ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, June 27, 2010

အရှင်နှစ်ပါးနှင့် ယိုးဒယား ဖရင်းချား

from ရွှေအမြုတေ May 2010


အရှင်နှစ်ပါးနှင့် ယိုးဒယား ဖရင်းချား
မောင်သန်းဆွေ (ထားဝယ်)

မဟာဂီတတွင် ယိုးဒယား သီချင်း ဟူ၍ ရှိသည်။ ယိုးဒယား လူမျိုးတို့ သီဆို တီးမှုတ်သည် တို့ကို မှီး၍ မြန်မာ့ သံစဉ်ဖြင့် မြန်မာမှု ပြုထားသော သီချင်း ဖြစ်၏။ ယိုးဒယား သီချင်း ပေါ်ပေါက်လာ သည်မှာ ကုန်းဘောင်ဆက် ဆင်ဖြူရှင် မင်းတရား လက်ထက် ယိုးဒယားကို တိုက်ခိုက် အောင်မြင်ရာတွင် ယိုးဒယား လူမျိုး အချို့ကို သုံ့ပန်း အဖြစ် အ၀ (အင်းဝ)သို့ ခေါ်ဆောင် ယူလာရာ၌ အချို့မှာ နန်းတွင်း၌ ခစား ရ၏။ ထိုသူတို့သည် လသာသော ညဥ့်အချိန်များ၌ မိမိတို့ ဘာသာဖြင့်
သီချင်းဖွဲ့နွဲ့ သီဆိုနေခိုက်၊ မင်းတရားကြီး ကြွချီတော် မူလာရာ ကြုံကြိုက်၍၊ အသံများကို ကြားသိတော် မူသည်။ မင်းတရားကြီးက မြန်မာ ဘာသာဖြင့် ဤအသွား၊ ဤတီးကွက်၊ ဤအနက် အဓိပ္ပာယ် အတိုင်း စာဆိုတော် များက သီကုံး ရေးသား ရမည်ဟု အမိန့် ရှိတော်မူရာမှ သီကုံး ရေးသား ကြရ၍ ပေါ်ပေါက် လာသော သီချင်းများ ဖြစ်သည်။

ယိုးဒယား သီချင်းဟု မဟာဂီတ နယ်ပယ်တွင် နေရာ ရရှိနေခြင်း အတွက် ယခုခေတ် အနောက်တိုင်း ဂီတ သံစဉ်ကို ကော်ပီကူး သူများက- “ရှေးခေတ် လူကြီးတွေတောင် ယိုးဒယားက သီချင်းတွေကို ပုံတူ ကူးချ သေးတာပဲ”ဟု ပုတ်ခတ် လက်ညှိုး ထိုးပြကြသည်။ သတိပြုရန်မှာ-ယိုးဒယား သီချင်းဟု ဆိုသော်လည်း ယိုးဒယားသံ စစ်စစ်ကို မြန်မာ စကားလုံး မပီမသ ထည့်သွင်း၍ အသံကို မိတ္တူ ကူးထားသော သီချင်းများ မဟုတ်ပေ။ ယိုးဒယား လူမျိုးတို့၏ အသံနေ အသံထားကို မှီးကာ မြန်မာသံ စစ်စစ်တွင်၊ အသံဝဲ ကလေးများ ထည့်၍၊ သီဆိုရခြင်း ဖြစ်၍၊ မြန်မာမှုများ ပျောက်၍ မသွားပေ။ သီချင်း စာသားများသည် ပညာ သဘော ပါဝင်ပေသည်။ အသံနေ အသံထား ပြေပြစ် ချောမွေ့၍၊ မြန်မာ့ အစဉ်အလာ ကကြိုးကွက်များနှင့် က၍ ရအောင် စပ်ဆို ထားခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ ယိုးဒယား သီချင်းများသည် မြန်မာ့စာပေ အရသာ အားဖြင့် လေးနက် တည်ငြိမ် ခိုင်မြဲသည်။ မြန်မာ့ရှေးရိုး အကများနှင့်လည်း အံဝင်ခွင်ကျ ဖြစ်သည်။

သို့ကြောင့်လည်း နှစ်ပေါင်း များစွာပင် မြန်မာ့ မဟာဂီတ၏ ထိပ်ဆုံး နေရာမှ မကျဆင်းဘဲ အလေးထား အရေးပေး ခံနေရခြင်း ဖြစ်သည်။ စာပေ အနှစ်သာရ အားဖြင့် ပေါ့ပြက်သော သီချင်း ဂီတများ ဖြစ်ပါမူ ကြာရှည် တည်တံ့နိုင်မည် မဟုတ်ပေ။ ပြင်စည် မင်းသားကြီးတို့ မြန်မာမှု ပြုထားသော သီချင်းကို ယခုခေတ် ယိုးဒယားများအား နားဆင်စေသော အခါ ယိုးဒယား သီချင်းမှန်းပင် မသိဟု ကြားရဖူး ပါသည်။

ယိုးဒယား သီချင်း အကြောင်း ဖော်ပြရလျှင် ပြင်စည် မင်းသားကြီးကို ချန်လှပ်ထား၍ မဖြစ်ချေ။ ပြင်စည် မင်းသားကြီး ဆိုရာ၌ ဒုတိယ ပြင်စည် မင်းသား ဖြစ်သော ဆင်ဖြူရှင် မင်းတရားကြီး ၏ သားတော် မောင်နဂါးကို ဆိုလို ပါသည်။ ပြင်စည် မင်းသားကြီး ရေးသားခဲ့သည့် ယိုးဒယား သီချင်းများကို မြန်မာဂီတ တူရိယာ ပညာရှင်တို့က အဓိကထား၍ သီဆို တီးမှုတ်ကြသည်။ ပထမပိုင်း အနေဖြင့် ယိုးဒယား သီချင်း ၈ ပုဒ်ကို ယိုးဒယား ၈ ခန်းဟု ခေါ်သည်။ ထိုသီချင်း ၈ ပုဒ်မှာ ရွေတညာ (ဖရံတင်) ယိုးဒယား၊ နှင်းယွန်းခါ ဟေမန် (ခက်မွန်) ယိုးဒယား၊ တောတောင်ဆွယ် (ခမိန်) ယိုးဒယား၊ တောမြိုင်ခြေလမ်း (ထနောက်) ယိုးဒယား၊ ပန်းမြိုင်လယ် (ဖရင်းချား) ယိုးဒယား၊ ခိုင်ပန်းစုံ (ထပ်တွန့်) ယိုးဒယား၊ မျှော်ရုံဟေ၀န် (ချွတ်ချံ) ယိုးဒယား၊ မှိုင်းမှုံပြာညို (ငုစစ်) ယိုးဒယားတို့ ဖြစ်သည်။ ယိုးဒယား ၁၂ ခန်းဟု ခေါ်ကြ သည်တွင် အထက်ပါ ၈ ပုဒ်အပြင် လွမ်းပိုအောင် (ချူးခြား) ယိုးဒယား၊ ဆန်းနွေဦး (ကပီ) ယိုးဒယား၊ စိန်ချယ်ညီးလင်း (အလေ့မေ့) ယိုးဒယား၊ ဝေဇယန္တာ (မဟိရ်သီ) ယိုးဒယား ၄ ပုဒ်တို့နှင့် ပေါင်းထားခြင်း ဖြစ်သည်။

