ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Saturday, July 10, 2010

မှန်ထဲက အဖေ့မျက်နှာ

November, 2009 ပေဖူးလွှာမဂ္ဂဇင်းမှ

မှန်ထဲက အဖေ့မျက်နှာ

 လင်္ကာရည်ကျော်

(၁)
အိပ်ခန်းထဲမှာ မီးမှိန်မှိန်ကလေး ထွန်းထားသည်။
မိမိ နောက်ဆုံး အချိန်ကို ရင်ဆိုင် နေရသည့် တော်တော်များများသော လူတွေကို ခပ်မှောင် မှောင် အခန်းထဲမှာ နေရမှာကို အဖေကြောက်ဟန် မတူ။ အဖေက သိပ်သတ္တိ ကောင်းသော လူ တစ်ယောက်တော့ မဟုတ်။သာမန် ခေါင်းကိုက်တာ ကလေးတစ်ခု ထဲကို အဖေ အကျယ်ကြီး အော်ဟစ် ညည်းတွားသည်ကို သူမြင်ခဲ့ဖူးသည်။ ယခုတစ်ခါ နှလုံး ရောဂါဖြင့် အိပ်ရာထဲ လဲနေချိန်တွင်တော့ အဖေ အလွန် အေးချမ်းတည်ငြိမ်နေသည်ဟု ညီမလေး ပြောသည်။ မေမေ မရှိတော့၍ စွန့်ခွာရမည့် ဘ၀ကို သိပ်မတပ်မက်တော့တာပဲလား။ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကမှ စွဲစွဲမြဲမြဲ အားထုတ်ခဲ့သော တရားဓမ္မတို့တွင် အဖေ ကနဂိုကတည်းက အလွန် နားလည်ရ ခက် သူပေပဲ။

(၂)
“ဆေးရုံမှာပဲ ထားတာ မဟုတ်ဘူး”
ညီမလေးကို လေသံနှင့် အပြစ်တင်တော့ ညီမလေးက ပုခုံး တွန့်ပြသည်။

“အဖေက အိမ်မှာပဲ သေချင်တယ်တဲ့။ ညီမလေးတို့ အိမ်ကို လိုက်ခဲ့ပါလို့လည်း ခေါ်တာပဲ။ မရဘူး။ ဒီမှာပဲ နေမယ်တဲ့။ သမား တော်ကြီးကလည်း သူစိတ်ချမ်း သာသလို နေပါစေတဲ့။ဒီမှာလည်း ညီမလေး နေ့ည ဆရာမ ငှားပေးထားတာပဲ။ သမားတော် ကြီး လည်း နေ့တိုင်း လာကြည့်ပေးတယ်”

“ညီမလေးက ညမအိပ်ဘူးလား”

ညီမလေးမျက်နှာအထားရခက်သွားသည်။
“အိပ်တဲ့ အခါလည်း အိပ်ပါတယ်။ ဒါပေမဲ့ အကြီးမ ကလည်း ၁၀တန်းဆိုတော့ အခက်သား”

အဖေ လှဲလျောင်းနေသော အိပ်ရာဘက် ပြန်ကြည့်မိသည်။
“အဖေက သတိမရဘူးလား”

“ရပါတယ်။ ဒါပေမယ့် မှိန်းနေတာ များတယ်။ မောနေတာလား။ တရား မှတ်နေလားတော့ မသိဘူး။ ကိုကို အသံ ပေးကြည့်လေ။ သူမျက်လုံးဖွင့် ကြည့်မှာပါ”

ခေါင်းကို ဖြေးညှင်းစွာ ခါ၍ နားပါစေဟာ ဟုပြောလိုက်သည်။
“ပြောလိုက်ပါ။ သူဝမ်းသာမှာ။ ဒီရက်တွေထဲ သူသိပ်စကား မပြောဘူး။ အဲဒါ ညီမလေးက ဖေဖေ ကိုကို့ကို ခေါ်ပေးရမလားလို့ မေးတော့ ချက်ချင်း ခေါင်းညိတ်ပြတယ်။ သူ ကိုကို့ကို တော်တော် တွေ့ချင်နေတာ။ ကိုကိုကလည်း မေမေ မရှိကတည်းက နိုင်ငံခြားက ပြန်မလာတာ လေးနှစ်တောင် ရှိနေပြီလေ”

