ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, June 8, 2010

အမြတ်သံဝေ ယူတတ်စေ

အမြတ်သံဝေ ယူတတ်စေ  

အရှင်ဉာဏိကာဘိဝံသ
 (ကာလီဖိုးနီးယားတက္ကသိုလ်)

       သီတင်းသုံးဖော် မိတ်ဆွေသံဃာတော်များကိုယ်စား စကားအနည်းငယ် ပြောပေးဖို့ တာဝန်ပေးလို့ ပြောပါ့မယ်။ ခုပြောမယ်ဆိုပြီး ထိုင်နေရာက ဒီနေရာကို ထလာတော့ ဦးဇင်းရဲ့ခြေထောက် ထော့နဲ့ထော့နဲ့ဖြစ်နေတာကို သတိထားမိမှာပါ။ ဂေါက်ရောဂါပြန်ထလာလို့ နာကျင်တာကြောင့် ခုလို ဖြစ်နေတာပါ။ နာရေးဆိုတာ ဘယ်နာရေးမှာမှ မကောင်းဘူးဆိုတဲ့ သဘောကို ပြောပြနေတာပါ။ ခုလို မိမိတို့ရင်းနှီးခင်မင်တဲ့၊ ချစ်ခင်တဲ့ ဆရာတော် တစ်ပါး ပျံလွန်တော်မူခြင်းဆိုတဲ့ ဘဝပြောင်းသွားမှု နာရေးကတော့ ပိုပြီး ခံရခက်တဲ့ ဝေဒနာမျိုးပေါ့။
        မောင်နှမသားချင်းတွေပဲဖြစ်ဖြစ်၊ ခင်မင်သူတွေပဲဖြစ်ဖြစ် ဘယ်သူမှ ကိုယ်ချစ်ခင်တဲ့သူတစ်ဦးဦး ခုလို နာရေးမျိုးနဲ့ ကြုံရတာမျိုးကို အလိုရှိနိုင်ပါ့မလဲ။ ဒါပေမယ့် ဘဝဖြစ်တည်ခြင်းဆိုတာ ရှိခဲ့လျင် ပျက်စီးခြင်းဆိုတာက အလိုလို တွဲလို့ ပါလာစမြဲပဲလေ။ မခွဲချင်ပဲ နေလို့မရ၊ မကွဲချင်ပဲ နေလို့မရ။ နေစေချင်ပေမယ့် သေကြရ။ ဒါဟာ ဘဝတစ်ခုရဲ့ နိယာမပဲဟာကိုး။

