ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, August 1, 2010

အကယ်ဒမီမင်းသားကြီး မြတ်လေးနဲ့ စကားထွေတလာ

အကယ်ဒမီမင်းသားကြီး မြတ်လေးနဲ့ စကားထွေတလာ

မောင်ညီညွတ်

၁၉၉၈ ခု၊ ဧပြီလနှောင်းပိုင်းတရက်မှာ ဆရာမြတ်လေးကို ကျနော်တို့ ရန်ကုန်အရှေ့ပိုင်း ရေကျော်ရှိ ဇေယျာမြိုင်ဥယျာဉ်ထဲမှာ တွေ့ခဲ့ပါ တယ်။ သူက မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပါတယ်။ ကျနော်တို့က လာရခြင်းအကြောင်းရင်းကို ပြောတော့ ခဏထိုင် ခိုင်းပါတယ်။ ပြီးတော့ ဇေယျာမြိုင်ဥယျာဉ်ထဲက လူရှင်းတဲ့နေရာကို ခေါ်သွားပါတယ်။ ထိုင်ခုံပေါ်မှာ ထိုင်ပြီးတဲ့အခါမှာတော့ “ကဲမောင် ရင်တို့ ဘာမေးကြမလို့လဲ” လို့ ပြောပါတယ်။ ကျနော်တို့ လည်း သိချင်တာတွေ မေးချင်တာတွေ မေးပါတယ်။ ဆရာမြတ်ကလည်း စိတ် ရှည်လက်ရှည်နဲ့ ကျနော်တို့မေးသမျှကို အချိန်ပေးပြောခဲ့ပါတယ်။

ဆရာမြတ်ရဲ့ မခင်နှင်းဆီ သီချင်းဟာ တချိန်က တော်တော်နာမည်ကြီးခဲ့တယ် နော်။ အဲဒီသီချင်းကို ဘယ်လိုများ ရေးဖြစ်ခဲ့ပါသလဲ။

"ဒါ ဘာမှမဟုတ်ပါဘူး။ ပေါ်ပြူလာဖြစ်နေတဲ့ နှင်းဆီဆိုတဲ့ မိန်းကလေးနာမည် ကို ရှေ့က “မ” တပ်ပေးလိုက်တာပါ။ နှင်းဆီဆိုတာ ကမ္ဘာမှာ ပေါ်ပြူလာဖြစ်ပြီး သားပါ။ Rosy တို့ Rose တို့ ကမ္ဘာ့သီချင်းရေးဆရာတွေ၊ ကဗျာဆရာတွေ အ များကြီးသုံးကြတာပဲ။ ဖွဲ့ကြတာပဲ။ ကျနော်တို့က နောက်လိုက်ပါ။ နှင်းဆီကိုဖွဲ့ခဲ့ တဲ့ ကဗျာဆရာတွေ မြန်မာပြည်မှာလည်း အများကြီးပါ။ ကျနော်က မခင်နှင်း ဆီ ဆိုပြီး “မ” တပ် သီချင်းရေးလိုက်တာပါပဲ။ သင်္ခါရတရားသဘောပါ။ တချို့ ကတော့ ဆူးတွေကို ဖွဲ့တာပေါ့ဗျာ။ နှင်းဆီက လှတယ်။ ဆူးက ကြောက်စရာ ကောင်းတယ်။ အဲဒီလို ဖွဲ့တဲ့ကဗျာတွေ မြန်မာပြည်မှာ အများကြီးပါ။ ကျနော်တို့ က အသစ်သမားဆိုတော့ develop then new form old ဆိုတဲ့ မော်စီတုန်း သီအိုရီလိုပါပဲ။ ကျနော့်ဟာ ကျနော်သစ်တာမဟုတ်ပါဘူး။ ရှေးဟောင်းစာပေ ပေါ် မူတည်ပြီး ကျနော်သစ်တာပါ။ သဘောပေါက်တယ် မဟုတ်လား။ တချို့ သီချင်းရေးဆရာအတော်များများဟာ ရာသီဖွဲ့တွေ ဖတ်ကြတယ်။ အဲဒီအထဲက ထုတ်နုတ်ရေးတတ်ကြတယ်။ ဥပမာ လူ့လောက ဟန်ပန်ရေးရဲ့ ပျမ်းမျှကြေးအ ဖြေ၊ ဥရောပဆန်ဆန် တွေးတဲ့ ရှမ်းမလေးရေ။ ဒါ ပဒေသရာဇာရေးတာမှ မ ဟုတ်တာဗျာ။ ဦးကြင်ဥ အငွေ့အသက်မှ မဟုတ်တာ။ ဦးကြင်ဥတို့၊ ဦးပုညတို့ စာတွေလည်း မသုံးဘူးလားဆိုတော့ သုံးတာပဲ။ ကိုယ့်ဘာသာ ကိုယ်လည်း မြန်မာစာအခြေခံနဲ့ သုံးတာပဲ။ မြန်မာစာ အခြေခံ မရှိဘဲ မင်းဘာသာမင်း အသစ်ထွင်လို့ရသလား။ ဒီဝါကျတွေ ဘယ်လိုလုပ်မလဲ။

ဆရာမြတ်သီချင်းစပ်တဲ့အခါ ဘယ်လိုရေးစပ်တတ်ပါသလဲ။

ကျနော်က သူများလို တီးခတ်လည်း မဟုတ်ဘူး။ ဆိုစပ်ကြီးလေ။ အဲဒီတော့ သီချင်းရေးဆရာလို့ မခေါ်ကြပါနဲ့ကွာလို့။

သီချင်းရေးစပ်သူ တယောက်ရဲ့ အရည်အချင်းကို ပြောပြပါဦး ဆရာမြတ်။

သီချင်းရေးရင် သီချင်းဆိုတတ်ရတယ်။ မဆိုမှမဆိုတတ်ရင် ဘယ်လိုလုပ် သီချင်းရေးမလဲ။ ရှေးတုန်းက နန်းတွင်းသူတွေ သီချင်းရေး တယ်ဗျာ။ ဥပမာ မယ်ခွေတို့ ခေတ်ကိုကြည့်လေ။ လှိုင်ထိပ်ခေါင်တင်လည်း စောင်းတွေဘာတွေ တီးပြီးစပ်တာမှမဟုတ်တာ။ သူ့ဘော လည်ကလည်း ဆိုစပ်ပဲဗျ။ နောက်မှ အထိန်းတော်တွေက စောင်းတွေနဲ့ လိုက်တီးကြတာ။ အဲဒီတော့ သီချင်းရေးဖို့က တခုခုတတ်ရ တယ်လေ။ မလွယ်ဘူး။ စည်းဝါးလေးမှ မတတ်ရင် ဘယ်လိုလုပ်ရေးမလဲ။ ငါ ဆိုပြ မယ်ကွာဆိုပြီး ကိုယ့်စာသားနဲ့ ကိုယ့်ကဗျာနဲ့ ကိုယ် ဆိုပြတော့မှ ဟုတ်ပါလားဆိုပြီး လိုက်တီးရင်းနဲ့ ဟိုပြင်ဒီပြင်ရင်းနဲ့ သီချင်းဖြစ်သွားတာပေါ့ဗျာ။ စည်းဝါးအကျ ဆိုပြရတယ်။ အဲဒီလိုမှ မ ဟုတ်ဘဲ သီချင်းရေးလို့ ဘယ်ရမလဲ။ ကိုယ်ကိုယ်တိုင် “ကမ္ဘာမကြေ” မရဘူး။ ငါလည်း သီချင်းရေးဆရာလို့ ဆိုရင် ကျနော်တော့ ရှက် တယ်။ ကျနော်အခုဆို သီချင်းရေးဆရာဘဝက နုတ်ထွက်ချင်လာပြီ။ အခုတော့ မလွယ်ဘူး။ သိပ်ပင်ပန်းတယ်။ အရင်တုန်းက စာသား တွေကို မမီတော့ဘူး။ အ ရင်တုန်းကတော့ သိပ်ကြိုးစားခဲ့တဲ့ကာလပေါ့ဗျာ။ အရင်တုန်းက စာသားတွေ သိပ်သွက်တာပဲ။ သွက်ဆို အပံ့ ရှိခဲ့တယ်လေ။ အဲဒီတုန်းကတော့ ကဗျာတွေ ဖတ် တာကိုး။

ဆရာမြတ်သီချင်းရေးရင် နဘေထပ်တွေကို သေသေသပ်သပ်၊ ထိထိမိမိနဲ့ လှလှပပ စပ်တတ်တယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေကိုရော ဖတ်သလား။

ဖတ်တာပေါ့။ ကျနော့်အဘိုးကြီးရဲ့ စာတွေကို ကျနော်သိပ်ကြိုက်တာ။ ကျနော့်နဘေတွေက ဆရာကြီးမှိုင်းရဲ့ အပုံတရာပုံတပုံတောင် မရှိပါဘူးဗျာ။ အဲဒီတုန်းက တော့ နဘေမှာ လေးကြောင်းလာမလား။ ငါးကြောင်းလာမလား။ ကျနော်စပ်တာ အခု ဝတ္ထုရေးရင် အဲဒီအ ကျင့်တွေ ပါပါနေလို့ စိတ်ညစ်နေရတယ်။

ဆရာမြတ်က စာတွေလည်းရေး၊ ဝတ္ထုတွေလည်း ရေးခဲ့သူဆိုတော့ ဆရာမြတ် လေးစားကြည်ညိုတဲ့ စာရေးဆရာတွေ ရှိခဲ့ပါသလား။