သည်တစ်ခါတော့ သူ အနေရ ခက်သွားသည်။ ဒါလည်း အမှန်ပါပဲ။ သူက အမေ့သား ဖြစ်သည်။သူ လူမှန်းသိခါစအရွယ် ကတည်းက အလုပ် ကိစ္စနှင့် တစ်ချိန်လုံး ခရီး ထွက်နေသော၊ ပြန်လာလျှင်လည်း အလုပ်ကိစ္စတွေ တပုံကြီး ပါလာသော၊သူနှင့် စကား ပြောတာဆို၍ အိမ်ကကားနှင့် ကားဒရိုင်ဘာကို အဖေ အလုပ်ကိစ္စနှင့် သူ့ကျောင်းကိစ္စ ခွဲဝေ ညှိနှိုင်းသည်က လွဲ၍ တခြားအကြောင်း သိပ်ပါလေ့ မရှိသော၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်မှာ အောင်မြင်မှုတွေ တစ်ခုပြီး တစ်ခု သူမတူအောင် ရခဲ့ပြီး အောင်မြင်မှုများထဲတွင် ပြန်လည် ယစ်မူးနေသည်ဟု သူထင်ထားသော သူ့အဖေနှင့် သူမရင်းနှီးပါ။

ခေါင်းတိုးဝင့်ခွေ့စရာ အမေ့ရင်ခွင် ကွယ်ပျောက် သွားကတည်းက အမေ့အိမ် မဟုတ်တော့သော အဖေ့အိမ်ကို သူမလွမ်း တတ်ခဲ့ပါ။ နိုင်ငံခြားမှာ လခ ကောင်းကောင်း အလုပ်တစ်ခု ရထား၍ အိမ်ကို ငွေမှန်မှန် ပို့ပေးသည်မှ တစ်ပါး အိမ်ကို သူသိပ်ဆက်သွယ်လေ့ မရှိ။
အဖေကလည်း စ၍ မဆက်သွယ်ပါ။

ပြီးတော့ ညီမလေးက အဖေ့ကို သိပ်ချစ်သည်။ အဖေ အိမ်ပြန်လာတိုင်း အဖေ့ရင်ခွင် အတင်းဝင် တိုးတတ်သူ ဖြစ်သည်။ အိမ်ထောင်ကျ သွား၍ အိမ်ခွဲ နေသည့်တိုင် အဖေ့ကို ဂရုစိုက် လိမ့်မည်ဟု သူထင်သည်။ သူကလည်း အတူ နေစဉ်က အဖေနှင့် ဖက်လှဲတကင်း မနေဖြစ်ခဲ့သဖြင့် နိုင်ငံခြား နေသော အခါတွင်လည်း ခပ်စိမ်းစိမ်း ဖြစ်နေခဲ့သော်လည်း အဖေသည် သားသမီးတွေ အပေါ်မှာ ပျမ်းမျှ ဖခင်တွေထက် တာဝန် ကျေခဲ့သည်ကို ကောင်းကောင်း နားလည်သည်။ အဖေ အလုပ် မလုပ်နိုင်တော့သော်လည်း အလုပ် လုပ်နေစဉ်ကနှင့် မခြား ပြည့်စုံ ကုံလုံစွာ နေနိုင်အောင် သူပို့ပေးခဲ့သည်။ နေမကောင်း ဘူးကြားရတော့ ပို၍ပင် တိုး ပို့ပေးသည်။ လိမ္မာရေးခြားရှိ သော ဇနီးကလည်း ဒါကို မငြိုငြင်ခဲ့။

“လူကိုယ်တိုင်လည်း တစ်ခါလောက် သွားကြည့်ပါဦး လား အစ်ကို”

“တကယ် အရေးကြီးရင်တော့ ညီမလေးက ပြောမှာပေါ့ကွယ်။ အစ်ကိုလည်း ဒီက ထွက်လို့ မရတာ အဖေလည်း နားလည်မှာပါ”