                                                                        သံဝေဂမှတ်တမ်း-
        နှလုံးရောဂါနဲ့ ရုတ်တရက်ပျံလွန်တော်မူသွားတဲ့ ဆရာတော်တစ်ပါးရဲ့ အကြောင်းကို နှလုံးနာကျင်စွာနဲ့ပဲ ပြောရမှာပါ။ ဘဝဆိုတာ နေ့မြင် ည ပျောက်လို့ ပြောတတ်ကြတယ်။ သေခြင်းတရားရဲ့ အချိန်မရွေး နေရာမရွေး ရုတ်တရက် ရောက်လာနိုင်တယ်ဆိုတဲ့သဘောကို ပြောတဲ့စကားပေါ့။ ကွေး သောလက် မဆန့်မီ၊ ဆန့်သော လက်မကွေးမီ ဆိုတဲ့ မြန်မာစကားနဲ့လဲ ဖော် ပြတတ်ကြပါတယ်။ ဒါကို စကားလုံးအဖြစ်သာ နားလည်ခဲ့ပေမယ့် ခုလို အရှင်သောဘိတ ပျံလွန်တော်မူတ်ာဆိုတာ ရုတ်တရက် ကြားသိလိုက်ရတဲ့အခါမှာတော့ အော် အသက်ဆိုတာ၊ ဘဝဆိုတာ အလွန်မှ ထိခိုက်ဖို့ လွယ် လွန်းလှပါလားလို့ လက်ခံလိုက်မိပါတယ်။
        နေ့လယ်ကမှ ဆွမ်းတစ်ဝိုင်းထဲအတူထိုင်ကာ အလာပသလာပပြောရင်း ဆွမ်းအတူဘုဉ်းပေးခဲ့တဲ့ မိတ်ဆွေကြီး။ ညနေစောင်းတော့ ပျံလွန်တဲ့ အကြောင်း ရုတ်တရက် ကြားသိလိုက်ရတယ်။ မယုံကြည်နိုင်လောက် အောင်ပင် တကယ့်ကိုမှ မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တစ်ခုပါ။ ဒီ လောက်မြန်ဆန်နိုင်လွန်းတဲ့ အဖြစ်သနစ်အပေါ်မှာ အမှန်တကယ်ဖြစ်ခဲ့တာ ဖြစ်ပေမယ့် ညီအကိုမောင်နှမ ဆွေမျိုးရင်းခြာတွေအနေနဲ့ လက်ခံနိုင်ဖို့ ခက် ခဲမယ်၊ လုံးဝလက်ခံလိုကြမယ် မဟုတ်ပေဘူးဆိုတာ စာနာနားလည်မိပါ တယ်။
       ဆရာတော် ဦးသောဘိတကို ဦးဇင်းတို့ အမေရိကကို ရောက်မလာမီ ရန်ကုန်မှာကတည်းကိုက သိနေခဲ့တာပါ။ သူတည်းခိုရာ ပုဇွန်တောင်ဖက် မှာရှိတဲ့ ထူးရေခဲမုန့်က လှူဒါန်းထားတဲ့ ယာယီကျောင်းကို ရောက်ခိုက် သူ နဲ့တွေ့ခဲ့တာ။ ဦးဇင်းတို့က အမေရိကကို လာဖို့စီစဉ်နေတာကြောင့် အမေရိ ကမှာနေနေတဲ့သူက အမေရိကကိုရောက်လာလို့ လိုတဲ့အကူအညီရှိခဲ့ပါရင် အကူ အညီတောင်းခံနိုင်ကြောင်း ဖော်ရွေလှိုက်လှဲစွာ ပြောဆိုပြီး သူ့လိပ် စာနဲ့ ဖုန်းနံပါတ်ကို ပေးထားခဲ့တယ်။ တဖက်သားကို အလွန်မှပဲ ကူညီ ပေးတတ်တဲ့သူတစ်ဦးပါ။                         
        ကံအားလျှော်စွာပဲ ဦးဇင်းတို့ကလဲ ဒီပတ်ဝန်းကျင်မှာပဲ ရောက်လာတာ ကြောင့် သူနဲ့ ပြန်ဆုံရတယ်။ ဒီမှာတွေ့ပြန်တော့လည်း လှိုက်လှဲပျူငှာစွာပဲ လိုအပ်တဲ့အကူအညီတောင်းဖို့၊ သွားလိုရာရှိပါက သူ့ကိုဖုန်းခေါ်ဖို့ ဖိတ်ခဲ့ တယ်။ ဟိုဟိုဒီဒီ သွားလာစရာရှိလို့ လမ်းကြုံလို့ သူမောင်းတဲ့ကားကိုစီးပြီး သွားခဲ့တဲ့ ခရီးဆိုတာ နည်းတာမှ မဟုတ်တာ။ အများတကာကို သွားလာ လွယ်ကူစေဖို့ အကျိုးဆောင်ခဲ့တဲ့ သာသနာ့ညီအကို မိတ်ဆွေကြီး၊ အများ တကာခရီးကို ချောမွေ့အဆင်ပြေအောင် ကူညီတတ်သူမို့ သူရှေ့ဆက်
လျှောက်မယ့် ဘဝသံသရာခရီးမှာလည်း ချောမွေ့အဆင်ပြေနိုင်လိမ့်မယ်၊ ဘဝလွတ်မြောက်ရေးအဆုံး နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကိုရောက်ဖို့မှာလည်းပဲ လွယ်ကူချောမွေ့သူ ဖြစ်လိမ့်မယ်ဆိုတာကိုလည်း မုချယုံကြည်မိပါတယ်။