ရှိတာပေါ့။ ဥပမာ ဗန်းမော်တင်အောင်ဗျာ။ သူက လမ်း (၄၀) မှာ လင်းယုန်မဂ္ဂဇင်းထောင်တယ်။ ကျနော်က ဘာကောင်မှမဟုတ်သေး ဘူး။ သူက အင်္ဂလိပ် စာ ကြည့်တိုက်ကို (၁၂) နာရီခွဲလောက်ဆိုရင် ငန်းတော်ကျား လုံချည်ကြီးနဲ့ ပန်းဆိုးတန်းလမ်းမကြီးလျှောက်ပြီး အင်္ဂလိပ်စာအုပ်တအုပ် ကိုင်လာတယ်။ ဗန်းမော်တင် အောင်လာပြီဆိုရင် ရုံးစာရေးမတွေကအစ ဝိုင်းကြည့်ကြတယ်။ ဘာဖြစ်လို့လဲသိ လား။ အဲဒီတုန်းက မြန်မာပြည်မှာဖြစ်နေတဲ့ ဇာတ်လိုက်တွေထက် ချောလို့ဗျာ။ သူ့ကို ရုပ်ရှင်မင်းသားလုပ်ပါလားလို့ ဗြိတိသျှဘာမား ဦး ညွန့်က ပြောဖူးတယ်။ သူက မလုပ်ပါရစေနဲ့တဲ့။ ဗန်းမော်တင်အောင်ရဲ့ ဥပဓိရုပ် ချောရုံတင်မဟုတ်ဘူး။ အဲဒီတုန်းက ကျနော်က ရုံးစာ ရေးကလေး။ ၉၆ ကျပ်စားလား မသိဘူး။ သူက အဲဒီတုန်းက ကျနော်တို့ရဲ့ Literary Hero ပဲဗျာ။ ကျနော်တို့က သူနဲ့မရင်းနှီးခင်တုန်းက သူ့စာတွေ ဖတ်ရတာပေါ့။ ကျနော်တို့လည်း သူ့ကိုကြည့်ရတယ်။ အဲဒီလို တကယ့်စာရေးဆရာကြီးတွေ၊ ရန်ကုန်ဘဆွေ၊ အောင်လင်း လာတယ်ဆိုရင် စာရေးမကလည်း ကြည့်ရတာပဲ။ လမ်းသွားလမ်းလာတွေကလည်း ကြည့်ရတာပဲဗျာ။ အဲဒီလိုပေါ့ဗျာ၊ ဟာ၊ ဟိုဟာက ဒေါင်းနွယ်ဆွေ၊ ဟိုဟာက ပန်းချီ အောင်စိုးကြီး၊ ကျနော်တို့က အဲဒီလိုရူးတာ။ ကျနော်က ရုပ်ရှင်မင်းသားပဲဆိုပြီး ဇာတ်လိုက်တွေကြည့် တာ မဟုတ်ဘူးဗျ။ တကယ့်စာရေးဆရာကြီးတွေကို သူဘယ်လောက် တော်တယ်ဘာညာဆိုပြီး ကြည့်တာ။ ဘယ်သူ့ကဗျာ ဘယ် လောက်ကောင်းတယ်။ ဘယ်သူ့ဝတ္ထု ဘယ်လောက်ကောင်းတယ်ဆိုပြီး ကျနော်တို့က Hero ထားတာ။ အခုထိလည်း ဘယ်ရုပ်ရှင်မင်း သားလာလို့ ကျနော်ကြည့်စရာမလိုပါဘူး။ ဒီတိုင်းပြည်ကို စပီးလ်ဘတ်လာတယ်ဆိုလည်း ကျနော်အလှည့်သင့်လို့သာ ကြည့်ချင် ကြည့် မယ်။ သူ့ကားတွေ ကျနော်ကြည့်ပြီးသားပဲ။ ဟုတ်တယ် မဟုတ်လား။ ဒါရိုက်တာက ဒါလုပ်လိုက်ဆိုမှ လုပ်ရတဲ့မင်းသားက ကျနော့် Hero မဟုတ်ဘူး။ Literary Hero မှ တကယ့် ကျနော့် Hero။ ဟိုချီမင်း မကြည့်ချင်ဘူးလားမေးရင် အို လက်တဖက် ဖြတ်ပေးပါ့မယ် ကြည့်ချင်တာပေါ့။ လီနင်ရော လက်တဖက်ဖြတ် ပေးပါ့မယ်။ ကြည့်ချင်တာပေါ့လို့ ပြောမှာပေါ့ဗျာ။ ကျနော် ဒီလိုရူးတာ၊ ဘာဖြစ်လို့ မင်း ဒီလိုရူးတာလဲ။ တော်လှန်ရေးလုပ်လို့လားဆိုရင် မဟုတ်ဘူး။ သူတို့တွေက စာတွေတော်တာဗျလို့။ ကျနော် ပြောရမှာပေါ့။ လီနင်စာတွေ တော်တာ။ ဟိုချီမင်း စာတွေ တော်တာဗျ။ လူချင်းမတူကြဘူး။ ခေါင်းဆောင်ချင်း မတူကြဘူး။ အရင်း ရှင်နိုင်ငံက သမ္မတတွေနဲ့ မတူ ဘူး။ ဆိုရှယ်လစ်နိုင်ငံက လူတွေက စာလည်းဖတ်ရတယ်။ မျိုးစုံလည်း လုပ်ရတယ်။ ကျနော်တို့ မလုပ်နိုင်တာ လုပ်တဲ့လူတွေကို ကျနော်တို့က Hero လို့ ခေါ်မယ်။ စာရေးတဲ့လူတွေဗျာ၊ သခင်ကိုယ်တော်မှိုင်း၊ ဂျာနယ်ကျော်ဦးချစ်မောင် စတဲ့ လူတွေ ကျနော်တို့က doer လုပ်ရမှာပေါ့။ မြတ်လေး Hero တွေက ဇာတ်လိုက်မင်းသားတွေ မဟုတ်ဘူး။

ဆရာမြတ်က ဆန်းသစ်တဲ့ ပန်းချီဆရာတွေနဲ့လည်း ရင်းနှီးခဲ့တယ်နော်။ အဲဒါလေးလည်း ပြောပြပါဦး။

ဆန်းပြီဆိုရင် ပိုက်ဆံမယူဘဲ ဝင်လုပ်ပေးတာ ပန်းချီဆရာတွေပဲ။ ဥပမာ ပန်းချီဆရာကြီး ဦးအောင်စိုး။ ကျနော် ပုဂံအလှရှာပုံတော် ရိုက် တော့ သူက ဟေ့ကောင်တဲ့၊ မင်းကို ငါ Contribution ပေါ့ကွာတဲ့ လုပ်မယ်တဲ့။ ငါလည်း အဆန်းသမားပဲတဲ့။ ဘယ်လိုလဲ ဦးအောင်စိုးဆို တော့ မင်း White board ကြီးကို ရုပ်ရှင်ရုံအောက်မှာ ကပ်ထားလိုက်ပေါ့ကွာတဲ့။ ဘာမှန်းမသိဘူး။ သူက အဲဒီလိုပြောတာ။ ကျနော် လည်း White board ကြီးကို ကပ်ထားလိုက်တယ်။ လူတွေက လာကြည့်တယ်။ ဘာ လုပ်တာလဲတဲ့။ ကားကတော့ မပြသေးဘူးပေါ့ဗျာ။ မနက်ဖြန် ပြမယ်ဆို ဒီနေ့လိုမှာ လက်တန်းလာဆွဲတာ။ Abstract ပေါ့ဗျာ။ သိပ်ကောင်းတာ။ အဲဒီလို ဆရာ ဘရင်ကလေးကရော ဆရာ အောင်စိုးကရော ကူညီခဲ့တာ။ ကျနော်ကလည်း အသစ်သမား၊ အသစ်ရှာဖွေသူဆိုတော့ သူတို့က ကျနော့်ကို အားပေးတယ်။ အဲဒီတုန်း က ဘယ်သူသစ်သလဲ။ အသစ်သမားချင်း ပေါင်းကြတာဗျ။ အဟောင်းနဲ့ငြင်းနေရင် နယူးရောင်စိန်ကဖေးမှာ ရန်ဖြစ်ဖို့ပဲရှိတယ်။ ကျနော် တို့ပေါင်းလို့၊ သင်းလို့ရတဲ့ လူချင်း ဆူးလေဘုရားလမ်းမှာ ဆုံကြတာ။ ဗယာကြော်စားပြီး ဆုံရဆုံရ။ ရေသောက်ပြီး ဆုံရဆုံရ။ ဥပမာ ရန်ကုန်ဘဆွေတို့၊ အောင်လင်းတို့၊ သူတို့က ညှိလို့ရတာက တာဝါဘား။ အဲဒီမှာ သွားညှိကြတာကိုး။ သူတို့က တခါတလေ စာအုပ်တန်း ထွက်လာတယ်။ လူတွေက ဝိုင်းကြည့်ကြတာဗျ။ စာကောင်းကောင်း ရေးတဲ့သူတွေ၊ ကဗျာကောင်းကောင်း ရေးတဲ့သူတွေကို လူတွေက ရုပ်ရှင်သမားထက်ကြည့်တာဗျ။ တကယ့် စာရေးဆရာကြီးတွေ၊ ကဗျာဆရာကြီးတွေ၊ ပန်းချီဆရာကြီး တွေကို ကျနော်တို့က ကိုးကွယ် တာဗျ။ တကယ့်ဒါရိုက်တာကြီးတွေ ဆိုတာလည်း ကျနော့်အနေနဲ့ ပြောရရင် မြန်မာပြည်မှာ ရှိမှ မရှိတာဗျာ။ ကျနော် စော်ကားသလို ဖြစ်တယ်။ ကျနော်တို့က ကမ္ဘာ့ပေတံနဲ့ တိုင်းချင်တာကိုးဗျ။

တချို့ရုပ်ရှင်၊ ဂီတသမားတွေ ဒီနေ့ စာသိပ်မဖတ်ကြဘူး။ စာတွေဖတ်ဖို့ လိုသလား ဆရာမြတ်။

ရုပ်ရှင်ရိုက်တာပဲဖြစ်ဖြစ်၊ သီချင်းရေးတာပဲဖြစ်ဖြစ် စာအများကြီးဖတ်ရတာပဲ။ ဘယ်တီးလုံးအသံလေးထဲ ဘာစာသားထည့်လိုက်မယ်ဆို ဖျတ်ခနဲ ထည့်လို့ရတယ်။ ခုဆို ကော်ပီသီချင်းတွေဟာ ကဗျာဆရာ ခပ်များများက စာသားထည့်တယ်။ ကဗျာဆရာတော်တော်များက သူတို့မှာ စာလုံးတွေရှိတာကိုး။ အသံလေးတခုကြား လိုက်ရင် ဘာစာလုံးထည့်ရမယ်ဆိုတာ သိပြီးထည့်လိုက်တာပေါ့။ ဂီတနဲ့ ကဗျာဟာ ပြေးလို့မှ မရဘဲ။ တချို့က ဂီတကအစ ကဗျာကနောက် ဒီလိုပြောကြတယ်။ လူတပိုင်း၊ မျောက်တပိုင်းမှာ ဂီတစတယ်။ နောက်မှ စာက ပေါ်တယ်ဆိုပြီး ငြင်းကြလိမ့်မယ်။ ကဗျာနဲ့ဂီတက ညီအကိုတွေ၊ နှစ်ခုစလုံး ကျွမ်းကျင်မှ၊ ဂီတလည်း ဒီလိုပဲ။ ကိုယ်မှ သီချင်းမဆိုတတ် ဘဲ၊ သီချင်းရေးဆရာလုပ်လို့ ဘယ်ရမလဲ။ တီးလဲ တီးတတ်တယ်။ အသံလည်း နားလည်တယ်။ စာလည်း တတ်တယ်ဆိုမှ သီချင်းရေး လို့ ရတာ။ နန်းတော်ရှေ့ဆရာတင်တို့၊ မြို့မငြိမ်းတို့၊ ရွှေပြည်အေးတို့စာတွေ ဖတ်ကြတယ်။ မြို့မငြိမ်းအကြောင်း ကျနော် ရေးပြီးပြီ။

မြို့မငြိမ်းအကြောင်း ဆရာမြတ် သိတာလေးပြောပြပါဦး။ ဆရာမြတ်လည်း ရေးခဲ့တာပဲ။

မြို့မငြိမ်းအကြောင်းရေးတော့ လူထုဒေါ်အမာရေးတဲ့ စာအုပ် တင်တင်ဦး (ရုပ်ရှင်တေးကဗျာ) က ပြောပြတာ။ ကြာလှပြီတဲ့။ အဲဒါနဲ့ ပေး စမ်းပါဗျာ။ ကျနော် ဖတ် ကြည့်ချင်လို့ပါ ဆိုပြီး ကြည့်တော့ ဆရာမကြီး ရေးထားတာ စိတ်မကောင်းလိုက်တာဗျာ။ အဲဒါနဲ့ ပေးစမ်းပါဗျာ။ ကျနော် ရေးချင်တာတွေ မရေးရဲတော့ဘူး။ ဆရာမကြီးက ဘာရေးထားသလဲဆို ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အကြောင်းလေး သိရအောင် ရေးသွားတာ။ ကျနော်က သတ်သေတယ်ဆိုတာ သိအောင်ရေးချင်တယ်။ ဘာကြောင့်လဲဆို မြို့မငြိမ်းသေတော့ မြို့မငြိမ်း ပစ္စည်းတွေကို ကျနော်ကိုယ်တိုင် သိမ်းပြီးတော့ သူ့မိန်းမ မသန်းခင်လက်ထဲ ထည့်ပေးခဲ့တာ။ အဲဒီတုန်းက ကျနော်က မန္တလေးမှာ၊ သူ့ ဝါးခေါင်းအုံးလေးလည်း ကျနော်သိမ်းခဲ့တယ်။ ပြန့်ကျဲနေတဲ့ စာရွက်တွေလည်း ကျနော်သိမ်းတယ်။ နောက်ပြီးတော့ အဲဒီမှာ သူအိပ်တဲ့ ဘေးထရံကြားက တွဲလောင်းလေးကျနေတဲ့ ခဲ့တံကို ကိုနော်သိမ်းခဲ့တာ။ တချို့က ဆရာငြိမ်းကိုလည်း မမြင်ဖူးဘူး။ ကျနော်အဲဒီတုန်းက မင်္ဂလာတံ တားထိပ်မှာ အခန်းလေးနဲ့ ငှားနေတာ။ ကိုဘစိန် မနက် (၅) နာရီလောက်မှ ရောက်လာတာ။ ကျနော် မန္တလေးဘဏ် အမှု ထမ်းလုပ်တုန်းကပေါ့။ ဒီလူကြီးတွေရဲ့ ကျေးဇူးက အများကြီးပဲ။ မြန်မာပြည်မှာ နန်းတော်ရှေ့ဆရာတင်တို့၊ မြို့မငြိမ်းတို့၊ နောက်ပြီး ရွှေ တိုင်ညွန့်တို့၊ ဘာသာရေးသီချင်းတွေ၊ နိုင်ငံရေးသီချင်းတွေ အ များကြီးရေးခဲ့ကြတာ။ လိုင်းတွေက ခွဲခွဲထွက်လာတော့ ကျနော်က သူတို့ လိုင်းကို မမီတော့ဘူး။ ကျနော့်ဘာသာ ကျနော်တောင် သီချင်းရေးဆရာလို့ သိပ်မခေါ် ချင်တော့ဘူး။

