လှိုင်းတွန့် ကောင်းကင်
မြတ်သင်း
“အနှိပ်စတဲ့၊ တုတ်ခတဲ့၊ အနှပ်တတဲ့။ ဇက်ကြောကလေး လျှော့ပေးပါဦး။
လက်မောင်းကလေး နှိပ်ပေးပါဦးနဲ့။ အနှိပ်ကလေးက စပြီ။ ဒီတော့ အနှိပ်စပေါ့။ တောင်ဝှေး မပါ ရင် ဘယ်မှ သွားလို့ မရဘူး။ တောင်ဝှေးကိုပဲ အားကိုးနေရတယ်။ တုတ်ကို ခနေရပြီ။ ဒီတော့ တုတ်ခပေါ့။ ငယ် တုန်းကလို တစ်ပွက်ဆူ ကလေးတွေ၊ စောင်းကျိုး ကလေးတွေ မ၀ါး နိုင်တော့ဘူး။ နူးနူးနပ်နပ် ဖြစ်အောင် နှပ်ထားတဲ့ ဟင်းမှ စားနိုင်တော့တယ်။ အနှပ်ကို တ ရပြီလေ။ ဒီတော့ အနှပ်တပေါ့။ အင်း ဒီလို အနှိပ်စ၊ တုတ်ခ၊ အနှပ်တ ဖြစ်နေတဲ့ အရွယ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးပါးကို ပိုလို့ ဆင်ခြင်စီးဖြန်း နေရပြီပေါ့ သမီးရယ်”အိုခြင်းဆင်းရဲ အကြောင်းကို အသောကလေး စွက်ကာ ပြောပြနေသော ဖေဖေ့ အသံကို ကြားလိုက်ရသဖြင့် ခင်ဝေ အိမ်ပေါ်မှ ကမန်းကတန်း ပြေးဆင်း လာခဲ့သည်။ ဖေဖေ့ နဂိုဟန်တွေ ပြန်ပေါ်လာပြီ ဆိုပြီးလည်း ၀မ်းသာ နေမိ၏။ အောက်ထပ် ရောက်တော့ ခင်ဆွေ့ သူငယ်ချင်းတွေ ၀န်းရံနေသော ဖေဖေ့ကို တွေ့ရသည်။ လူငယ်တွေက ဖေဖေ့ကို စကား အပြောခိုင်း နေကြ၏။ ဖေဖေကလည်း စိတ်လိုလက်ရ ပြောပြနေသည်။
“ပုံပြင် ဖေဖေ ပြန်ဖြစ်သွားပြီ မမရဲ့”
ခင်ဆွေက ပြုံးတုံ့တုံ့နှင့် ပြော၏။ ခင်ဆွေက ဖေဖေ့ကို “ပုံပြင် ဖေဖေ” ဟု အမည် ပေးထားသည်။ အမည်နှင့် လိုက်အောင်လည်း ဖေဖေ့ နှုတ်ဖျားမှ ပုံပြင်တွေ တသွင်သွင် စီးဆင်း နေတတ်သည်။ ပုံပြင်တိုင်း လိုလိုတွင် ပြုံးစရာ၊ မှတ်စရာ တစ်ခုခု ပါစမြဲမို့ နားထောင်သူတွေက နှစ်ခြိုက်ကြ၏။
“ဆံပင်ညှပ်တဲ့ အဘိုးအို” ပုံပြင် ဆိုလျှင် လူတို့၏ ဘ၀ တဏှာကို မြင်သိနိုင် စေသည်မို့ အရွယ် ရနေပြီဖြစ်သော ခင်ဝေ့ သူငယ်ချင်းတွေက သဘောတွေ့ကြ၏။ တစ်ခါတုန်းက အသက်ရာကျော် အဘိုးအို တစ်ဦး ရှိသတဲ့။ ဆံသဆရာက သူ့ကို တစ်လ တစ်ကြိမ် ဆံပင် လာညှပ် ပေးရသည်။ တစ်နေ့တွင် ဆံပင်ညှပ် အပြီး၌ ဆံသဆရာက “အဘိုးရယ် အဘိုးထံက ကျွန်တော် ဆံပင်ညှပ် ယူလာတာ နှစ်ပရိ စ္ဆေဒ ကြာညောင်း လှပါပြီ။ ဒီနေ့ အတွက်တော့ ဆံပင်ညှပ်ခ မယူပါရစေနဲ့”ဟု ပြော၏။ အဘိုးအိုက “ဘာကြောင့်လဲ” ဟုမေးရာ ဆံသ ဆရာက “ဒီနေ့ ကျွန်တော် အသက်ငါးဆယ် ပြည့်တဲ့နေ့ပါ။ ဒါကြောင့် ရွှေရတု မွေးနေ့ အထိမ်းအမှတ်နဲ့ လုပ်အားခ မယူတာပါ” ဟု ရှင်းပြ၏။
ဤတွင် အဘိုးအို၏ မျက်နှာရုတ်ခြည်း ညှိုးနွမ်း သွားသဖြင့် ဆံသ ဆရာက “ကျွန်တော် စကားများ မှားသွားလို့လား ခင်ဗျာ” ဟု ပျာပျာသလဲ တောင်းပန်ရှာသည်။ ထိုအခါ အဘိုးအိုက “မင်းစကား မှားလို့ မဟုတ်ပါဘူးကွယ်။ အဘိုးတစ်ခု စဉ်းစားမိလို့ပါ။ မင်းအသက်က ငါးဆယ်ဆိုတော့ အတော်ကြီး နေပြီပဲကွယ့်။ ဒီထက် အသက်ကြီးလာလို့ မင်းကများ အဘိုးကို ဆံပင်ညှပ် မပေးနိုင်တော့ဘူး ဆိုရင် အဘိုး ဘယ်သူနဲ့ ဆံပင် ညှပ်ပါ့ မလဲဆိုတာ တွေးပြီး ပူပန်မိလို့ပါကွယ်” ဟု ပြန်ပြော လိုက်ပါသတဲ့။
နောက် ပုံပြင် တစ်ပုဒ်ကိုတော့ ယောက်ျားကလေး အုပ်စုက ပိုပြီး သဘော ကျကြသည်။
“ကျွန်တော်တို့က အပေါင်ဆိုင်နဲ့ မကင်းတဲ့ သူတွေဆိုတော့ ဘဘ ပုံပြင်ကို မိန်းကလေးတွေထက် ပိုပြီး နားလည်ခံစား တတ်တယ်” ဟု ပြောကြ၏။
ဖေဖေကလည်း “သက်ကြီးဝိုင်းများ ပွဲတောင်းကြလွန်းလို့ သုံးရက် တစ်ခါလောက် ပြောပြနေရတယ်” ဟု သူ့ပုံပြင်ကို ညွှန်းသည်။
တကယ်တောက ပုံပြင် မဟုတ်ပါ။ ရှေးလူရွှင်တော် တစ်ဦး၏ ပြက်လုံး ဖြစ်ပါသည်။ ဖေဖေတို့ တက္ကသိုလ် ကျောင်းသား ဘ၀က မန္တလေးတွင် ပန်တျာနီနီဝင်း အငြိမ့် ခေတ်စား၏။ ထိုအငြိမ့် အဖွဲ့မှ ဂျော်လီ၊ သောင်းတန် ဆိုသော လူရွှင်တော် နှစ်ဦးမှာ ဖေဖေတို့ ကျောင်းသားများ၏ အသည်းစွဲ ဖြစ်သည်။ ဖေဖေ ပြောလေ့ ရှိသော “ဂျော်လီ့ပြက်လုံး” မှာ ဤသို့ ဖြစ်သည်။
တစ်ခါက ဂျော်လီသည် ပွဲဆက်ကျဲပြီး ဘိုင်ပြတ် နေသဖြင့် သူခေါင်းပေါင်း ပေါင်းသော ပ၀ါကလေးကို အပေါင်ဆိုင် သွားပေါင်သည်။