ဤမျှဆိုလျှင် ယိုးဒယား ဖရင်းချား သီချင်းဟုခေါ်သည့် အဓိပ္ပာယ်ကို သဘောပေါက် လောက်ပြီဟု ထင်ပါသည်။
မဟာဂီတမှ ယိုးဒယား သီချင်းများ အနက် ပန်းမြိုင်လယ် သီချင်းကို ယိုးဒယား ဖရင်းချားကြီးဟု ဆိုသည်။ ပန်းမြိုင်လယ် အလိုက်ဖြစ်သော ယိုးဒယား သီချင်း ၂ ပုဒ်ကိုလည်း တွေ့ရသည်။ ရေးသားသူမှာ မောင်ဘိုးရွှေ ဟုဆိုသည်။ ထို ယိုးဒယား ဖရင်းချား ၂ ပုဒ်မှာ “ပန်းမှုန်ကြွယ်” နှင့် “သန်းရွေညာ” တို့ ဖြစ်ပါသည်။ ပန်းမြိုင်လယ် တမျှ စာသားညက်ပြီး ချိုမြိန်သော ကာရန် တို့နှင့် သီကုံး ထားသည်ကို တွေ့ရ၏။ သန်းရွေညာ ယိုးဒယားမှာ ၂ပါးသွား သစ္စာ ထားမြိုင်ထ သဘောသက် ရောက်ပြီး၊ သိင်္ဂါရ -ရသ အပြည့်ဆောင် ပါသည်။ ထို့ကြောင့် သန်းရွေညာကို မဟာဂီတ သမားတို့က ပို၍ အသုံးပြုကြ၏။

ပန်းမှုန်ကြွယ် ယိုးဒယားကား ဝေဿန္တရာ ဇာတ်ထွက် သီချင်းဖြစ်၍ ရသပေါင်းစုံ ပါဝင်သည်။ ၀င်္ကပါတောင်၏ သာယာပုံနှင့် ပါရမီဖြည့်ဖက် မဒ္ဒီ မိဖုရားနှင့် သားသမီး တို့၏ ဘ၀၊ တံချူ ကိုင်၍ သစ်သီး ရှာထွက်ရသော မိခင်၏ တာဝန်၊ မန္ဒီဒေ၀ီ အိမ်မက် မကောင်းပုံ၊ စူဇကာ ပုဏ္ဏား အလှူခံလာပုံနှင့် ကလေး တို့ကို ရိုက်နှက်ဟန်၊ ဝေဿန္တရာ မင်းကြီး အမျက် ဒေါသကို ချုပ်တည်း သည်းခံရပုံ၊ ရေစက်သွန်းချ လှူလိုက်ပြီးနောက် မန္ဒီဒေ၀ီ ပြန်ရာ လမ်း၌ကျား၊ ခြင်္သေ့တို့ က ပိတ်ဆီးပုံ၊ သားသမီးကို မတွေ့ရ၍ ဗျာပါမီးတောက်ရပုံ၊ မြေမှာပစ်လဲ၍ အသည်း တုန်ရပုံ များကို ဖွဲ့နွဲ့ထားသော သီချင်း ဖြစ်ပါသည်။ ထို့ကြောင့် ပန်းမှုန် ကြွယ်ယိုးဒယား ဖရင်းချားကြီးကို ဝေဿန္တရာ ဖရင်းချားဟုလည်း ခေါ်ကြသည်။

ပန်းမှုန်ကြွယ် ယိုးဒယား ဖရင်းချားကြီးကို စာရေးသူ ကြားရဖူး လှပြီ။ သို့သော် တစ်ခါက စာရေးသူ၏ အဒေါ် အိမ်တွင် ပုသိမ် ဒေါ်တင်တင်က ပန်းမှုန်ကြွယ်ကို ဆိုရိုးစဉ် မဟုတ်ဘဲ၊ ကြား အပိုဒ်၌ အဖွင့် စကားထည့်ကာ ဆိုင်းကို ဆင့်သော စကားများ၊ ကြားညှပ် လေပြေများနှင့်၊ မွမ်းမံ သီဆိုပြခဲ့၍ မူလသီချင်း ထက် ကြည်နူးဖွယ် ဖြစ်ခဲ့ရပါသည်။ ထိုစာသားများမှာ မဟာဂီတ သီချင်းကြီး စာအုပ်များ၌ မတွေ့ရပါ။ ထိုစဉ်က “အကိုင်း” တိတ်ရီကော်ဒါကြီးနှင့် အသံ ဖမ်းထား လိုက်မိ၍သာ ယခုကဲ့သို့ ရေး နိုင်ခြင်းဖြစ်ပါသည်။

ပုသိမ် ဒေါ်တင်တင် ဆိုသူမှာ ဆင်းဒ၀ပ်လမ်း (ယခု ဗိုလ်ရာညွန့်လမ်း)နှင့် လန်ကစ္စတာလမ်း (ယခုန၀ဒေးလမ်း) အနောက်ဘက်ထောင့်တွင် နေခဲ့ဖူးသော မဟာဂီတ အနုပညာရှင် စာရေး ဆရာမကြီး တစ်ဦးဖြစ်သည်။ ထိုစဉ်က အိမ်နံပါတ် ၃၂၊ ယောက်လမ်း (ယခု ယောမင်းကြီးလမ်း)၌ နေသော စာရေးသူ၏ အဒေါ် ဒေါ်ဒေါ်လှိုင် အိမ်တွင် မကြာခဏ လာ၍ သီချင်းကြီး၊ သီချင်းခံ များကို ဆိုပြလေ့ ရှိပါသည်။ အထက်၌ ဖော်ပြခဲ့သည့် အတိုင်း တစ်နေ့ ထိုသို့ လာဆိုပြစဉ် က ဒေါ်တင်တင်သည် သူ၏ လက်စွဲ ဘာဂျာဖြင့် ပန်းမှုန်ကြွယ် ယိုးဒယား ဖရင်းချားကြီးကို အဖွင့်စကားများ၊ ဆိုင်းဆင့် စကား၊ ကြားညှပ်လေပြေများ နှင့်၊ တစ်ပိုဒ်ပြီး တစ်ပိုဒ် သီဆိုပြခဲ့သည်။