ဆရာမြတ်တို့ ဂီတလောကမှာ ဆရာကြီးတဆူဖြစ်တဲ့ ဆရာရွှေပြည်အေးအကြောင်းလည်း ပြောပြပါဦး။

ရွှေပြည်အေးဆိုတာ မြန်မာပြည်မှာ သီချင်းအစုံရေးတဲ့ ဆရာကြီးဗျ။ မိုးသီချင်း တေးသွားများ ကောင်းလိုက်တာဗျာ။ နောက် မေရှင်ဆို တဲ့ ကျေးစေတမန် Folk Song တွေဆိုရင်လည်း အများကြီးပဲ။ မုန့်လုံးရေပေါ်အကြောင်း ရေးမလား၊ ခြင်းလုံးအကြောင်း ရေးမလား၊ ရေဒီယိုသီချင်းတွေ၊ ရုပ်ရှင်သီချင်းတွေ၊ ပြဇာတ်သီချင်းတွေ၊ အများကြီးပဲ ရေးတတ်တယ်။ ဆရာအေးအကြောင်း ကျနော်ဟောပြော မယ်ဆိုရင် တနာရီ၊ နှစ်နာရီလောက် ဟောပြောလို့ ရပါတယ်။ တခါတခါ လှထွတ်တို့၊ ချစ်ဆွေတို့ကို ပြောမိသေးတယ်။ ငါက ဆရာအေး အကြောင်းဟောမယ်၊ မင်းတို့က ဆရာအေးသီချင်းတွေ နောက်ကလိုက်တီးပေးကြကွာ လို့။ ငါအဲဒီလို ဟောချင်တာကွလို့၊ ငါအဲဒီလို ဘာကြောင့် ဟောချင်တာလဲဆိုတော့ ဆရာကြီးဦးဂုဏ်ပန်နဲ့ တွေ့တုန်းက ပြောထားတွေ ငါမှတ်မိထားလို့ကွာလို့။ ငါလည်း ဂီတ ကောင် စီ အတွင်းရေးမှူးအဖြစ်နဲ့ မြန်မာ့အသံမှာ တနှစ်လောက် သွားနေဖူးတာကွာလို့။ သူနဲ့အတူတူ နေရတော့ ပညာရတာကွာလို့။ ဆရာကြီး က တော်တော် အပြောကောင်းတာကွာလို့။ သူ့အပြောမျိုးနဲ့ ဂီတနဲ့ပွဲထုတ်ဖူးတာ၊ အသံလွှင့်ရုံမှာ ငါနားထောင်ဖူးတယ်ကွာလို့။ ငါတို့က တော့ ဦးဂုဏ်ပန်လောက် မတတ်ပေမယ့် ပြောချင်တယ်ကွာလို့။

ကျနော်တို့ဆိုရင် အားရင် ဆရာအေးဆီကို သွားနေတာပဲ။ ချစ်ဆွေတို့၊ အောင်လင်းတို့ ပါတယ်။ ကျနော်က အောင်လင်းကို ဆရာအေး ဆီ သွားမယ်ဆို သူကမူးနေလည်း လိုက်မယ်ပဲ။ ကျနော်တို့ သွားကြတာပဲ။ ကျနော်တို့ရောက်သွားရင် အောင်လင်းကို မင်းမူးလာပြီလား တဲ့။ အောင်လင်းက မမူးပါဘူးဆရာတဲ့။ ကျနော် တို့ကို သီချင်းတပုဒ်လောက် တီးပြပါဆရာ။ Modern မဟုတ်ဘူးနော်။ Classic ထဲက တီးပါဆရာဆို။ တီးခါနီးကျ တော်တော်လေး အချိန်ယူရတယ်ဗျ။ ပုဆိုးလေး ဘာလေးလဲ စန္ဒရားကို ဖုံသုတ်ဘာလုပ်နဲ့ အကြာကြီးပဲ။

သူ့သီချင်းတပုဒ် နားထောင်ဖို့က မလွယ်ဘူး။ ဆရာအေးနဲ့ အဲဒီလို လက်ပွန်းတတီးနေခဲ့တာ။ အေဝမ်းခင်မောင်အိမ်မှာ ကျေးစေတမန် တို့၊ ဘာတို့ တက်ပေးတုန်း ကလည်း ဆရာအေးဘေးမှာ ကျနော်ရှိတာပဲ။ ကျနော် တပ်မြေထဲနေတုန်းက အေဝမ်းခင်မောင်အိမ်လဲ အမြဲ ရောက်တာပဲ။ အခု လှထွတ်တို့၊ ချစ်ဆွေတို့ကို ဆရာအေးသီချင်းတွေ ကျနော်မေ့နေရင် သွားမေးရတယ်။ သူတို့က ဒါတွေကို Specialization လုပ်ရတာကိုးဗျာ။ ကျနော်က ဟိုစာဖတ်ရတာနဲ့၊ ဒီကဗျာဖတ်ရတာနဲ့ နိုင်ငံ ရေးလည်း ဖတ်ရတာနဲ့ စုံနေတာပဲ။

ဆရာမြတ် ရုပ်ရှင်လောကထဲ စဝင်လာပုံကို ပြောပြပါဦး။

ကျနော် ရုပ်ရှင်လောကထဲ ဝင်လာတော့ ပထမကားစရိုက်တယ်ဆိုတာ သူများ အကူအညီအများကြီးတွေနဲ့ ရိုက်ရင်ဖြစ်ပါတယ်။ ဒါပေ မယ့် ကျနော့်ဟာကျနော် Own creation နဲ့ ရိုက်တာ။ create ဆိုတဲ့စကားက လူတိုင်းနားလည်တဲ့ စကားလုံး။ ရုပ်ရှင်ထဲမှာ create ဆို တာ လုပ်တာပဲ။ ဟောလီးဝုဒ်ရုပ်ရှင် အကျော်အမော်တွေက အဲဒီ creation ဆိုတဲ့ ဥစ္စာကို မသုံးတော့ဘူး။

အဲဒီလို မသုံးတော့ ဘာကိုသုံးပါသလဲ။

ဘာသုံးသလဲဆိုတော့ My own improvisation လို့ သုံးတယ်။ create လုပ်တာ မဟုတ်ဘူး။ improve လုပ်တာတဲ့။ Creation ဆိုတာ အပေါစားဒါရိုက်တာ သုံးတာတဲ့။ အဲဒီတော့ ကျနော်က My own improvisation နဲ့ လုပ်ချင်တာဆိုတော့ ကျနော့်သီချင်း ပင်လုံ ထိပ် ထားဦးကို ဇာတ်ညွှန်းပြုပြီး ရုပ်ရှင်ရိုက်တယ်။ သူများတွေက ဝတ္ထုကို ဇာတ်ညွှန်းပြုပြီး ရုပ်ရှင်ရိုက်တယ်။ ကျနော်က ကျနော့်သီချင်းရှည် ကြီးကိုပေါ့။ အဲဒီကာလက သီချင်းတိုတွေ ရေးကြတာများတယ်။ သီချင်းရှည်ဆိုတာ နောက်ပိုင်းကျတော့ ကောင်လေးတွေ ပေါ်လာ တယ်။ သီချင်းအတ္ထုပ္ပတ္တိစီးရီးတို့၊ ဘာတို့၊ အဲဒါ ကျနော့်နောက်လိုက်တွေပဲ။ မွှေးဆိုတာဘာလဲ။ ရုပ်ရှင်ကားပဲ။ အတ္ထုပ္ပတ္တိပဲ။ ဟုတ်တယ် မဟုတ်လား။ ဒါတွေက ပြောရရင် အများကြီးပဲ။ ငုပ်မိသဲတိုင်။ သခင်မြသန်းရေးတာ။ ဒါလည်း အတ္ထုပ္ပတ္တိဖြစ်အောင် သီချင်းရှည်ကြီးကို စရေးတာ။ အဲဒီသီချင်းရှည်ကြီးကို မှီပြီး ဇာတ်ညွှန်းခွဲတယ်။ သူများဝတ္ထုကို ဇာတ်ညွှန်းခွဲတာ မဟုတ်ဘူး။ သူများရဲ့ theme ကိုလည်း ဇာတ်ညွှန်းခွဲတာ မဟုတ်ဘူး။ my own theme, my out-look။

အဲဒီတုန်းက ခေတ်အခြေအနေကို ပြောပြပါဦးဆရာမြတ်။

အဲဒီတုန်းက ပဒေသရာဇ်ဆန့်ကျင်ကြတယ်။ ကျနော်တို့ကလည်း ပဒေသရာဇ်ဆန့်ကျင်ခေတ်ထနေတာ။ တိုးတက်တဲ့ စာရေးဆရာတွေ အများစုကလည်း ပဒေ သရာဇ် ဆန့်ကျင်တဲ့ အင်အားစုတွေရှိတယ်။

အဲဒီတုန်းက တိုးတက်တဲ့ စာရေးဆရာတွေကရော။

အဲဒီတုန်းက တိုးတက်တဲ့ စာရေးဆရာတွေထဲမှာ ဒဂုန်တာရာတို့ပေါ့။ ဗန်းမော်တင်အောင်ပါတယ်။ သိန်းဖေမြင့်တို့ ပါတယ်ဗျာ။ (၁၉၅၈) ခုနှစ်ကပေါ့။ ကျနော် ဘဏ်အမှုထမ်းဘဝကနေထွက်ပြီး ကျနော်လုပ်ခဲ့တာ။ စထွက်ကတည်းက သူများဝတ္ထုမဟုတ်။ ကိုယ့်သီချင်းရှည် ကြီးကို ဇာတ်ညွှန်းဖွဲ့ပြီးရိုက်တာ။ သူများ ဒါ ရိုက်တာတွေက မင်းသားတင်လို့ ကျနော်မင်းသားဖြစ်လာတာလည်း မဟုတ်ဘူး။ ကျနော် ကိုယ်တိုင်ကလည်း ရောဂါရှိလို့။ ကျနော့်ဘာသာ ကျနော် ဒါရိုက်တာ လုပ်တာ။

အဲဒီလို ကိုယ်တိုင်ဒါရိုက်တာ၊ ကိုယ်တိုင်မင်းသားလုပ်တာတွေ အနောက်နိုင်ငံတွေမှာ ရှိခဲ့သလား။

ဒါမျိုးတွေ အနောက်နိုင်ငံမှာလည်း ရှိတာပဲ။ စောစောပိုင်းမှာ ရှိတော့ရှိတယ် နည်းပါတယ်။ နောက်ပိုင်းကျတော့ ရှိတာပေါ့လေ။ Citizen Kane ကို ရိုက်သွားတဲ့ အော်ဆန်ဝဲလ်ဆိုတာရှိတယ်။ The Best of Ten ထဲမှာအဲဒီနေ့ထိ ဖယ်လို့မရတဲ့အထဲမှာ Citizen Kane ပါတယ်။ အော်ဆန်ဝဲလ်က အဲဒီလို သူဒါရိုက်တာ၊ သူမင်းသား လုပ်ရိုက်သွားတာ။ အဲဒီ Classic ကြီးကို ကျနော်တို့က ကြည့်ပြီး ပညာတွေ၊ ဘာ တွေ ယူရတာ။ အဲဒီလိုပဲ။ ကမ္ဘာမှာ ဒါရိုက်တာ မင်းသားတွေ ရှိတယ်။

