ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, July 6, 2010

မိန်းမဆိုတာ ရောင်းကုန်မဟုတ်

 November, 2009 ပေဖူးလွှာမဂ္ဂဇင်းမှ

မိန်းမဆိုတာ ရောင်းကုန်မဟုတ်

လူထုစိန်ဝင်း

လူ့သဘာဝကို စိတ်ဝင်စား လေ့လာလို သူများနဲ့ ခေတ်အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့် နေသူများ အတွက် သတင်းစာထဲက ကြော်ငြာတွေကို ကျော်လွှား မသွားပါနဲ့လို့ ပြောချင်တယ်။ဘာကြောင့်လဲ ဆိုတော့ ကြော်ငြာတွေဟာ သတင်း ဖြစ်သလို၊ လူ့ဘ၀ကိုလေ့လာဖို့ ကောင်းတဲ့ ဘ၀သရုပ်ဖော် စာပေတစ်မျိုးလည်း ဖြစ်နေတဲ့ အတွက်ကြောင့်ပါပဲ။
 
ကြော်ငြာလည်း သတင်းဖြစ်တယ်

ကြော်ငြာတွေက တစ်ဆင့် မိတ်ဆွေ သင်္ဂဟများရဲ့ သာရေးနာရေး သတင်းတွေ သိရပါတယ်။ ဘာရုပ်ရှင်တွေ ပြနေပြီး ဘယ်လို စာအုပ်တွေ ထွက်နေ တယ်ဆိုတဲ့ သတင်းလည်း ရပါတယ်။ ဘယ်ပစ္စည်း ဘယ်မှာ ၀ယ်လို့ ရတယ် ဆိုတာလည်း သိရတယ်။
သံဝေဂ ပွားပြီး တရား ရှာတတ်ရင် နာရေး ကြော်ငြာတွေ ဖတ်ပြီး သင်္ခါရ သဘောတရားကို ကောင်းကောင်းသဘောပေါက်နိုင် သလို၊
လူတိုင်းလူတိုင်း အမောတကော လိုက်လံ ရှာဖွေနေကြတဲ့ ငွေကြေးစည်း စိမ်ချမ်းသာတွေ၊ ရာထူး ဌာနန္တရတွေနဲ့ ကျော်စောခြင်းဆိုတာတွေရဲ့ အချည်းနှီး ဖြစ်ကြောင်းကိုလည်း ကောင်းကောင်း သိသွားနိုင်ပါတယ်။ မွေးပြီး ရက်ပိုင်းလေးနဲ့ ဆုံးပါးသွားတဲ့ ကလေး တစ်ယောက်ရဲ့ နာရေး ကြော်ငြာကို ဖတ်ရင်းနဲ့ သေဖို့ အတွက် မွေးဖွား လာရတဲ့ လူ့ဘ၀ကို စိတ်ပျက်ဖွယ် အဖြစ် ရှုမြင်နိုင်တယ်။ အလုပ်သင် ဆရာဝန်ဖြစ်စမှာ ကွယ်လွန်သွားတဲ့ ဆရာဝန်လေး တစ်ယောက်ရဲ့ နာရေးကို ဖတ်ပြီးတော့လည်း ဗြဟ္မစိုရ် တရားလေးပါးထဲမှာ အပါအ၀င် ဖြစ်တဲ့ ဂရုဏာ တရားပွားများ နိုင်သလို လူ့ဘ၀ရဲ့ မက်မော တွယ်တာစရာ မရှိပုံတွေကိုလည်း သံဝေဂ ပွားများနိုင်ပါတယ်။  