အပေါင်ဆိုင် တရုတ်က ဆရာကီး ဘယ်လောက် ယူမလဲလို့ မေးသတဲ့။ ဂျော်လီက ပိုးပ၀ါဆိုတော့ တန်ကြေး မနည်းလောက်ပါဘူး ဆိုပြီး တစ်ကျပ်ပေးပါလို့ တောင်းသတဲ့။ တစ်ကျပ်ရရင် ခေါက်ဆွဲကြော် တစ်ပွဲမှာပြီး အားရပါးရ စားလိုက်ဦးမယ်လို့လည်း တွေးသတဲ့။ ဆိုင်ရှင်က မရဘူး လို့ ပြောသတဲ့။ ဂျော်လီက ငါးမူးတော့ ပေးပါဗျာလို့ တောင်းသတဲ့။ ငါးမူးရရင် ဆီချက် တစ်ပွဲတော့ စားလို့ ရသေးတာပဲလို့ တွေးသတဲ့။ ဆိုင်ရှင်က မရဘူးလို့ ပြောပြန်သတဲ့။ ဂျော်လီက ဒါဆိုလည်း တစ်မတ်တော့ ပေးဗျာလို့ တောင်းသတဲ့။ တစ်မတ်ရရင် လက်ဖက်ရည် တစ်ခွက်တော့ သောက်လို့ ရသေးတာပဲလို့ တွေးသတဲ့။ ဆိုင်ရှင်က မရဘူးလို့ ပြောပြန်သတဲ့။ ဂျော်လီက စိတ်မရှည် နိုင်တော့တာနဲ့ ဒါဖြင့် ဘယ်လောက် ပေးမှာလဲလို့ မေးလိုက်သတဲ့။ ဆိုင်ရှင်က ဆရာကီး ပ၀ါက အားကီး ဟောင်းနေပြီ။ ဆယ်ပြားပဲ ရမယ်လို့ ပြောသတဲ့။ ဂျော်လီက ဆယ်ပြားဆိုလည်း မဆိုးပါဘူး။ နဂါးဆေးလိပ် အတုတ်ကြီး တစ်လိပ်တော့ ရသေးတယ်။ နေပူပူမှာ ဆေးလိပ်ဖွာပြီး မှိန်းနေရုံပေါ့လို့ တွေးသတဲ့။ ဒါနဲ့ ကဲ ပေးပေး ဆယ်ပြားပဲ ပေးတော့လို့ ပြောလိုက်သတဲ့။
ဆိုင်ရှင်က ဂဏန်းတွေရေး၊ စာရွက်ပေါ်မျာ ဂျော်လီရဲ့ လက်ဗွေနှိပ်ပြီး အပေါင် လက်မှတ်နဲ့ ပိုက်ဆံ ဆယ်ပြားကို ကြက်တူရွေးတန်း အောက်ကနေ ထိုးပေးသတဲ့။ ဂျော်လီက လှမ်းယူပြီး ထွက်သွားမယ် လုပ်တော့ ဆိုင်ရှင်က ကိုဂျော်လီ လက်မှတ်ခက ဆယ်ပြား ကျပါတယ်လို့ ပြောတာနဲ့ ပိုက်ဆံဆယ်ပြား ပြန်ပေးထား ခဲ့ရသတဲ့။ ဂျော်လီက သောင်းတန်ကို ပြောတဲ့ အပိတ် စကားကတော့ ငါ့ကွာ ခေါက်ဆွဲကြော် စားချင်လို့ ပ၀ါကလေး ကိုင်ပြီး အပေါင်ဆိုင် သွားပါတယ်။ ဘာမှ မရဘဲ အပေါင် လက်မှတ်ကလေး ကိုင်ပြီး ပြန်လာခဲ့ ရသဗျတဲ့”