ကမ္ဘာကျော် ဟာသမင်းသား ချာလီချက်ပလင်ကရော။

ချာလီချက်ပလင်ကရောလို့ ဆိုတော့ ချာလီချက်ပလင်လည်း ဒီလိုပဲ။ သူ့ရဲ့ ဆက်ကပ်ထဲက ရတဲ့အတွေ့အကြုံ၊ အတ္ထုပ္ပတ္တိတွေကို သူ မင်းသားလုပ်ပြီး သူကိုယ် တိုင်ရိုက်တာ။ Citizen Kane က နောက်ကျပါသေးတယ်။ ချာလီချက်ပလင်က စောတယ်။ ဒါပေမယ့် ဂရီဖစ် ဆိုတဲ့ ဒါရိုက်တာကြီးက ဇာတ်ညွှန်းရေးဆရာဘဝက တက်လာတာ။ သူ့ကို မင်းသားတင်ရိုက်တယ်။ မင်းသားက ဟန်ကြီးပန်ကြီးနဲ့ ကြီး ကျယ်ပြီး လာသင့်တဲ့အချိန် မလာ။ ကြာတော့ ကုမ္ပဏီက သူ့ကို မင်းသားဝင် လုပ်လိုက်ဆိုတော့ ကားတကားမှာ မင်းသားဝင်လုပ်တယ်။ မအောင်မြင်ဘူး။ ဒါပေမယ့် ဒီလူတော်က ဘာတော်သလဲဆိုတော့ ဇာတ်ညွှန်းရေးတာတော်တယ်။ Word Classic တွေ ဖတ်တဲ့နေရာမှာ ဖတ်အားကောင်းတယ်။ သူက ဝါကျသီတာဟာတဲ့ အမေရိကန်က နောက်မှ အင်္ဂလိပ်စာတတ်တာပါတဲ့။ အင်္ဂလိပ်လူမျိုးက အင်္ဂလိပ်စာ အရင်တတ်တာတဲ့၊ ဝါကျသီပုံနည်းတွေကအစ ဂရီဖစ်က လေ့လာပြီးတော့ ရုပ်ရှင်ရိုက်ရင်လည်း ဝါကျသီပုံသီနည်းတွေနဲ့ ရိုက်တဲ့ Grammar ကို ထုတ်ပေးတော့ ကျနော်တို့ငယ်ငယ်တုန်းက လေ့လာပြီး ဖတ်ခဲ့ရတာ။ ကမ္ဘာမှာ သူကတကယ့် ဒါရိုက်တာကောင်းကြီး။ Intolerance တို့၊ The Birth of Nation တို့ဆိုတာ ကမ္ဘာမှာတုန်ခါသွားတာပဲ။ အဲဒါ ကားကြီးမျိုးတွေရိုက်ခဲ့တာ။ ဂရီဖစ်က ဒါရိုက်တာ မင်းသားတော့ မဟုတ်ဘူး။ ဒါရိုက်တာကြီးပဲ။ ချာလီချက်ပလင်တို့လို၊ အော်ဆန်ဝဲလ်တို့လို သူဒါရိုက်တာ၊ သူမင်းသားတော့ မဟုတ်ဘူး။ ဇာတ်ညွှန်းကောင်းကောင်းရေးပြီး ဒါရိုက်တာကောင်းကောင်း လုပ်သွားတယ်။

ဟုတ်ကဲ့ ဆရာမြတ်၊ အဲဒီဂရီဖစ်အကြောင်းလေး ပြောပါဦး။

ဂရီဖစ်သြဇာက ရုပ်ရှင်လောကမှာ အကြီးဆုံးပဲ။ အမေရိကမှာဂရီဖစ်ရှိသလို ရုရှားမှာအိန်ဇင်စတိန်းဆိုတဲ့ ဒါရိုက်တာကြီးလည်း ရှိတယ်။ အိန်ဇင်စတိန်း ကောင်းတာတွေကလည်း အများကြီး။ ဂရီဖစ်ကလည်း ဘာတွေ ထွင်သွားသလဲဆိုတော့ Cut တို့၊ Shot တို့၊ သူ့ camera-man နဲ့သူ။ အိန်ဇင်စတိန်းကလည်း ထွင်လိုက်တာ montage ဆိုတဲ့ စကားလုံးကို ထွင်သွားတယ်။ Montage ဆိုတဲ့စကား လုံးကို မိုးပါဆွန်းဝတ္ထုထဲက ရတာတဲ့။ မိုးပါဆွန်းရဲ့ “ဘဲလ်အမီ” ဝတ္ထုထဲက မင်းသား နဲ့ မင်းသမီးတို့ သမီးရည်းစားခိုးတဲ့ အခန်းကလေး ကိုကြည့်ပါဆိုပြီး refer ပေးတယ်။ ပြင်သစ်မြို့ကြီးရဲ့ အခြေအနေ၊ လမ်းထိပ်မှာ ထွန်းထားတဲ့မီးတိုင်တွေ၊ လမ်း လယ်က နာရီစင်ကြီး တွေ၊ ကုန်တိုက်က နာရီတွေတပြိုင်တည်းတီးတာ၊ ခတ်တာ တပြိုင်တည်း မြည်ကြူးတဲ့ ဥစ္စာတွေနဲ့ Montage ဖြစ်အောင်သူ ဘယ်လို လုပ်ခဲ့တာဆိုတော့ အရုပ်နဲ့ အရုပ်ပြတာ မဟုတ်ဘူး။ အသံပါ ပေါင်းစပ်ပြရတာတဲ့ဆိုပြီးတော့ မဟာသမီးရည်းစားခိုးခန်းကြီးကို သူဖတ် ပြီးတော့ပေါ့။ ကောင်မလေးက မျှော်တယ်။ မင်းသားက ပေါ်မလာသေး၊ ချိန်းထားတဲ့ ဘယ်အချိန်၊ ဘယ်ည သန်းခေါင်မှာပေါ့လေ။ အဲဒီ အချိန်မှာ နာရီတွေက ထိုးထိုးနေတယ်။ အဲဒီမှာ ရင်လှုပ်သံ၊ ရင်ခါသံတွေနဲ့ မျက်နှာကို Close-Up ရိုက်ပြလိုက်။ ဒီနာရီမှားနေလို့ ကောင် မလေးတိုက်ပေါ်က ဆင်းလာရင်လွဲမယ်။ အဲဒီလို ဇောထန်နေတဲ့ အရုပ်တွေပေါ့။ ကောင်မလေးက သူမလာသေးလို့ ထွက်ထွက်ကြည့်ရ တာ။ အသံတွေကလည်း နာရီထိုးသံတွေရှိမယ်။ ကားသံတွေ ရှိမယ်။ ဒီလိုပြတာပေါ့။ သူက အရုပ်လေးတ ရုပ် ငြိမ်သက်နေတာနဲ့ အရုပ် တရုပ်ငြိမ်သက်နေတာဟာ Montage မဟုတ်ဘူးတဲ့။ အသံပါမှတဲ့။ အဲဒီဟာတွေဟာ parallelism ပဲတဲ့။ မြန်မာပြည်မှာ ဒါရိုက်တာ တော်တော်များများဟာ parallelism ပြပြီး montage ပြောနေတယ်။ မဟုတ်ဘူး။ Montage ဆိုတဲ့ Sequence ကြီးကို ဖတ်မိမှ။ မဖတ် ရင် မရဘူး။

ဟုတ်တယ်နော်၊ ဆရာမြတ် ပြောမှပဲ သတိရတော့တယ်။ မြန်မာကားတွေထဲမှာ ဥပမာ၊ မင်းသမီးကို လူဆိုးက ဖျက်ဆီးတော့မယ်ဆိုရင် ကျားကြီးက သမင်ကို ကိုက်ခဲထားတဲ့ပုံမျိုး။ မှန်ဗီရိုပေါ်က သစ်သားကျား ပန်းပုရုပ်ကို ပြတာမျိုး ပြခဲ့ကြတယ်။ ဆရာမြတ်ပြောတဲ့ Montage ကို ဆက်ရှင်းပြပါဦး။

အနောက်နိုင်ငံက ထုတ်တဲ့ ဖလင်ဒါရိုက်တာ ကျမ်းကြီးထဲမှာ ဒါတွေ ပါပါတယ်ဗျာ။ “The montage is succession of miscellaneous short scenes, unlike pictorially, but which together, with sound effects and music, convey a desired thought or emotional pattern” တဲ့။ အဲဒီလိုမသိဘဲ montage, montage ပြောနေကြတယ်။ မသိဘဲမပြောစေချင်ဘူး။ ဖတ်ပြီးကျမ်း theory နိုင်မှ ပြောစေချင်တယ်။ ကျနော်တို့က လုပ်ရင်လည်း theory ချပြီး လုပ်တဲ့ကောင် တွေ။ အဲဒီတော့ သူများပြောနေတာတွေ မငြင်းချင်တော့ ဘူး။ အသက်လည်း ကြီးပြီ။ မငြင်းချင်ဘူး။

ဒါဖြင့် ခင်ဗျားထုတ်ပြီး ရေးပါလားဆိုတော့ သူများလုပ်စားဖို့လည်း မရေးချင်ဘူး။ တွန့်တိုလားဆိုတော့လည်း ကိုယ့်ပစ္စည်းနဲ့ကိုယ် တ ပည့်တော့ အလုပ်မခံချင်ဘူး။ အိမ်လည်း ပြောထားတယ်။ ငါသေရင် ငါ့ကျမ်းစာအုပ်တွေ မီးရှို့ပစ်လိုက်ကွာလို့ ရွှေဒုံးဘီအောင်က ကျနော့်ကိုပြောဖူးတယ။် ကျနော့်ဆီမှာက ဒါရိုက်တာ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ဒါရိုက်တာ ပြောနေကြတာ။ မင်းသမီး မင်းသားနဲ့ ပင်းရိုက်ပြီး ဒါရိုက်တာလုပ်တယ်။ ငွေရှင်ကြေးနဲ့ ပေါင်းပြီး ဒါရိုက်တာ လုပ်စားတယ်။ အဲဒီတော့ ကျနော်ရုပ်ရှင်ထဲ ဝင်လာတာ ငတ်လို့ ဝင်လာတာ မဟုတ်ဘူးလို့။ ကျနော် ဘဏ်ဝန်ထမ်းဘဝကနေ တတ်လို့ဝင်လာတာလို့။ အေးကွတဲ့ မင်းကို ငါအရင်က သိပ်အမြင်ကတ် တာတဲ့။ မင်းက လက်ဝဲလေးလိုလို၊ ဘာလိုလိုတဲ့။ အဲဒီလို ဆရာ ကျနော့်ကိုပြောသွားတယ်။ ကျနော်က သူ့ဆီ တပည့်မခံဘူး။ တပည့် ခံ တဲ့လူတွေကလည်း ကျနော့်ကို မုန်းလိုက်တာဗျာ။ ဥပမာ သေသွားတဲ့ ဦးကျောက်လုံးကအစ ကျနော်က ဆရာရွှေဒုံးဘီအောင်ဆီလည်း အသွားအလာ မရှိဘူး။ ဦးသုခဆီလည်း သွားတာ၊ လာတာမရှိဘူး။ ကျနော့်ဘာသာ ကျနော် Stand လုပ်တာ၊ ကျနော်က ကျနော့် ဘာ သာ My School နဲ့ နေတဲ့ကောင်။

