ချေဖျက်ခံကျေးဇူး
သုမောင် (အတွဲ ၁၁၊အမှတ်၁၁၊မတ်၁၃၊၂ဝဝ၇၊ပေါ်ပြုလာဂျာနယ်)
(၁)သူ့ကျေးဇူးကိုသိတတ်သဖြင့် ကျေးဇူးဆပ်သောသူ၊
(၂) ကျေးဇူးတင်ရုံ တင်တတ်သူ၊
(၃)ကျေးဇူးမသိတတ်သူ၊
(၄)ကျေးဇူးကန်းသူနှင့်
(၅)သူ့ကျေးဇူးအတင်ခံရမှာစိုးသဖြင့် ကျေးဇူးကို ချေဖျက်ပစ်သူ
ဟူ၍ဖြစ်ပါသည်။ ကျွန်တော့်ဘဝတွင် ထိုငါးမျိုးသောပုဂ္ဂိုလ်တို့နှင့် မှတ်မှတ်ထင်ထင် ဆုံဖူးပါသည်။
ဒါသည် သဘာဝတရားချည်းလားတော့ကား မဟုတ်ပေ။ 'လူတင်ပါလို့ နွားကျားကိုက်'ဆိုတာကို ကျွန်တော်ကိုယ်တိုင်နှိုက်က ကျေးဇူးပြုလိုတတ်ချင်ခြင်း များသောကြောင့် ဖြစ်ရပါသည်။
အထူးသဖြင့် အညှာလွယ်တတ် ယုံလွယ်တတ်သောသဘော ကျွန်တော့်မှာရှိပါသည်။ သနားကရုဏာလွန်ကဲတတ်ခြင်းကလည်း အကြောင်း တစ်ပါးပင်။ ရိုးရိုးကြီး ဝန်ခံရလျှင် ကျေးဇူးအတင်ခံချင်စိတ်ကလေးကလည်း ကျွန်တော့်မှာ ရှိနေတတ်ပေသည်။
'သူ့ကျေးဇူးကိုသတိရပါ၊ကိုယ့်ကျေးဇူးကို မေ့ထားလိုက်ပါ'
ဟူသော ရှေးရှေးလူကြီးသူမတို့၏ ဆုံးမစကားကို ကျွန်တော် နှစ်သက်သော်လည်း တကယ်တမ်းကျတော့ မလိုက်နာနိုင်ခဲ့ပေ။ မိမိပြုခဲ့ဖူးသော ကျေးဇူးကို တော်ရုံလူသည် ဘယ့်နှယ်လုပ် မေ့ပစ်နိုင်ပါ့မည်နည်း။ ဒါသည်အခြေခံလူ့စိတ် မဟုတ်ပါလား။ ဘုရား၊ရဟန္တာသူတော်စင်တို့ကားကျေးဇူးပြုသည်ဟူ၍ပင် သဘောမထားဘဲ မေတ္တာကရုဏာ ရှေ့ထား၍ ကူညီစောင်မကြလေသည်။ အလွန် ရိုးသားသန့်စင်သော ကရုဏာရှင်တို့ကလည်း ကျေးဇူးပြုနေသည်ဟု သဘောမထားပေ။ မိမိတတ်နိုင်သော အချိန်ကလေးတွင် တစ်ပါးသူကိုကူညီလိုက်သည်ဟူ၍သာ မှတ်ယူကြလေသည်။ ထိုပုဂ္ဂိုလ်တို့သည် အလှူပေးခြင်းဟူ၍ ကျေးဇူးပြုခြင်းကို နားလည်ကြလေ
သည်။ ထိုပုဂ္ဂိုလ်တို့ကား မိမိကျေးဇူးကို ပြန်ဆပ်ကြရကောင်းစေ ဆိုတာမျှပင် မတွေးမိကြပေ။
ကျွန်တော်တို့ ပုထုဇဉ် သာမန်လူများသည်ကား ပြုဖူးသောကျေးဇူးကို ပြန်အဆပ်ခံလိုကြသည်။အနည်းဆုံး ကျေးဇူးသိတတ်စေချင်ကြသည်။ 'ကျေးဇူးတင်ပါတယ်'ဆိုတာလေးလောက်တော့ကြားချင်ပေသည်။
