ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, May 2, 2010

ယေဓမ္မာဂါထာတော်နောက်ဆက်တွဲအကျိုးဆက်


ယေဓမ္မာဂါထာတော်နောက်ဆက်တွဲအကျိုးဆက်
ယဉ်သင်းအိ(၀၅၊၀၁၊၂၀၁၀)


“ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံဟေတုံ တထာဂတောအာဟ တေသဉ္စ ယော နိရောဓေါ ဧဝံဝါဒီ မဟာသမဏောတိ။”

"အကြင် ခန္မာငါးပါး ဒုက္ခသစ္စာတရား တို့သည် အကြောင်းတရား ဖြစ်သော သမုဒယသစ္စာတရားသာလျှင် အမွန်အစရှိကုန်၏။ ထိုအလုံးစုံသော တေဘူမက သင်္ခါရ ဒုက္ခသစ္စာ တရားတို့၏ ဖြစ်ရာဖြစ်ကြောင်းနှင့်၊ ထို တရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာတရားကို ဗုဒ္ဓွ မြတ်စွာဘုရား သည် ဟောတော်မူ၏။" ရဟန်းမြတ်စွာ တို့ဆရာဖြစ်သော ဗုဒ္ဓ္ဓမြတ်စွာဘုရားသည် ဤကဲ့သို့ အယူရှိတော်မူ၏။

စာရေးသူအနေနဲ့ ဒီ ယေဓမ္မာဂါထာတော်ကို နာဖူး ကြာဖူး ခဲ့တာ ကြာပါပြီ။ (၁၀) နှစ်သား အရွယ်လောက်က..ကြာနီကန်ဆရာတော်ရဲ့ ရှင်သာရိပုတ္တရာ အကြောင်း တရားတစ်ပုဒ်ထဲမှာပါ။ အဲဒီတုန်းက ဇာတ်လမ်းတစ်ပုဒ်အနေလောက်ပဲ သိခဲ့ရတာပါ။
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ ညီအစ်ကို မောင်နှစ်မ အမည်နာမတွေကိုတော့ အဲ့ဒီအချိန်ကထဲက စိတ်ထဲစွဲမြဲစွာမှတ်သားခဲ့မိပါတယ်။

အရှင်အဿဇိမထေရ်ရဲ့ ဒီဂါထာ တရားတော်တစ်ပိုဒ်ကို နာကြားလိုက်ရလို့ ရှင်သာရိပုတ္တရာ အလောင်းအလျာ ပုဏ္ဏ္ဏားအနွယ်ဝင် ဥပတိဿပရိဗိုဇ် သောတာပန်ဖြစ် သွားတယ် ဆိုတာလောက်တော့ သိခဲ့ရပါတယ်။ အဲဒီတုန်းကတော့ ရှင်သာရိပုတ္တရာ အလောင်းအလျာက ဉာဏ်ကြီးရှင် ပါရမီရှင်ကြီး ဆိုတော့ ဖြစ်ပေမှာပဲလို့ ပေါ့ပေါ့ဆဆပဲ တွက်ဆမိခဲ့ပါတယ်။ တရားတော်ရဲ့အဓိပ္ပါယ် ကိုတော့နားမလည်ခဲ့ပါဘူး။

ခုအရွယ်ရလာတော့ တရား ဘာဝနာဘက်ကို အရင်ကထက် ပိုလုပ်ဖြစ်လာရင်းနဲ့ ဒီ ယေဓမ္မာ အစချီတဲ့တရားတော်ကို တဖန်ပြန် နာကြားခွင့် ရခဲ့ပြန်ပါတယ်။ တလောဆီကလည်း မိတ်ဆွေဖြစ်တဲ့ ဆရာရန်ဝင်း(တောင်တံခါး) ရဲ့ မိုးမခမီဒီယာ website ထဲက ယေဓမ္မာဂါထာတော်အကြောင်း စိတ်ဝင်စားဖွယ် ဆောင်းပါတစ်ပုဒ် ဖတ်လိုက်ရလို့ ဒီတရားတော်အကြောင်း အတွေးထဲမှာရှိနေတုန်း ဝိပဿနာ (၇) ရက်တရားစခန်းတစ်ခုရဲ့ ဖွင့်ပွဲနေ့ တရားထဲ မှာ ကမ္မဌာနာစရိယ မိုးကုတ်မြို့   ညောင်သုံးပင်ဆရာတော် ဘဒ္ဒ န္တတေဇောသာရာဘိဝံသ က ယေဓမ္မာ အစချီတဲ့တရားတော် အကြောင်းဟောကြားသွားခဲ့ပြန်ပါတယ်။