“မှတ်ကြစရာ၊ နာရီမလင့်ရပါဘု၊ ဘဒ္ဒကမ္ဘာမှာ စာရီနှင့်ကျင့်သူ၊ လောင်း ဝေဿန်ပါပဲ၊ ကျောင်းနေ ကမ်းပါးယံ က၊ ချစ်သမီး သားကဏှာဇာလီတို့၊ သစ်သီးအရှာမှာ ကြုံကြိုက်လေတော့၊ ပုဏ္ဏားမိုက် စူဇကာနှင့် တွေ့ကြပုံကို၊ ရှေ့ဘ၀ အထုံသာကီ ဓလေ့မို့၊ ပါရမီ ဖြည့်လောင်း၊ ဤဇာတ်ကြောင်းကို၊ ရုံးပေါင်း၍ အကျိုးများရန် အတွက်၊ ယိုးဒယား ပန်းမှုန်ကြွယ်ကို ဖွဲ့စမ်းပါ ၀ိုင်းဆရာ” ဟုအဖွင့်နှင့် စလိုက်ပြီး ပန်းမှုန်ကြွယ် ယိုးဒယား ဖရင်းချားကြီး အစတစ်ပိုဒ်ကို ဆိုပါသည်။

“ပန်းမှုန်ကြွယ်___စုံလယ်ယံ၊ ရွှေ လျှံမောင်း၊ လေပြန်လောင်း၊ ညှာပြောင်း ခွေညွတ်ကာ၊ ဇီဇ၀ါမာလာ ရွှေအင်ကြင်း၊ ငုံခိုင်ကင်းလို ထုံသင်းယဉ်စွာ၊ ၀င်္ကပါသေလာ၊ လောင်းမင်းဝေဿန္တ ရာ၊ မဒ္ဒီတောင်ညာ၊ သားမောင်ဇာ၊ ကဏှာနုနယ် ငယ်ရွယ်သေး၊ နောင်ရေး ရှာညီ၊ ပါရမီဖြည့်ကာ၊ တောင်တော်နန်း ကို မြန်းထွက်လာ” ဟု သီဆိုအပြီးတွင် ခဏရပ်ကာ ဆိုင်းဆင့်ကို စပါသည်။ ၀ိသကြုံ နတ်သားသည် ကျောင်းသင်္ခမ်း ကို ဖန်ဆင်းလိုက်ပြီး ဝေဿန္တရာမင်း ကြီးအား စောင့်မျှော်နေလေဟန်ဖြင့် ဤသို့ ဆိုင်းဆင့်လိုက်သည်-

“စေတုတ္တရာက အလောင်းမင်းသားသည်၊ အကြောင်းရင်း တရားနှင့် ၀င်္ကပါသို့ လှမ်းခဲ့ပါပြီ၊ အရည်ဝါစခန်းက အရှိ တစ်ခါပြပြီး၊ ၀ိဟာရတူ စွာဖန်၍၊ ငူဝနာကမ်းပါးယံ ခင်တန်း အရိပ်က၊ သင်္ကန်းချိတ်ကာ မပြတ်တက တဲရှင်းပြီး၊ တံမြက် လှည်းရင်း အကြောင်း အခြေခံ၍၊ လောင်းဝေသန် သမ္ဘာရှိသူကို၊ ကျုပ် မာတလိ စောင့်မယ်”ဟု ဆိုင်းဆင့်လိုက်သည်။ ပြီးမှ ပန်းမှုန်ကြွယ် ဒုတိယ ပိုဒ်ကို ဆက်၍ ဆိုသည်။

“သီးလေ ရသာ ချိုချဉ်စွာ၊ မှီး လေးရှာကြ ထိုတွင်သာ၊ ပျော်___ လောင်းမင်းစံရာ၊ ကျောင်းလေးဖန်ဂူဟာ ဘာဝနာရွတ်စီးဖြန်း၊ မှန်းရည်ရွယ် ဆောင်၊ ငွေသောင်ရွှေအဏ္ဏ၀ါ”ဟု သီဆို ပါသည်။ ဆက်ရွတ်သောစာပိုဒ်မှာ မဒ္ဒီ ဒေ၀ီက သားသမီးတို့ကို မှာကြားရင်း သစ်သီးရှာ အထွက်မှာ ခြင်းတောင်း တံချူကိုင်ပြီး ထွက်လာသော အခန်း ဖြစ်ပါသည်။

“ပတ္တမြားတစ်သီး၊ သားသမီးတို့၊ ပွားမီးတွေလျှံ၊ နားပန်သောတ၊ နှစ်ဖြာ စကား၊ သကာပျားကဲ့သို့၊ မှတ်သားကြလော့၊ မယ်လျမိခင်၊ မရှိခင်၊ မြိုင်တော ကိုဝင်၍၊ လက်တွင်ကိုင်ယူ၊ ခြင်းတံချူ နှင့်၊ နှင်းမြူမစဲ၊ ရှာစမြဲမို့၊ ခွဲခွာငယ်ထား၊ အာဟာရေများ၊ အဆာပြေ စားရအောင်၊ ငါအမေ သွားတော့မည်၊ တစ်ဖြာထိုမှ၊ ကြငှန်းတစ်ဆူ၊ ကမ္မဋ္ဌာန်းယူတဲ့၊ ရွှေဂူဝ မှာ၊ သောတဆူလျှံ၊ စကားသံ၊ နားညံ မစဲ၊ ပြုချက်ကဲလျှင်၊ စိတ်ထဲဝီထိ၊ တုန် လှုပ်ရှိက၊ သတိကမ္မဋ္ဌာန်း၊ သမထလမ်း၊ ညှိုးနွမ်းဖောက်ပြား၊ ၀ိတက်များက၊ သားနှင့်သမီး၊ တိတ္ထိကြီးလို၊ အပါယ်ရွာ ကျတတ်သတဲ့။ ချိုဆိမ့်သီးဝလံ၊ တစ်ဆူ မင်းဆက်ရအောင်၊ တံချူခြင်းကိုင်ပြီး၊ စုံတောမြိုင်သို့ ၀င်တော့မယ်၊ မယ့်ရင် သွေးတို့” ဟူ၍ ဆိုင်းဆင့် နှုတ်ခွန်း ဆက်လိုက်ပါသည်။ ပြီးနောက် ပန်းမှုန်ကြွယ် ယိုးဒယား တတိယအပိုဒ် စာသား များကို ဆက်ဆိုသည်။

“မေမှာ ရွှေညာဆောင်ယူ၊ ခင် တန်းမြောင်ငူ၊ ခြင်းတောင်းကိုင် တံချူ၊ ရဂုံဖွေရှာခြွေကာသုံးလေရန်ဖို့၊ ဘုန်း လေမယ်ကတာ၊ သာမောလေဖွယ်စွာ၊ တောလေးဟေ၀န်ချာ၊ မျက်နှာလွန် ကြည်ညှိုး၊ ပန်းဟိုက်ခွေခွေ၊ ရည၀ါ ၀င်္ကပါတောင်ခြေ___”ကို သီဆိုပြီး တောတိရစ္ဆာန်များကို မဒ္ဒီဒေ၀ီ မေတ္တာ ပို့သော စာသားများကို ရွတ်ပါသည်။