       သူနဲ့ခင်မင် ရင်းနှီးခဲ့တာ ကြာခဲ့ပေမယ့် သူမြန်မာပြည်မှာ လုပ်နေတဲ့လုပ်ငန်း ရပ်များနဲ့တော့ သိပ်ပြီးမရင်းနှီးခဲ့ပါဘူး။ ဗောဓိတစ်ထောင် ဆရာတော်ကြီး ခြေရင်းမှာ သီတင်းသုံးနေထိုင်ပြီး ဆရာတော်ကြီးရဲ့ အမေရိကန် သာသနာပြု ခရီးစဉ်များမှာ ပစ္ဆာသမဏတစ်ပါး အဖြစ်လိုအပ်သမျှ ကူညီခဲ့တာ။ ဗောဓိတစ်ထောင် ဆရာတော်ကြီးရဲ့ ဆန္ဒအရ ဆရာတော်ကြီးရဲ့ ချက်မြှုပ်ဒေသ မြရိပ် ကျေးရွာမှာ သီတင်းသုံးနေထိုင်ပြီး ဆရာတော်ကြီးရဲ့ သာသနာပြု လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီခဲ့တာလောက်ကိုသာ သိထားခဲ့ပါတယ်။ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက်မှာတော့ ပြင်ဦးလွင်မြို့နယ်မှာ သီတင်းသုံး နေထိုင်ပြီး သာသနာပြုလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာလောက်ကိုပဲ အကြမ်းဖျင်း သိထားပါတယ်။ နောက်ပိုင်းမှ သူဦးဆောင်တည် ထားကိုးကွယ်ခဲ့တဲ့ ပွေးတောင်စေတီတော်အကြောင်း ဖတ်ခွင့်ရလိုက်တာ။ အော်ကိုယ့် ပြည်ကိုယ့်ရွာမှာ ကိုယ့်သာသနာအတွက် အခက်အခဲအမျိုးမျိုးကြားက ကြိုးစားနေသူ တစ်ဦးပါလားလို့  ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ သာဓုအနုမောဒနာ ခေါ်စရာများကို သိလိုက်ရတာ။ ဒါပေမယ့် ခေါ်ခဲ့တဲ့သာဓုသံကို သူကြား မသွားနိုင်ခဲ့ရှာတော့ပါဘူး။                                           
         မိတ်ဆွေကြီးဖြစ်တဲ့ အရှင်သောဘိတအကြောင်းကို ပြန်ပြောင်း အောင့်မေ့မိလေတိုင်း အမြဲတမ်းအမှတ်ရနေစေမယ့် အကြောင်းကတော့ အသက် (၁ဝဝ) နီးပါးအရွယ် သူ့မွေးမိခင် မယ်တော်ကြီး ဒေါ်နှင်းအေး အပေါ်မှာထားတဲ့ သူ့သဘောထားပါ။ တခါခါပြန်ရောက်လာလို့ သူနဲ့တွေ့တိုင်း ဆရာတော် ဘယ်တုန်းကပြန်ရောက်လဲ၊ ဒီမှာဘယ်လောက်ကြာဦးမလဲလို့ မေးလေတိုင်း ဒီတစ်ခေါက် နဲနဲကြာမယ်၊ မယ်တော်ကြီး ကျန်းမာရေး သိပ်မကောင်းဘူး။ မယ်တော်ကြီး ရှိနေတုံးတော့ သူ့အနားကိုလည်း နေပေးဦးမှတော်မယ်လို့ ပြောတတ်တယ်။
         တကယ်တော့ သူအမှန်တကယ် ပျော်တာက မြန်မာပြည်မှာပါ။ သို့ပေမယ့် မိခင်ကြီးကိုငဲ့ပြီး မကြာမကြာ ဒီကိုပြန်လာတတ်တဲ့ မိတ်ဆွေကြီး။ သူ့ကိုမေးလိုက်တိုင်း သူ့အရေးထက် မိခင်ကြီးကိုသာ ဦးစားပေးစကားဆိုတတ်တဲ့ မိတ်ဆွေကြီး။ သူ့မိခင်ကြီးနဲ့စပ်တဲ့စကားကို ပြောလေတိုင်း မယ်တော်ကြီးရော နေကောင်းတယ် မဟုတ်လားလို့ ကိုယ်ကလည်း ပြန်မေးလေ့ရှိခဲ့တဲ့ မိတ်ဆွေကြီး။ နောင်မှာမယ်တော်ကြီးရော နေကောင်းတယ် မဟုတ်လားလို့ ဘယ်လို မေးခွင့်ရနိုင်ပါတော့မလဲ။ မယ်တော်ကြီး ဒေါ်နှင်းအေးရဲ့ ကျန်းမာ ရေးကို သူ့ကိုယ်စား ဘယ်သူ့ကိုများ မေးစမ်းလို့ ရနိုင်ပါတော့မလဲ။