ငွေဟာတရားခံ

လက်ထပ် ပြီးစီးခြင်း၊ ကွာရှင်း ပြတ်စဲခြင်း၊ အမွေပြတ် စွန့်လွှတ်ခြင်းဆိုတဲ့ ကြော်ငြာတွေထဲမှာလည်း လူ့သဘော၊ လူ့မနောတွေကို သိနိုင်ပါတယ်။ တစ်ခါတလေ မိဘက သားသမီးတွေကို ပစ္စည်းခန်းနဲ့ တရားစွဲတာ၊ ဒါမှမဟုတ် သားသမီးတွေက အမွေကိစ္စနဲ့ မိဘတွေကို တရားစွဲတာဆိုတဲ့ ကြော်ငြာမျိုးတွေ ထူးထူးခြားခြား တွေ့နိုင်ပါသေးတယ်။ ဘိုးဘွား မိဘတွေ တည်ထောင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်း တစ်ခုကို ညီအစ်ကို မောင်နှမတွေ သူပိုင်ငါပိုင် အပြန်အလှန် ကြော်ငြာပြီး သတင်းစာထဲကနေ ရန်ဖြစ်ကြတဲ့ ကိစ္စမျိုးကတော့ မတွေ့ချင် အဆုံးလို့ ဆိုရလောက်အောင်ကို များပြား လှပါတယ်။ ဒါတွေကို ဖတ်ရင်းနဲ့ ပိုက်ဆံဆိုတဲ့ အရာက အရာ အားလုံးကို ဖျက်ဆီး ပစ်နေတယ် ဆိုတဲ့ သဘာဝကို ကောင်းကောင်း နားလည်နိုင်တယ်။ ပိုက်ဆံက မိဘနဲ့ သားသမီးကြားက စောင့်စည်းအပ်တဲ့ ကျင့်ဝတ်တွေကို ဖျက်ဆီးလိုက်တယ်။ တစ်အူတုံဆင်း မောင်ရင်း နှမတွေကြား ရှိထားကြတဲ့ မေတ္တာတွေ၊ သံယောဇဉ်ဆိုတာတွေကိုလည်း ရိုက်ချိုး ပစ်လိုက်တယ်။ “ငွေဟာ မကောင်းမှု ဒုစရိုက် အားလုံးရဲ့ အရင်းအမြစ် ဖြစ်တယ်”ဆိုတဲ့ ဆိုရိုးစကား တယ်မှန်ပါလား ဆိုတဲ့ သင်ခန်းစာကို ရနိုင်တယ်။

အထိတ်တလန့် ကြော်ငြာ
တစ်ခါမှာတော့ ကြော်ငြာတစ်ခု ဖတ်ပြီး တအံ့တသြ ဖြစ်သွား ရုံမက အထိတ်တလန့်ကို ဖြစ်သွားခဲ့ဖူးပါတယ်။ လက်ထပ်ပြီး တစ်လနဲ့ နှစ်ရက် အကြာမှာ နှစ်ဦး သဘောတူ ကွာရှင်း ပြတ်စဲခြင်း ဆိုတဲ့ ကြော်ငြာ ဖြစ်ပါတယ်။ လက်ထပ်ခြင်းတို့၊ ကွာရှင်း ပြတ်စဲခြင်းတို့ အိမ်ထောင်တွေ တစ်ဆက်ပြီး တစ်ဆက် ပြုခြင်းတို့ ဆိုတဲ့ ကိစ္စရပ်တွေကို ထမင်းစား ရေသောက် အလုပ်လောက် သဘောထားပြီး ခပ်ပေါ့ပေါ့ လုပ်ဆောင် နေကြတဲ့ အနောက်တိုင်း လူနေမှု စနစ်ရဲ့ စရိုက်ဆိုးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်ထိများ ကူးစက် ပျံ့နှံ့နေပြီလဲ ဆိုတဲ့ အချက်ကို တွေးမိပြီး အထိတ် တလန့် ဖြစ်သွားရတာပါ။ ဖျော်ဖြေရေး ဂျာနယ် မဂ္ဂဇင်းတွေထဲမှာလည်း လူအများ အာရုံစိုက်ခြင်း ခံရတဲ့ ရုပ်ရှင် ဂီတစတဲ့ သဘင် လောကသား မင်းသား မင်းသမီးတွေ၊ အဆိုတော်တွေရဲ့ လက်ထပ်တာတွေ၊ ကွာရှင်းတာတွေက အစ ကိုယ်ဝန်ဆောင်တာ၊ မီးဖွားတာတွေ အထိ အကျယ်တ၀င့် ရေးပြနေကြတာ ဖြစ်လေတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ ဖီလာ ဆန့်ကျင်ဖြစ်တာတွေကို မြင်နေရ ကြားနေရပါတယ်။ အဲဒီတော့ ပိုပြီးကို အထိတ် တလန့် ဖြစ်ရပါတယ်။
  