“သြော်___ဂူတွင်းအတွက်၊ တံချူ ခြင်းရွက်လို့မို့၊ တစ်ဆူ မင်းအသက်၊ ဝေသန်မဟာနှင့်၊ ခါတစ်ကြိမ်မနား၊ ကဏှာဇိန်တို့ စားရအောင်၊ စိတ်အားနှင့် ကြံပြီး၊ အမြန်ဆက်ဆက်၊ ဗန္ဓုရောင် ၀ိဒေအစက၊ နေကြွလို့ တက်ပါပကောလား၊ တောနက်တဲ့ဝင်္ကပါ၊ အကွေ့တစ်သိန်း၊ အကောက်တစ်ထောင်၊ မကြောက် ပေါင်လာခဲ့တယ်။

သြော်___သည်မြိုင်ချောင်မှာ၊ ဂျီ စိုင်ပြောင် အားအင်ပြည့်သူတို့ပါ၊ ကျား ခြင်္သေ့ ချုံကွယ်မလပ်ဘဲ၊ ယုန်ဒရယ် ဆတ်အစဉ် နေသည့်ပြင်၊ ၀ံပုလွေ ဟတ္တိ ဂဇာတို့ရေ၊ မှတ်မိကြပါ၊ လှစ်ဝစနာကြို့ ပြီး မေတ္တာ ပို့လိုက်ပါတယ်၊ တောသတ္တ ၀ါသားအပေါင်းတို့___” အထက်ပါ စကားရပ်မှာ လွန်စွာသိမ်မွေ့လှပါသည်။ တကယ့် တောတောင်ထဲ၌ သွားလာ ကျက်စား နေကြသော သားရဲအပေါင်းတို့ အပေါ်၌ အေးမြသော မေတ္တာရေဖြင့် ဖျန်းဆွတ် လိုက်သကဲ့သို့ ရှိသည်။ လန်းဆန်းသော အတုံ့အပြန်ကို ရမည်ဖြစ်ပါသည်။ ထိုနောက်မှ စတုတ္ထအပိုင်းကို ဆက်ဆိုပြသည်။

“နန်းလေဇာတိ ယဉ်မူဆွေ၊ မြန်း လေးရှာဘိ ခင်ငူဘွေ၊ စက်ကာမှေး တယ်၊ ခက်ရှာသေးဖွယ်၊ မက်လာရေး ငယ်၊ တွေးမှိုင်လေ၊ သားမောင်ဇာ၊ ကဏှာမယ်တို့ဝယ်၊ အိုဘယ့်နှယ်ကြုံ တယ်ဖြာဆူဝေ၊ ညာမေထင်ယောင်လို၊ ရွှေကိုယ်ပူရ၊ စုံခြေမှာ၊ ရွှေစိတ်တော် စောမိဖန်ခါခါ___” (ဘုံရွှေနန်းအလိုက်) ကိုဆက်၍-
“ဝေဿန်လောင်း မင်းစံရာ၊ ဇူစ ကာယုတ်မာ၊ ပုဏ္ဏားခုရောက်လာ၊ မောင်ဇာသည်းချာ၊ ကဏှာ၊ ရွှေရင်သွေး ကို၊ မနှေးလှူလိုက်ရှာ။ ဆီး___ဆီး လို့သာရှေ့မှာ၊ သီဟာပြောင်သစ်ကျား၊ မဒ္ဒီမြတ်ကိုနတ်တို့တား၊ မယ်မောင်ခေါ် ဆောင်ပါရငြား၊ မယ်ဘွားမြင်လာလေ၊ တကာခိုရောင်သား၊ ချည်နှောင်ငယ် လေသည်တောင်ကြား၊ လွတ်ရာပယ် ရှောင်ရှား၊ ထွားနုငယ်စွာ၊ လွတ်ရေး ထွက်ပြေးရှာ။

“မြနှယ်ရေလျှံကန်မှာ၊ ပြန်ကာခြေ ရာ သူလှည့်ဖြား၊ ဝေဿန်ဘဘွား၊ ခေါ်သံပြုငြား သူ့အနား၊ ခုကြားပေသော်၊ နှစ်ဖော်သက်နှင်း၊ ထံတော်မယွင်း၊ ချက်ချင်းရောက်လာ၊ ထောက် မညှာ၊ ကောက်ကာ သူကြိမ်းဝါး၊ ပုဏ္ဏားမိုက်စွာ ရိုက်ရှာလေရက်ငြား” ဤအပိုဒ်ကား ကြေကွဲဖွယ်ဖြစ်သည်။ ပုဏ္ဏားကို လှူလိုက်၍ သားသမီးတို့ကို မိမိမျက်မှောက်၌ပင် ရိုက်နှက်ပုံ၊ သား သမီးတို့က ထွက်ပြေးပြီး ပုန်းအောင်း နေခိုက်၊ ခမည်းတော်၏ ခေါ်သံကြား၍ ချက်ချင်းပြန်လာကြပုံတို့ကို ဖွဲ့နွဲ့သော အပိုဒ် ဖြစ်ပါသည်။

“နာကျင်စွာ၊ စာစာကြွေးငို၊ ဘုန်းမို ကယ်ပါ့ဘုရား၊ သန်လျက်ဓားအသွား လျှံလျှံ၊ စိတ်ဆိုးတန်တန်၊ ပွားပွားမျက် မှန်၊ သည်းခံသိမ်းလို့ ငြိမ်းစွာ၊ ကြည်ဖြူ မြတ်စေနာ၊ ထပ်ကာရေစက်လောင်း၊ တောင်းဆုလျင်လျင်၊ ပြည့်ကြောင်း ပါရမီဆင်___”

“ဆွဲငင်ချည်နှောင်၊ ခေါ်ဆောင်ရာ ဟေ၀န်မြိုင်ကြားတွင်း၊ ပျော်ခင်းစံရာ၊ ရိပ်သာသင်္ခမ်း၊ မျှော်ကာရှူမှန်း၊ ပြန်လမ်း ငယ်မှာ၊ သားမောင်ဇာ၊ ကဏှာကြိုကြ မြဲ၊ ဘ၀င်သည်းပူကာ၊ ဆူဗျာပိုလို့ကဲ”

