အထီးကျန် လွတ်မြောက်မှု
မောင်ဝဏ္ဏ
မောင်ဝဏ္ဏ
ဒီနေ့ ၇.၁၀.၂၀၀၉ မှာ ကျွန်တော်တို့ရဲ့ ပါမောက္ခ ဆရာကြီး ဒေါတ်တာ(ဦး)ခင်မောင်ဝင်း (ဒဿနီကဗေဒ) အသက်၈၀(ရှစ်ဆယ်) ပြည့်ပါတယ်။ အကြောင်းကြားလို့ ရသလောက် တပည့်တွေကို စုပြီး ဆရာကြီးကို ကန်တော့ဖို့ စီစဉ်ပါတယ်။ အများအားဖြင့်တော့ အကြောင်းမကြားနိုင်၊ အဆက်အသွယ် မရနိုင်တဲ့ အတွက် ရသလောက်ပဲ စုပြီး ကန်တော့ဖွယ် ပစ္စည်း အတန်အသင့်နဲ့ စုပေါင်းကန်တော့ဖို့ စီစဉ်ပါတယ်။
ကျွန်တော့်အိမ်မှာ အိမ်ဆိုင်လေးရှိတဲ့ အတွက် အိမ်ဆိုင်က ပစ္စည်းလေးတွေထဲမှာ ဆရာကြီးကို ကန်တော့ဖို့ သင့်တော်တဲ့ ပစ္စည်းလေးတွေ ရှာကြည့်ပါတယ်။ အိမ်ဆိုင်ဆိုတော့ အပ်က အစ ဖိနပ်အထိ စုံစီနဖာ ကလေးတွေပဲ ရှိတာပေါ့။ ကျွန်တော်က ဖိနပ်နဲ့ ကန်တော့ဖို့ စဉ်းစား ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ တစ်ခါတလေ (တစ်ခါ တလေ မကပါဘူးလေ။ အမြဲလိုလို) မောက်မာတတ်ပါတယ်။ မာန်တက် တတ်တယ် ဆိုပါတော့။ ဒါကြောင့် ကိုယ့် ကိုယ်ကို ဖိနပ်လို့ သဘောထား မိအောင် (မာန်ကျအောင်) သက်ကြီး ၀ါကြီးတဲ့သူ တွေကို ဖိနပ်နဲ့ ကန်တော့ခဲ့တာပါ။ သီတင်းကျွတ်ရင် ကျွန်တော်ခံစား ရလေ့ရှိတာက ကျွန်တော့်ကို လာပြီး ကန်တော့တဲ့ ညီ၊ ညီမ၊ တူ၊ တူမတွေ၊ ၀မ်း ကွဲ တူ၊ တူမတွေကမွေးတဲ့ ကျွန်တော်နဲ့ စပ်ရင် မြေးတော်တဲ့ ကလေးတွေကပါ လာကန်တော့ကြတာ တစ်နှစ်ထက် တစ်နှစ် များသထက် များများလာပါတယ်။
တကယ်တော့ ကျွန်တော်က အသက်ကို မေ့ထားဖို့ ကြိုးစားနေတာပါ။ အသက်ကြီးပြီဆိုတာကို ဖြစ်နိုင်သမျှ မေ့ထားပါတယ်။ အဲ သီတင်းကျွတ်ပြီ ဆိုရင်တော့ ခုနပြောတဲ့ ညီ၊ ညီမ၊ တူ၊ တူမ၊ မြေးအစရှိတဲ့ ကလေးတွေက လာကန်တော့ကြလေတော့ မေ့ထားချင်တဲ့ အသက်ကို ပြန်သတိထားမိပါတယ်။ အသက်ကြီးလာတာကို မေ့ထားလို့ မရပါဘူး။ ကျွန်တော့်ဖခင် ကွယ်လွန်ပြီး ကတည်းက ကျွန်တော့်ဖခင်ရဲ့သူငယ်ချင်း မိတ်ဆွေတွေ၊ ဆွေမျိုးတွေကို ကန် တော့လေ့ရှိပါတယ်။ အဖေ့ကိုယ်စားလို့ သဘောထားပြီး ကန်တော့တာပါ။