ဆရာမြတ်ရဲ့ School က ဘာပါလဲ။

ရုပ်ရှင်ကြည့်ခြင်းဟာ theater ဟာ ကျနော့် school ပဲ။ “The only school for the cinema is to go to the cinema” တဲ့။ “The best school of cinema in the world is the cinema the queue of Paris” တဲ့။ ဒါ ကမ္ဘာမှာ Director as a Super star ဆိုတဲ့ အန်တီဝါး ဟူးရဲ့ မျက်နှာဖုံးနဲ့ ကျမ်းစာအုပ်ကို ဖတ်ရင်သိနိုင်ပါတယ်။ Self taught ပေါ့။ အသစ်လေးတွေ ဘယ်ကလာလဲ။ ရုပ်ရှင်ကျောင်း၊ ကော လိပ်တွေက လာတယ်။ တခါတလေ ကိုယ့်ဘာသာ Self (Norman Mailer) ဆိုရင်လည်း Self taught ကလာတာပဲ။ သူက My daily school is theatre ပဲတဲ့။ ကျနော်လဲ cinema hall က ကျနော့်ကျောင်းတွေပဲ။ တနေ့များ လေးကားလောက် ကျနော်ဆက်ကြည့်တယ်။ အဲဒါတွေကြည့်ပြီး ကျနော်မှတ်တာ။ ဘယ်ဇာတ်ကောင် ဘယ်လိုဝင်လဲ။ ဘယ်လိုထွက်လဲ။ ဘယ်လိုရိုက်လဲ။ အဲဒီလို အမြင်ကျောင်းတွေ ကနေပြီးမှ စာအုပ်တွေ ဖတ်တယ်။ မှတ်ကျောင်း၊ ဖတ်ကျောင်း၊ ကြည့်ကျောင်းတွေကနေ ကျနော့်ဆီ ကူးလာတာ။ Director as Super star ဆိုတဲ့ ကျမ်းကြီးထဲမှာ ဘာတွေလဲဆိုတော့ ဖရန်စစ်ကော်ပိုလာပါတယ်ဗျာ။ အန်တီဝါးဟူး ပါတယ်ဗျာ။

အန်တီဝါးဟူးဆိုတဲ့ လူက School ကလာတာ မဟုတ်ဘူး။ The Great Painter ကြီး။ ညူးယောက်က Grand Village မှာ နေတယ်။ ရုပ်ဖျက်ပြီးတော့တောင် ကောလိပ်တွေမှာ theory လျှောက်ပြရတဲ့ ပန်းချီဆရာကြီးပဲ။ တကယ်တော်တာ။ သူလည်း ရိုက်တာပဲ။ သူက ဟောလီဝုဒ်တွင် ရုပ်ရှင်ဖြစ်တာမဟတ်ုဘူး။ ညူး ယောက်မှာလည်း ဖြစ်တာပဲဆိုပြီး သူ့ စတူဒီယိုသေးသေးမှာ ရိုက်တယ်။ သူ့ Assistant က သေနတ်နဲပစ်လို့ သေသွားတဲ့ပန်းချီဆရာကြီးပေါ့။ အဲဒီတော့ တချို့က ကျောင်းကထွက်တယ်။ တချို့က ကျောင်းကမဟုတ်ဘူး။ ရုပ် ရှင်ပညာဟာ ကျောင်းကသင်လို့ ရသလား။ အလကားပါလို့ ပြောလို့လည်း မရဘူး။ ကျောင်းမှာ တ ကယ်သင်လို့ ပြီးသွားတာ။ ဥပမာ - မြန်မာပြည်က လူတွေ သွားသင်တယ်။ ဗြိတိသျှဘားမားက ဦးညွန့်သား ကိုနေဝင်းသွားသင်တယ်။ B.A. cinema အောင်လာတယ်။ ဦး တင်နွယ်တို့ မျိုးဆက်ထဲက ဦးမြင့်စိုး၊ ဗဟိုရုပ်ရှင်ညွှန်ကြားရေးမှူး လုပ်နေတယ်။ သူလည်း သွားတက်တာပဲ။ ဦးတင်အောင်ကြီး။ သူ လည်း သွားတက် တာပဲ။ နောက်ပြီးတော့ မင်းမင်းလတ်အဖေ။ B.A. Cinema ဘွဲ့ရတာပဲ။ ဦးခင်မောင်လတ်၊ ဓာတ်ပုံပညာ ရခဲ့တယ်။ ရုပ်ရှင်ကော်ပိုရေးရှင်းမှာ လုပ်နေတဲ့ ဦးအောင်ဖော်ဇံ၊ သူလည်း သွားတက်ခဲ့ရတာပဲ။ ဒီလိုပဲ ကျောင်းရှိလို့တက်လာတော့ သူလည်း ဒီမှာ advisor ဖြစ်တာပေါ့။ ကင်မရာဆိုလည်း သူ့ဆိုင်ရာ ဆိုင်ရာတွေ မင်း မင်းလတ် အဖေရိုက်တဲ့ “ဧရာဝတီ” ဆိုတဲ့ ကားကြည့်ရတယ်။ ကျ နော်က ဝါသနာပါတော့ အဲဒီလူတွေကို အပေါင်းအသင်းဖွဲ့ပြီး ခင်ဗျားတို့ ဘာသင်ခဲ့ရလဲဗျာ မေး တာ။ တချို့ဆို ဒီလူတွေနဲ့ သိဖို့တောင် မလွယ်ဘူး။ ကျနော့်ကိုလည်း မေးမလား၊ မေး။ ကျနော်က ကိုမြင့်စိုးတို့၊ ကိုအောင်ဖော်ဇံတို့နဲ့ မေးပြီးပြီ။ ကျနော့်ပေတံ ကျနော်သိလို့ အ မေးခံရဲတယ်။ ကျနော်က ပညာနဲ့ပါတ်သက်လာရင် တကယ့်လူတွေကိုမေးတယ်။ တောက်တီးတောက်တဲ့လူကို မမေးဘူး။ ကိုနေဝင်းဆို တာကတော့ ပြောမနေနဲ့၊ ကျနော် ဗြိတိသျှဘားမားမှာ ကားရိုက်တုန်းက နေ့တိုင်း သူကမေးရင် ကိုယ်ကဖြေလုပ်ခဲ့တာပဲ။ ညဘက် အား ရင်လည်း ကိုမြင့်စိုးကို ဂလုပ်ရုံ အောက်မှာ သွားပြီးမေးတာပဲ။ သူကမေးတာလည်း ကျနော်ကဖြေတာပဲ။ တကယ့် International ပေတံ နဲ့ သင်လာတဲ့ လူတွေနဲ့ သွားစကားပြောမှ ရုပ်ရှင်ဆိုတာ တိုင်းတာလို့ရတယ်။

ကိုယ့်ဘာသာကိုယ် ဥလေးအခွံထဲမှာ ဟိုလူက ဝိုင်းမြှောက်၊ ဟုတ်လား။ ကျီးဘုတ်မြှောက်၊ ဘုတ်ကျီးမြှောက်နဲ့ လုပ်နေလို့ကတော့ အ လကားပဲ။ ပိုက်ဆံပေးလို့ လာဘ်ထိုးလို့ ဟုတ်လား။ ဘာရတာ၊ ဆုတံဆိပ်ရတာ။ ပိုက်ဆံတွေလည်း ရှိတယ်၊ အာလူးဂိုဒေါင်တွေလည်း ရှိတယ်။ ဆီစက်တွေလည်း ရှိတယ်။ ဆန်စက်တွေလည်း ရှိတယ်။ ကဲ၊ ရိုက်စမ်း၊ ငါ့သား၊ ငါ့တူဆိုလို့၊ ဒါရိုက်တာဖြစ်သွားပြီး နောက်ကျ တော့ ဌာနဆိုင်ရာတွေနဲ့ပေါင်းလို့ ဘာဖြစ်တာ ညာဖြစ်တာ မဟုတ်ဘူး။ ကိုယ့် ရင်ထဲမှာ ဘယ်လောက်ရှိတယ်။ မရှိဘူး၊ ကိုယ်စုစည်းတာ အကောင်းဆုံးပဲ။ ကျနော်တို့က ကိုယ်ခံတပ် တည်ဆောက်တာ။ ကိုယ့်ခံတပ်ကို ဘယ်လိုလှမ်းကြည့်သ လဲဆို၊ ဘာလဲ၊ ဖရန်စစ်ကောလဲ။ လာစမ်း။ သူ့စီးရီးတွေကြည့်တယ်။ ဘာလဲ။ နောက်ထပ် အော်လီဗာစတုံး။ လာစမ်း။ ဒီကောင်လေး ငယ်ငယ်လေးနဲ့ ထွက်လာတာ။ ဗီ ယက်နမ်စစ်ပြန်လေး။ နောက် မာတင်ကော့ဆီး နာမည်ကြီးတယ်။ လာစမ်း မာတင်ကော့ဆီး။ အဲဒီလို ကြည့်တာ။

နိုင်ငံခြား ရုပ်ရှင်ပညာ ဆောင်းပါးတွေဆိုရင် ဆရာမြတ်နဲ့ ဓာတ်ပုံထွန်းလှိုင်တို့ တော်တော် ရေးခဲ့ကြတယ်နော်။ ကျနော်တို့ ဗဟုသုတ ရ ပါတယ်။ အဲဒါလေး ပြောပြ ပါဦး ဆရာမြတ်။

ကျနော်နဲ့ ထွန်းလှိုင်ကို ဒီလူတွေက ရေးအားကောင်းတယ်။ ကမ္ဘာ့ရုပ်ရှင်တွေကို နှံ့စပ်တယ်ဆိုပြီး အမေရိကန်သံရုံးက ခေါ်ခေါ်ပြတယ်။ ကျနော်တို့နှစ်ယောက်ကို အော်လီဗာစတုံးရဲ့ အင်တာဗျူးပြတယ်ဗျ။ နောက်ပြီး မာတင်ကော့ဆီ ကျနော်တို့ကိုပြတယ်။ အော်လီဗာစတုံး ဆို ဗီယက်နမ်စစ်ပွဲတုန်းကရထားတဲ့ ဆုတံဆိပ်တွေကို မြစ်ကြီးထဲ လွှင့်ပစ်တာတွေတောင် ပါတယ်။ မာတင်ကော့ဆီဆိုလည်း တလော ကတောင် ရှာရွန်စတုံးနဲ့ Casino ရိုက်သွားသေးတယ်။ ဒီလို ခေါ်ပြတယ်။ လာကြည့်စမ်းပါဆိုပြီး အင်္ဂလိပ်သံရုံးကလည်း ခေါ်ပြတယ်။ ကျနော်မို့လို့ သွားမကြည့်တာ။ ကျနော်က မှတ်တယ်။ Classic တွေနဲ့ ပြန်ညှိတယ်။ ရေးပေးတယ်ပေါ့ ဗျာ။ ရေးပေးတယ်ဆိုတာ သံရုံး ကောင်းအောင် ရေးပေးတာမဟုတ်ဘူး။ Art ကောင်းရင် ရေးတာပဲ။ Oscar ပွဲတွေပြတယ်။ ကျနော်ရေးပေးတာပဲ။ ကားကောင်း ကြည့်ရ လို့ ကျနော်ကျေးဇူးတင်တယ်။ ကားကောင်းရင် ကောင်းသလို ရေးတာပဲ။

