိုးစကားရှိသည်။ သူမရင်ထဲက မီးတောက်မီးလျှံများ အရှိန် သေသွားမည့်အချိန်ကို စိတ်မရှည်စွာ ကျွန်တော်က စောင့်နေမိသည်။ တကယ်တော့ သူမသည် ပန်းအလွန်ကြိုက် သူဖြစ် သည်။ အချိန်တွေကြာလာ သည့်တိုင် အောင် သူမက ပန်းမပန်သေး။ နုဝင်းမာန် ကလေးကို လွမ်းဆွတ် နေပုံရသည်။ ကျွန်တော့် ရင်ခွင်မှာ ထွေးပိုက်ပြီး အား ပေးနှစ်သိမ့် လိုက်ချင်သည်။ သို့သော် သူမ က ကိုယ့်အပူနှင့် ကိုယ်မို့လို့ ကျွန်တော် ချစ်နေသည်ကို သတိထားမိပုံ မရ။ သူမ ပန်းစပန်ချိန်ကို ကျွန်တော် စောင့်ရမည်။ သူမ ပန်းစပန်သော နေ့သည် သူမကို ကျွန်တော် ချစ်ရေးဆိုသောနေ့ ဖြစ်လိမ့်မည်။ သည်လိုနှင့် အချိန်တွေ ကြာလာခဲ့သည်။
တစ်နေ့ညနေ ကျွန်တော် ဆေးခန်းမှ အပြန် စုဝင်းစံစားဖို့ ခေါက်ဆွဲကြော် ၀ယ်လာခဲ့သည်။ သူမ၏ အခန်းကို ကူးသွား တော့ သူမနှင့် သက်တူရွယ်တူ လူငယ် တစ်ယောက်ရောက်နေတာ တွေ့ရသည်။ ကျွန်တော့်ကို မြင်သောအခါ သူမက ပြုံး လိုက်သည်။ ဟုတ်ပြီ၊ နုဝင်းမာန် ဆုံးပြီး နောက် ဒါ သူမဆီက ပထမဆုံးမြင်ရသည့် အပြုံးဖြစ်သည်။ သို့သော် ဦးခေါင်းမှာ ပန်း ပန်မထားသေးသဖြင့် မချင့်မရဲ ဖြစ်နေမိသည်။
“ဆရာလာတာနဲ့အတော်ပဲ။ ဆရာနဲ့ မိတ်ဆက်ပေးရဦးမယ်။ သူ့နာမည်က ကိုဇော်ဟိန်းတဲ့။ အလက်ထရောနစ် အင်၈ျင်နီယာတစ်ယောက်ပေါ့။ သူက စင်ကာပူ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ် တယ်။ စုနဲ့အင်ဂေ့(ချ)လုပ်ထားသူပါ။ ကိုကိုရေ၊ ဒါ ဒေါက်တာသက်နောင်တဲ့။ သူက ညီမလေးကို သိပ်ဂရုစိုက်ခဲ့တယ်”
“ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါ တယ် ဒေါက်တာ။ စုတို့ အပေါ်ဂရုစိုက်တဲ့ အတွက် ကျေးဇူးတင်ပါတယ်”
“အော် ဟုတ်ကဲ့ ဟုတ်ကဲ့”
ယောင်နနဖြင့် ကျွန်တော်က လက်ဆွဲနှုတ်ဆက်လိုက်သည်။ စုဝင်းစံက ပြုံးပြုံး လေးဖြင့်
“ကိုဇော်က စင်ကာပူကို ရောက်နေတာကြာပြီ ဆရာ။ ညီမလေးရဲ့ ကျန်းမာရေးကြောင့် မလိုက်ဖြစ်ခဲ့တာ၊ အခုညီမလေးလည်း မရှိတော့ဘူးဆိုတော့ စု သူနဲ့ လိုက် သွားတော့မယ် ဆရာ”
“ဘယ်တော့ သွားကြမှာလဲ”
“သန်ဘက်ခါပါ ဒေါက်တာ၊ ကုမ္ပဏီက ခွင့်သိပ်မရဘူး”
ကိုဇော်ဟိန်းက ၀င်ပြောသည်။
“ကွန်ဂရက် ကျူလေးရှင်း”
