ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, May 25, 2010

ဆိတ်ငြိမ် ပညာ တော်လှန်ရေး

ဆိတ်ငြိမ် ပညာ တော်လှန်ရေး
ဘီလ် ဂိတ်စ်
ကျနော်ရဲ့ လူမှု့ ပရဟိတ လုပ်ငန်း စလုပ်ချိန်မှာ နယ်ပယ် အသီးသီးက ထူးချွန် ထက်မြက်တဲ့ လူပေါင်းစုံနဲ့ ဆုံတွေ့ခွင့် ရခဲ့ပါတယ်။ အေဒ်စ် ရောဂါ သုတေသန သမားတွေ၊ မိုးခေါင် ရေရှား ဒေသမှာ သီးနှံ စိုက်ပျိုးဖို့ အားထုတ် နေတဲ့ ပညာရှင်တွေ၊ ကျောင်းသားတွေကို နည်းလမ်း အသစ်တွေနဲ့ ရှာဖွေ သင်ကြားပေးဖို့ အားထုတ်နေတဲ့ ကျောင်းဆရာ/မတွေ။

ဒီ ပုဂ္ဂိုလ်တွေမှာ မတူ ခြားနားတဲ့ အလုပ်မျိုးစုံ ရှိကြပါတယ်။ သို့သော် သူတို့ ကိုယ်စီမှာ အနည်းဆုံး ဘုံ ရည်မှန်းချက် တစ်ခုမှာတော့ သွားတူ နေတတ် ကြပါတယ်။ ဒါက `ဆန်းသစ် တီထွင် လိုတဲ့ ဆန္ဒ´ (a desire to innovate) ပါပဲ။
၂၀၀၉ ခုနှစ် စီးပွားရေး ကျဆင်းမှုကနေ တစ်ကမ္ဘာလုံး ပြန်ရုန်းကန် ကြိုးစား နေရချိန်မှာ၊ အနာဂါတ် အတွက် မျှော်လင့်ချက်က မှုန်ဝါးဝါးလို ဖြစ်နေပါတယ်။ သို့နှင့်တိုင် ဒီလူတွေရဲ့ မနားတမ်း တိုးတက်မှု ရှာပုံတော် ကြောင့်မို့ပဲ၊ အကောင်း မြင်စိတ်တွေ ကျနော့် ရင်မှာ ကိန်းနေပါတော့တယ်။ ပိန်းပိတ်မှောင် နေတဲ့ အနာဂါတ်နဲ့ ကြည်လင် တောက်ပတဲ့ အနာဂါတ် ကြားမှာ ခြားနားအောင် လုပ်ပေး နိုင်တာက ထိုးထွင်း ကြံဆတဲ့ ပညာရေး ပဲလို့ ပို ယုံကြည်လာပါတယ်။
အခုကနေ နောက် ဆယ်နှစ်အထိ ကမ္ဘာကြီးမှာ ကျန်းမာရေး၊ စွမ်းအင်၊ အစားအစာ စတာတွေ အတွက် ပိုမို တိုးတက် ပွားများအောင် နည်းသစ်တွေနဲ့ တီထွင်မှုတွေ မလုပ်နိုင်ဘူး ဆိုရင်၊ ကျနော်တို့ အတွက် အမှောင် ကမ္ဘာမှာပဲ ကျင်လည် နေရသလို မျိုးပါပဲ။ ဆင်းရဲတဲ့ တိုင်းပြည်တွေက လူတွေ ရောဂါဘယ ဆိုးတွေကို မကာကွယ် နိုင်ဘဲ သေဆုံးကြမယ်၊ စွမ်းအင် လောင်စာ ဈေးတွေ မြင့်လွန်းမယ်၊ ကမ္ဘာ လူဦးရေက ထွန်ယက် စိုက်ပျိုးနိုင်မယ့် လယ်မြေ မလောက်င အောင် ပိုလွန် နေမယ်။
သို့သော် ကျနော် တို့ရဲ့ ဆန်းသစ် တီထွင်တဲ့ ပညာရေးကနေပဲ အဲဒီ အခက်အခဲ ဆိုးတွေကို ရှောင်လွှား နိုင်ပါလိမ့်မယ်။ တစ်ကမ္ဘာလုံးရှိ လူနေမှု ဘ၀တွေ တိုးတက်အောင် ပညာရေးသစ် ကပဲ လုပ်ပေးနိုင်တယ်။ ကာကွယ်ဆေး သောက်ဆေး တွေ လက်လှမ်းမှီ အောင် ထုတ်လုပ် ပေးနိုင်ပြီဆိုရင်၊ ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ ကျန်းမာရေး အခြေအနေ အများကြီး တိုးတက်လာမယ်။ သီးနှံ မျိုးစေ့ ကောင်းတွေနဲ့ စိုက်ပျိုးရေး နည်းပညာ ထရိန်နင်တွေ ပေးမယ်၊ ဈေးကွက်တင် ပို့နိုင်အောင် တံခါးဖွင့် ပေးမယ်ဆိုရင်၊ ဆင်းရဲတဲ့ နိုင်ငံတွေက လယ်သမားတွေ အကြီးအကျယ် စိုက်ပျိုးရင်း သူတို့ လူမှု့ဘ၀တွေ တိုးတက်လာ ကြပါလိမ့်မယ်။
ဒါပေမဲ့ ကံအကြောင်း မလှတာက လူ့အဖွဲ့အစည်းတွေဟာ ပညာရေးနဲ့ ဆန်းသစ် တီထွင်မှုတွေ အပေါ် လုံလုံလောက်လောက် ရင်းနှီး မြှုပ်နှံ ချင်စိတ် မရှိခြင်း ပါပဲ။ အထူးသဖြင့် ဆင်းရဲသားတွေ ကို ကူညီဖို့ အတွက် နေရာတိုင်းမှာ လက်တွန့်ကြ ပါတယ်။
တခြားထားပါတော့။ အမေရိက မှာတောင် ပညာရေးမှာ ဆန်းသစ်တီထွင်မှုတွေ ပေါ်လာဖို့ လုံလောက်အောင် ရင်းနှီးမြှုပ်နှံချင် ကြတာ မဟုတ်ပါဘူး။ အားလုံး သိပြီးသားပါ၊ အမေရိကဟာ သူ့ ပညာရေး စနစ်ကြောင့် ဒီလို အောင်မြင်မှု ရခဲ့တယ်ဆိုတာကို။ နို့ပေမဲ့ အခု ကျောင်းသားတွေကို ပြင်ဆင်ပေးနေတဲ့ နည်းလမ်းက ဟိုး လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပုံစံနဲ့ စခန်း သွားနေ ကြတုန်း၊ ဘာမှ မပြောင်းလဲ သေးဘူး။
ကျောင်းတွေ တိုးတက်အောင် လုပ်ဖို့ နည်းလမ်းသစ် ကို မရှာဖွေကြဘူး ဆိုရင်၊ ပိုထိရောက်မယ့် နည်းလမ်းတွေ အခွင့်အလမ်းတွေ မဖမ်းဆုပ် နိုင်ဘူးဆိုရင်၊ ကျနော်တို့ရဲ့ တန်းတူ ညီမျှရေး ကတိက၀တ်တွေကို ဖြည့်ဆည်း နိုင်ကြမှာ မဟုတ်ပါဘူး။ ရေရှည်မှာ အခြားတိုင်းပြည်တွေနဲ့ ယှဉ်ပြိုင်တဲ့ အခါ စွမ်းဆောင်ရည်တွေ ပိုကျကုန် ပါလိမ့်မယ်။
ဆရာတွေ အဖို့လည်း အရမ်းကန် ကြိုးစားလွန်း ပေါက်ပေါက် ရှာရှာ မေးလွန်းတဲ့ ကျောင်းသားကို ကူညီ အဖြေရှာ ပေးနိုင်ကြပါ့မလား။ ကျောင်းသားတွေ ဆီက တုန့်ပြန် မေးခွန်းတွေ (feedback) လာတဲ့ အခါ ဆရာ အများစုဟာ အသင့်မဖြစ်ဘဲ ကြက်သေသေ သွားတတ်ပါတယ်။ ဒီလို ဘာသာရပ်တွေမှာ ဆရာတပည့် ဦးနှောက် မုန်တိုင်းဆင် ကြမယ့် အစား၊ ဆရာတွေက ကျောင်းသား အတန်းတက်စာရင်း၊ အခန်း သန့်ရှင်းရေး စတာမျိုးတွေနဲ့ ဇီဇာကြောင် နေချင် တတ်ပါတယ်။