          ဆုံတွေ့တဲ့အခါတိုင်း မယ်တော်ကြီး အသက်ထင်ရှားရှိနေတုံးတော့ မယ်တော်ကြီးကို လာလာကြည့် နေရဦးမှာလို့ပြောတတ်တဲ့ မိတ်ဆွေကြီး။ ဘုရားသားတော်တစ်ပါးပေမယ့် သံယောဉ် မကင်းသေးတဲ့ ရဟန်းတစ်ပါးဆို တော့လည်း ဘုရားနဲ့တစ်ဂိုဏ်းတည်းထားရတဲ့ အမေ့ရဲ့ ကျေးဇူးတရားကို သူ့ခမျာ ဘယ်လိုလုပ် ဥပေက္ခာပြုနိုင်အားပါ့မလဲ။ မိတ်ဆွေကြီးရေ။ ရဟန်း တစ်ပါးဖြစ်တဲ့ တပည့်တော်တို့ အနေနဲ့လည်း မိတ်ဆွေကြီးရဲ့ စိတ်ထားကို နက်နက်ရှိုင်းရှိုင်း ခံစားနားလည်နိုင်ပါတယ်။ မြတ်မိခင်အပေါ်ထားတဲ့ အရှင်ဘုရားရဲ့ ဒီသဘောထားအတွက်လည်း လှိုက်လှိုက်လှဲလှဲ သာဓုခေါ် ပါတယ်။ ရောက်ရာဘဝက ကြည်နူးတဲ့နားနဲ့ ပြုံးရွှင်စွာ နားထောင်ပေးပါ။                        
        ဒါပေမယ့် ခုလိုသူ့သားတော်ဆုံးပါသွားတာ မယ်တော်ကြီးရော သိပြီးပလားလို့ သူ့အမကိုမေးကြည့်တော့ အမေ့ကို ရုတ်တရက်မို့ မပြောကြသေးဘူး ဘုရား-တဲ့။ အသက်ရာပြည့်နီးပါးရှိနေတဲ့ မိတ်ဆွေကြီးရဲ့ မိခင်ကြီးများ သိသွားရင်ဖြင့် သူ့အသက်ရဲ့ တစ်ဝက်ခန့်သာသာ မျှသာရှိနေသေးတဲ့ သားရဟန်းရဲ့ ခုဖြစ်အင်ကို  ဘယ်လိုများခံစားရရှာလေမလဲ။ ဖြေဆည်နိုင်အားမှ ရှိပါ့မလား။ စာနာကာ တွေးတောလို့ သနား မိပါတယ်။ အမေမဟုတ်လို့ အမေ့နေရာက တိတိပပ ဝင်ရောက်မခံစားနိုင်ပေမယ့် အမေ့နှလုံးသားမှာတော့ ကြေကွဲမတတ် ဖြစ်ရပေလိမ့်မယ်လို့တော့ ခန့်မှန်းနားလည်မိပါတယ်။
          မိတ်ဆွေကြီးရေ။ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ-ဆိုတဲ့ စကားလေး လိုပါပဲ။ သေခြင်းတရားဆိုတာက မြဲတဲ့ သဘောတရား၊ အသက်ရှင်ခြင်း ဆိုတာက မမြဲတဲ့သဘောတရား။ မြဲတဲ့သဘောတရားကို ဘယ်သူ တစ်ဦး တစ်ယောက်မှ လွှဲသွားလို့မရလေတော့ ဆရာတော်သွားတဲ့လမ်းကို တပည့် တော်တို့အားလုံးလည်း တစ်နေ့နေ့တစ်ချိန်မှာတော့ မလွဲမသွေ လှန်းလို့ လိုက်ကြရမည့် သူတွေချည်းသာပါပဲ။
          ဒါကြောင့် သေခြင်းတရားရဲ့ မလွဲတဲ့ သဘောတရားကို အမြဲနှလုံးသွင်းပြီး ကွဲပြီးရင်း ကွဲနေကြ ခွဲပြီးရင်း ခွဲနေကြရတဲ့ ဘဝသဘောကို ဓမ္မနှောလို့ သတိ သံယူကြရပါတယ်။ ယူကြရမှာပါ။ ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ- ရဟန်းတို့ သင်္ခါရသဘော တရားတွေဆိုတာ ပျက်စီးတတ်တဲ့ သဘောရှိတယ်။ မမေ့မလျော့ကြစေနဲ့ ဆို တဲ့ မြတ်ဗုဒ္ဓ မိန့်ကြားခဲ့တဲ့စကားကို အမြဲနှလုံးမှာထားလို့ မမေ့မလျော့ သတိ တရားနဲ့ အစဉ်အမြဲသာ နေထိုင်သွားကြရမှာပါဘုရား။
      မိတ်ဆွေဆရာတော် အရှင်သောဘိတတစ်ပါး ကောင်းရာသုဂတိ လားပါစေ သားရယ်လို့လဲ သီတင်းသုံးဖော် မိတ်ဆွေများ တပည့်ဒကာဒကာမ များ ကိုယ်စား ဆုတောင်းပေးပါတယ်ဘုရား။                                                                

 
မှတ်ချက်။ ။ ၂ဝ၁ဝ ခု ဇွန်လ ၆ ရက်၊ တနင်္ဂနွေညနေမှာ ကျင်းပခဲ့တဲ့ အရှင် သောဘိတရဲ့ ဈာပနအခမ်းအနားမှာ မိတ်ဆွေသံဃာတော်များကိုယ်စား ပြောကြား ခဲ့တဲ့ စကားအချို့ကို ပြန်လည်မှတ်တမ်းတင်ထားတာပါ။  ဒီစာကို ဖတ်ဖြစ်သူတွေ အနေနဲ့ သေခြင်းနဲ့စပ် အမြတ်သံဝေ ယူနိုင်ကြပါစေလို့လဲ ထပ်လောင်းလို့ ဆု တောင်းဆန္ဒ ပြုပါတယ်။ ။
အရှင်ဉာဏိက

မာတိကာ


statistics

web tracker