ကျွန်တော့် မိခင်ရဲ့ဆွေမျိုးတွေ၊ သူငယ်ချင်း အဘွားကြီးတွေ၊ ကြီးတော် တွေ၊ အဒေါ်တွေ၊ အစ်ကိုတွေ၊ အစ်မ တွေကိုလည်း ကန်တော့ခဲ့ပါတယ်။
အဲဒီအခါတိုင်း ဖိနပ်နဲ့ ကန်တော့ပါတယ်။ ဖိနပ်ဆိုတာ လူတစ်ယောက်ရဲ့ အောက်ခြေဆိုတဲ့ အနိမ့်ဆုံးနေရာမှာ အသုံးပြုတာပါ။ ဒါပေမယ့် ဖိနပ်က အရေးကြီးပါတယ်။ ဖိနပ်မပါဘဲ လမ်းပေါ်ထွက်ဖို့ ခက်ပါတယ်။
ခုဆို လူတိုင်းနီးပါး ဖိနပ်စီးနေကြ ပါပြီ။ ဖိနပ်က အနိမ့်ဆုံးအသုံးအဆောင် ဆိုပေမယ့် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖိနပ်တစ် ရန်လို မိမိကိုယ်မိမိ မာန်မာန နှိမ့်ချဖို့ စဉ်း စားတာပါ။ အဲသလို ကန်တော့တိုင်း ကိုယ့်မာန်ကို ကိုယ်နှိမ်လေ့ ရှိပါတယ်။ ဒါပေမယ့် သိပ်နှိမ့်ချလွန်းရင်လည်း မကောင်းပြန်ဘူး။ ဒါကြောင့် မိမိမာန် ကို မိမိနှိမ့်ချရင်း ကိုယ်ကိုယ်တိုင်လည်း အသုံးဝင်တဲ့ နေရာမှာ ရှိနေအောင် ကြိုးစား ရပ်တည်ရမယ်လို့ စဉ်းစားပါတယ်။ နေခြင်းကို ဆွဲဆန့်ထားလို့ မရနိုင်သလို သေမင်းကိုလည်း အမြန်လာဖို့ခေါ်လို့ မရနိုင်ပါဘူး။
ဒီနေ့ ကျွန်တော့်ဆရာကြီး ပါမောက္ခ ဒေါက်တာ(ဦး)ခင်မောင်ဝင်းကို ကန်တော့ဖွယ် ပစ္စည်းအဖြစ် ဖိနပ်နဲ့ ကန်တော့ဖို့ စဉ်းစားပါတယ်။ ကျွန်တော်တို့ အိမ်ဆိုင်မှာ ဖိနပ်တွေ ရှိပေမယ့် အများ သူငါ လွယ်လွယ်ကူကူ ပေါပေါပဲပဲ ၀ယ်သုံးနိုင်အောင် အသင့်အတင့် ကောင်းတဲ့ ဖိနပ်တွေပဲ ရောင်းပါတယ်။ ဆရာကြီး အတွက်ဆိုတော့ တန်ရုံပဲ ကောင်းတဲ့ ဖိနပ်နဲ့ ကန်တော့ဖို့ ၀န်လေး နေပါတယ်။
ဖိနပ်နဲ့ ကန်တော့ဖို့ဆိုတာက အကန် တော့ခံမယ့်သူရဲ့ခြေထောက် အရွယ်အစား၊ ဖိနပ်နံပါတ် ဆိုတာတွေကိုသိဖို့ လိုပါ သေးတယ်။ ကျွန်တော်တို့ အိမ်ဆိုင်မှာ ကတ္ထီပါဖိနပ် ကောင်းကောင်းလေးတွေ တင်ပြီး ရောင်းတုန်းကတော့ ဖိနပ် နံပါတ်သုံးမျိုးလောက် ယူသွားပြီး အကန် တော့ခံသူရဲ့ ခြေထောက်နဲ့ တော်တဲ့ ဖိနပ်နဲ့ ကန်တော့ပါတယ်။ ခု အဲဒီကတ္ထီပါ ဖိနပ်တွေ သိပ်မရောင်းရလို့ ဆိုင်မှာ တင်မထားတော့ပါဘူး။
