ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, August 17, 2010

မိုးနှင့်လေ

ထိုနေ့သည် ဇူလိုင်၏နေ့တစ်နေ့ဖြစ်သည်။
ဝါလည်းဝင်တော့မည်။ မိုးလည်း ဖြိုင်ဖြိုင်ကျနေပြီ။ သို့သော် ထိုနေ့ကတော့ နံနက်ပိုင်းနေသာသည်။
အိမ်ဆိုင်လေးအတွက် လိုအပ်သောပစ္စည်းများ ၀ယ်ပေးရန် နှုတ်မှထုတ်မပြောသော်လည်း၊ ပစ္စည်းစာရင်း နှင့် ငွေကို ကိုယ့်လက်ထဲ ထည့်ပေးလာသော ဇနီးသည်ကို တစ်ချက်ပြုံးပြရင်း၊ ဆင်ခြေဖုံးမှသည် မြို့လယ်ကောင်သို့ ရောက်ခဲ့သည်။

ဟိုဆိုင်ဝင် သည်ဆိုင်ထွက်ဖြင့် တစ်နာရီနီးပါးမျှ အချိန်ကုန်သွားပြီးနောက်၊ ကိုယ့်လက်ထဲတွင် ကျွတ်ကျွတ်အိတ် အကြီးစားကြီးတစ်လုံးအပြည့် ပစ္စည်းများနှင့် ပြည့်နေပြီ။ အိမ်အပြန် ခရီးအတွက် (၃၉)လမ်းထိပ် ကားမှတ်တိုင်သို့ ခြေဦးလှည့်လိုက်သည်။ မိုးကလည်း ဖွဲဖွဲကျလာသည်။
ကားမှတ်တိုင်အရိပ်ကို ခိုပြီးကာမှ မိုးကနည်းနည်းလေး ပိုသည်းလာသည်။
လမ်းတစ်လျှောက်လုံးဖွင့်၍ မဆောင်းခဲ့ရသော ထီးသည် ကားမှတ်တိုင်အမိုးအောက်ရောက်မှ ဖွင့်ရမည့်ကိန်း။ အို-မိုးတွင်းပဲလေ။ မိုးစိုချင်လည်း စိုမပေါ့။ ယိုချင်လည်း ယိုမပေါ့။
ကားစပယ်ယာတို့၏ မင်္ဂလာဈေး-တာမွေ ကြော်ငြာသံများကား အခါမလပ်။
ကားတွေ ဆိုက်လာလိုက်၊ ခရီးသည်တွေ ဆင်းလာလိုက်၊ တက်သွားလိုက်၊ ကားမှတ်တိုင်တွင် ခရီးသည်တွေ ပါးသွားလိုက်၊ ဟိုက သည်ကနေ မှတ်တိုင်သို့ လာစုလိုက်၊ ပါးသွားလိုက်၊ ကိုယ်လိုရာခရီးသို့ ကိုယ့်ဇောကိုယ်စီနှင့်ကိုယ်။
သံသရာခရီးသည်များ။
ကိုယ် ရုံးအမှုထမ်းဘ၀ကလည်း ဤမှတ်တိုင်မှ အိမ်အပြန်ခရီးအတွက် အကြိမ်ပေါင်းများစွာ စီးခဲ့ဖူးပြီ။ ခုလည်းစီးဖို့ ပြင်နေဆဲ။ နောင်ရော ဘယ်လောက်များ ဤမှတ်တိုင်ကို လာရဦးမည်လဲ။
ကားကို မျှော်စိတ်က အတွေးကို ဖြတ်လိုက်သည်။ ကိုယ်စီးမည့်ကား၏ အရိပ်အယောင်မျှပင် မမြင်သေး။ ဖွဲဖွဲမှ စိပ်စိပ်မိုးသည် ယခုတော့ ကျဲပါးသွားပြန်ပြီ။
နာရီဝက်ကျော်ကျောခန့် ကားမှတ်တိုင်တွင် အချိန်ဖြုန်းပြီးသောအခါတွင်မူ ကိုယ်စီးရမည့် (၂၀၃)ကား မှတ်တိုင်သို့ ထိုးဆိုက်လာသည်။