ဂျော်လီ့ ပြက်လုံးကို အကြိမ်ကြိမ် ကြားနေရသော်လည်း ရိုးသည် မရှိ။ ခင်ဝေတို့၊ ခင်ဆွေတို့ အပေါင်းအသင်း ထဲတွင် လူသစ် တစ်ယောက် တိုးလာတိုင်း ဂျော်လီ့ ပြက်လုံးကို ပြောပြဖို့ ဖေဖေ့ကို ပူဆာရမြဲ ဖြစ်သည်။ ခင်ဝေ့ သူငယ်ချင်း တစ်ယောက်ကမူ နှောင်းခေတ်မှ ကုန်ဈေးနှုန်းများကို သိလိုက်ရသည့် အတွက် ဂျော်လီ ပြက်လုံးသည် ဟာသရသ သာမက အဗ္ဘုတရသပါ ခံစားရသော ပြက်လုံးဟု မှတ်ချက်ပြုသည်။
ခင်ဆွေ့ သူငယ်ချင်း တစ်ယောက်က “အင်း လက်ဗွေ နှိပ်ရတယ် ဆိုတော့ လက်မ မည်းကလေးနဲ့ ပြန်လာ ရရှာမှာကို မြင်ယောင် မိသေးတယ်ဗျာ” ဟု ဂျော်လီ့ အတွက် ဂရုဏာ စကားဆိုသည်။ ခင်ဝေတို့ လမ်းထိပ်၌ အပေါင်ဆိုင် တစ်ဆိုင်ရှိရာ ထိုဆိုင်ရှေ့မှ ဖြတ်သွားတိုင်း ဂျော်လီ့ ပြက်လုံးကို သတိရပြီး ခင်ဝေ ပြုံးမိတတ်သည်။
ခင်ဝေ့တွင် စာရေး ဆရာမ မိတ်ဆွေ တစ်ဦးရှိသည်။ ဖေဖေနှင့် မကြာခဏ စကား ပြောတတ်၏။ “နင့်အဖေနဲ့ စကား ပြောရတာ ကုန်ကြမ်းတွေ အများကြီးရတယ်” ဟု ပြောသည်။ တစ်ခါက အမျိုးသမီးငယ် တစ်ဦး ရန်ကုန် ရောက်လာသတဲ့။ အလုပ် စာမေးပွဲ ဖြေရန် လာခြင်းဖြစ်၏။ တိုက် အမှတ် ၉၉၊ ပထမထပ်ကို မရှာတတ်သဖြင့် အခက် တွေ့နေသည်။ အဘိုးအို တစ်ဦးကို လမ်းတွင် တွေ့၍ လိပ်စာကို ပြပြီး မေးကြည့်၏။
“အိမ်း ငါ့မြေးမေးတာက မြန်မာလိုလား။ အင်္ဂလိပ်လိုလား။ မြန်မာလို ဆိုရင်တော့ ပထမထပ် ဆိုတာ မြေညီထပ်ကို ခေါ်သကွဲ့။ အင်္ဂလိပ်လို ဆိုရင်တော့ ပထမထပ် ဆိုတာ မြေညီထပ်ရဲ့ အထက်က အထပ်ကို ခေါ်သကွဲ့။အဆောက် အအုံတစ်ခုရဲ့အစိတ်အပိုင်းတွေကို မှန်အောင် ခေါ်တတ်ဖို့ ဆိုတာ သိပ်အရေးကြီးသကွဲ့။ မြန်မာ အိမ်တစ်လုံးမှာ ဆိုရင် ခေါင်လျောက်တဲ့၊၊ ဒိုင်းတဲ့၊ ကျားမော့တဲ့၊ မြင်းမိုရ် ပိတ်တဲ့၊ ထုပ်တဲ့၊ ကျီးအက်တဲ့၊၊ ဆင့်တဲ့၊ လှေကားတဲ့၊ ရက်မတဲ့၊၊ လျောက်တဲ့၊ အခြင်တဲ့၊ မြားတဲ့၊ အစိတ်အပိုင်း ဆယ့်နှစ်မျိုး ရှိသကွဲ့။ ဗိသုကာ ပညာမှာ ဆိုရင်လည်း ရောမခေတ်တဲ့၊၊ ဂရိ ခေတ်တဲ့၊ ဂန္ထ၀င် ခေတ်တဲ့၊ ခေတ်သစ်တဲ့၊၊ အမျိုးမျိုး ရှိသကွဲ့။ မြန်မာနိုင်ငံ ပျူခေတ်က ဗိသုကာ လက်ရာတွေကို လေ့လာကြည့်မယ် ဆိုရင် .. . ”