မယ်မဒ္ဒီအား ခရီးကြန့်ကြာစေရန် လမ်းခရီး၌ သစ်၊ ကျား၊ ဆင်၊ ပြောင် တို့က တားသည့်အခန်းအတွက် ရွတ်ဆို ပြသော စာပိုဒ်မှာ-
“ဘိုးတော်မဃ၊ ၀ါသ၀၏ ၀စနာ့ ပြကာ၊ စနစ်နည်းသမ္ဘာကြောင့်၊ သစ်သီး ရှာသူ ငူကမ်းယံဝနာက၊ အလှူခံလာတာ မမီရအောင်၊ သွားရာအပြင်လမ်း က၊ ကျားပမာ ဆင်သန်းပြီး၊ ယခု မကြာ တားရမယ်တဲ့။ သုဓမ္မာအဖျားက၊ အမှတ်စကားမပျက်ရအောင်၊ ယခု တစ်ခါသွားပြီး နတ်တစ်ပါး ထွက်၍၊ အမြတ်တရားမက်သူ၊ ရည်စိတ်သန်လို့ မို့၊ ပြည်နိဗ္ဗာန် ကမ်းတစ်ဖက်သို့၊ လှမ်း တက်မယ်ရည်သန်ပြီး၊ ကိုင်း-မဒ္ဒီအပြန် စောင့်မယ်” ဟူ၍ဖြစ်ပါသည်။ ၀ိသကြုံ ၏ ဆိုင်းဆင့်ဖြစ်၏။ အချိန်ကုန်၍ ကျောင်းသင်္ခမ်းအနီး ရောက်လာချိန်၌ကား ခါတိုင်းကဲ့သို့ သားသမီးတို့ လာရောက် ကြိုနေကြသည်ကို မတွေ့ရ။ စောစောက မြေကြီး တုန်ခါနေသည်ကိုလည်း တွေ့ လိုက်ရသည့် အတွက်-

“အလို___သေလာမဟီ၊ ဝေဖြာ ညီ၊ နှင်းရည်လွှမ်းခြုံ၊ ဂန္ဓာရုံထုံရနံ့သင်း၊ အညှာကြောကြွေ၊ ၀ါယောထွေ လေ ပြည်ညင်းတုန်း၊ အဆင်းအတက် ကမ်းပါးချောက်မှာ၊ မနားလောက်စရာ၊ တောင်တစ်ဖက်က၊ သွယ်သွယ်ရိုက် ဟည်း၊ တော်ပဲ့တင်တီးပြီး၊ မြေကြီး ၀သုန်၊ လှိုင်းတံပိုးခုန်လို့ပါကလား၊ သြော်-လောင်းဝဿန်သမ္ဘာ အရှည် ပွားသူနှင့်၊ ဇာလီသားသမီး ကဏှာဇိန်တို့၊ သမ္ဘာအရှိန်တန်ခိုး ထိန်လင်းသူတို့ ကြောင့်၊ ၀ဠာအိမ်မိုး အရှိန်ပြင်းသည် နှယ်၊ စိုင်းရိမ်ခြင်း မရှိပါဘိ၊ မယ့် ကိုယ်လေး”

“ကြိုလည်းမကြိုလာ၊ အို___ ဘယ်မှာသက်လျာမောင်မယ်၊ ခေါ် တယ် ခေါ်ယောင်သေး၊ ကြုံတေးမြော် မမြင်၊ လောင်းမြတ်ရှင်၊ လျှောက်တင် ခါခါသိသာ ထင်မရှား၊ ကြိတ်မျိုလို့ ထားနိုင်ဘူး၊ ပွားဆင့်ပူအလျှံ၊ မောင်မယ် ရင်သွေး တူနှစ်ဖြာ၊ မြင်လာမေလေး ခုပင်၊ လဲလို့သေချင်၊ ရွှေဘ၀င်ဆူကြွေ၊ ကြုံနဲဖြစ်ထွေ၊ သုံးရွှေညာကျော့မှူး၊ အို ကြံနိုင်ဘူးသာပ၊ ကျူးရင့်သံကျော် ကျော်၊ မောင်မယ်ရွှေသွေး တူနှစ်ဖော်၊ မြန်မြန် ခုပြေးခဲ့နော်၊ တန်လို့သာမျှော်၊ ခေါ်သော်ဗျာနှောင်၊ ရွှေသဲပြောင်ပြောင်၊ စွဲလောင် ဒုက္ခမီး”

ဤသို့ဆိုပြီးသော အခါ မဒ္ဒီဒေ၀ီ သားပျောက်ရှာခန်းစာကို ဆက်၍ ရွတ်ပြသည်။
“အမယ်မင်း ချစ်ခင်နုစွာ၊ မယ်ကဏှာအား၊ ဇာလီသားတို့ ကစားနေကြ၊ ကုဋီဝတွင်၊မေမမြင်၍၊ ပူပင်သောက အခက်တစ်နည်း၊ ဆယ့်တစ်မီးကြွလျက်၊ အဖေဝေဿန်၊ မေးလိုက်ပြန်တော့၊ မာန်အမျက်ဖြင့်၊ အချိန်လင့်၍၊ အခွင့်မုခံ၊ ရွှေနှုတ်သံက၊ ပြန်လည်း မမြွက်၊ ဒေါသထွက်လို့၊ ငဲ့ကွက်ရှောင်ကြဉ်၊ ရင်သီးတော်နှစ်ထွေ အမိုက်တို့ကြောင့်၊ ခင်မဒ္ဒီခေါ်ကာ မြေတစ်ဝိုက်မှာဖြင့်၊ သေလိုက်ချင်ပါပေါ့မယ့်ကိုယ်လေး” စသည်ဖြင့် မဒ္ဒီဒေ၀ီမှာ မိမိအား နောက်ကျရ ကောင်းလားဟု မင်းကြီးမှ ဆီး၍ အပြစ်တင်ခြင်းကို ခံရသဖြင့်-

“သွယ်မျက်ရည်စီးလို့ဖြာဖြာ၊ ငိုကြွေးစာစာ၊ အိုရေးကြုံရရှာ၊ ပြေပြေ နိုင်သဲက ကြင်နာ၊ အိုရှေးကြမ္မာ၊ သူစွဲပြန်တော့သာ၊ ညာစော၊ နန်းသူပင်ကိုချော၊ လှိုက်ဖိုမော၊ မြောလို့သာ၊ မြေမှာပစ်လှဲ သေငယ်ကြာ၊ ရွှေလိပ်ပြာ ကူးလှူဆဲ၊ လောင်းလျာ ဘုန်းလူသာထူတွဲ၊ ကြုံလေနဲ၊ ဆွေနတ်နွယ်၊ ခွေကာနုံးထိုင်။ ထဦး ကေခိုင်၊ ဘုန်းလှိုင်ညာကေသီ၊ ဇာဂီပါ ရမီကူညီမှန်း၊ ဖြောင့်တန် ရွှေစိတ်တော်ပြေ၊ ထ၀ါသက်ဝေ၊ ဘောင်ရွှေမဂ္ဂင်၊ အောင်နိဗ္ဗူဝင်၊ ရောက်ရင်ဆုံရမြဲ” ဟု ဆိုပြီး အဆုံးသတ်လိုက်ပါသည်။