ဇနီးက ဖြေးညှင်းစွာ ခေါင်းခါသည်။
“အဖေ ကျေနပ်အောင် သွားရမှာမှ မဟုတ်တာ အစ်ကို။ အစ်ကို့ အဖေမို့ပေါ့။ ညီမ အဖေသာ ဆိုရင် ဒီမှာ ရှိတာတွေ အကုန်ပစ်ပြီး ပြေးမှာ။ အစ်ကိုက သွေးအေးလွန်းတယ်” သည်လိုနှင့်ပင် ညီမလေးက ကိုကို့ကို ဖေဖေ မှာနေပြီဟု ဖုန်းဆက်ပြောသော တစ်နေ့သို့ ရောက်ခဲ့တော့သည်။

(၃)
အဖေ။ သားရောက် လာပြီဟု သူတိုးတိုးလေး ပြောတော့ အဖေက မျက်လုံး တစ်ချက်ပင့်ကြည့်ပြီး အေး။ သားနားလေ။ မောလာရောပေါ့ ဟု တိုးတိုး ပြောသည်။ ဒါပေမယ့် သူမနားပါ။ ကမ္ဘာတစ်ဝက် ခရီးကို လေယာဉ်စီး လာရတာပေမယ့် အဖေ အိပ်ရာထဲမှာ သူ့ကို ငြိမ်ငြိမ်ကလေး စောင့်နေရတာ က ပိုပင်ပန်းနိုင်ကြောင်း သူနားလည်ပါသည်။ ညီမလေးကို အိမ်ပြန်တော့။ ငါစောင့်လိုက်မယ် ဟု ပြောလိုက်စဉ်က ညီမလေး မျက်လုံးထဲတွင် အရောင်တစ်ချက် လက်သွားသည်ကို မသိချင်ယောင် ဆောင်ရင်း အဖေ့ အိပ်ရာဘေးမှ ဆုံလည် ကုလားထိုင်တွင် သူဝင်ထိုင်သည်။

အဖေက မျက်လုံး ပြန်ပိတ်ထားသည်။ သူနာပြု ဆရာမကလေးက သူ့အတွက် ကော်ဖီဖျော်ရန် ထထွက်သွားတော့ ညီမလေးပါ အိမ်ပြန်ဖို့ လိုက်ထွက်သွားသည်။ ဘေးက စားပွဲလေးတွင် စာအုပ်များ ပြန့်ကျဲနေသည်။ အဖေတော့ စာမဖတ်နိုင်တာ ကြာရောပေါ့။ သူနာပြု ဆရာမကလေးက ဖတ်ပြနေ ဟန်တူသည်။ တရား စာအုပ်က အများစု။ မိသားစု ဓာတ်ပုံ အယ်လ်ဘမ်တွေလည်း တွေ့သည်။ ဒါတော့ အဖေကြည့်နေတာ သေချာပါသည်။ အဖေ လွမ်းနေတာပေါ့။ အမေ့ကိုလား။ငါနဲ့ ညီမလေးလည်း ပါမှာပါပဲ။

သက်ပြင်းချ၍ စာအုပ်ပုံကို ဆက်လှန်သည်။ သားရေဖုံး ဖုံးထားသော စာအုပ်တစ်အုပ် ထွက်လာသည်။ အဖုံးတွင် သူ့နာမည်ကို စတေကာနှင့် ကပ်ထားသည်။ ဖွင့်ကြည့်တော့ အဖေ့ လက်ရေးတွေ။ ဘာလဲ။ အဖေက သူ့ကို တစ်ခုခု ရေးမှာခဲ့တာလား။ စိတ်ဝင်စား စိတ်ဖြင့် စာအုပ်ကို အစမှ စဖတ်ကြည့်မိသည်။