အဘိုးအို စကားကြော ရှည်နေသည်နှင့် အမျိုး သမီးငယ်ခမျာ စာမေးပွဲသို့ အချိန်မီ မရောက်တော့ဘူးတဲ့။ အလုပ်ရဖို့ အခွင့်အရေးလည်း ဆုံးရှုံး သွားပါသတဲ့။
ဖေဖေပြောလေ့ ရှိသော ပုံပြင် တစ်ပုဒ် ဖြစ်သည်။ လူငယ်တွေက သူ့ကို စကား အပြောခိုင်းလျှင် ဖေဖေက ဤပုံပြင်ကို ပြောပြတတ်၏။
“သက်ကြီးရွယ်အိုတွေ ဟာ သိပ်စကား ပြောချင်ကြတယ်ကွယ့်။ စကားလည်းများ တတ်ကြတယ်။ သတိထားကြ”ဟူသော သြ၀ါဒနှင့် ပုံပြင်ကို နိဂုံးချုပ်သည်။
ထိုပုံပြင် ပြောသည့် နေ့မျိုး၌ ဧည့်သည်များ ပြန်သွားလျှင် ခင်ဆွေသည် ဖေဖေ့ အနားသို့ လာကပ်လေ့ရှိ၏။ ခင်ဆွေ ဘာပြောမည် ဆိုသည်ကို သိ၍ ဖေဖေက မျက်နှာ လွှဲထားသော်လည်း ခင်ဆွေက ကျီစယ်သော စကားကို ဆိုဖြစ်အောင်ပင် ဆိုဘိသည်။
“ဖေဖေကတော့လေ အဘိုးကြီးတွေ စကား အများကြီး ပြောတတ်တဲ့ အကြောင်းကို စကားတွေ အများကြီးနဲ့ ပြောပြ နေတတ်တဲ့ အဘိုးကြီး တစ်ယောက်ပါပဲနော်”
ခင်ဆွေက ဖေဖေ့ကို “ပုံပြင် ဖေဖေ” ဟု အမည် ပေးထားသော်လည်း ခင်ဝေကတော့ “ဆောင်ပုဒ် ဖေဖေ” ဟု အမည် ပေးချင်သည်။ ဖေဖေသည် ဆောင်ပုဒ်များတွင် မွေ့လျော် လွန်းလှ၏။
“အစီအစဉ် မရှိသော စိတ်သည် ညစ်ညူး၏”
ဖေဖေ့ အလုပ်ခန်း နံရံပေါ်မှ ဆောင်ပုဒ်ဖြစ်သည်။ ဖေဖေသည် အချိန်ကို စီမံတတ်၏။ ဖေဖေ့တွင် နေ့စဉ် အချိန်ဇယား ရှိသည်။
“အသား၊ ထမင်း၊ ဟင်းရွက်၊ သစ်သီး”
ထမင်းစားခန်း နံရံပေါ်မှ ဆောင်ပုဒ် ဖြစ်သည်။ ဖေဖေက ထမင်းဝိုင်းတွင် ဤအာဟာရ အုပ်စုလေးမျိုး လုံးစုံအောင် ပါစေ့ချင်သည်။ အသားဟု ဆိုရာ၌ ငါးလည်း ပါနိုင်သလို ထမင်းဟု ဆိုရာ၌ ပေါင်မုန့်လည်း ပါနိုင်သည်။ ဘုရားခန်းမှာ၊ ဧည့်ခန်းမှာ၊ အိပ်ခန်းမှာ၊ ရေချိုးခန်းမှာ အခြား ဆောင်ပုဒ်တွေ အများကြီး ရှိသေး၏။