အနီးအနားမှာ ဖိနပ်ဆိုင်ရှိပေမယ့် ဖိနပ်ဝယ်ဖို့ဆိုတာ နံပါတ်သိဖို့လိုပါ တယ်။ ဖိနပ်ဆိုင်က အရွယ်သုံးမျိုး သုံး ရန်လောက်ယူသွားပြီး မတော်တဲ့ဖိနပ် ပြန်လာပေးမယ်ဆိုလို့ သင့်မှမသင့်လျော် တာ။ ဖိနပ်ဆိုင်ကလည်း ခွင့်ပြုလိမ့်မယ် မဟုတ်ပေဘူး။ နောက်တစ်ခုစဉ်းစားတာက မျက် နှာသုတ်ပ၀ါနဲ့ ကန်တော့ဖို့ပါ။ အဲဒါကျ တော့လည်း ကိုယ့်ဆရာကြီးမျက်နှာကို သုတ်ဖို့ တပည့်က ကန်တော့တယ်ဆို တာ သင့်မှသင့်ပါ့မလားလို့ “ကြောင် တောင်တောင်”စဉ်းစားမိပြန်ပါတယ်။
ပြီးတော့မှ ကျွန်တော့်ဘာသာ တွေးရင်းပြုံးမိပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာကြီးဟာ (ဒဿနိကဗေဒလို့ မြန်မာ ပြန်ထားတဲ့) ဖီလော်ဆော်ဖီပါမောက္ခ ကြီးပါ။ အဲဒီဖီ လော်ဆော်ဖီဆိုတာ ကလည်း တောင်စဉ်းစား မြောက်စဉ်း စားနဲ့ စဉ်းစားလို့ကို မဆုံးနိုင်တဲ့ ပညာရပ်ပါပဲ။ ကျွန်တော်တို့ကို အဲသလို စဉ်းစားဖို့ သင်ပေးခဲ့တာ ဖီလော်ဆော်ဖီ ဆရာကြီး၊ ဆရာမကြီးတွေပါပဲ။ စဉ်းစား တယ်ဆိုတာဘာလဲလို့ ထပ်စဉ်းစားနေ တာဟာ ဖီလော်ဆော်ဖီ သင်ခဲ့တဲ့ ကျွန်တော်တို့ တစ်တွေပါပဲ။ နောက်ဆုံးတော့ စဉ်းစားတာတွေ ရပ်ပြီး ကျွန်တော့် ဇနီး စီစဉ်ပေးတဲ့ အတိုင်း နိုင်ငံခြားဖြစ် (အလတ်ရွယ်) ချည်ရှပ် အင်္ကျီတစ်ထည်နဲ့ ကန်တော့ဖို့ ဆုံး ဖြတ်လိုက်ပါတယ်။
ဆရာကြီးအိမ်ကို ရောက်တော့ ဆရာကြီးက ပါရဂူဘွဲ့သင်တန်းကို စာ သင်ရာက ပြန်မလာသေးပါဘူး။ ကျွန်တော်နဲ့ အတူ ကန်တော့ကြမယ့် ဆရာ ကြီးရဲ့တပည့်တွေကလည်း မရောက်သေးပါဘူး။ ကျွန်တော်ဟာ အချိန်တိကျတတ် သူ မဟုတ်ပါ။ ချိန်းထားတဲ့ အချိန်ထက် တစ်ခါတလေ စောနေတတ်ပြီး တစ်ခါ တလေ နောက်ကျနေလေ့ ရှိပါတယ်။ ဘာကြောင့်ဆို ကျွန်တော် လက်ပတ် နာရီ မပတ်လို့ပါ။ စိတ်မှန်းနဲ့ပဲ သွားလေ့ လာလေ့ ရှိလို့ပါ။