တဆက်ထဲမှာဘဲ (၇) ရက်တရားစခန်း အပြီးနောက်တစ်နေ့မှာ ညောင်သုံးပင် ဆရာတော် က ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို ကြည်ညိုတဲ့၊  ယေဓမ္မာ ဂါထာတော်ကို အထူးစိတ်ဝင်စားတဲ့ မိတ်ဆွေဇနီးမောင်နှံကို ဒီတရားတော်နဲ့စပ်လျှဉ်းတဲ့ တရားတစ်ပုဒ် ချီးမြှင့်တာကြောင့် သေသေချာချာနားကြားခွင့် ထပ်မံ ရခဲ့ပြန်ပါတယ်။
ဒီတစ်ခါတော့ ဝိပဿနာ (၇) ရက်တရားစခန်းဝင်ထားတာကတစ်ကြောင်း၊ ညောင်သုံးပင် ဆရာတော် ရဲ့  ထိထိမိမိ ဟောပြော ရှင်းလင်းပြသတာက တစ်ကြောင်းမို့ ယေဓမ္မာတရားတော် ရဲ့  အနှစ်သာရ အဓိပ္ပါယ်ကိုသေချာစွာ နားလည်ခွင့် ရခဲ့ပါတော့တယ်။

ဒီတော့မှဘဲ ဘာ့ကြောင့် ဒီဂါထာတစ်ပုဒ် ကြားနာရုံမျှနဲ့ ရှင်သာရိပုတ္တရာ အလောင်းအလျာ ဥပတိဿပရိဗိုဇ်  သောတာပန် ဖြစ်သွားခဲ့တာလဲ ဆိုတာကို သဘော ပေါက်လာခဲ့ပါတော့တယ်။

အခုခေတ်ကာလမှာ နေယျပုထုဇဉ်တွေပဲ ရှိတာကြောင့် တရားနာရုံနဲ့ ပါရမီရှင် ဥပတိဿပရိဗိုဇ်လို သောတာပန်မဖြစ်နိုင်ပေမဲ့လည်း ဆရာတော် ရဲ့  ပညာဉာဏ်အား၊ စေတနာအား၊ ပိုင်နိုင်လှတဲ့ဟောပြချက်များ နဲ့ နည်းစနစ်မှန် ခေတ်နှင့်အညီ သင်ကြားပြသမှုများ က ဒိဋ္ဌိ နဲ့  ဝိစိကိစ္ဆာ ကို အသိဉာဏ်နဲ့ ဆရာ့တာဝန်ကျေပွန်စွာ ကျေဇူးပြုစေနိုင်ခဲ့ပါတယ်။ သောတာပန်ဖြစ်ဖို့ အပွားဉာဏ်နဲ့အပယ်ဉာဏ်ကတော့ မိမိ တာဝန် သာဖြစ်ကြောင်းသိရပါတော့တယ်။

ဆရာတော်ရဲ့ ဟောကြားချက်များ အနှစ်ချုပ်ကတော့...

လောကကြီးမှာ ရုပ်၊ နာမ်၊ ဓမ္မ၊ အကြောင်း အကျိုး၊ အကျိုး အကြောင်း  ဖြစ်စဉ်  ကလွဲလို့ဘာမှမရှိကြောင်း၊


ဖြစ်ပျက်သမျှအလုံးစုံဟာ အကြောင်း ဆိုတဲ့ အမွန်အစမှာသာ အခြေခံကြောင်း၊


အကြောင်း ကြောင့် အကျိုးဖြစ်ကြောင်း၊ အကျိုးဖြစ်လာချိန်တွင် အကြောင်းတရား ချုပ်ငြိမ်းပျက်စီးခဲ့ပြီဖြစ်ကြောင်း၊