တောမကျတဲ့ မျက်စိ

ကလေး ဘ၀ကတည်းက ဘောင်းဘီဝတ်၊ နက်ကတိုင် စည်းရတဲ့ သာသနာပြု ကျောင်းမှာ ကြီးပြင်းခဲ့ရတာ ဆိုတော့ မျက်စိက သိပ်ပြီး တောမကျဘူးလို့ ကိုယ့်ဟာကိုယ် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ် သုံးဆယ်လောက်ကတည်းက မိန်းကလေးတွေ ဘောင်းဘီ ၀တ်ပြီး ဆံပင်တို ထားတာကို ကောင်းတယ်လို့ ထောက်ခံ အားပေးခဲ့တာပါ။ ကျောင်းသူ၊ ကျောင်းသားတွေကိုလည်း သွန်သင် ပေးခဲ့တာပါ။ ချောင်းသာကို ကျောင်းသူ ကျောင်းသား တစ်ရာ့ လေးငါးဆယ်နဲ့ သွားကြစဉ်က အရွယ်ရောက်ပြီး ဆရာဝန်မလေးတွေ၊ တက္ကသိုလ် ဆရာမလေးတွေက ပါလာတဲ့ ရေကူး ၀တ်စုံကို ဆရာဆူမှာ စိုးလို့ဆိုပြီး မ၀တ်ရဲကြတာကိုတောင် “ပင်လယ်ထဲ ထမီကြီးနဲ့ ဆင်းဆော့တော့ အန္တရာယ် ရှိတယ်။ ရေကူးဝတ်စုံ ပါရင် ၀တ်ကြဟဲ့” လို့ ပြောခဲ့တာ ဖြစ်တယ်။ အညာသားပေမယ့် တောမကျ လှပါဘူး။
 
လော်လီရာကျတယ်

အဲဒီ တောမကျတဲ့ မျက်စိတောင်မှ အခုခေတ် ၀တ်စား ဆင်ယင်မှုတွေကို မကြည့်ရဲလောက်အောင် ဖြစ်နေရပါတယ်။ ရုပ်မြင်သံကြား ဖန်သားပြင်ထဲမှာ ဖျော်ဖြေရေး ဂျာနယ် မဂ္ဂဇင်းတွေထဲမှာ မြင်တွေ့ရတာကိုတောင် မကြည့်ရဲ ဖြစ်ရတာပါ။ လူကိုယ်တိုင် မြင်ရရင် ဘယ်လို နေမယ်ဆိုတာ မသိတော့ပါဘူး။ ခုခေတ်ကြီးမှာတောင် မိကောင်း ဖခင်သားသမီး မြန်မာ မိန်းကလေးများဟာ နေအိမ် ရေချိုးခန်းထဲက ရေချိုးပြီး ထွက်လာရင် ဧရာမ မွေးစုတ် တဘက်ကြီးနဲ့ လုံအောင် ခြုံပြီးမှ ထွက်လာကြတာပါ။ ရင်လျားနဲ့ ထွက်လာလေ့ မရှိပါဘူး။ ဒါပေမယ့် ဖျော်ဖြေရေး နယ်ပယ်က မိန်းကလေးများကတော့ ရင်ဘတ် တစ်ခုလုံး ကျောတစ်ပြင်လုံး ဖော်ထားတဲ့ ရင်လျားဝတ်စုံ မျိုးစုံ ၀တ်ပြီး စင်ပေါ် တက်ပြီးတော့တောင် ကိုယ်ဟန်ပြ နေကြတယ်လေ။ အလှူ မင်္ဂလာဆောင် အခမ်းအနားတွေလည်း အဲဒီ ရင်လျားကြီးနဲ့ပဲ တက်လာကြတယ်။ လှချင် ပချင်လို့ ၀တ်ကြ စားကြ၊ ပြင်ကြ၊ ဆင်ကြတာကို အပြစ် မဆိုပါဘူး။ ဒါပေမယ့် ရင်လျားနဲ့ စင်ပေါ်တက် ကိုယ်ဟန် ပြတာကတော့ လော်လီရာ ကျတယ်လို့ပဲ ဆိုချင်ပါတယ်။