နောက်တစ်ခုက ကျွန်တော်ဟာ နာရီကို ကိုးကွယ်သူ မဟုတ်ဘူးလို့ ကိုယ့် ဘာသာ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်ဘာသာ ကျွန်တော်တော့ ဟုတ်လို့ ပါပဲ။ (မြန်မာ စံတော်ချိန်ပေါ့ ခင်ဗျာ) အဲဒီ အကျင့်က ဒီအရွယ် ရောက်မှ ဖျောက်ဖို့ဆိုတာ တော်တော် ခက်သွားပါပြီ။
ဆရာကြီး အိမ်မှာ ဘယ်သူမှ မရောက်သေးတော့ (ဆရာကြီး ကိုယ်တိုင်ကလည်း ပြန်မရောက်သေးတော့) ကျွန်တော် လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာ ခဏ ထိုင်ပါတယ်။ ဆယ့်ငါးမိနစ်၊ နာရီဝက်လောက်ကြာတော့ အငှားကား တစ်စီးပေါ်မှာ ကျွန်တော့်ဆရာသမား တစ်ဦးဖြစ်တဲ့ ဆရာဦးခင်မောင်တင်ကို မြင်လိုက်ရလို့ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်က ထွက်ပြီး ဆရာကြီးအိမ် ဘက်ပြန်လာခဲ့ပါတယ်။ ချိန်းထားတဲ့ လူစုံတော့ ဆရာကြီးကို ကျွန်တော်တို့ကန်တော့ကြပါတယ်။
အကန်တော့ခံတဲ့ ဆရာကြီးဦးခင် မောင်ဝင်းက အသက် ရှစ်ဆယ်ပြည့်ပြီ။ ကန်တော့တဲ့ ကျွန်တော်တို့တစ်တွေက အသက် ခြောက်ဆယ်နဲ့ ခုနစ်ဆယ် ကြား။
အဘိုးကြီးတွေက သူတို့ထက် အသက်ရော၊ ပညာရော၊ ဂုဏ်ရောကြီးတဲ့ အဘိုးကြီး တစ်ယောက်ကို ကန်တော့ ကြတာပါ။ အဲဒီ အကြောင်းကို စဉ်းစားမိတော့ ကျွန်တော့်စိတ်ထဲ တော်တော်ကြည်နူးမိ ပါတယ်။ ဘာကြောင့်ဆို သီတင်းကျွတ် လပြည့်ကျော်တုန်းကပဲ ကျွန်တော့်ကို ကျွန်တော့်ညီ၊ ညီမ၊ တူ၊ တူမတွေက လာကန်တော့ကြပါတယ်။ ကျွန်တော်တို့ မိသားစုမှာ ကျွန်တော် က အစ်ကိုအကြီးဆုံး ဖြစ်နေလေတော့ ကျွန်တော်က အကန်တော့ခံတဲ့သူ ဖြစ်နေ ပါတယ်။
ခု ကျွန်တော်တို့က ဆရာကြီးကို ကန်တော့နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ကျွန်တော့်ဦးလေး အရင်းလို ချစ်ခင်လေး စားတဲ့ ပန်းသာ ဦးထွန်းရီရဲ့ ဇနီး ဒေါ်အမာ ကွယ်လွန်ခဲ့ပါတယ်။ နှစ်စဉ် လိုလို ကျွန်တော် ကန်တော့နေကျ အဒေါ် တစ်ယောက်ပါ။ နှစ်တိုင်းလိုလိုမှာ ကျွန်တော်သတိ ထားမိတာက တစ်နှစ်ထက်တစ်နှစ် ကျွန်တော်က ကန်တော့ရမယ့် သက်ကြီး ၀ါကြီးတွေ လျော့လျော့သွားပြီး ကျွန်တော့ကို လာကန်တော့တဲ့ သူတွေက များသထက် များများလာပါတယ်။ တူ၊ တူမတွေ၊ ပြီးတော့ ၀မ်းကွဲမြေးတွေက တဖြည်းဖြည်း အရွယ် ရောက်လာကြတယ်။ ဒီတော့ ကျွန်တော့်ကို ကန်တော့ သူတွေ များလာတယ်။