(၄)
ပထမဦးဆုံး စာမျက်နှာမှ ပထမဦးဆုံး စာကြောင်းကသူ့ မွေးနေ့၊ ရက်၊လ၊ နှစ်အတိ အကျကို မြန်မာ သက္ကရာဇ်နှင့်ရော၊ ခရစ်နှစ်နှင့်ပါ ဖော်ပြ ထားလေသည်။ “သားလေး မွေးတယ်။၆ ပေါင်ခွဲ၊ ဖြူဖွေးနေတာပဲ။ ရယ်လိုက်ရင် ပါးချိုင့်က လေးတောင် ပါသေးတယ်။ လှလိုက်တာ။ မိန်းကလေးသာ ဆိုရင် ကြီးလာရင် အလှကြောင့် နာမည်ကြီးဦးမှာ။

ယောက်ျားလေးက တော့လှဖို့ အရေးမကြီးပါဘူး။ အောင်မြင်ဖို့ လိုတယ်။ သူများကို ဦးဆောင်နိုင်တဲ့ ယောက်ျားမျိုး။ လူအများက လေးစား အားကိုးရတဲ့ ယောက်ျားမျိုး။ အဲဒါမျိုး သားကိုဖြစ်စေချင်တယ်။ သူ့အဖေ ငါက ပညာတာ့ ထူးချွန်ပါရဲ့။ စီးပွားဥစ္စာက မပြည့်စုံ။ အိမ်ထောင်ကျ ပြီးတာ နှစ်နှစ်အထိ အိမ်ပိုင် မပြောနဲ့ ငှားတောင် မနေနိုင်လို့ သားတို့ အမေနဲ့ အတူ ဂျစ်ပစီတွေလို ဟိုလူမှီခိုလိုက်၊ ဒီလူ့ မှီခိုလိုက် နေနေရတုန်း။ အဲဒီ့ ဘ၀မျိုးနဲ့ သားကို မကြီးပြင်း စေချင်ပါဘူး။ အဲဒီ့ ဘ၀မျိုး ရှိခဲ့တယ် ဆိုတာတောင် သားကို မမှတ်မိစေချင်ဘူး။

ခုကတည်းက ကြီးပွားဖို့ နည်းလမ်း ရှာရတော့မယ်။ စင်ကာပူမှာ လုပ်ခဲ့ဖူးတဲ့ အလုပ် ပြန်သွားလုပ်လို့ကတော့ ရမှာပဲ။ ဒါပေမယ့် မိန်းမရ ကတည်းက ကိုယ်တစ်ခေါက် ပြန်သွားရင် ကောင်းမလား မသိဘူး ပြောလိုက်တိုင်း ညှိုးညှိုးသွားတဲ့ မိန်းမရဲ့မျက်နှာလေးကို မကြည့်ရက်ခဲ့တာ။ အခုတော့ ဒီလောက်လှတဲ့ သားကလေးကိုပါ ထားခဲ့ရမှာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ။

အို . . .သူတို့ကို အရိပ် တကြည့်ကြည့်နဲ့ ချစ်နေချင်တယ် ဆိုတာ အတ္တကို စွဲတဲ့ အချစ်မျိုးပဲ။ ဖခင်ကောင်း၊ အိမ်ထောင်ဦးစီးကောင်း ဆိုတာ ကိုယ်စိတ်ချမ်းသာရေးထက် ကိုယ့်ရင်သွေး နောင်ရေးကို တွက်ရမှာပဲ။ ငါပြန်သွားမယ်။ အရင်းအနှီး စုမိတော့မှ ဟိုက လုပ်ငန်းမျိုး ဒီမှာ အသေးစား ပြန်လုပ်နိုင်ဖို့ ကြိုးစားရမှာပဲ။