သီချင်းစာသားများမှာ ကရုဏာ ရသမြောက်သည့် အပြင် မဒ္ဒီဒေ၀ီ၏ ဗျာပါသောကကို အထင်းသား မြင်နိုင်သည်။ “သဲကကြင်နာ” ဆိုရာ၌ နာကျင် ရပုံကို ဖော်ပြခြင်းဖြစ်၏။ မြေမှာပစ် လှဲ၍ ငိုလိုက်သော မဒ္ဒီဒေ၀ီသည်သေလု မြောပါးဖြစ်၍ “သေငယ်ကြာရွှေလိပ်ပြာ ကူးလှူဆဲ” ဟု ဆိုထားခြင်းဖြစ်သည်။
လောင်းဝေဿန်သည် မဒ္ဒီကို ထူ၍ တွဲလိုက်သည်။ ထပါတော့ဟုလည်း စကား ချိုသာစွာ မြွက်လိုက်သည်။ ပါရမီ ဖြည့်လိုက်ပါလော့၊ စိတ်တော် ပြေပါတော့၊ ထပေါ့သက်ဝေ ဟု ဆိုလိုက်ခြင်းကား သနားစဖွယ်ကောင်းသည်။ မဂ္ဂင်ဖောင်စီး၍ နိဗ္ဗာန်ရောက်သည့် အခါ တွေ့ရဆုံရမှာပါဟု အားတက်ဖွယ်စ ကားနှင့် နှစ်သိမ့်လိုက်သည်။ မဒ္ဒီသည် မင်းဝေဿန် အလိုကို အဘယ်မှာ ဆန့် ကျင်ရက်ပါမည်နည်း။ နောက်ဆုံးဆို ပြသည့် စာကလည်း အဓိပ္ပာယ်ကောင်း လှသည်။

“သီတဂူမြ၊ ကြည်ဖြူလှ၊ ကြွ ကျက်သရေ၊ ဇမ္ဗူဒိပ်လုံး၊ သိမ့်သိမ့် ကြုံးပါတဲ့၊ လှဘုန်းဆွေငယ်၊ လောင်း တော်ဝဿန်၊ သမုထီး၏ဆုကြီးပန်သူ မှာဥာဏ်သမ္ဘာကွန့်၊ သံသရာစွန့်ချင်လို့၊ မတွန့်မတို၊ သားသမီး နှစ်ဖြာတို့ကို နှိုင်းကာချိန်ပြီး၊ တိုင်းကာလိန် အလှူခံ တို့ကို၊ မြူတစ်ဆံသွေမအိုက်ဘဲ၊ ဇမ္ဘူပြန် မြေတစ်ဝိုက်၊ လှူလိုက်လို့ မှန်စွာကွဲသော်လည်း၊ သံသရာဝဲမကြာရပ်ပြီး၊ အနာ ဂတ် သင်္ကေတဘုံမှာ ဆုံရမှာမို့၊ တစ် သာကီရယ်၊ ပါရမီဖြည့်လှည့်ပါဦး” ဟု အဆုံးသတ်စကားနှင့် ပန်းမှုန်ကြွယ် ယိုးဒယား ဖရင်းချားကြီးကို အမွှမ်းတင် ဆိုပြသွားပါသည်။ (ပန်းမှုန်ကြွယ် ယိုးဒယား သီချင်းစာသားများမှာ ပုသိမ်ဒေါ်တင်တင် သီဆိုခဲ့သည့် အတိုင်းဖြစ်ပါသည်။ အခြားမဟာဂီတ စာအုပ်များမှ စာသားများနှင့် ကွဲချင် ကွဲမည်။) ဒေါ်တင်တင်၏ အသံသည် မပျော့ပျောင်းပါ။ သို့သော် အသံအောင် သည်။ ပန်းမှုန်ကြွယ် ယိုးဒယားဖရင်း ချားကြီးကို သီဆိုသည့်အခါ အခြား သီဆိုသူများနှင့် မထူးလှသော်လည်း အဖွင့်စကား ဆိုင်းဆင့်များနှင့် ကြားညှပ် လေပြေတို့ကို ရွတ်ဆိုသည့်အခါတွင် ဠာန်၊ ကရိုဏ်းကျပြီး၊ စပေါင်ပဲ့သဖြင့် အလွန်နားထောင်၍ ကောင်းပါသည်။ ဒေါ်တင်တင် သီဆိုသော အခါ ဒေါ်ဒေါ် လှိုင်က-

“ကောင်းလိုက်တာ မမတင်ရယ်၊ ကျွန်မ ပန်းမှုန်ကြွယ် ကိုနားထောင်ဖူးတာ အကြိမ်ပေါင်းများလှပါပြီ၊ ဒီတစ်ခါ လောက် နားထဲစွဲပြီး အရသာရှိတာမျိုး၊ မခံစားရသေးပါဘူး”ဟု ပြောလိုက်ပါ သည်။ စာရေးသူသည် ပန်းမှုန်ကြွယ် ယိုးဒယား ဖရင်းချားကြီးကို ကြားရဖူး လှပါပြီ။ ဒေါ်တင်တင်ဆိုသည်ကို ကြား ရသည်မှာ “ဖရဏာပီတိ ဂွမ်းဆီထိသို့” ဆိုသည်အတိုင်း စိတ်ထဲတွင်အကျေနပ် ကြီးကျေနပ်မှု ပီတိကိုခံစားလိုက်ရပါ သည်။ နဂိုကတည်းက ရည်ရွယ်ထား သည့်အတိုင်း စာရေးသူ၏ အဒေါ် သည် အိတ်ထဲထည့်ထားသည့် ယောဂီ ရောင်ထဘီနှင့် တဘက်တို့ကို ထုတ်ယူ လာပြီး ပုသိမ်ဒေါ်တင်တင်အား ကန် တော့လိုက်ပါသည်။ စာရေးသူက လည်း ကန်တော့လိုက်၏။

“မမတင်၊ ဒီစာသားတွေကို ဘယ် ကရတာလဲဟင်” ဟု ဒေါ်ဒေါ်လှိုင်က မေးပါသည်။
“ဒီစာသားတွေကို နားခံတော် ဦးခြုံဆီက ရလိုက်တာ။ သီပေါမင်း တရားရဲ့သမီးတော် ၄ ပါး နားထွင်းပွဲ ကို သွားကြတဲ့လူတွေထဲမှာ စာရေးတော် ကြီးဦးမှိုင်းနဲ့ စာရေးတော်ကြီးကတော် ကွပ်ရွာစား အပျိုတော်တို့ ပါသွားတယ်။ သူတို့ဟာ နားထွင်းပွဲပြီးပေမယ့် ပြန် မလာကြဘဲ ရတနာဂီရိမှာ ဆက် ခစားနေရစ်တယ်လို့ ဆိုတယ်။ သူတို့ လင်မယားက အရှင်နှစ်ပါးကို ပန်းမှုန် ကြွယ်၊ ဝေဿန္တရာဖရင်းချားကြီး သီဆိုပြီး ရွှေနားတော်သွင်းတဲ့အခါမှာ နှစ်သက်တော် မူလွန်းတာကြောင့် ခဏခဏ သီဆိုပြရတယ်လို့ မမတင် ကြားရဖူးတယ်” ဟု ဒေါ်တင်တင်က ပြန်၍ဖြေပါသည်။