“ဖေဖေ ဒီနေ့ သက်ကြီးဝိုင်းကို မသွားဘူးလား”
နေ့ခင်း တရေး အိပ်ရာမှ နိုးလာသော ဖေဖေ့ကို ခင်ဝေက မေးရာ ဖေဖေက “သွားမှာ” ဟု ပြန်ဖြေသည်။ မွန်းလွဲ နှစ်နာရီခွဲတွင် ဖေဖေနှင့် မိတ်ဆွေများ ဆုံလေ့ရှိ၏။ ကန်လမ်းထဲမှ “ထူး” လက်ဖက်ရည်ဆိုင်မှာ ဆုံကြသည်။ တိုင်းရင်း ဆေးဆရာ တစ်ဦး၊ ကန်ထရိုက်တစ်ဦးနှင့် ပန်းချီဆရာကြီး တစ်ဦးတို့ လာရောက်ကြသည်။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်၏ ဖခင်သည်လည်း ဖေဖေတို့နှင့် ရွယ်တူ ဖြစ်၍ သက်ကြီးဝိုင်းတွင် ၀င်ထိုင်သည်။ လက်ဖက်ရည် သောက်ရင်း ထွေရာလေးပါး ပြောဆိုကြခြင်း ဖြစ်သည်။ “အသက်ကြီးတဲ့ လူတွေ ဒီလို ဆုံတွေ့ကြတော့ အထီးကျန် မဖြစ်ဘူးပေါ့။ စကား ပြောကြတော့လည်း ပြင်ပလောက အကြောင်း သိရတာပေါ့။ အနည်းဆုံး လမ်းလျှောက်ပြီး သွားရတဲ့ အတွက် ကျန်းမာတာ ပေါ့”ဟု တွေးကာ ဖေဖေ သက်ကြီးဝိုင်းသို့ သွားသည်ကို မိသားစုက ကြည်ဖြူကြသည်။
“သက်ကြီးဝိုင်းမှာတော့ ဖေဖေက ဦးဆောင် ဆွေးနွေးသူ ပေါ့နော်”
ဟု ခင်ဝေက ပြောရာ “တစ်လှည့်စီပါပဲ သမီးရယ်။ တိုင်းရင်း ဆေးဆရာကြီးက ဆိုရင် စကား ပြောသိပ်ကောင်းတာ”ဟု ဖေဖေက ပြန်ပြော၏။
“တလောတုန်းက ဖေဖေ ဘာဖြစ်လို့ စကား မပြောဘဲ ငိုင်တိုင်တိုင် ဖြစ်နေတာလဲ။ စိတ်တိုင်း မကျတာများ ရှိလို့လား”
ခင်ဆွေ့ သူငယ်ချင်းများကို “အနှိပ်စ၊ တုတ်ခ၊ အနှပ်တ” အကြောင်း ပြောသည့်နေ့ မတိုင်မီ ရက်များက ဖေဖေ ငေးငေးငိုင်ငိုင် ဖြစ်နေသည်ကို သတိထား မိ၍ ခင်ဝေက မေးကြည့်သည်။
“ဘာမှ မဖြစ်ပါဘူး သမီးရယ်။ စိတ်တိုင်း မကျတာလည်း မရှိပါဘူး။ အဲဒီ ရက်ပိုင်းက ဇာတိရွာကို သတိရ နေလို့ပါ။ ညီနဲ့ တူ၊ တူမတွေကိုလည်း သတိ ရနေတယ်”
ဒီနှစ် ဆောင်းဝင်လို့ အပူရှိန် လျော့သွားလျှင် ဖေဖေ့ကို အညာ တစ်ခေါက်လောက်တော့ အလည် ပို့ဦးမှဟု ခင်ဝေ စဉ်းစားသည်။