ကျွန်တော် အဲသလို ခံစားရတာဟာ အသက်ကြီးမှာကို ကြောက်လို့လား။ ဒါတော့လည်း မဟုတ်ပြန်ဘူး။ ဒါဖြင့် ဘာကို စိုးရိမ်နေတာလဲ။ သေမှာကြောက် တယ်ဆိုတာတော့ လူတိုင်းရဲ့ခံစားမှုပါ။ ကျွန်တော် စိုးရိမ်နေတာက နာမှာကိုပါ။ နာမကျန်း ဖြစ်ပြီး အတန်အသင့် ခံစားရ တာက သဘာဝပါပဲ။ အိပ်ရာထဲ ပက် လက်လဲပြီး ဘာတစ်ခုမှကိုယ်တိုင် မလုပ်နိုင်တဲ့ နာနည်းမျိုးကို ကျွန်တော် ကြောက်ပါတယ်။ ဥပမာ လေဖြတ်တာ။ ဦးနှောက်သွေးကြောရောဂါကြောင့် စကားတောင် ဟဟ မပြောနိုင်တော့တာ စသဖြင့်တွေကို ကျွန်တော် တော်တော် ကြောက်ပါတယ်။ ဘာတစ်ခုမှ အသုံး မ၀င်တော့တဲ့အချိန်မှာ သေလိုက်တာက မှ တော်ဦးမယ်လို့ စဉ်းစားမိပါတယ်။
ဒါပေတဲ့ ကျွန်တော့်မိသားစုက တော့ အဲသလိုဖြစ်နေရင်လည်း ပြုစုကြ မှာပဲလို့ ထင်ပါတယ်။ ကျွန်တော့်ဇနီး ကလည်း ကျွန်တော့်ကို (သူကျန်းမာနေ ဆဲဆိုရင်) ပြုစုမှာပါပဲ။ သားသမီးမြေး တစ်စုတို့ကလည်း ပြုစုမှာပါပဲ။ သူတို့ အတွက်တော့ စကားဟဟ မပြောနိုင် သည့်တိုင် ကျွန်တော် အသက်ရှင်နေ သေးတာကိုပဲ ကျေနပ်ကောင်း ကျေနပ် နေပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲသလိုများ ဖြစ်ရင် တော်တော်ဒုက္ခကြီး မှာပဲလို့ စဉ်းစားမိပါတယ်။ ဒါပေတဲ့ လူတစ်ယောက်ဟာ အသက်ဥာဏ်စောင့် သဘောနဲ့ ကျန်းမာရေးကို ဘယ်လိုပဲဂရုစိုက်သည်ဖြစ်စေ အကြောင်းပေါင်း မြောက်မြားစွာ တိုက် ဆိုင်လာရင် မရဏ စခန်းမြန်းရမှာပါ။ ကျောင်းမှာသင်ခဲ့ရတဲ့ “လူသည် သေ မျိုးဖြစ်သည်”ဆိုတဲ့ လောဂျစ် “ကကြီး ခကွေး”ကို သတိရမိပါတယ်။