စာအုပ်၏ နောက်တစ်စာ မျက်နှာများကို တုန်ရီနေသော လက်များဖြင့် သူအပြေးအလွှား လှန်လှော ကြည့်မိသည်။
ဘုရား . . .ဘုရား အများ ကြီးပါလား။ အဖေ ဒါတွေ ငါ့တစ်သက်လုံး မှန်မှန် ရေးခဲ့တာပေါ့ ဟုတ်လား။ အလုပ်တွေ ကြိုးစား။ ကြိုးစားသလောက် နာမည်ကြီး။ အောင်မြင်။ အများက လေးစား အားကိုးခံရ။ အဲဒီ ဘ၀မျိုးကို ပျော်လို့ အဖေ ရွေးချယ်ခဲ့တယ် ထင်တာ။ တကယ်တော့ အဖေက ငါတို့နဲ့ပဲ နေချင်ရှာတာပါလား။ ငါတို့ အတွက် အဲဒီ အလုပ်တွေ စလုပ်ခဲ့တာပါလား။ အဖေဘက် ပြန်လှည့်ကြည့်မိသည်။ အဖေက မျက်စေ့ စုံမှိတ်ထားသည်။ အသက်ကို ပြင်းပြင်း ရှူနေသည်။ ဆရာမလေးက တိတ်ဆိတ်စွာ ဆွယ်တာ ထိုးနေသည်။
သူစာအုပ်ကို စာမျက်နှာ အနည်းငယ် ကျော်၍လှန်လိုက်သည်။


(၅)
“သား လမ်းလျှောက်ပြီတဲ့။ ခဏခဏ လဲသတဲ့။ ဒါပေမယ့် မငိုဘူးတဲ့။ ပြန်ထ လျှောက်တာပဲတဲ့။ ဒါမှ ငါ့သားကွ။ငါ့သားကလေး လမ်းလျှောက်တာ မြင်ချင်လိုက်တာ”

ဒါ အဖေ ငါတစ်နှစ်သား ကျော်ကျော်က စင်ကာပူမှာ ရေးခဲ့တာပေါ့။ နှစ်ပေါင်း လေးဆယ်လောက်တောင် ရှိနေပါ ပကောလား။
စာမျက်နှာများကို ကမန်းကတန်း ကျော်လှန်ကြည့်မိသည်။
“သားကို ၀မ်းကွဲ အစ်မတွေ မိန်းကလေးလို ၀တ်ပြီး ပန်းပန်ပေးထားတာ တွေ့လို့ စိတ်ဆိုးပြီး ပြောမိတယ်။ ဟိုက လေးတွေရဲ့ မိဘတွေ ကျေနပ်ပုံ မရဘူး။ မိန်းမကတောင် သူ့အမျိုးတွေကို ပြောလို့ မျက်နှာက ခပ်ပျက်ပျက်။ မကျေနပ်လည်း မတတ်နိုင်ဘူး။ ကလေးက မိန်းကလေးလို လှနေလို့ ပြင်ပေးကြည့်တာပါတဲ့။ ဘာဆိုင်လဲ။ ယောက်ျားကလေးက ယောက်ျားကလေးပေါ့။ သား အသက် သုံးနှစ်ပြည့်ပြီ။ ငါနိုင်ငံခြားက ယူလာတဲ့ ကလေး ပြုစုနည်း စာအုပ်တွေက ဒီအရွယ်မှာ ကလေးက သူ့ကိုယ်သူ ယောက်ျားကလေးလား၊ မိန်းကလေးလား စလေ့လာတာတဲ့။ နည်းနည်းမှ လွဲချော် လို့ မဖြစ်ဘူး။ သားကို ယောက်ျား ပီသတဲ့ သားမျိုးပဲ ဖြစ်စေချင်တယ်”

တုန်ခါသော ရင်ဖြင့် သူ မျက်ရည် ၀ိုင်းလာသည်။ စားပွဲပေါ်က တစ်ရှူးဘူးကို နှိုက်၍ မျက်လုံးကို တစ်ရှူး တစ်စ သုတ်သည်။ ဆရာမကလေး မမြင်အောင် ဖြည်းဖြည်း လုပ်ရသေးသည်။ အိမ်နှင့် သားသမီးတွေထက် သူ့အလုပ် ကိစ္စတွေကို သူပိုစိတ်ဝင်စားသည်ဟု သူအမြဲ ထင်ခဲ့သော အဖေ။ အဖေဖတ်သော ကလေး ပြုစုနည်း စာအုပ်မျိုးတွေကို သူကိုယ်တိုင် ဖခင် ဖြစ်နေပါလျက် သူမဖတ်ဖြစ်ခဲ့ပါလား။