ဖေဖေက ကန်လမ်းသို့ သွားရန် ပြင်ဆင်၏။ ခင်ဝေက ဖေဖေ့အား တုတ်သဖွယ် သုံးနိုင်သော ထီး အရှည်ကြီးကို ယူပေးလိုက်သည်။
(၃)
ပုံပြင် ဖေဖေနှင့် ဆောင်ပုဒ် ဖေဖေ အကြောင်း ပြီးတော့“ပင်စင်ဖေဖေ”အကြောင်းကို ခင်ဝေ ဆက်တွေး နေမိပြန်သည်။
“ပင်စင်ယူတယ် ဆိုတာ လေယာဉ် တစ်စင်းကနေ တစ်စင်း ပြောင်းစီးတာပါပဲ။ ကိုယ့်ကို ဒူးထောက်မယ့် သူမရှိတော့ပေမယ့် ကိုယ်က ဒူးထောက်ရ မယ့် သူမရှိတော့တာကိုပဲ ကျေနပ် လှပါပြီ”
လွန်ခဲ့သော ဆယ်နှစ်ကျော်က ဖေဖေ့ ကြုံးဝါးသံ ဖြစ်၏။ ပင်စင် ယူပြီးခါစက ဖေဖေသည် ၀ါသနာ လုပ်ငန်း တစ်ခုကို လုပ်သေး၏။ နောက်ပိုင်းတွင် ထိုလုပ်ငန်းကို မိတ်ဆွေ တစ်ဦးအား လွှဲပေးလိုက်ပြီး လုံးဝ အနား ယူခဲ့သည်။ ဖေဖေ အငြိမ်းစား ယူစဉ် ကာလက ကုန်ဈေးနှုန်းသည် စင်အောက်မှာ အိပ်ပျော် နေဆဲ။ ဖေဖေ့ ပင်စင် လစာသည် သင့်တင့် လျောက်ပတ်သော ပမာဏ ဖြစ်၏။ ဖေဖေ့မှာ မိမိကိုယ် မိမိ ယုံကြည် စိတ်ချမှု အပြည့် ရှိသည်။ ဖေဖေ ပင်စင် သွားမည့်နေ့ ဆိုလျှင် တစ်အိမ်သားလုံး သိနေကြ၏။
“ပင်စင် သွားထုတ်မလို့ဟေ့။ ဘာဝယ်ခဲ့ရဦးမလဲ”
နောက်ပိုင်းတွင်တော့ ကုန်ဈေးနှုန်းက အိပ်ရာမှ နိုးထလာသည်။ ဖေဖေ့ လစာသည် သင့်တင့် လျောက်ပတ်သော ပမာဏ မဟုတ်တော့။
အချိန်သည် ဖေဖေ့ ယုံကြည် စိတ်ချမှုကို တအိအိ ပြိုကျအောင် တိုက်စားခဲ့သည်။ ကုန်ဈေးနှုန်းသည် စင်ပေါ် တက်လာခဲ့၏။ ဖေဖေ့ လစာသည် ပြောပလောက်သော ပမာဏ မဟုတ်တော့။
“ဖေဖေ့ ကျေးဇူးကြောင့် သမီးတို့ အခုလို နေနိုင်ကြတာပါ။ ကိုကို စင်ကာပူက လစဉ် ပို့တဲ့ ပိုက်ဆံရယ်။ သမီးတို့ ညီအစ်မနှစ်ယောက် ၀င်ငွေရယ် ရှိနေတာမို့ အိမ်အတွက် ဘာမှ ကြောင့်ကြစရာ မလိုပါဘူး”
ခင်ဝေတို့က ဖေဖေ့ကို အားပေးစကား ပြောကြ၏။ ဖေဖေ့ မျက်နှာ လန်းဆန်း နေသည်ကို မြင်ရသဖြင့် ၀မ်းမြောက် ကြသည်။ ဖေဖေကတော့ ပင်စင် ထုတ်ရန် ဘဏ်သို့ လစဉ်သွား မြဲသွားသည်။ ယခင်လို ညိုးညိုး ညံညံတော့ မဟုတ်။ တိတ်ဆိတ်စွာ သွားသည်။ ခင်ဝေတို့က မသွားစေချင် ဟန်ပြလျှင်