အထူးသဖြင့် မူ မိမိ ဒုက္ခတစ်ခုခုနှင့်ကြုံသောအခါ ပို၍သတိရလေသည်။ မိမိပြုခဲ့ဖူးသော ကျေးဇူးတင်ရှိနေသူများကို ထိုအခါ ပို၍သတိရ၏။တကယ်တမ်းတော့မူ ထိုသို့ ဒုက္ခရောက်နေချိန် ကျေးဇူးပြန်ဆပ်သူ အလွန်မှရှားပေသည်။ ငွေကြေးဥစ္စာမှအစ နှုတ်၏စောင်မခြင်း၊ ကိုယ်၏စောင်မခြင်းမျှပင် ပြန်မရောက်တတ်ပါ။ မသိကျိုးကျွန်သာ ပြုမူခံရတတ်ပါသည်။ ထိုအခါအသည်းမှာ နာတတ်လေသည်။
'ဖြစ်မှဖြစ်ရပလေ'လုပ်ရက်ပါ့ပေ' ဟူ၍လည်းစိတ်နာသွားတတ်ပါသည်။ သို့သော် တစ်
ခါတစ်ရံ မိမိ ဒုက္ခရောက်နေခိုက်ကယ်တင်ရှင်ပေါ်လာတတ်ပါသည်။ သို့သော် မိမိက ကျေးဇူးပြုဖူးသူများမဟုတ်ဘဲ တခြားတစ်ပါးသော လူသစ်များ ဖြစ်နေတတ်ပါသည်။ ထိုသူများသည် မိမိအပေါ် ကျေးဇူးရှိသွားပါတော့သည်။ ထိုအခါ ထိုပုဂ္ဂိုလ်၏ကျေးဇူးကို ပြန်ဆပ်ရန် သန္နိဌာန်လည်းချတတ်ပါသည်။ လူရိုးလူကောင်းတို့ကား ကျေးဇူးပြန် ဆပ်ပါသည်။ ကျေးဇူးတင်ပါသည်။ ကျေးမစွပ်ပေ။ သို့သော် အများအားဖြင့်ကား ထိုသူသည်လည်း အချိန်ကြာလာသောအခါထိုကျေးဇူးကိုမေ့သွားတတ်ပေသည်။ ကိုယ့်အလှည့်တုန်းက ကျေးဇူးအတင်ခံချင်သော်လည်း သူ့အလှည့်ကျတော့ သူ့ကျေးဇူးကို မေ့သွားတော့သည်။
ကျွန်တော်သည် စောစောက ပြောသလိုယုံလွယ်သူ၊ စိတ်နုသူ၊ သနားကရုဏာကြီး သူဖြစ်ပေရာကျေးဇူးများစွာ ပြုဖူးပေသည်။ ငွေဆိုငွေ၊ နှုတ်၏စောင်မခြင်း၊ လက်ကိုယ်တို့ဖြင့် စောင်မခြင်းများစွာ ပြုခဲ့ဖူးပါသည်။ အထူးသဖြင့် ကျွန်တော်မှာ ထိုစဉ်က ငွေရွှင်ခဲ့သလို လူကလည်း အရာရောက်ခဲ့ပေရာ ကျွန်တော်၏ 'နှုတ်၏' စောင်မခြင်းကပင် လူတစ်ယောက်ယောက်ကို ဘဝပြာင်းသွားစေခဲ့ဖူးပါသည်။ မိသားစုဘဝပါ ပြောင်းသွားတတ်တာမျိုးလည်း ရှိပါသည်။ ကောင်းရာဘက်သို့