သတင်းသမား ကြားရတယ်

ဒါတင်မက ညပွဲတွေ၊ နှိုက်ကလပ်တွေနဲ့ ကာရာအိုကေ ခန်းတွေမှာ မိန်းကလေးတွလည်း ယောက်ျားလေးတွေနဲ့ အပြိုင် ဘီယာခွက်တွေ ၀ိုင် ခွက်တွေ တစ်ကိုင်ကိုင် တမော့မော့ လုပ်နေကြလေရဲ့ ဆိုတဲ့ သတင်းမျိုးတွေလည်း အမြဲ ကြားနေရလေ့ ရှိပါတယ်။ သတင်းသမား ဖြစ်နေတာကိုး။ သတင်း သမားမှ မြန်မာပြည်က သတင်းသမား ဖြစ်ပြီး မြန်မာ လူမျိုးတွေ ဖတ်ဖို့ မြန်မာစာနဲ့ ရေးတဲ့ သတင်း သမား ဖြစ်နေလေတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို ပျက်စီးစေမယ့် ကိစ္စတွေ၊ မြန်မာ မျက်စိနဲ့ အမြင်မလျော်တာတွေ၊ မြန်မာနားနဲ့ အကြားမလျော်တာတွေကို ထောက်ပြ ဝေဖန်ရေးသား ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ အရက် ဘယ်လို သောက်သောက်၊ တစ်ဧည့် တစ်ယောက် “ဒိတ်”တွေပြောင်းပြီး ဘယ်လို တွဲတွဲ၊ ယောက်ျားတွေ ထည်လဲ ဘယ်နှစ်ယောက်ယူယူ၊ ဘာမှ ပြောစရာ မလိုပါဘူး။ သူ့လူမျိုး သူ့စရိုက်နဲ့ သူ့ယဉ်ကျေးမှုပဲလေ။

ဘယ်လို ခေါ်ရပါ့
အ၀တ် ၀တ်ရမှန်း မသိသေးတဲ့ ကျောက်ခေတ် လူသားများလို အရိုင်းအစိုင်းများ အဖြစ် သတ်မှတ်ပြီး အ၀တ်ဝတ်တဲ့ အဆင့်ကို ရောက်လာတဲ့ အခါကျမှ ရှက်ရကြောက်ရ ကောင်းမှန်း သိလာတဲ့ အတွက် ယဉ်ကျေးတဲ့ လူသားလို့ သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်။ အဲဒီလို ဆိုတော့ဟာ ဝေယန် တိုင်းရင်းသူလို ၀တ်ထားတဲ့ မိန်းကလေးမျိုးတွေနဲ့ ရင်လျားနဲ့ စင်ပေါ်တက် ဓာတ်ပုံ ရိုက်ခံတဲ့ မိန်းကလေးတွေကို ဘယ်လို ခေါ်ရမလဲ ၀ိုင်းပြီး စဉ်းစား ပေးကြစေ လိုကြောင်းပါ ခင်ဗျား။





အပျော်တွဲ တွဲတာတွေ

တောကျတယ် ပြောပြော၊ နိုင်ငံတကာ အဆင့် မမီဘူး ဆိုဆို၊ ဂလိုဘယ် အတွေးအခေါ် မရှိဘူးလို့ ကဲ့ရဲ့ကဲ့ရဲ့ မြန်မာလူမျိုး တစ်ယောက်ဖြစ်တဲ့ အတွက် ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက် ဆိုသလို ထည်ချွတ်ထည်လဲ အပျော် တွဲကြတဲ့ ကိစ္စမျိုးတွေကိုတော့ လက်မခံနိုင်ပါဘူး။ လင်ဆိုးမယား တစ်ဖားဖား ဘ၀မှာ ဒူးနဲ့ မျက်ရည် သုတ်ပြီး သည်းခံ သည်းခံလို့ ပြောနေတာမျိုးကို လက်မခံပေမယ့်လည်း တစ်လင် တစ်မယား စနစ်ကို တန်ဖိုးထားတဲ့ မြန်မာ့ ဓလေ့စရိုက်ကိုတော့ အင်မတန် မြတ်နိုးပါတယ်။ ခေတ်ကြီး ပြောင်းတာနဲ့ အတူ အတွေးအခေါ်တွေလည်း ပြောင်း၊ နေမှုထိုင်မှု ပုံစံတွေလည်း ပြောင်းကြတာ သဘာဝ ကျပါတယ်။ ဒါပေမယ့်လို့ လူ့လောကမှာ မပြောင်းအပ်တဲ့ အရာဆိုတာ မျိုးတွေ ရှိပါတယ်။ အနိမ့်ဆုံးအားဖြင့် ဟီရိသြတပ္ပ ဆိုတဲ့ မကောင်းမှု ပြုရမှာကို ရှက်ခြင်း၊ ကြောက်ခြင်း ဆိုတဲ့ တရား နှစ်ပါးကိုတော့ လုံးဝ မပြောင်းလဲ အပ်ပါဘူး။ အရှက်မရှိ၊ အကြောက်မရှိဘူး ဆိုရင်တော့ အဲဒီသူကို လူလို့တောင် မခေါ်သင့်တော့ ဘူးလို့ ယူဆပါတယ်။