“ဂင်္ဂါမာလ ဇာတ်တော်ထဲက ရေသည်ဟာ ဥဒယမင်းက တိုင်းပြည်တစ်ဝက် ခွဲပေးထားတာတောင် ရေသည် ဘ၀တုန်းက ဗာရာဏီပြည် မြောက်တံခါးက အုတ်ချပ်ကြားမှာ သူဝှက်ထားတဲ့ အသပြာ ပဲဝက်ကို သွားယူသေးတာပဲ သမီးတို့ရယ်”
ဟု လေအေး ကလေးနှင့် ပြန်ပြောတတ်၏။
တစ်ခါ တစ်ရံတွင်တော့ “ဖေဖေ တာဝန်ကျေခဲ့တဲ့ အတွက် တိုင်းပြည်က ချီးမြှင့်တဲ့ ဆုကို ဖေဖေ တန်ဖိုး ထားရမှာပဲ” ဟု ခပ်ထန်ထန် ပြော တတ်သည်။ ခင်ဝေကတော့ ကားခနဲ့ လက်ဖက်ရည်ဖိုးနဲ့ ကာမှ ကာ မိရဲ့လားဟု တွေးနေမိသည်။ နေသာသော နေ့တစ်နေ့။
ခြံထဲမှာ သနပ်ခါးပန်း ရနံ့တွေ မွှေးပျံ့နေသည်။ လေပြည် ကလေးတစ်ချက် ဝှေ့လိုက်၏။ သစ်ရွက်ခြောက်တွေ ရှပ်တိုက် ပြေးသွားသော အသံကို ကြား ရသည်။ အုတ်လမ်းပေါ်၌ ချိုးကလေး နှစ်ကောင် အစာ ကောက်နေကြ၏။
အိမ်ရှေ့ဆင်ဝင်အောက်တွင် ထိုင်နေသော ဖေဖေ့ကို ခင်ဝေ ငေးကြည့် နေမိ၏။ ဆံပင်တွေက နွေတိမ်တိုက်များလို ဖွေးဆွတ် နေကြသည်။ ရေလှိုင်း ကလေးတွေ စွန့်ခွာသွားသော သဲသောင်ပြင်နှယ် ဖေဖေ့ ပါးပေါ်မှာ အရေးအကြောင်းတွေ ၀န်းယှက်နေကြ၏။ ဖေဖေ့ ပခုံး နှစ်ဖက်ကား ငှက်သမ္ဗာန်၏ အမြီး နှစ်ခွသဖွယ် ကွေးညွတ် နေကြ၏။
နံနက်က ဖေဖေ ပင်စင် ထုတ်သွားသည်ကို ခင်ဝေ မသိလိုက်။ ဗီရိုကို ဖွင့်ပြီး ပင်စင် စာအုပ် ပြန်ထားနေသည်ကို မြင်မှ ဖေဖေ ဘဏ်က ပြန်လာမှန်း သိရသည်။ ခင်ဝေက နာရီကို ကြည့်လိုက်၏။ နှစ်နာရီ ခွဲနေပြီ။ ဖေဖေ သက်ကြီးဝိုင်းကို မသွားဘူးလား။ သွားမည့် အရိပ်အယောင်ကို မတွေ့ရ။ မသွားတော့ဘူး ထင်ပါရဲ့။ မသွားဘဲများ နေမလို့လား။ အေးလေ ဒီလို နေ့မျိုးမှာတော့ မသွားတာပဲ ကောင်းပါတယ်။ မတော်လို့ အဘိုးကြီးတွေက ဖေဖေ့ကို ဂျော်လီ့ ပြက်လုံးများ အပြော ခိုင်းနေရင် အခက်။ ခင်ဝေကား ကြံကြံဖန်ဖန် တွေးတော ပူပန် နေမိတော့သည်။
မြတ်သင်း