ကမ္ဘာ့ရုပ်ရှင် မနှံ့စပ်ဘဲနဲ့ လုပ်နေကြလို့ ဘယ်ဖြစ်မလဲနော် ဆရာမြတ်။

ကမ္ဘာ့ရုပ်ရှင်မနှံ့စပ်ဘဲ ကိုယ့်ဘာသာကိုယ် လုပ်နေလို့ကတော့မရဘူး။ ဟေ့၊ မင်း ပြင်သစ် ပြောလိုက်စမ်း။ ပြင်သစ်တန်းစီ ပြောမယ်ကွာ။ ပြင်သစ်က ဒါရိုက်တာလေးတယောက်ကို အမေရိကန်က လူတွေမော်မကြည့်လောက်အောင် ကောင်းတယ်ဆိုရင် သူက ဘာမို့လို့လဲဆို ပြီးသူ့ကို လေ့လာတယ်။ ဆရန်ဆွာထရူဖော့ ဆိုတဲ့ကောင်လေး။ လေ့လာရတယ်။ ဟစ်ခ်ျကော့လို ဒါရိုက်တာကြီးကတောင် အင်တာဗျူး သွားမေးယူရတယ်။ ဟစ်ခ်ျကော့ရဲ့ ကျမ်းစာအုပ်တွေဆိုလည်း ကျနော်တို့ ဖတ်ပြီးပါပြီ။ သူ့ကားတွေ Rear Window တို့၊ ဘာတို့ အများ ကြီးပါ။ ကျနော် အများကြီးရေးပြီးပါပြီ။ ဒီတော့ စာမဖတ်ရင် ဒါရိုက်တာတယောက်ဟာ အလကားပဲ။ သူက အရုပ်သမားပဲ။ အရုပ်နဲ့ဆိုင် တာပဲ။ ဒါပေမယ့် အရုပ်အကြောင်း စာနဲ့ရေးထားတာတွေက ရှိတယ်။ ရုပ်ရှင်ရိုက်တဲ့သူတွေက Theory ကိုထုတ်မပြောဘူး။ စာနဲ့ရေးပြ မှ သူ့ Theory ကဘာလဲ။ သူ့ Out Look ကဘာလဲ။ ကျနော်တို့က ဖတ်ရတယ်။ ကျနော်တို့က catch up ဖြစ်အောင် ဖမ်းရတယ်။ ဥပမာ Direct as a super star ထဲက ဖရန်စစ်ကော်ပိုလာ သဘောထားတွေကို မေးထားတာ။ ဖရန်စစ်ကော်ပိုလာ၊ ခင်ဗျားဟာ ကောလိပ် ကျောင်းမှာ ရုပ်ရှင်ပညာ စသင်တယ်ဆိုတာ ဟုတ်ပါသလား။ ဟုတ်ပါတယ်။ အဲဒီတော့ ဘယ်လိုလဲ။ သင်ပြီးတော့ ကျနော် ဇာတ်ညွှန်း ပ ထမဆု၊ ရွှေတံဆိပ်၊ ငွေတံဆိပ်တွေရပါတယ်။ စာမေးပွဲကြီးပြီးလို့ Thesis တင်လိုက်တဲ့အခါ သူရေးတာမဟုတ်ဘူးလို့ ပြောကြတယ်တဲ့။ ဒီလို ဇာတ်ညွှန်းမျိုး ခွဲနိုင်တဲ့လူဟာလည်း ထရန်ဘိုးလို လူပဲတဲ့။ ဇာတ်ညွှန်း Thesis ကို ခိုးပြီးခွဲတာပဲ ဖြစ်ရမယ်တဲ့။ မဟုတ်ဘူးဆိုပြီး သူကရှင်းတယ်။ ကမ္ဘာ့ရုပ်ရှင်စတူဒီယို Boss တွေက အာရုံစိုက်လာကြတယ်။ ရှင်းတမ်းလည်းပြီးရော တက္ကသိုလ်က ထွက်ထွက်ချင်း အမေရိကန်တက္ကသိုလ်မှာ အလုပ်ရတာဗျာ။ သူတယောက်ထဲ ရှိတယ်။ သူ့ကို ဟောလိဝုဒ်က လာပါ၊ လာပါ ဖြစ်ရော။ နောက်ပိုင်းမှာ သူ့ ကျေးဇူးကြောင့် ဂျော့လုကဒ်တို့၊ စပီးလ်ဘတ်တို့ ဖြစ်လာတာ။ အချွန်ဆုံးကတော့ သူတို့ထဲမှာ တွန်ကလပ် တို့ ဘာတို့၊ Godfather ရိုက် သွားခဲ့တာ။ သူတို့ က စာသိပ်ဖတ်တယ်။ ဇာတ်ညွှန်းခွဲတဲ့ နေရာမှာလည်း တော်တယ်။ ဇာတ်ညွှန်းခွဲတယ်ဆိုတာ စာဖတ်မှာပေါ့။ ဒါရိုက် တာလုပ်ပြီဆို စာဖတ်ရတယ်။ မဖတ်ရင် နောက်ကျန်ခဲ့မယ်။

ဆရာမြတ် ချာလီချက်ပလင် အကြောင်းရေးတဲ့ ဆောင်းပါးတွေ တော်တော်များတယ်။ ချာလီချက်ပလင်ကို ဆရာမြတ် တော်တော် ကြိုက်ပုံရတယ်။

ကမ္ဘာမှာ တယောက်တည်းရှိတဲ့ ချာလီချက်ပလင်ဗျ။ ဘာကြောင့်လဲ။ သူက ဆင်းရဲသားတွေဘက်က ရပ်တည်ပြီးတော့ ရုပ်ရှင်ရိုက် တယ်။ သူကိုယ်တိုင် Music တီးတယ်။ သူကိုယ်တိုင် ဒါရိုက်တာ လုပ်တယ်။ သူ့ဇာတ်ညွှန်း သူရေးတယ်။ သူကိုယ်တိုင် ပါတယ်။ ကမ္ဘာ မှာ အဝတ်အစား အမြောက်အများစွာ ဝတ်ပြီးတော့ Show Man မလုပ်ဘူး။ အဝတ်အစား အစုတ်တထည်တည်းနဲ့သရုပ်ဆောင်ပြီး ဇာတ်ကားပေါင်း မြောက်များစွာရိုက်တယ်။ အများက လှမှကြိုက်တယ်။ သူက လှတာမဟုတ်ဘူး။ စုတ်ပြတ်ပြီးတော့ လမ်းပေါ်က လူတ ယောက်လို သရုပ်ဆောင်တယ်။ နောက်မှ တကားနှစ်ကားပဲ အဘိုးကြီးအခန်းရောက်မှ Contests from Hong Kong ကားမှာ Neck tie လေး ဘာလေးနဲ့ အဝတ်အစား ကောင်းကောင်းမွန်မွန်နဲ့ သရုပ်ဆောင်တယ်။ မာလွန်ဘရန်ဒိုရယ်၊ ဆိုဖီယာလိုရင်းရယ် ပါတယ်။ ဟိုးအ ရင်ကကားတွေမှာ ဒီဦးထုပ်လေးနဲ့ ဒီဘောင်းဘီလေးနဲ့၊ ဒီဖိနပ်လေးနဲ့ပဲ။ ကဲဘယ်လို အောင်မြင်နိုင်စရာရှိမလဲဗျာ။ မင်းသားဆိုတာပုဆိုး လဲမှဆိုတဲ့ မြန်မာပြည်က ဇာတ်မင်းသားတွေ အယူအဆနဲ့ တခြားစီဖြစ်သွားပြီ။ နှစ်ပါးခွင်ကျ ပုဆိုးအမျိုးမျိုးလဲလို့၊ ကျနော်က စိတ်ညစ် လွန်းလို့။ ကျနော်ကတော့ ချာလီချက်ပလင်ကိုပဲ ကိုးကွယ်တယ်။ နောက်ပြီးတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို သူ ယုံယုံကြည်ကြည် ထောက် ခံတယ်။ The Great Dictator ဆိုတဲ့ ကားရိုက်သွာတးယ်။ အဲဒါ ကျနော့်ကို ရွှေဒုံးဘီအောင်က ပြောဖူးတယ်။ မင်းတို့ Montage တို့၊ Parallelism တို့ ရေးရင်တဲ့ The Great Dictator မှာ ကြည့်တဲ့။ ချာလီချက်ပလင် ဘယ် လောက်ကောင်းသလဲဆိုရင်တဲ့၊ ဂျူးတွေကို နာ ဇီတွေက Gas Chamber နဲ့သတ်နေတာ သရော်လှောင်သလိုနဲ့ Butcher ဆိုတာပြချင်တော့ သိုးကျောင်းသား ချာလီချက်ပလင်ဟာတဲ့ သိုးတွေကို သားသတ်ရုံထဲ မောင်းထည့်လိုက်တယ်။ ပြီးတော့ အပေါ်က မီးခိုးတွေ ပြလိုက်တယ်။ ပြီးပြီကွာတဲ့။

ဆရာ ရွှေဒုံးဘီအောင်ဆိုတာ Great ကြီးပဲနော် ဆရာမြတ်၊ ဗိုလ်အောင်ဒင်ဆိုတာ ဒီနေ့ထိ ခေတ်မီနေတုန်းပဲ။ ဘယ်နှစ်ခါကြည့်ကြည့် မ ရိုးဘူး။ ဆရာ ရွှေဒုံးဘီ အောင် အကြောင်း ဆက်ပြောပါဦး။

ဆရာရွှေဒုံးဘီအောင်ဆိုတာ စာလည်းအင်မတန်ဖတ်တယ်။ သူ့ကို ကြည့်လိုက်ရင် လက်ထဲမှာ ဆေးလိပ်တတို၊ နောက် လက်တဖက်မှာ စာအုပ်တအုပ်နဲ့ အမြဲ တွေ့ရတယ်။ ကမ္ဘာမီအောင် ကြိုးစားချင်တော့ သူကားတကားရိုက်သွားတယ်။ ဒီနေ့ထိ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရတဲ့ ဗိုလ်အောင်ဒင်။ ဘယ်တော့ကြည့်မလဲ။ ဘယ်တော့မှ မရိုးဘူး။ ဘာပြောပြော။ ခင်မောင်ရင်ပြောရတဲ့ စကားတွေဟာလည်း ရွှေဒုံး ဘီအောင်ပေးမှ ပြောရတာပါ။ ဇာတ်နဲ့ လိုက်လျောလို့လဲ ခင်မောင်ရင်က “ဗိုလ်အောင်ဒင်” ဖြစ်တာပေါ့။ ဒီပြင်လူတွေရိုက်ရင် ခင်မောင် ရင်က “ဗိုလ်အောင်ဒင်” မဖြစ်ပါဘူး။ ရွှေဒုံးဘီအောင် ရိုက်လို့ “ဗိုလ်အောင်ဒင်” ဖြစ်တာ မဟုတ်ဘူးလား။ “ဗိုလ်အောင်ဒင်” ထဲက မင်း သားအမူအရာ ကြည့်ပြီးအဲဒီခေတ်ကာလက မင်းသားအမူအရာတွေ ကြည့်လိုက်တော့ တခြားစီပဲ။ တချို့မင်းသားတွေဆိုရင် လူလို တောင် မပြောတတ်ဘူး။ “ဗိုလ်အောင်ဒင်” က လူလိုပြောတတ်တဲ့ အမူအရာအပြည့် ရှိတယ်။ သူပြောတဲ့ စံနှုန်းတွေက ခေတ်မီတယ်။ သူဝတ်တဲ့ အဝတ်အစားတွေက ခေတ်မီတယ်။ ဒါကြောင့် ကျနော်က အစတုန်းကဗိုလ်အောင်ဒင် မကြည့်ဖြစ်တာ ကောင်းတယ်လို့ ဆောင်းပါးရေးတာ။ ကျနော့်ကို ခင်ဗျားဆောင်းပါးကြီးက ဘယ်လိုလဲတဲ့။ ကျနော် ရုပ်ရှင်လုပ်တော့မယ်ဆိုပြီး “ဗိုလ်အောင်ဒင်” ကြည့် ဖြစ်ရင် ကျနော်လုပ်လို့ကို မရတော့ဘူး။ ဗိုလ်အောင်ဒင်ရုပ်နဲ့ ကျနော့်ရုပ်က တခြားစီ။ ကျနော့်ကို နှာခေါင်းပွတတနဲ့ ရုပ်ဆိုးကြီးမဟုတ် ဘူး။ နှုတ်ခမ်းပါးပါးလေးနဲ့။ ဗိုလ်အောင်ဒင် သီချင်းဆိုတာနဲ့ ကျနော့်အသံ သီချင်းဆိုတာ မိုးနဲ့မြေကွာ တယ်။ ဗိုလ်အောင်ဒင် ဝတ်ပုံစားပုံ ကျန်းမာရေးနဲ့ ကျနော့်လိုကောင်နဲ့ ဘာဆိုင်လို့လဲ။ သူလန့်ပြီးတော့ ကျနော် ရုပ်ရှင်မင်းသားမဖြစ်တော့ဘူး။ ရုပ်ရှင်မင်းသား မ ခေါ်ပါနဲ့ ဗျာ။ သရုပ်ဆောင် Performer ပဲခေါ်လိုက်ပါတော့။ သူကောင်းတဲ့အကွက်တွေ မြင်မိပြီး ကျနော်က အတုခိုးမိတယ်။ နောက်ပြီး သူ့လို ရယ်တာလဲ ကျနော် အတုခိုးရတော့မယ်။ သေနတ်ကလေး လှည့်တာကအစ “ဖားတုလို့ ခရုန်တော့ အိုင်ပျက်ရုံ ရှိမှာပေါ့ ရာမရာ” ဆိုတဲ့ အပြောမျိုးတွေ၊ ဒါတွေကို မြန်မာပြည်မှာရှိတဲ့ မင်းသားအတော်များများ တုသွားကြတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ကိုယ့်လိုင်းကိုယ် မလျှောက်ဘူး။ ကျနော်သည် ဗိုလ်အောင်ဒင်မကြည့်ဖြစ်တာ ကောင်းတယ်။ ကြည့်ဖြစ်ရင် ရုပ်ရှင်ထဲ ဝင်လို့ကိုမဖြစ်တော့ဘူး။ နောက် ပိုင်း ကျနော်ရုပ်ရှင်ထဲဝင်ပြီးမှတော့ ကြည့်ရတာပေါ့ဗျာ။ နို့မို့ ကျနော်ငါးပါးမှောက်တယ်။ တချို့က “ဗိုလ်အောင်ဒင်” ကို ပိုတယ်ထင် တယ်။ ဘယ်ဟုတ်မလဲ။ သူ့ဥစ္စာက ပိုအောင်လုပ်မှ။ Exaggeration ပေါ့ဗျာ။ ကျနော်က ကိုဘတင့်ကြီးကို ကြိုက်၊ ကိုဘတင့်ကြီးက ငါ့ဦး လေးနဲ့တူတယ်။ လယ်သမားကြီးနဲ့တူတယ်။ ကျနော်တို့က ကျေးလက်ရောဂါ ထနေတာ။ “ဗိုလ်အောင်ဒင်” ကမြို့ပြလွန် အမူအရာတွေ၊ ခင်မောင်ရင်နဲ့ ဘတင့် ဘယ်သူ့ကြိုက်မလဲ၊ ဘတင့်ကြိုက်တယ်လို့ ကျနော် ဆောင်းပါးရေးဖူးတယ်။ ဘတင့်သည် သဘာဝပဲ။ ဘတင့် သည် မြန်မာတောထဲမှာ ရှာလို့ရတယ်။ ခင်မောင်ရင့်အမူအရာတွေဟာ မြန်မာတောထဲမှာ ရှာလို့မရဘူး။ ဒါပေမယ့် အခုကြည့်လိုက်တဲ့ အခါကျတော့ သြော် … ဘတင့်လည်း ဘတင့်ပဲ။ ခင်မောင် ရင်လည်း ခင်မောင်ရင်ပဲ။ မြို့ပြအမူအရာမှာ ခင်မောင်ရင် ကောင်းသလို ကျေးလက်အမူအရာမှာ ဘတင့်ကောင်းတယ်။ ဒီလိုပဲ ဆရာကြီးနှစ်ယောက်ကို ကျနော် တို့က အမှတ်ပေးရမှာကိုး။ ဟုတ်တယ် မဟုတ် လား။