ကား၏ ခရီးလမ်းဆုံးကား မည်သည့်နေရာပင် ဖြစ်ပါစေ။ ဤမှတ်တိုင်သို့ လာရပ်သော ကားတိုင်း၏စပယ်ယာ မှတ်သမျှတို့ကား မင်္ဂလာဈေး-တာမွေဟုသာ အော်မြဲအော်ကြသည်။
ကားစီးရတာပင် နားလည်မှုလေးပါဦးမှ။
အတွေးကိုဖြတ် အထုပ်ကိုဆွဲရင်း၊ ကားပေါ် အမြန်တက်ရသည်။
ကြပ်ခြင်း-ချောင်ခြင်းဟူသောသတ်မှတ်ချက်အစွန်းနှစ်ဖက်မှလွတ်သောကားဖြစ်သောကြောင့်ကားပေါ် တက်ကြ သောခရီးသည်စီးကြောင်းအတိုင်းရွေ့လျားလိုက်ပါသွားရင်းကား၏နောက်ပိုင်းနားရောက်သောအခါ ရပ်ရလွယ်ကူ မည့် နေရာလေးတွင် ကျောက်ချလိုက်သည်။
မိုးကလေးကလည်း ဖွဲဖွဲမျှသာ။
မှတ်တိုင်မှ ကားထွက်ခွါပြီးသောအခါတွင် ကိုယ့်တာဝန်တော့ကျေပြီ။ ကိုယ့်အလုပ်က ကားပေါ်ရောက်အောင် တက်ဖို့၊ ကားအလုပ်က မောင်းဖို့၊ နောက် ကိုယ့်အလုပ်က ကိုယ်ဆင်းလိုသည့်မှတ်တိုင်ရောက်လျှင် ဆင်းဖို့၊ အဲ-အဲ ကားခ ပေးဖို့လည်းပါသည်။
သူ ခေါ်ရာနောက်သို့ ကိုယ်ဆင်းလိုရာ မရောက်မချင်း လိုက်ရဦးတော့မည်။
ထို့ကြောင့် ဗုဒ္ဓ၏ “သိနေပါ” ညွှန်ကြားချက်ကို တခုတ်တရလိုက်နာ နေလိုက်သည်။
ဘာဖြစ်ဖြစ် သိနေ။
တွေးမိရင်လည်း တွေးတာကို သိနေ။
မြင်ရင်လည်း မြင်တာကို သိနေ။
သိနေပါများလာရင်-
သိတာတွေအားလုံး၏ အနှစ်သာရက မမြဲခြင်းဆိုတဲ့ နိဂုံးမှာ ချုပ်ဆုံးခြင်း။
ကားသည် ဦးတည်ရာတစ်ခုသို့ မောင်းနှင်နေသော်လည်း၊ ထိုကားတွင် စီးနင်းလိုက်ပါလာသော မတ်တတ် ရပ်စီးသူမှတ်သမျှသည် ကန့်လန့်အနေအထားဖြင့်သာ နေ၍ စီးကြရသည်။ ကားတူရူရာသို့ မျက်နှာမူလိုက်လို့မရ။ စပယ်ယာက ခွင့်မပြု။ ထို့ကြောင့်ပင် ကိုယ်သည် ပြတင်းပေါက်ဘက်သို့ လှည့်၍နေရသည်။
ကောင်းပါသည်။ လေ၀၀ ရှုရသည်ပေါ့။
မိမိရှေ့တစ်ယောက်ထိုင် ထိုင်ခုံတွင်ထိုင်နေသော ခရီးသည်က လှုပ်လှုပ်ရွရွ လုပ်လာသည်။
သူ့လက်တွင်းမှ ခေါက်ထီး ထီးရိုးကို ဆွဲဆန့်လိုက်သည်။ နေရာမှထလိုက်သည်။ ကိုယ်ဘေးဘီကို တစ်ချက်ကြည့်လိုက်သည်။ အိုကြီးအိုမများ၊ ကိုယ့်ထက်အားနည်းသူများ ရှိနေမလား၊ သူလိုကိုယ်လိုချည်းသာ ကိုယ့်လက်ထဲမှာ ဆွဲထားသော အထုပ်ကြီးကို ငဲ့ကြသည်လား၊ ထိုင်ခုံမှာ အတင်းဝင်ထိုင်ချင်ကြောင်း အရိပ်အမြွက်မျှ ပြသူမရှိ ကိုယ် ၀င်ထိုင်လိုက်သည်။