ကျွန်တော်က နှစ်ယောက်စလုံးကို လက်ဆွဲ နှုတ်ဆက်လိုက်သည်။ “ညီမလေး စားဖို့ ခေါက်ဆွဲကြော် ၀ယ်ခဲ့တယ်၊ ထားခဲ့ မယ်နော်”ဟုပြောပြီး အခန်းထဲက ပြန် ထွက်လာခဲ့သည်။ အခန်းအပြင်ရောက် တော့ ယိုင်လဲမသွားစေရန် အတော်ထိန်း ထားရသည်။ သွားပြီ။ ကျွန်တော်၏ စိတ်ကူးယဉ်အိပ်မက်တို့ ပြိုပျက်သွားခဲ့ပြီ။ ကျွန်တော် သိပ်ချစ်သော စုဝင်းစံနှင့် ကျွန်တော် အလွန်စွဲလမ်းရသော သူမ၏ စန္ဒရားလက်သံတို့ကို ဆုံးရှုံးလိုက်ရပြီ။ ပူလောင်သော ဝေဒနာများက နှလုံးကို မီးနှင့်မြိုက်သလို တမြေ့မြေ့ ခံစားရသည်။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲက အသည်းကွဲ တယ်ဆိုတာ ဒါမျိုးကို ခေါ်တာဖြစ်မည်။ ဒီလိုနှင့် ကျွန်တော်မရောက်ချင်သော သန် ဘက်ခါသို့ ရောက်လာသည်။ စုဝင်းစံနှင့် သူမ၏ ချစ်သူက ကျွန်တော့်ကို နှုတ် ဆက်၍သွားသည်။ အလို သူမဦးခေါင်း ထက်မှာ သဇင်ပန်းတွေ ဝေနေအောင် ပန်ထားလို့ပါလား။ ၀မ်းသာပါတယ် စုဝင်း စံ။
ကျွန်တော် တိုက်ခန်းပြောင်းဖို့ ဆုံး ဖြတ်လိုက်သည်။ ဒီမှာနေလျှင် စန္ဒရား ပိုင်ရှင် သူမ၏ စန္ဒရားသံကို အချိန်တိုင်း သတိရနေလိမ့်မည်။ နောက် ဦးသံဒုတ် ဆိုသော ဟိုစက်ရုပ်လူကြီးကို မျက်နှာချင်း မဆိုင်ချင်တာလည်း ပါသည်။ စိတ်မထိန်း နိုင်လျှင် ဒီလူကြီးကို ကျွန်တော် ဆွဲထိုး မိလိမ့်မည်။ ငွေစက္ကူတွေသာ ရေတွက် တတ်သော ဦးသံဒုတ်လို လူမျိုး၏ လက်ထဲသို့ ကျွန်တော့်ချစ်သူ၏ စန္ဒရား ရောက်သွားခြင်းမှာ စန္ဒရားတစ်လုံး၏ သေဆုံးခြင်းဟု အတိအကျ ပြောနိုင်သည်။ လူ့လောကကြီးက ဆန်းကြယ်လှသည်။ ခွေးပါးစပ်မှာ ပါးချပ် ရောက်နေသော ကိစ္စမျိုး ဖြစ်နေတတ်သည်လေ။
တိုက်ခန်းဝယ်ဖို့ ကျွန်တော်၏ စိတ်ကူးမှာ ဝေးသထက် ဝေးသွားသည်။ စုဝင်းစံကို တဖက်လှည့်နှင့် ကျွန်တော် ၀ယ်ပေးသည့် ကီးဘုတ်တစ်ခု၏ တန်ဖိုးမှာ သိန်းဆယ်ဂဏန်း ကျော်သည်။ ဒီပိုက်ဆံ အတွက် တစ်စုံတစ်ရာ နှမျောတသခြင်း အလျဉ်းမရှိပါ။ နုဝင်းမာန်ကလေး မသေမီ စန္ဒရားသံလေး နားထောင်သွားရသည့် အတွက် အားရ ကျေနပ်နေမိသည်။ နောက် စုဝင်းစံကို ကျွန်တော် ချစ်သည်။ ကျွန်တော် ချစ်နေသည်ကို ဖွင့်ပြောဖို့ အခွင့်မသာခဲ့၊ ပြန်တွေးကြည့်တော့ ထိုသို့ ဖွင့်မပြောလိုက် သည်ကိုပင် ကိုယ့်ကိုယ်ကို ကျေနပ်နေမိ သည်။ တကယ်တော့ အချစ်စစ်ဟူသည် ရယူပိုင်ဆိုင်ခြင်းထက် စွန့်လွှတ် အနစ်နာခံခြင်းဟု ဒဿန ဆရာတို့ ဆိုခဲ့ကြသည် မဟုတ်ပါလော။
နတ်မှူး