ပုသိမ်ဒေါ်တင်တင် သီဆိုပြခဲ့သည့် ပန်းမှုန်ကြွယ် ယိုးဒယား ဖရင်းချားကြီးကို တစ်ဆင့်ပြန်ကူးထားသော အခွေမှ တစ်နေ့က ပြန်နားထောင်ရ၍ သတိ တရဖြစ်ပြီး ဤစာကို ရေးဖြစ်ခြင်း ဖြစ်ပါသည်။ သို့သော် စာရေးသူ၏ စိတ် ထဲတွင် သံသယအတွေးများ ၀င်လာ သည်။ ပန်းမှုန်ကြွယ်နှင့် သန်းရွေညာ ယိုးဒယား ဖရင်းချားကြီးတို့ကို မောင်ဘိုးရွှေ ဆိုသူက ရေးသည်ဟု မဟာဂီတ သီချင်းစာအုပ်များအားလုံး က ဖော်ပြကြသည်။ ရေးသည့် ရက်စွဲ ကို မသိရပါ။ မောင်ဘိုးရွှေဆိုသည် မည်သူနည်း။ အရှင်နှစ်ပါးလက်ထက် တော်ကတည်းက ရှိသူပေလား။ ထိုစဉ် ကတည်းကပင် ယိုးဒယားဖရင်းချား ကြီးတို့ကို ရေးစပ်ခဲ့လေသလား။ သို့မဟုတ် ပါတော်မူပြီးနောက်မှ ရေးစပ်လေသလား။ စသည်တို့ဖြစ်၏။ မောင်ဘိုးရွှေဆိုသူ ရေးသည့် ပန်းမှုန် ကြွယ်နှင့် သန်းရွေညာ ယိုးဒယားဖရင်း ချားကြီး နှစ်ပုဒ်သည် အခြားမဟာဂီတ သီချင်း စာအုပ်များတွင် ပါသော်လည်း သဗ္ဗဂီတက္က မပကာသနီကျမ်း တွင်မပါပါ။

စာရေးတော်ကြီး ဦးမှိုင်းနှင့် စာရေးတော်ကြီး ကတော် ကွပ်ရွာစား အပျိုတော် တို့က အရှင်နှစ်ပါးကို သီဆိုပြီး ရွှေနားတော် သွင်းခဲ့သည် ဆိုသဖြင့် စာရေးတော်ကြီးနှင့် စာရေးတော်ကြီး ကတော် တို့သည် မဟာဂီတ ကျွမ်းသူများ ဖြစ်ချင် လည်းဖြစ်မည်။ သို့သော် စာရေးတော်ကြီး ဦးမှိုင်းတို့ လင်မယား မဟာဂီတ သမားများ ဖြစ်သည်ကို မကြားရဖူးပါ။ မဟာဂီတ စာဆိုတော်ကြီးများ အနေဖြင့် အခွန်တော် စာရေးကြီး ဦးဖြေ၊ အခွန်တော် စာရေးကြီး ဦးမောင်ကလေး၊ အခွန်တော် စာရေးကြီး နေမျိုးမင်းထင် ကျော်ခေါင် ဦးလူကလေး စသူတို့ကို သာ ကြားရဖူး ပါသည်။ ရတနာဂီရိ နားထွင်းမင်္ဂလာသို့ လိုက်ပါ ခစားသူ များစာရင်းတွင် စာရေးတော်ကြီး ဦးမှိုင်းနှင့် စာရေးတော်ကြီးကတော် ကွပ်ရွာစား အပျိုတော်တို့ ပါသည်မှာ မှန်ပါသည်။ နားထွင်း မင်္ဂလာပြီး၍ ရတနာဂီရိ၌ ဆက်လက်ခစား ကျန်ရစ်သူများ စာရင်းတွင် စာရေးတော်ကြီး ဦးမှိုင်း၊ စာရေးတော်ကြီးကတော် ကွပ်ရွာစား အပျိုတော်၊ စက်ဝန်၊ ယွန်းစုဝန် မင်းသားနှင့် ၎င်းကတော်၊ ၎င်းတို့၏ သား၊ နန်းမတော် ဘုရား အပျိုတော် ဟောင်း မမခင်တို့ ခစား၍ ကျန်ရစ်ခဲ့ သည် ဆိုသည်မှာလည်း မှန်ပါသည်။ သို့ဖြစ်၍ စာရေးတော်ကြီး လင်မယားက အရှင်နှစ်ပါးကို ဝေဿန္တရာ ဖရင်းချားကြီး အကြိမ်ကြိမ် သီဆို ရွှေနားတော် သွင်းရသည်မှာလည်း ဖြစ်နိုင်သည်။

ရတနာဂီရိတွင် စံရစဉ်က သီပေါမင်း အရှင်မင်းမြတ်သည် ညဘက်တွင် ကိုယ်တော်တိုင် စောင်းတီးသည်။ စန္ဒရား လည်း တီးသည်။ စံအိမ်တော်တွင် စောင်းလည်း ရှိသည်။ စန္ဒရားကြီး လေးလုံး ရှိသည်ဟု တတိယ သမီးတော်ကြီး က မိန့်တော် မူဖူးသည်။ ဘုရင်မင်းမြတ် သည် ပျို့၊ ရတု၊ ရကန်များကိုလည်း ရွတ်ဆိုတတ်သည်။ ည ၇ နာရီတွင် မြန်မာပြည်မှ လာရောက် ခစားနေ သူများထဲမှ ဆိုတတ်တီးတတ် သူများ ရှိသည့်အခါတွင် အဆိုအတီးဖြင့် ရွှေနား တော်သွင်းရသည်။ ထိုအခါမျိုးတွင် အရှင်နန်းမတော် ဘုရားလည်း ထွက်တော် မူလာသည်။ သမီးတော်များ ကိုလည်း နားဆင်ခွင့် ပေးသည်။ သို့သော် သမီး တော်များကို အဆိုအတီး သင်ခွင့် ပြုတော် မမူဟု တတိယ သမီးတော်ကြီးက မိန့်တော်မူ ဖူးသည်။ သို့ကြောင့် ရတနာဂီရိတွင် ခစား ကျန်ရစ်ခဲ့သည့် စာရေးတော် ကြီး ဦးမှိုင်းတို့ လင်မယားက ညဘက်တွင် အရှင်နှစ်ပါးအား အဆိုအတီးဖြင့် ရွှေနားတော်သွင်းရသည် ဆိုသည်မှာလည်း မှန်နိုင်ပါသည်။