(၆)
“သားက ကောင်မလေး တစ်ယောက်ရဲ့ပုံကို စာအုပ် ကြားထဲမှာ သိမ်းထားသတဲ့။ အုပ်စုလိုက် ဓာတ်ပုံထဲက ဖဲ့ညှပ်ထားတာပါတဲ့။ ကောင်မလေးက သူ့ထက်ကြီးပါတယ်။ သူက ကလေးသာသာ ပုံကလေး။ ပြန်ကြိုက်မှာလည်း မဟုတ်ပါဘူးတဲ့။ သူ့အမေ ပြောခါစက နည်းနည်း စိတ်ပူ တယ်။ သားက ၈ တန်းပဲ ရှိသေးတာ။ မိန်းကလေးတွေကို စိတ်ဝင်စားစရာလား။ ဒါပေမယ့် ဒါသဘာဝ တရားပဲ။ ငါ သိကြောင်း သူသိရင် ရှက်ပြီး မဟုတ်တာတွေ လျှောက်လုပ်ရင် ဒုက္ခ။ မသိချင်ယောင် ဆောင်နေတာ ကောင်းမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ တသက်လုံး စိတ်ပူခဲ့တဲ့ သားက မိန်းကလေးလို လှနေလို့ မိန်းကလေး စိတ်ဝင်မှာ စိုးတဲ့ ကိစ္စတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”

ဒါလည်း ဖေဖေသိခတာ ပါပဲလား။ ဖေဖေ ဘယ်တုန်းကမှ သူသိကြောင်း ထုတ်ဖော် ပြောဆိုဖို့ ဝေး၍ အမူအရာနှင့်ပင် မပြခဲ့သော သူ့လူပျို ပေါက်ဘ၀က အချစ် ဇာတ်လမ်း အားလုံးကိုနောက် စာမျက်နှာများတွင် အသေးစိတ် တွေ့ရသည်။ ခွင့်လွှတ်ပါ အဖေရယ်။

အဖေ့ကို သားကိစ္စတွေ စိတ်မ၀င်စားဘူးလို့ သားအမြဲပင် ထင်နေခဲ့မိတာ။ အဖေ သားတစ်ယောက်ကို အရိပ် ကြည့်နေတယ်ဆိုတာတောင် မရိပ်မိ လိုက်တဲ့သား။ တကယ်တော့ သားကသာ အဖေ့ကို စိတ်မ၀င်စား မိခဲ့တာပါလား။ သည်လိုနှင့်ပင် စာမျက်နှာများကို ဆက်တိုက် လှန်ခဲ့ရင်း အမေ မဆုံးမှီ နှစ်နှစ် အလိုသို့ ရောက်လာခဲ့တော့သည်။
(၇)
“ဆရာဝန်က နှလုံး ရောဂါတဲ့။ ကလေးတို့ မေမေကို ကလေးတွေကို ပြောပြ မထားနဲ့လို့ ပြောတော သူက သိပ်လက်မခံချင်ဘူး။ သားနဲ့ သမီးလည်း သိထားသင့်တာ ပေါ့တဲ့”

“သမီးက အရေး မကြီးဘူး။ သားသိလို့ မဖြစ်ဘူး”

အဖေက အမေ့ကိုပြော နေသံကို စာအုပ်လှန်ရင်း နားနှင့် ဆတ်ဆတ် ကြားရဘိ သကဲ့သို့ ရှိ၏။
“သမီးက အနီးမှာ။ သားက အဝေးမှာ။ မပြောကောင်း မဆိုကောင်း အဖေ အသည်းအသန် ဖြစ်တော့မှ အစက တည်းက အဖေနှလုံး ရောဂါရှိ တာကို ကျွန်တော့် ဘာလို့ ပြောမပြလဲလို့ အပြစ်တင်ရင် မခက်လား”