ဆရာမြတ်ကို ကဗျာဆရာတွေ ချစ်ခင်လေးစားကြတယ်။ ဆရာမြတ်ကလည်း ကဗျာဆရာတွေကို ချစ်ခင်တယ်နော်။

ကဗျာဆရာတွေ၊ Great Poet တွေ စပ်လိုက်ရင် ကျနော်ချီးမွမ်းတာက A နဲ့ B ပေါင်းရင် AB မဖြစ်ဘူးဗျ။ တတိယအမျိုးအစား ဖြစ် တယ်။ အိုင်စင်တိန်းကလည်း ဒီ လိုပဲ သင်ခဲ့တာပဲ။ cut တစ် cut နဲ့ cut တစ် cut shot တစ် shot နဲ့ shot တစ် shot နှစ်ခုကပ်ပေး လိုက်ရင် adjacent ပေါ့လေ။ အဲဒီနှစ် cut ဆက်လိုက်ရင် ပြ လိုက်ရင် A နဲ့ B တွဲခြင်းသည် AB မဖြစ်ရတဲ့။ အတွေးအခေါ်တရပ်။ အဲဒါ ကဗျာဆရာတွေထဲမှာ ရှိတယ်။ ကဗျာဆရာတွေ၊ စာရေးဆရာတွေမှာ ချီးမွမ်းစရာကောင်းတာ ဘာလဲဆိုတော့ သူက ဝတ္ထုရှေ့ပိုင်းမှာ စာတလုံးမှားသွားရင် နောက်အဓိပ္ပာယ်ရအောင် သူက ပြန်ဖြေပြီးတော့ သူက paper တွေအများကြီးရှိတယ်။ ရေးခွင်တွေ ကျယ်တယ်။ ကဗျာဆရာတွေက ရေးခွင်မကျယ်ဘူး။ ဒီစာလုံးနှစ်လုံးမှားနေရင် သေတော့။ သူကိုင်တဲ့ စာလုံးဟာ သူ့ဓားပဲ။ သူရေးလိုက်တဲ့ စာလုံး နှစ်လုံးဟာ သူ့ဓားပဲ။ သူ့ရင်ဘတ်ထဲစိုက်တဲ့ဓားပဲ။ သူက စာလုံးတလုံးနဲ့တလုံး တပါဒနဲ့တပါဒ တွဲဖို့အလွန် တွန့်တိုတဲ့လူ။ ကဗျာဆရာ တွေက အဲဒီလို တွန့်တိုသ လိုပဲ ကျနော်တို့ ရုပ်ရှင်သမားတွေမှာလည်း တွန့်တိုတဲ့လူရှိတယ်။ အိုင်စင်စတိန်းက cut တစ် cut နဲ့ cut ပေါင်းလိုက်ရင် တတိယအမျိုးအစားဖြစ်ရမယ်တဲ့။ Editing မဟုတ်ဘူးနော်တဲ့။ ဒါကြောင့်မို့ သူက classic တွေ။ ဥပမာ - အင်ဗရောဘီ ရပ်ဖီဒယ်ရေးတဲ့ သရဲတစ္ဆေထဲက ကဗျာ။ မုဆိုးမအကြောင်း ပြပါတဲ့ဆိုတာ ကျမ်းကြီးထဲမှာ ရေးထားတယ်။ သူက ဘယ်လိုပြမလဲတဲ့။ မု ဆိုးမကို cut နှစ်cut နဲ့ ပြတတ်ရမယ်တဲ့။ သူက ဒီလိုလာတော့ မခက်ပေဘူးလားဗျာ။ မြန်မာပြည်မှာ ကျနော်အခုပြောတဲ့ စကားမျိုး ဘယ်သူပြောဖူးမလဲ။ ကဲ၊ ပြော။ မုဆိုးမကို cut နှစ် cut နဲ့ ပြတာ မြန်မာပြည်မှာ အစကအဆုံး ဘယ်သူမှ မပြောဘူး။ ကျနော်က ဖောက် သည်ချတာ။

မုဆိုးမကို cut နှစ် cut နဲ့ ပြပါဆိုတော့ ဘယ်လိုပြမလဲ။ ဆရာကြီးက ဘယ်လိုသင်ကြားသလဲဆိုတော့ မင်းကြည့်စမ်းတဲ့။ အင်ဖရောဘီး ရပ်ဖီဒယ်က Lyric လေး ကို သူက ထုတ်ပြတယ်။ take a grave တဲ့။ မြေပုံတပုံကို ရိုက်ပြပါတဲ့။ just a post a woman တဲ့။ မိန်းမတ ယောက်ကို နီးနီးကပ်ကပ် ရိုက်ပြလိုက်ဦးတဲ့။ mourning beside it တဲ့။ သူ့ဘေးမှာ ငိုနေတဲ့ ရုပ်ကလေးကို ရိုက်ပါတဲ့။ အဲဒါကို လီနင်ဂ ရက်မှာ ရိုက်။ မြေပုံက မော်စကိုမှာ သွားရိုက်။ သူသင်ခဲ့တာ။ နောက်မှဒီနှစ် cut ကို ကပ်လိုက်တဲ့။ It is searely to take a conelusion is not a window တဲ့။ ဒါ hardly to take ပေါ့။ scarcely ဆိုတာ hardly ပဲ။ နိဂုံးချုပ်ပြီး ကြည့်လိုက်ရင် မုဆိုးမဖြစ်ဖို့ဆိုတာ ခက်တယ် တဲ့။ ဒါပေမယ့် ဖြစ်ကို ဖြစ်ရမယ်တဲ့။ အဲဒီမှာ မင်း အသံလေး ထည့်ပေးလိုက်တဲ့။ Montage ဖြစ်သွားတယ်။ အသံ လေးပေါင်းလိုက်မှ ဒီ နှစ် cut တည်းနဲ့ မုဆိုးမ မဖြစ်ဘူး။ မြေပုံတ cut ပြလိုက်တယ်။ ကောင်မလေးကလည်း ခေါင်းမြီးခြုံလေးနဲ့ ငိုနေတာ ပြလိုက်တယ်။ အဲဒီ နှစ် cut ပေါင်းပြီး အသံထည့်မှ “လောကမှာ ဒီယောက်ျားမှ ဒီယောက်ျား မဟုတ်ပါဘူးတဲ့။ ယောက်ျားလေးတွေ အများကြီးရှိပါတယ်တဲ့။ ချစ်စရာလေး။ ဘာဖြစ်သွား လဲ။ မဆိုးမ ဖြစ်သွားတယ်။ ယောက်ျားသေလို့ ငိုကြွေးပြနေတာပေါ့။ အဲဒီတော့ မုဆိုးမကို ဘယ်လိုပြသလဲ။ cut နှစ် cut နဲ့ပြတယ်။ အဲဒီတော့ ဒါရိုက်တာတ ယောက်ဟာ စာဖတ်ရတယ်။ မဖတ်လို့ မရဘူး။ ဘယ်စာဖတ်ရမလဲတဲ့။ တွေ့ရာစာတွေ လျှောက်ဖတ်လို့တော့ ဘယ်ရမလဲ။ မြန်မာပြည်မှာ ဘယ်စာရေးဆရာ ထူး ခြားသလဲ။ စာရေးဆရာတိုင်း လျှောက်ဖတ်လို့တော့ မရဘူး။ လိုင်းရွေးလိုက်။ ဘယ်ကဗျာဆရာတွေ ရှိသလဲ။ ကမဗျာမဖတ်တဲ့လူ နောက်ကျမှာပဲ။ Edited Word ဆိုတာ ကဗျာမှာရှိတယ်။ Specialization လုပ်ပြီး ဖတ်နိုင်တဲ့လူတွေ ကျနော်က လေးစားတယ်။ ရုပ်ရှင်သမားဆိုရင်လည်း စာမဖတ်ဘဲ ငါဘာကောင်၊ ညာကောင် လုပ်ရင်အရူးပဲ။ ခင်မောင်ရင် အပြောကောင်းတယ်ပြောတယ်၊ ခင်မောင်ရင်တတ်တဲ့ စာကလည်း သွားကြည့်ဦးလေ၊ အင်္ဂလိပ်လိုတောင် ရွှတ်ရှက်ဒွတ်ဒက်နဲ့ ပြောနိုင်သေးတယ်။ ကမ္ဘာမှာလည်း ရှိတယ်၊ ကျနော်တို့ငယ်ငယ်တုန်းက Richard Wickmark ဆိုတဲ့ မင်းသား။ အ ပြောကောင်းလိုက်တာ၊ နောက်မှ ဘယ် ဟုတ်မလဲ သူက MA အောင်ထားတာကိုးဗျ။

ဆရာမြတ်ရဲ့ ပင်လုံထိပ်ထားဦးက လမ်းသစ်ဖောက်ခဲ့တယ်နော်။ အဲဒီတုန်းက ခေတ်ပြိုင်ကားတွေကရော၊ ဘယ်လိုကားမျိုးလဲ။