မနေချင်ရင် သွားကြပါ

မြန်မာပြည်က မြန်မာ လူမျိုးတွေမှာလည်း ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စရိုက်၊ ကိုယ်ဓလေ့ ထုံးစံတွေ ရှိပါတယ်။ မြန်မာပြည်မှာ နေရင်တော့ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို လိုက်နာရမှာပါပဲ။ မလိုက်နာချင်ဘူး၊ လွတ်လွတ်လပ်လပ် ပတ်ဝန်းကျင်ကို အလေးမထားဘဲ နေချင် သလိုနေ၊ တွဲချင် သလိုတွဲ၊ ကွဲချင်သလို ကွဲလို့ရတဲ့ လူဖြူ ယဉ်ကျေးမှုတွေကိုမှ ကြိုက်တယ် ဆိုရင်လည်း ဒီခေတ်ကြီးမှာ ဘယ်သူ မဆို နိုင်ငံကူး လက်မှတ် အလွယ်တကူ ရပါတယ်။ ကြိုက်တဲ့ နိုင်ငံကို ကြိုက်တဲ့ အချိန် ထွက်သွားနိုင်ပါတယ်။ လူဖြူတွေကို အတုခိုး လွန်ကဲပြီး မွေးကတည်းက မည်းလာတဲ့ အသားရောင်ကို ဖြူချင်လွန်းလို့ ဓာတုဗေဒ ဆေးဝါး အမျိုးမျိုး သုံးပြီး ဖြူအောင် လုပ်ခဲ့တဲ့ မိုက်ကယ် ဂျက်ဆင်ဟာ အရွယ် မတိုင်မီ သေသွားခဲ့တာကိုတော့ သတိ ပြုကြသင့်တယ်။ မိုက်ကယ်ဂျက်ဆင်ဟာ မသေခင်ကတည်းကကို မျက်နှာ ဖြူဖပ်ဖြူရော်ကြီးနဲ့ အမြင် မတင့်တယ်တော့တာလည်း မြင်ကြတဲ့ အတိုင်းပဲလေ။

ဟာဝေယန် ကျွန်းသူ

လက်ခံတဲ့ နိုင်ငံမရှိလို့ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ လုပ်ကိုင် စားသောက်စရာ အတတ်ပညာ တစ်ခုခု မရှိလို့ မသွားနိုင်ရင်လည်း နေပါ။ ဘယ်သူကမှ နှင်မထုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်နေတဲ့ နေရာဟာ မြန်မာနိုင်ငံ ဖြစ်တယ် ဆိုတာကိုတော့ အမြဲ သတိရ နေဖို့ လိုပါတယ်။ ဂလိုဘယ် လိုက်ဇေးရှင်း ဆိုတဲ့ စကားတွင်တွင် သုံးပြီး သိပ်ကို နိုင်ငံတကာ အဆင့် မီချင်သူများက ဒီအချက်ကို မေ့နေကြလို့ ပြောရတာ ဖြစ်တယ်။ နှစ်ဆန်းက လက်ဆောင်ရတဲ့ ပြက္ခဒိန် တစ်ခုဆို ချိတ်မထားအပ်လို့ ချောင်ထိုး ထားလိုက်ရပါတယ်။ မြန်မာ မိန်းကလေးတွေမှ ဟုတ်ရဲ့လားလို့တောင် သေသေချာချာ ကြည့်ရပါသေးတယ်။ နမူနာ တစ်ခုပဲ ပြောပြပါ့မယ်။ ကလေးမက ဟာဝေယန် ကျွန်းက တိုင်းရင်းသူ ၀တ်စုံနဲ့ ရိုက်ထားတာပါ။ မြက်လို လုပ်ထားတဲ့ တန်းလန်းတန်းလန်း အရွက်တွေကြားက (မရိုသေ့ စကားပြောပါရစေတော့ ဖ၀ါးနဲ့သာ နာကြပါ) အတွင်းခံ အ၀တ်တွေကို အတိုင်းသား မြင်နေရပါတယ်။ ကဲ အဲဒါကို မြန်မာမလေးပါလို့ ဘယ်လိုလုပ် ပြောရမှာလဲ။