ပြောင်းခြင်းဖြစ်၏။ မတော်တဆတိုက်ဆိုင်ပြီး ကူညီလိုက်သလို ဖြစ်သွားတာမျိုး လည်းရှိသည်။ လူချစ်ခင်ခြင်းပါရမီကို ရထားသော ကျွန်တော့်ကြောင့် ကျွန်တော်၏ မျက်နှာပြ၍လည်းကောင်း၊ပြောဆိုပေး၍လည်းကောင်း ကြီးမားသော ဘဝအပြောင်းအလဲ ဖြစ်ကုန်ကြသူတွေ ရှိကြပါသည်။ ဒုက္ခ၊ သုက္ခတွင်းမှ ကွင်းကွင်းကွက်ကွက်လွတ်သွားကြ သူတွေလည်း ရှိဖူးပါသည်။ သေသေချာချာပြန်၍တွေးသောအခါ လူနည်းစုလောက်သာ ကျေးဇူးပြန်တင်ကြ ပေ သည်။ အချို့ကား မေ့ပစ်လိုက်ကြတော့သည်။ အချို့ဆိုလျှင် ကြီးမားသောဒုက္ခဘေးမှ လွတ်သော်လည်း 'ကျေးဇူးတင်ပါတယ်' တစ်လုံးမပြောဘဲ နေကြနိုင်တော့သည်။ ပို၍ဆိုးသည်မှာ ကျေးဇူးမသိတတ်ကြပြန်သေးသည်။
ဘုရားအလောင်း မျောက်မင်းကျေးစွပ်သော ပုဏ္ဏားယုတ်ကဲ့သို့ပင်။ အဆိုးဆုံးကား တကယ်ရရှိခဲ့ဖူးသော ကျေးဇူးကို အတင်မခံလိုသဖြင့် ခြေဖြင့်ဖျက်ပါသည်။ ထိုသူမျိုးကား ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ကျေးဇူးကန်းသူထက် ဆိုးရွားပါသည်။
ယခုတလော ကျွန်တော့်မှာ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ အကျပ်အတည်းနှင့် ကြုံနေရလေရာ ထိုသူမျိုးများနှင့် မကြာခဏ တွေ့နေရသောကြောင့် အထက်ပါ စာစုများသည် ဒေါသသင့်သလိုရှိနေမှာ သေချာပါသည်။ ဒါကတော့ မတတ်နိုင်ပေ။ လူသားပီသစွာ အကူအညီလိုချိန်မှာ ဖြစ်တတ်သောသဘောပင်။ သို့သော် ဒါတွေကို ကျွန်တော် ပြန်ထိန်းပါ၏။ ဘာနှင့်ထိန်းသနည်း။
မိမိက ကျေးဇူးသေးသေးလေးပြုခဲ့ဖူးပါလျက် ကျေးဇူးကြီးမားစွာပြန်ဆပ်သူများ၊ မိမိက ကျေးဇူးပြုသည်ဟုပင် သဘောမထားဘဲ တာဝန်ကျေလုပ်ပေးခဲ့ရုံဖြင့် မိမိအပေါ် တစ်သက်လုံး ကျေးဇူးတင်နေကြသူများ၊ ကျေးဇူးတရားကို ကျေးဇူးဖြင့်ပင် တိတိကျကျ ပြန်ဆပ်သူများ၊ ကျေးဇူးသိတတ်နေသူများ စသည့် လူနည်းစုကို ပန်လည်မြင် ယောင် ရင်း မေတ္တာပို့လွှတ်ခြင်းဖြင့် ကျွန်တော့်စိတ်ကို အေးချမ်းသွားအောင် ပြုနိုင်ပါသည်။ မေတ္တာတရားသည် ကျေးဇူးအတင်ခံလိုမူကို ပြေပျောက်စေသည်။
(နေပူထဲ သစ်ပင်ရိပ်ခိုရလျှင် ထိုသစ်ပင်ကို စိုက်ခဲ့သူ သို့မဟုတ် ထိုသစ်ပင်မျိုး စေ့ချခဲ့သည့်ငှက်စသည်တို့ကို မေတ္တာပို့တတ်သော အမေနှင့် ယောက္ခမသို့ )
သုမောင်
အတွဲ ၁၁၊အမှတ်၁၁၊မတ်၁၃၊၂ဝဝ၇၊ပေါ်ပြုလာဂျာနယ်