ပင်လုံထိပ်ထားဦးခေတ်တုန်းက ခေတ်ပြိုင်ကားတွေ တော်တော်များများဟာ မျက်ရည်ကျတဲ့ သမားရိုးကျကားတွေ၊ အလွမ်းဇတ်တွေ များတယ်။ ကျနော့်ကားက အတွေးအခေါ်ကား။ ကြော်ငြာတာကိုက မတူဘူး။ ကြေးရှင်မြေရှင် ချစ်မေတ္တာကို အသည်းနဲ့လျော်ကြေး ပေးဖူးသူတိုင်း ပင်လုံထိပ်ထားဦးကို ကြည့်ကြသည်တဲ့။ အဲဒီလိုပေါ့ဗျာ။ ကျနော့် စကားလုံးတွေ၊ ရုပ်ရှင်ပိုစတာကအစ အများနဲ့မတူ အောင် ဆရာဦးဘရင်ကလေးက ရေးပေးတယ်။ စာလုံးလေးတွေကအစ ဆရာထွင် ပေးတယ်။ ဆရာက မြန်မာစာလုံးကို အင်္ဂလိပ်လို လက်ရေးဆက်နဲ့ ရေးတာမျိုး ထွင်ခဲ့တယ်။

ဆရာမြတ် ပထမဆုံးအကယ်ဒမီရခဲ့တဲ့ အမုန်း၏နောက်ဝယ် ကားထဲမှာ ဆရာမြတ်က ပန်းချီဆရာအနေနဲ့ သရုပ်ဆောင်ခဲ့ရတာ တော် တော် သရုပ်ပီပြင်ပါတယ်။ အဲဒါလေး ပြောပြပါဦးဆရာ။

ကျနော် အကယ်ဒမီပထမဆုံးရခဲ့တဲ့ အမုန်း၏နောက်ဝယ်မှာဆို ကျနော့်ပန်းချီဆွဲဟန်တွေကို ဆရာဦးဘရင်ကလေးကပဲ သင်ပြပေးခဲ့ တာပဲ။ ကန်တော်ကြီး အလယ်ကောင်မှာ ကျနော့်ကိုသင်ပြပေးခဲ့တာ။ ဒါရိုက်တာက အခုကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာ မင်းအောင်၊ ကျနော်က ဆရာပန်းချီရေးရင် ဘေးကကြည့်နေ တာ။ ပန်းချီပညာသင်တာ မဟုတ်ဘူး သူ့ Style ပေါ့။ ဆရာက ကျနော့်ကို ဗန်ဂိုးက ဘယ်လို၊ ရေနွားက ဘယ်လိုပေါ့လေ ပြောပြတယ်။ ကျနော်က ရေနွားလဲ မ မြင်ဖူးဘူး။ အရုပ်တွေသာ မြင်ဖူးတာ။ ဗန်ဂိုးဆိုလည်း အ ရုပ်တွေသာ မြင်ဖူးတာ၊ လူမမြင်ဖူးဘူး။ ဒါပေမယ့် Lust for life ကားထဲက သူ့အစား သရုပ်ဆောင်တဲ့ ကပ်ဒေါ့ကလပ်ကိုပဲ ဗန်ဂိုးအဖြစ် ကျနော်က မှတ်ရတာပေါ့။ သြော် သူဟာ တူအောင်သရုပ်ဆောင်နေတာပါလားပေါ့။

ဆရာမြတ် ဒုတိယအကြိမ် ကိုယ်တိုင်ဒါရိုက်တာ၊ မင်းသားလုပ်ခဲ့တဲ့ သီချင်းဆို၍ ငိုရသည် ကားက အောင်မြင်ခဲ့ပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ ကျနော် တို့ ကြိုက်ခဲ့ပါတယ်။ ဒီလို ဇာတ်လမ်းမျိုးတွေ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် အဲဒီဇာတ်ကား ဇာတ်သိမ်းကိုတော့ လူ တွေတော်တော်ဝေဖန်ခဲ့ကြတယ်။ တချို့ဆို “သီချင်း ဆိုသော်လည်း မငိုရဲ” လို့တောင် ရေးခဲ့ကြတယ်။ အဲဒီဇာတ်သိမ်းကို (၂) မျိုးရိုက်ပြ ခဲ့တာလေး ပြောပြပါဦး ဆရာမြတ်။

သီချင်းဆို၍ငိုရသည်ကို ဝေဖန်ခဲ့တဲ့လူခပ်များများက မန္တလေးမှာ Pre-view လုပ်တော့ လူထုဦးလှ၊ ဒေါ်အမာ၊ ရွှေပြည်ဦဘတင်၊ မောင် သာနိုးတို့ မောင်စိန်မြင့် (မောင်မိုးသူ) တို့ တသိုက်ပေါ့ဗျာ။ သူတို့က ဆန်းတော့ဆန်းတာပဲတဲ့။ ဒါပေမယ့် ဇာတ်သိမ်းက သတ္တိမရှိဘူးတဲ့။ ပြေကြတယ်။ သတို့က မသိဘူး။ အဲဒီကာလက ပြင်သစ်မှာ New Wave ဆိုတဲ့ ရုပ်ရှင်သဘောတရားကြီး ပေါ်နေပြီ။ ပရိတ်သတ်ကို ဆ ရာမလုပ်ပါနဲ့ဆိုတဲ့ theory အသစ်ပေါ်လာတယ်။ ယန်းပေါ့လ်ဆတ်တို့ တပည့်တွေ၊ လုစ်ကိုဒတ်တို့၊ ဖရန်ရွှာထရူးဖော့တို့၊ ကလောဒီ ချက်ဘရောတို့ ပါတယ်။

ကလောဒီချက်ဘရောဆို အိမ်ကပစ္စည်းတွေ အကုန်ခံပြီးတော့ ဖရန်ရွှာထရူးဖော့တို့၊ လုစ်ကိုဒတ်တို့ကို ဒါရိုက်တာကြီးတွေဖြစ်အောင် တိုက်တာတွေ၊ ဘာတွေ ရောင်းပစ်ပြီးတော့ ရိုက်ချင်တာရိုက်စမ်းဆို လွှတ်ပေးတယ်။ ဒီလူတွေက ဘယ်ကလဲဆို “ကက်စီယာဂျူစီနီး မား” ရုပ်ရှင်ဝေဖန်ရေးဆရာ group တွေဗျာ။ အဲဒီ ဝေဖန်ရေးဆရာ Group တွေကပဲ ရုပ်ရှင်ပြန်ရိုက်ပြတော့ အသစ်အဆန်းတွေ ပါ တယ်။ သူတို့မှာ theory teaching နောက်က backing အရမ်းကောင်းတယ်။ ဥပမာ ယန်းပေါလ်ဆတ်တို့ပေါ့။ အဲဒီတော့ သူတို့က theory နဲ့လာကြတာ။ Theory နောက်ခံမရှိဘဲ ဒါရိုက်တာ လုပ်တာမဟုတ်ဘူး၊ ဝေဖန်ရေးလည်း ကြည့်တယ်။ ကားပေါင်း မြောက်များ စွာလည်း ကြည့်တယ်၊ ရုပ်ရှင်လည်း ဝေဖန်တယ်။ Back ground theory လည်း ရှိတယ်။ သူတို့ ရိုက်တဲ့ကားတွေက အဲဒီကာလမှာ အီ တလီက Neolism ဆိုတဲ့ခေတ်ထနေတဲ့ အချိန်နောက်ပိုင်းမှာ New Wave တက်လာလိုက်တာ Neolism ဟာ တခါတည်း မှေးမှိန်သွား တယ်။ Neolism က Solution ပေးတတ်တယ်။ နီယိုလစ်ဇင်က ရိုဇယ်လီနီတို့၊ ဒီစီကားတို့၊ နောက် လူချီနိုဗစ်ခ်ျကွန်တီ ထင်တယ်။ သူ တို့ သုံးယောက်ပေါ့။ ဒီစီကားက Bicycle Thief နဲ့ world classic ဖြစ်သွားခဲ့တယ်။

New wave ဆိုတာ ပေါ်လာတော့ New Cinema of England ကို ဆောင်းပါးနဲ့လည်း တိုက်တယ်။ ရုပ်ရှင်နဲ့လည်း တိုက်တယ်။ New Cinema of England ဆို ပြီး သဘောတရားထွင်တဲ့ လူတွေရှိတယ်။ ဥပမာ Saturday Night and Sunday Morning ဆိုတဲ့ကား ရိုက် သွားတယ်။ ဂျက်ကလင်တန်တို့ အုပ်စုပေါ့။ အင်္ဂလန်ရုပ်ရှင်တွေ နောက်ရောက်နေပြီဆိုတာတိုက်တယ်။ ဆောင်းပါးနဲ့လည်း တိုက်တယ်။ ရုပ်ရှင်နဲ့လည်းတိုက်တယ်။ အဲဒီလို ပြင်သစ်ကတိုက်တယ်၊ တကယ်လဲ အင်္ဂလန်က နောက်ရောက်နေတာပဲ။ သူတို့ရဲ့သြဇာကို နားလေး စွင့်လို့ကျနော်သိရတယ်။ စာအုပ်တွေထဲမှာ ဖတ်ရတယ်။ ပရိတ်သတ်ကို မစော်ကားပါနဲ့။ Solution မပေးပါနဲ့။ ပရိတ်သတ်က သူ့အတွေး နဲ့သူ Solution ပေးသွားလိမ့်မယ်။ အဲဒီအပေါ် မူတည်ပြီး ကျနော်က Split Screen ကို လုပ်လိုက်တာ။ တချို့က မသိဘူး။ ကျနော့်မှာ မြတ်လိုက်တာ မသိကြဘူး။ ကျနော့်အကြောင်းကို ဂျာမဏီမှာ ရေးထားတာ ဖတ်လာတဲ့သူက သေသွားတဲ့ စာရေးဆရာ မင်းရှင်။ သူပြန် လာတော့ ပြောပြတယ်။ မြတ်လေးကွာတဲ့၊ ငါအရှေ့ဂျာမဏီသွားတုန်းက မင်းရုပ်ရှင်ကြည့်ပြီး တခမ်းတနားရေးထားတာ ငါဖတ်ခဲ့ရတာ တယ်တဲ့။ ကျနော်ကလည်း ဒီမှာ လာကြည့်သွားတဲ့ Consulate တွေ ဖြစ်မှာပေါ့လို့။ ကျနော်က သံမှူးတွေ၊ သံအမတ်တွေ၊ ဖိတ်ပြခဲ့တာ ကိုး။ ဆန်းလို့ကိုး၊ ဘာဆန်းလဲဆိုတော့ ဇာတ်ကားကြီး ၃၅ ကနေ စီနီမာစကုပ်ကို နှစ်ခြမ်းခွဲပြတယ်။ Split Screen ပေါ်ဗျာ။

ဒါမျိုး ကမ္ဘာလုပ်ခဲ့တာ ရှိသလား ဆရာမြတ်။

ဒါမျိုးကမ္ဘာမှာ လုပ်ခဲ့တာ ရှိသလားဆိုရင် ရှိတယ်။ (၁၉၂၀) လောက်က ပြင်သစ် ဒါရိုက်တာကြီး Able Gance က Napoleon ရိုက် တယ်။ မြင်းတွေ အများကြီးလို တယ်ဗျာ။ လူတွေ အများကြီး လိုတယ်ဗျာ။ ရှိတာက နည်းနည်းလေးဗျာ သူပြချင်တာက တောင်ပေါ်မှာ မြင်းတွေရော၊ လူတွေရော အများကြီးပြချင်တာ။ နပိုလီ ယံဘက်က တိုက်တဲ့လူတွေရော၊ ဝယ်လင်တန်ဘက်က တိုက်တဲ့လူတွေရောကို နှစ်ဖက်စလုံးက လူတွေကို သဘယ်လိုပြလို့ ရမလဲ။ လူတွေကို လဲရတယ်၊ မြင်း တွေကိုလည်း ဆေးဆိုးပေးရတယ်။ နှစ်ပိုင်း ခွဲပြတယ်။ သူကတော့ Same Size ပေါ့လေ။ အဲဒီလို ပြခဲ့တယ်။ ကျနော်က Split screen။ စီနီမာစကုပ်ကို နှစ်ပိုင်း ခွဲပြခဲ့တာ။ ပရိတ်သတ်ကို သူ ဘာသာသူ solution ပေးခိုင်းတာ။ ဒါပါပဲ။


မောင်ညီညွတ်

(ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း - အမှတ် (၂၆)၊ စက်တင်ဘာ၊ ၂၀၀၉။ စာမျက်နှာ ၃၀-၃၂၊ နှင့် အချပ်ပို - ၄-၁၀ ထိ။)

မာတိကာ


statistics

web tracker