အနုပညာရှင်လို့ မခေါ်ချင်

သူ့လွတ်လပ်ခွင့်မို့ သူဝတ်ချင်သလို ၀တ်ပြီး သူနေချင်သလို နေတာ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် ပြက္ခဒိန်လို ဂျာနယ် မဂ္ဂဇင်းလို မီဒီယာတွေပေါ် တင်လာပြီ ဆိုရင်တော့ လူအများနဲ့ ဆိုင်လာပြီ ဖြစ်တာကြောင့် မပြောမဖြစ် ပြောကို ပြောရတော့မှာ ဖြစ်ပါတယ်။ လူကြည့်ဖို့ လူမြင်ကွင်း ထုတ်ပြတာဆိုတော့ လူတွေ မကြည့်ချင်လည်း တွေ့ကြရမှာပါ။ ဒီထဲမှာ မသိ နားမလည်သေးတဲ့ အရွယ် ကလေး သူငယ်တွေလည်း ပါပါလိမ့်မယ်။ ဖျော်ဖြေရေး နယ်ပယ်က လူတွေဆိုတော့ ကလေးတွေက စိတ်ဝင်စားကြပါတယ်။ မီဒီယာထဲ မြင်တွေ့ နေရတဲ့ ဖျော်ဖြေရေး သမားတွေ (အနုပညာရှင်လို့ မခေါ်ချင်ပါဘူး) တွေရဲ့ ၀တ်စားဆင်ယင် ပုံတွေနဲ့ သူတို့ တတွေရဲ့တွဲချင်သလို တွဲ၊ ကွဲချင်သလို ကွဲတဲ့ စရိုက်တွေကို ကလေးတွေက အဟုတ်ကြီး ထင်ပြီး လိုက်တု ကုန်ကြရင် ဘယ်လို ဖြစ်ကုန်မလဲ။ အသက် ၁၆ နှစ် အရွယ်ထိ အပျိုစင်ဖြစ်နေ သေးတယ် ဆိုရင် ညံ့လိုက်တာ၊ အလိုက်တာလို့ ကဲ့ရဲ့ခံရတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းများလို ဖြစ်လာမှာတော့ ဘယ်နည်းနဲ့မှ မလိုလားနိုင်ပါဘူး။

မိန်းမဆိုတာ ရောင်းကုန် မဟုတ်

ရှေးပဒေသရာဇ် ခေတ်နဲ့ ကျေးပိုင် ကျွန်ပိုင် ခေတ်တွေ တုန်းကတော့ ယောက်ျားတွေကို ဗလ ပြပြီး ရောင်းကြ ၀ယ်ကြတယ်။ မိန်းမတွေကိုတော့ အလှပြပြီး ရောင်းကြ ၀ယ်ကြတယ်။ အခုခေတ်က ပညာခေတ်လေ။ ဗလပြပြီး စားဖို့ မလိုတော့ဘူး။ အလှပြပြီး ယောက်ျား ရှာဖို့လည်း မလိုတော့ဘူး။ ပညာသာ ပြည့်ဝနေရင် ဘီးတပ် ကုလားထိုင်ပေါ်က မသန်တဲ့ သူတောင် စွမ်းနိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ လူငယ်တွေလို ပညာကို ပြည့် သထက် ပြည့်အောင်သာ ဖြည့်ကြပါလို့ ပြောချင်ပါတယ်။ မိန်းကလေးတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ရောင်းကုန် ပစ္စည်းသဖွယ် သဘောထားပြီး ယောက်ျားကောင်း ရဖို့ လုံးပမ်းနေကြမယ့် အစား ပညာကိုသာ ရှာကြစုကြ စမ်းပါလို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။

လူထုစိန်ဝင်း

မာတိကာ


statistics

web tracker