နေ့လယ် တစ်နာရီခွဲလောက်မှာ လူစုံပါတယ်။ စုစုပေါင်း ရှစ်ယောက်တည်းပါ။ ကျွန်တော်တို့က ဆရာကြီးဦးခင် မောင်ဝင်းကို ကန်တော့ကြပါတယ်။ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ် အတွင်း အဘိုးကြီးတွေက အသက်ရှစ် ဆယ်အရွယ် အဘိုးကြီးတစ်ယောက်ကို ကန်တော့နေကြတဲ့ မြင်ကွင်းကို မြင် ယောင်ကြည့်ရင် ကြည်နူးစရာ ကောင်းနေပါလိမ့်မယ်။ ဆရာကြီးက ဆုပေးပါတယ်။ ကျွန်တော်တို့က ပေးတဲ့ဆုနဲ့ ပြည့်ပါစေ လို့ ဆု ယူပါတယ်။
ဆရာကြီး ဦးခင်မောင်ဝင်းရဲ့ မျက်နှာမှာ ကြည်နူးရွှင်ပျတဲ့ အရိပ်အယောင်ကို အတိုင်းသားမြင်ရပါတယ်။
တက္ကသိုလ်တုန်းက စာသင်ခန်းထဲမှာ ပြုံးပြုံးပြုံးပြုံးနဲ့ စာသင်နေတဲ့ ပါမောက္ခဆရာကြီးရဲ့ ရုပ်သွင်ကို ကျွန်တော် ပြန်ပြီးမြင်ယောင်ပါတယ်။
ကန်တော့ပြီးတော့ ကျွန်တော်တို့ စကားတွေ ပြောကြပါတယ်။ ဦးတည် ချက် တစ်စုံတစ်ရာမရှိဘဲ စိတ်ထဲပါလာ တာတွေပြောတာပါ။
ကျောင်းမှာ စာသင်တုန်းက သင်ခန်းစာနဲ့ ပတ်သက်တာတွေကို ကျွန်တော် တို့ ဆွေးနွေးခဲ့ကြရပါတယ်။
ခုတော့ ကျောင်းစာနဲ့ လုံးဝမသက် ဆိုင်တဲ့ ဦးတည်ရာမဲ့ စကားတွေ ပြောနေကြပါပြီ။ ကျွန်တော်တို့ တ၀ါးဝါး တဟားဟားနဲ့ ပျော်နေကြပါတယ်။
ဒါပေတဲ့ ကျွန်တော်တို့ရယ်နေတဲ့ အကြောင်းအရာတွေဟာ (ပြောတဲ့စကား တွေဟာ) တခြားလူကြားရင် ရယ်လိမ့် မယ် မဟုတ်ပါဘူး။ ဥပမာ တစ်ယောက်က သွေးတိုးနှလုံးရပ်ပြီးသေ တာနဲ့စာရင် ကင်ဆာကမှတော်ဦးမယ်၊ ပြင်ဆင်စရာတွေ ပြင်ဆင်ရတာပေါ့လို့ ပြောပါတယ်။ နောက်တစ်ယောက်က သေမယ့်သေ ဖျတ်ခနဲသေတာကောင်း တယ်လို့ ပြောပါတယ်။ ကျန်းမာရေး ဂရုစိုက်ရင် အသက် ရှည်နိုင်ကြောင်းလည်း ပြောပါတယ်။ တစ်ခါ ကျန်းမာ ရေး သိပ်ဂရုစိုက်လို့ ကွယ်လွန်ရသူ အကြောင်းလည်း ပြောပါတယ်။
အဲဒီ စကားတွေကြားထဲမှာ ကျွန်တော်တို့ ရယ်နေကြတယ်။ သေခြင်းဟာ ရယ်စရာမှ မဟုတ်ဘဲ။ ဒါပေတဲ့ ဖီလော်ဆော်ဖီသင် ခဲ့တဲ့ လူတွေချည်းပဲဆိုတော့ သေခြင်းနဲ့ ရယ်စရာကို တွဲပြီး ပြောနေဖြစ်ကြပါ တယ်။ ဒါဟာ “ဖာရာ ဒေါ့စ်”လို့ ပြော သူကပြောပြီး ရယ်ပြန်ပါတယ်။ (မကြောင်ပေဘူးလားဗျာ) ဒါကြောင့် ကျွန်တော်တို့ စကားကို တခြားလူတွေကြားရင် ရယ်စရာမဟုတ် ဘဲ “ကြောင်တောင်တောင်တွေ”လို့ ယူဆပါလိမ့်မယ်။ နေ့လယ် တစ်နာရီခွဲလောက်က စပြီး ဆရာ တပည့်တွေ စကားဖောင်ဖွဲ့ လိုက်ကြတာ ညနေ လေးနာရီခွဲမှ လူစု ခွဲဖို့ သတိရပါတော့တယ်။