အမေပြန် ဆွေးနွေးသံ။
နေပါဦး အဖေနှလုံး ရောဂါရှိတာ ငါဘယ်အချိန်တုန်းက သိလိုက်တာ ပါလိမ့်မယ်။ အမေဆုံးပြီး တစ်နှစ် ကြာမှ။ အဖေ ပထမဦးဆုံး အကြိမ် ဆေးရုံ တက်ရတော့မှ။ ဒါလည်း သိပ်တော့ မထူးပါ။ သူပြန်မှ မလာဖြစ်ခဲ့ဘဲ။ အဲဒီ အချိန်မှာ သုံးနှစ် လောက်တော့ နောက်ကျခဲ့ပြီ။
နေပါဦး။ အဲဒါ ငါလက်ထပ်ခါနီး ဆဲဆဲ မဟုတ်ဘူးလား။

“သားသိလို့ မဖြစ်ဘူး။ သမီးလည်း မပြောနဲ့။ သူ့အစ်ကိုကို သွားပြောနေဦးမယ်”

အဖေ့အသံ ပြန်ပေါ်လာသည်။

“ဘာဖြစ်လို့လဲ”

“သားက လက်ထပ်ခါ နီး ပြီ။ သူနဲ့ လက်ထပ်မယ့် ကောင်မလေးကလည်း နိုင်ငံခြားမှာပဲ အခြေ ချနေတဲ့ မြန်မာ မိဘတွေက ပေါက်ဖွားလာတာ။ သူတို့ လက်ထက်ပြီးရင် ဟိုမှာပဲ အခြေ ချကြမှာပဲ။ ပြီးတော့ ကောင်မလေး အကြောင်းကို ငါ အကုန် စုံစမ်း ကြည့်ပြီးပြီ။ ဘယ်လိုမှ သဘော မကျစရာ ဘာတစ်ခုမှ မရှိဘူး။ တို့သားကို တစ်သက်လုံး တကယ် စိတ်ချမ်းသာစေမယ့် အိမ်ရှင်မလောင်း ကလေးပဲလို့ ကိုယ်ထင်တယ်။ ဒီလို မိန်းကလေးမျိုးနဲ့ လက်တွဲ ရခါနီးမှာ အဖေ ကျန်းမာရေး အကြောင်း သိလိုက်ရလို့ ဟိုမှာ အခြေချဖို့ ချီတုံချတုံ ဖြစ်သွားတာမျိုး သားကို မဖြစ် စေချင်ဘူး”

အဲဒီ့နောက် နှစ်နှစ် အကြာမှာ အမေ ရုတ်တရက် လေဖြတ်သွားသည်။ အမေ လေဖြတ်သွားသည့် သတင်းကို ရတော့ သူရူးမတတ် ဆောက် တည်ရာ မရဖြစ်ခဲ့သည်။ ကမူးရှုးထိုး အိမ်ပြန်ပြေး လာခဲ့သည်။

“အမေ သွေးတိုး ရောဂါ ရှိနေတာ မသိရအောင် အမေ့ကို မှန်မှန် ဆေးစစ် မပေးဘူးလား အဖေရယ်” ဟုပင် အဖေ့ကို မျက်ရည် လည်ရွှဲဖြင့် အပြစ်စကား ဆိုမိခဲ့သေးသည်။ တကယ်တော့ အဲသည့် အချိန်မှာ အဖေ နှလုံးရောဂါသည် ဖြစ်နေတာ နှစ်နှစ်တောင် ကြာနေခဲ့ပြီပေါ့။ အဖေက လည်း ပြောမပြ။သူကလည်း မရိပ်မိခဲ့ပါ။ အမေ ဆုံးသည်နှင့် ရက်လည် သည်အထိသာ စောင့်ပြီး အဖေ့ကို ပုဆိန်ပေါက် ဦးချ၍ နိုင်ငံခြား ပြန်ခဲ့သည်။

“သွားတော့ သားရေ။ မင်းလည်း စိတ်ချရပြီ။ ညီမလေးလည်း စိတ်ချရပြီ။ မင်းတို့ အမေလည်း သွားနှင့်ပြီ။ အဖေ့မှာ ဘာမှ နောက်ဆံတင်းစရာ မရှိတော့ဘူး။ သွားစရာ ရှိတဲ့ ခရီးသွားဖို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ရုံပဲ ကျန်တော့တယ်”
စာအုပ် ကုန်သွားပါသည်။