ဒီတော့ ကျနော်တို့ အတွက် ပညာရေး အပေါ် စိစစ် အကဲဖြတ်မှုတွေ လုပ်ဖို့ လိုအပ်လာပါပြီ။ လက်ရှိ ပညာရေး သင်ကြားမှုရဲ့ အားနည်း ချွတ်ချော်မှုတွေကို အားမနာတမ်း နှိုက်ချွတ်ဝေဖန်ပြီး၊ ဆရာတွေ အလုပ်ဖြစ်မယ့် နည်းလမ်း အသစ်တွေ အကြံပြုကြရပါ လိမ့်မယ်။ ဆရာတွေ အနေနဲ့လည်း ပြောင်းလည် ပြင်လွယ် သင်ရိုး ဖန်တီးမှု တွေကို မကြောက်ဖို့ လိုပါမယ်။ ကျောင်းသား၊ မိဘ၊ လုပ်ဖော်ကိုင်ဖက် ဆရာများရဲ့ အကြံဥာဏ် တုန့်ပြန် ဝေဖန်မှုတွေကို လက်ခံယူပြီး စစ်မှန်တဲ့ သင်ကြားရေး ရောက်အောင် အချိန်ပေး အားထုတ် ရပါမယ်။
ဒီလို ပညာရေး စနစ်သစ် ဆောင်ရွက်ဖို့ ကျနော့် ဖောင်ဒေးရှင်းက အချို့ ကျောင်းတွေကို ဒေါ်လာ သန်း ၃၀၀ ကျော် ကတိပြုထားပါတယ်။ ကျောင်းတွေ ထိထိရောက်ရောက် စွမ်းဆောင်ရည်မြင့်ဖို့ အတွက် ဒေါ်လာ ၄၅ သန်းလည်း နောက်ထပ် လျာထား ပါတယ်။ ကျနော်တို့ ပန်းတိုင်ကတော့ နည်းသစ် စနစ်သစ် အတွေ့ အကြုံ သစ်တွေ အမေရိက အနှံ ပျံ့နှံစေဖို့ ဖြစ်ပါတယ်။
နောက် ပညာရေးရဲ့ အရေးပါတဲ့ ဆန်းသစ် တီထွင်မှုတွေမှာ နည်းပညာ အပြန်အလှန် အသုံးပြုမှု ပါဝင်ပြီး၊ ဆရာနဲ့ တပည့်တွေ အကြား အဆင့်မြင့် သင်ကြားရေး အထောက်အကူတွေ ပေးဖို့ ဖြစ်ပါတယ်။ အင်တာနက် ကနေ ဗွီဒီယို ကြည့်ခြင်းက သင်ကြားရေး ရဲ့ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်လာပြီး၊ လူတိုင်းဟာ အွန်လိုင်း လက်ချာ တွေကနေ အကောင်းဆုံး ဆရာတွေ ဖြစ်လာနိုင်ပါတယ်။
ကျနော် စိတ်ကြိုက် ပြောရရင် MIT တက္ကသိုလ်က ရူပဗေဒနဲ့ ဓါတုဗေဒ အွန်လိုင်း သင်ခန်းစာတွေကို နှစ်သက်ပါတယ်။ နောက်ပြီး ဆောဖ် ၀ဲယား ကို အသုံးချပြီး ကျောင်းသား တစ်ဦးချင်း နဲ့ သက်ဆိုင်မယ့် သင်ခန်းစာတွေ လုပ်ယူနိုင်ပါတယ်။
အွန်လိုင်း ပညာရေးဟာ ကျောင်းသားနဲ့ ဆရာ မျက်နှာချင်းဆိုင် (face-to-face) သင်ကြားမှုကို အစားထိုး နိုင်တဲ့ အထိ မရောက် ပေမဲ့လည်း၊ ကျောင်း ဆက်မတက်နိုင်သူတွေ၊ အကြောင်းကြောင်း ကြောင့် ကျောင်းထွက် ခဲ့ ရသူတွေ အတွက် အများကြီး အထောက်အကူ ပေးနိုင်ပါလိမ့်မယ်။
အဲဒီ့ ပညာရေး စနစ်မှာ တီထွင်ဆန်းသစ်မှု ရလာဒ်တွေ ပေါ်ထွက်ရေးက လူတိုင်း လူ့အဖွဲ့အစည်းတိုင်း အနာဂါတ် တိုးတက် ကောင်းမွန် စေဖို့ပါပဲ။
ရည်ညွှန်း A Quiet Revolution by Bill Gates
( ဂိတ်စ် သည် Bill & Melinda Gates Foundation ၏ ဥက္ကဌ ဖြစ်ပါသည်)
ရဲမြင့်ကျော် ပေးပို့သည်။
(မောက္ခပညာရေးမဂ္ဂဇင်းမှတဆင့်ကူးယူဖေါ်ပြပါသည်။)

မာတိကာ


statistics

web tracker