ညနေစောင်းမှာ ဆရာကြီးကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ပြန်ခဲ့ကြပါတယ်။ စကားမျှင်က မပြတ်သေးတော့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး လေပန်းကြပြန်ပါ တယ်။ ကျွန်တော့်စိတ်ထဲ မှာတော့ ကျောင်းတုန်းက မာလာကဲင်တင်း ကိုအောင်ရင့် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ပေါက်ကရတွေ ပြောနေရသလို ခံစားရပါတယ်။
ကျွန်တော်က လွဲလို့ ကျန်တဲ့ လူတွေဟာ (အငြိမ်းစားမယူခင်က သူ့နေရာနဲ့ သူ ရာထူးကြီးကြီးတွေ ထမ်းဆောင်ခဲ့ကြ တာပါ။ လက်ရှိ တာဝန် ထမ်းဆောင်ဆဲက တစ်ယောက်ပဲ ပါပါတယ်။ သူလည်း အသက် မငယ်တော့ပါဘူး။)
အိမ်ရောက်တော့ ခဏနားပြီး စဉ်းစား နေမိပါတယ်။ သီတင်းကျွတ်ကန်တော့တာဟာ ကျွန်တော်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှုပါ။ အဲဒီ ထဲမှာ ရိုးရိုးယဉ်ကျေးမှု အပြင် ဒီ့ထက် နက်ရှိုင်းတဲ့ လူနေမှုပုံစံ တစ်ခုကို ဖျတ်ခနဲ တွေးမိပါတယ်။ ကျွန်တော်တို့ လူမျိုးတွေမှာ တစ်နှစ် ပတ်လုံး ၁၂ ရာသီ ပွဲ ၁၂ ပွဲ ကျင်းပနိုင် ကြပါတယ်။ အချင်းချင်းတွေ့ဆုံပြီး ပျော်ရွှင်ကြည်နူးမှု ရယူကြတာပါပဲ။ အဲဒီ ပွဲတွေမှာ သူ့အဓိပ္ပာယ်နဲ့သူ ပြည့်စုံပြီး သားပါ။ သင်္ကြန်နှစ်သစ်ကူး ဆိုရင် တစ်မျိုးသားလုံး ရေကစားရင်း ပျော်ကြ ပါတယ်။ နှစ်ဆန်း တစ်ရက်နေ့မှာ သက် ကြီးရွယ်အိုတွေကို ပြုစုကြပါတယ်။ အဲဒီက စလိုက်တာ။ မြန်မာ ပြက္ခဒိန် အရ နောက်ဆုံးလဖြစ်တဲ့ တပေါင်းလ သဲပုံ စေတီဘုရားပွဲ အထိ ပွဲတွေ ဆင်နွှဲကြပါတယ်။
သီတင်းကျွတ် မီးထွန်းပွဲကတော့ သက်ကြီးဝါကြီးသူတွေ တစ်နည်းအား ဖြင့် အထီးကျန်ဆန်လာတဲ့ လူကြီးတွေ ကို နှစ်သိမ့်ကျေနပ်မှု၊ ကြည်နူးပျော်ရွှင် မှုတွေ ရစေဖို့ ကျင်းပတဲ့ပွဲပါပဲ။ တစ်ပြိုင်နက်တည်းမှာ သက်ကြီးစကား သက်ငယ်ကြားစေဖို့လည်း အဆင်ပြေ ပါတယ်။