(၈)
အရိပ်အမြွက် ဖြစ်ဖြစ်တော့ ပြခဲ့ဖို့ ကောင်းပါတယ် အဖေရယ်။ ဖုတ်လှိုက် ဖုတ်လှိုက် အသက်ရှူရင်းက မျက်လုံးစုံ ပိတ်၍ မှိန်းနေသော အဖေ့ မျက် နှာကို ငေးကြည့်ရင်းက သူ မျက်ရည် လည်လာသည်။ ကျွန်တော်တို့တတွေ၊ အမေ့သားတွေ၊ အမေ့ သမီးတွေ လုပ်ကြ၊ အမေ့ကိုပဲ ကပ်ချွဲနွဲ့ နေပြီး အဖေ့ကို လူစိမ်း တစ်ယောက်လို ဆက်ဆံ နေခဲ့ကြတာ အဖေ့အတွက် ဘာမြတ်လို့လဲ။ အဖေ အဲဒီလို နေမှ ကျွန်တော်တို့ လိမ္မာမယ်လို့ ဘာလို့ အဖေ အစွဲအလမ်းကြီး ခဲ့ရတာလဲ။ အဲသလို နေခဲ့ရတာ အဖေ ပျော်လို့လား။ အဖေ အခုလို စကား မပြောနိုင်တော့မှ အဖေ ကျွန်တော့်ကို ဒီလောက် ဂရု စိုက်ခဲ့တာတွေ သိရတော့ ကျွန်တော် ဘယ်လိုလုပ် ဖြေမှာလဲ အဖေ။ ကျွန်တော့်ဘက်လည်း ငဲ့စဉ်းစား ကြည့်ပါဦး။ မျက်ရည်တို့က ကျလုလု ဖြစ်လာပြန်သဖြင့် ဆရာမကလေး မရိပ်မိအောင် နေရာမှ အသာထ၍ ထွက်ခဲ့သည်။ အဖေကတော့ အသက် ရှူသံ ပြင်းပြင်းနှင့် မှိန်းနေဆဲ။

(၉)
ရေချိုးခန်း ကြွေလက်ဆေး အင်တုံတွင် ကျသမျှ မျက်ရည်၊ ချွေး၊ နှာရည်တို့ အားလုံး မျက်နှာအ၀ သစ်၍ ဆေးကြောပစ်မိသည်။
ဒါတောင် ထပ်ကျ နေသေး၍ ထပ်သစ်ရပြန်သည်။ တစ်ခါလောက်ပဲ ဖြစ်ဖြစ် ခဏနေ ပြန်ကောင်းပေးပါ အဖေရယ်။ အဖေ ဂရုစိုက်ခဲ့ တာတွေကို မမှီရင်တောင် ခဏဖြစ်ဖြစ်၊ သားကြိုးစားပြီး အဖေကို ဂရုတစိုက် ပြုစုလိုက် ဖူးချင်လွန်းလို့ပါ။ တောက် တစ်ချက်ကို တိုးတိုး ခေါက်မိသည်။
တော်တော် အသုံး မကျတဲ့ ငါပါလား။ ကိုယ့်ကို ပန်းအိုး ကလေးထဲမှာ စိုက်ထားတဲ့ ပန်းပင်တစ်ပင် တဖြည်းဖြည်း ပွင့်လာတာကို စောင့်ကြည့်သလို စောင့်ပြီး ဂရုစိုက်နေတဲ့ အဖေ တစ်ယောက် ရှိနေတာကို တစ်သက်လုံး မရိပ်မိလောက်အောင် ငါက ဘယ်လောက်ညံ့တဲ့ သား မျိုးပါလိမ့်။ စိတ်တိုတိုနှင့် ကြည့်မှန်ကို မော့ကြည့်မိသည်။ မှန်ထဲမှ အဖေက သူ့ကို မျက်ထောင့်နီကြီးနှင့် ပြန်ကြည့် နေလေသည်။


ဆန္ဒမွန်ဖြင့်
လင်္ကာရည်ကျော်

မာတိကာ


statistics

web tracker