အကြောင်းတရားချုပ်ငြိမ်းပျက်စီးခဲ့ပြီကိုသိရှိလက်ခံလာသည့်အတွက် လောကကြီးတွင် ရုပ်၊နာမ် တို့် စွဲမြဲသည် ဟူသော သဿတဒိဋ္ဌိ ကိုပယ်နိုင်ပြီဖြစ်ကြောင်း၊


အကျိုးတရားအသစ်အသစ်ဖြစ်ပေါ်လာခြင်းကိုသိရှိလက်ခံသည့်အတွက် လောကကြီးတွင် ပျက်စီးချုပ်ငြိမ်းခဲ့ပြီးလျှင် ဘာမှထပ်မဖြစ်တော၊့ ပြတ်သည် ဟူသော ဥစ္ဆေဒဒိဋ္ဌိ ကိုပယ်နိုင်ပြီဖြစ်ကြောင်း၊
(အကြောင်းကိုမြင် သဿတဒိဋ္ဌိ စင်၊ အကျိုးကိုမြင် ဥစ္ဆေဒဒိဋ္ဌိ စင်)

 အကြောင်း ကြောင့် အကျိုးဖြစ်ကြောင်း၊ အကြောင်းအကျိုး ဓမ္မဖြစ်စဉ်မှလွဲ၍ မည်သူမှဖန်ဆင်းခြင်းမဟုတ်၊ ငါ၊ သူတပါး၊ ယောင်္ကျား၊ မိန်းမ ဘာမှမရှိ ကြောင်း သေသေချာချာသိရှိလာသည့် အတွက် သက္ကာယဒိဋ္ဌိ နှင့် သို့လော သို့လော ဆိုသည့် ဝိစိကိစ္ဆာ ကိုပယ်နိုင်ပြီဖြစ်ကြောင်း၊

......တို့ကို ယေဓမ္မာ အစချီတဲ့တရားတော်ကိုအကြောင်းပြု၍ ကျေးဇူးကြီးမားစွာ နာကြားခဲ့ရပါသည်။

ဆရာကောင်း၊ သစ္စာတရားနာ၊ ယောနိသောမနသိကာရ ရှိပါက တရားထူးရနိုင်ကြောင်း ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပေဋကောပဒေသ ပါဠိတော် (ခုဒ္ဒကနိကာယ်)၌ဟောကြား တော် မူခဲ့သည့်အတိုင်း ဆရာကောင်းတည်း ဟူသော ညောင်သုံးပင်ဆရာတော် ၏ ကျေးဇူးကြောင့် ရှင်သာရိပုတ္တရာ အလောင်း အလျာ ကိုယ်တော်မြတ်ကြီးကို သောတာပန် ဖြစ်စေခဲ့သည့် တရားတော်ကို နားလည်သဘောပေါက် နာကြား ခဲ့ရပါသည်။

ယောနိသောမနသိကာရ စိတ်ထားဖြင့်ကြိုးစားပါက မိမိတို့အလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို သေချာစွာရနိုင်မည်ဖြစ်ကြောင်းယုံကြည်မိပါသည်။

ညောင်သုံးပင်ဆရာတော်၏ယေဓမ္မာရှင်းတမ်းတရားတော်

မှတ်ချက်.... ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သည် အရှင်အဿဇိမထေရ်၏ ကျေးဇူးတော်ကိုအောက်မေ့သောအားဖြင့် အိပ်ယာဝင်တိုင်း အရှင်အဿဇိမထေရ်မြတ် ရှိရာ အရပ်သို့လှည့်ကာ ဦးချ၊ ဦခေါင်းပြု၍ှ ကျိန်းစက်တော်မူလေ့ရှိပါသည်။

ဤဆောင်းပါးဖြင့် တရားအသိ ပညာဉာဏ်မျက်စိ ဖွင့်ပေးသော ကျေးဇူးရှင် ညောင်သုံးပင်ဆရာတော်အား ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးဦးချပါ၏ အရှင်ဘုရား။

မေတ္တာဖြင့်
ယဉ်သင်းအိ

မာတိကာ


statistics

web tracker