အကယ်၍ မောင်ဘိုးရွှေသည် ပန်းမှုန်ကြွယ် ယိုးဒယား၊ ဝေဿန္တရာ ဖရင်းချားကြီးကို ပါတော်မူပြီးနောက်မှ ရေးခဲ့သည် ဆိုလျှင်လည်း ထိုသီချင်းကို ရသည့် စာရေးတော်ကြီး ဦးမှိုင်းတို့ လင်မယားက ရတနာဂီရိတွင် အရှင် နှစ်ပါးအား ဆိုတီးပြ၍ ရွှေနားတော်သွင်း သည့်အခါတွင် သဘောတော် တွေ့ပြီး အကြိမ်ကြိမ် သီဆိုပြရခြင်း ဖြစ်ပုံရသည်။ အရှင်နှစ်ပါးသည် ပန်းမှုန်ကြွယ် ယိုးဒယား၊ ဝေဿန္တရာ ဖရင်းချားကြီးကို အထူး နှစ်သက်တော်မူပုံရသည်။

ရတနာဂီရိစံ အိမ်တော်သစ်ကြီးကို အိမ်သစ်တက် မင်္ဂလာ ကျင်းပစဉ်က မြန်မာပြည်မှ မိုးကောင်း ဆရာတော်ဘုရားကြီး၊ ဘေးမဲ့ ဆရာတော်ဘုရာကြီး၊ တိုက်အုပ် ဆရာတော်ဘုရားကြီး၊ မောက်ကျိုး ဆရာတော်ဘုရားကြီးနှင့် ရတနာဂီရိဆရာတော် ဘုရားကြီးတို့ ကြွရောက်တော် မူကြကြောင်း အပါးတော်မြဲ ဦးစံရွှေ၏ မှတ်တမ်းအရ သိရသည်။ ဆရာတော် ဘုရားကြီးများ စံအိမ်တော်သို့ ရောက်လျှင် အရှင်နှစ်ပါးနှင့် မိသားတစ်စု တို့သည် ထိခြင်းကြီး ငါးပါးနှင့် ပြည့်စုံစွာ ဦးသုံး ကြိမ်ချရာဝယ်၊ အသွယ်သွယ် မျက်ရည်တော် ယိုစီး၍ ဖိုသည်းလှိုက်လှဲ၊ ၀မ်း နည်းသော အမူအရာ မျက်နှာတော်များ ၌ ပေါ်လာသည်ကို တွေ့မြင်ရသော ဆရာတော် ဘုရားကြီးများမှာလည်း ဣနြေ္ဒ ချုပ်တည်းခြင်းငှာ မတတ်နိုင် ကြဘဲ ၀မ်းနည်း ကြေကွဲတော်မူ ချက်ဖြင့် ငြိမ်သက်တိတ်ဆိတ်စွာ ကြည့်နေကြ သည်မှာ နာရီဝက်မျှ ပင်ကြာလေသည် ဆို၏။

အရှင်နှစ်ပါး ထီးနန်းနှင့် ဝေးခဲ့ ရသည်မှာ ထိုအချိန်က နှစ်ပေါင်း ၂၅ နှစ်ပင် ကြာခဲ့ပေပြီ။ အရှင်နှစ်ပါးနှင့် ရမည်းသင်း စုဖုရားလေး တို့သည် ဆရာတော်ကြီးများနှင့် ရှေးအခါက ဆရာဒကာ ဖြစ်ခဲ့ပြီး ယခုအခါ တစ်ပြည် စီခြား၍ နိုင်ငံခြားတွင် နန်းကျဘ၀၊ စံနေရရှာ သည်ကို စိတ်တော်ထိခိုက် လွန်းလှသဖြင့် တဖိုဖို တလှိုက်လှိုက် ရှိုက်ကာ ဖြစ်နေကြရရှာ သည်ကို မြင် တွေ့ ကြရသော အခါ ဘေးမဲ့ ဆရာတော်ကြီးက ဝေဿန္တရာ ဇာတ်တော်ကြီးကို ဖြစ်ပြန်၊ ပျက်ပြန် လောကဓံဟူသော တရားနှင့်၊ အသားပါပါ ဟောကြားတော် မူ၍၊ အပူအဆွေး ကြေကွဲသည့် အရေး တို့မှ ကင်းဝေး နှစ်သိမ့် ခဲ့ရရှာ လေသည် ဟု ဦးစံရွှေ၏ မှတ်တမ်းတွင် ဖတ်ရဖူးသည်။

သို့ကြောင့် အရှင် နှစ်ပါးတို့၏ စိတ်ဝယ် ဝေဿန္တရာ ဇာတ်တော်ကြီး သည် စွဲလမ်း ကိန်းအောင်းလျက် ရှိပေလိမ့်မည်။ ယခုကဲ့သို့ စာရေးတော်ကြီး လင်မယားက ပန်းမှုန်ကြွယ် ယိုးဒယား၊ ဝေဿန္တရာ ဖရင်းချားကြီး ကို အဆို အတီးဖြင့် ရွှေနားတော်သွင်းသည့် အခါ အရှင်နှစ်ပါး၏ စိတ်ထဲတွင် သူတို့သည် ပင်လျှင် ဝေဿန္တရာ မင်းကြီးနှင့် မဒ္ဒီ ဒေ၀ီတို့၊ နေပြည်တော်မှ ဝေးကွာ၍၊ ၀င်္ကပါ တောင်ခြေတွင် စံနေကြရရှာ သကဲ့သို့၊ တစ်ပြည်ရပ်ခြား ရတနာဂီရိတွင် စံနေ ကြရလေသည်ဟု တွေးကောင်း တွေးတော် မူမိကြပေ လိမ့်မည်။ သို့ကြောင့် အရှင်နှစ်ပါးသည် သူတို့၏ဘ၀ နှင့် စာနာပြီး ပန်းမှုန်ကြွယ် ယိုးဒယား၊ ဝေဿန္တရာ ဖရင်းချားကြီး ကို နှစ်သက် ခြင်း ဖြစ်နိုင်သည် ဟူ၍ တွေးမိခြင်းဖြင့် စာရေးသူ၏ စိတ်ထဲတွင် ၀င်နေသည့် သံသယများကို ဖြေဖျက် လိုက်ရ ပါတော့သည်။


မောင်သန်းဆွေ၊ထားဝယ်


ကိုးကားချက်။ ။
- အပါးတော်မြဲ အတွင်းဝန် ဦးစံရွှေ မှတ်တမ်း
- ဗေလုဝဆရာတင် “ဂီတာ လင်္ကာရ ဒီပနီ”
- ရွှေနန်းသုံး မဟာဂီတ ပေါင်းချုပ်
- မောင်သန်းဆွေ(ထားဝယ်) “ရတနာ ဂီရိနိဒါန်း”

မာတိကာ


statistics

web tracker