သီတင်းကျွတ်မှာ မီးပုံးလေးတွေ၊ မီးရောင်စုံလေးတွေ ထွန်းညှိတာက လည်း အလွန်လှပပါတယ်။ ကြည်နူး စရာကြီးပါ။
အဲဒီထက် ကြည်နူးစရာ ကောင်းတာက သက်ကြီးဝါကြီး လူကြီးတွေ၊ အထီးကျန်ဆန်လာမှုကနေ ခေတ္တခဏ ဖြစ်ဖြစ် လွတ်မြောက်သွားစေတာပါပဲ။
ကျွန်တော့်မြေးက ကျွန်တော့်ကို ကန်တော့တော့ “ငါ့မြေးကလေး ကျုံ့ကျုံ့ထိုင်ပြီး ကျကျနန ကန်တော့တတ် ပါကလား” လို့ ၀မ်းမြောက်ကြည်နူးမှု ဖြစ်ရပါတယ်။ ညီ၊ ညီမ၊ သား၊ သမီး တူ၊ တူမ စတဲ့သူတွေ ကန်တော့ကြတော့လည်း ကျွန်တော့်အိမ်မှာ စည်ကားနေတာပါပဲ။ ပြီးတော့ ဒီကလေးတွေကို တစ်ခါတလေ စိတ်တိုင်းမကျဖြစ်ပေမယ့် ရိုသေ လေးစားမှုတွေ ယဉ်ကျေးဖွယ်ရာမှုတွေဟာ သူတို့ရဲ့ အသွေးထဲ အသားထဲ အရိုးထဲထိ မပျောက်မပျက် စိမ့်ဝင်နေပါ သေးကလားလို့ ကျေနပ်ကြည်နူးရပါ တယ်။
တစ်ပြိုင်နက်တည်းမှာ ကျွန်တော်တို့ အဘိုးကြီး၊ အဘွားကြီး (ကျွန်တော်နဲ့ ကျွန်တော့်ဇနီး)ဟာ အထီးကျန်ဆန်နေ မှုကနေ ယာယီလွတ်မြောက်သွားသလို ခံစားရပါတယ်။ အဲဒီခံစားမှုဟာ အသက်အရွယ်ကြီးလာတဲ့ လူတိုင်း အတွက် အဖိုးမဖြတ်နိုင်တဲ့တန်ဖိုးပါပဲ။
ကျွန်တော်တို့ရဲ့ ဆရာကြီးကြည်နူး နေသလို ကျွန်တော် ကိုယ်တိုင်လည်း ဆွေမျိုးသားချင်းတွေရဲ့ ယဉ်ကျေးဖွယ် ရာကို တွေ့ရတဲ့အတွက် ကြည်နူးကျေ နပ်ပါတယ်။
ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုဟာ ကျွန်တော်တို့လူမျိုးအားလုံးကို ဘာသာတရား ကိုင်းရှိုင်းမှု သာမက သိမ်မွေ့တဲ့ စိတ်ထားကို သားစဉ်မြေးဆက်၊ ခေတ်အဆက်ဆက် အမွေတွေ ပေးနေတာပါပဲ။ အမွေတကာ့အမွေထဲမှာ စိတ်ဓာတ် သိမ်မွေ့စေတဲ့ အမွေဟာ အဖိုးတန်ဆုံးလို့ တွေးမိပါတယ်။
သီတင်းကျွတ်ကန်တော့ကြတဲ့ အခါ ကန်တော့ဖွယ် ပစ္စည်းဟာ အဓိက နေရာမှာ မရှိပါဘူး။ ယဉ်ကျေးသိမ်မွေ့ မှု စိတ်ဓာတ်ကသာ အရေးအကြီးဆုံး နေရာကို ယူထားပါတယ်။ ဒါ့အပြင် သက်ကြီးဝါကြီးတွေရဲ့ အထီးကျန်ဆန် မှုကို ယာယီဖြစ်ဖြစ် လွတ်မြောက်စေပါတယ်။
မောင်ဝဏ္ဏ