သဘာဝကပေးသောလေကို ခုတော့ တစ်ဝကြီးရှုခွင့် ရလိုက်သည်။ ကိုယ်ထိုင်ခုံတွင် ထိုင်ပြီး မကြာမီပင် ဖွဲသော မိုးကသည်းလာသည်။
လေကလည်း နည်းနည်း ပိုပြင်းလာသည်။
ကားတွင်းသို့ မိုးများ ပက်သွင်းစပြုလာသည်။
ကားပြတင်းပေါက်ဘေး ထိုင်ခုံတွင် ထိုင်နေကြသူတို့က ကမန်းကတန်း တံခါးများကို ပိတ်ချလိုက်ကြသည်။ ကိုယ့်ဘေးမှ တံခါးပေါက်ကိုတော့ ကိုယ်မပတ်လို၊ သို့သော် ကိုယ့်ရှေ့ခုံမှလူက ထ၍ပိတ်လိုက်သည်။
စပယ်ယာ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော တံခါးမှာလည်း မှတ်တိုင် အတက်အဆင်းမှလွဲ၍ ကျန်သောအချိန် များအားလုံး ပိတ်ထားရသော အပေါက်မျှသာ။
ကားတစ်စီးလုံး ပိတ်လှောင်နေသည်။
အသက်ရှူရသည်မှာ မ၀။
မွန်းကျပ်လာသည်။
လေရှူရမှ အသက်ရှင်ရသော သတ္တ၀ါတို့အတွက် လေသည်တန်ဖိုးဖြတ်၍ မရသောအရာ။ လူသည် ထိုအထဲတွင်ပါသည်။
လေကို ၀၀ရှူ၍ သွေးတို့ကို သန့်စင်ရသည်။ ထိုသန့်စင်သော သွေးလည်ပတ်ခြင်းဖြင့်သာ အသက်ရှင်ကြ ရသည်။
လုံလောက်သောလေ မရလျှင် အသက်မသေတောင် ကျန်းမာရေးတော့ ထိခိုက်မှာ သေချာသည်။
ခုလည်း ကိုယ် ကိုယ်တိုင် မွန်းကျပ်ကျပ်ခံစားရသည်။
ကြာလျှင် ပိုဆိုးတော့မည်။
မိုးတွင်းမှာ မိုးရွာမည်။
မိုးရွာလျှင် မိုးစိုမည်။ ယခု ကားပေါ်မှာ မိုးမစိုလျှင်၊ ကားပေါ်မှဆင်းလျှင် မိုးစိုမည်။
ကားတံခါးကို ပိတ်လိုက်ကြသူတိုင်း မိုးစိုမှာ စိုးကြပုံရသည်။ မိုးစိုလျှင် ဘာဖြစ်နိုင်သနည်း။
သေတတ်သည်ဟုတော့ ဘယ်သူမှ ပြောသံမကြား၊ အဆိုအမိန့်လည်း မရှိပါ။
သို့သော် ကားတံခါးတွေကို လျင်မြန်စွာ ပိတ်ကြခြင်းကြောင့် အသက်ရှူမ၀၊ လှောင်ပိတ်လာတော့ မသေရင် တောင် ကျန်းမာရေး ထိခိုက်မှာ သေချာသည်။
ရောဂါဟောင်းများ ရှိလျှင်တော့ အသက်ကိုပင် အန္တရာယ်ပြုနိုင်သည်။
ပြည့်ကျပ်နေသော ကားပေါ်တွင် မတ်တပ်ရပ်၍ စီးနေရသူတို့အတွက် ရွေးချယ်စရာလမ်း နည်းပါးကြသည်။ ထိုင်ခုံထိုင်နေသူတို့မှ တံခါးမဖွင့်လျှင်၊ သူတို့မှာ ဖွင့်ခွင့်မရှိ။
မြန်မာလူမျိုးတို့ အလွန်အားနာတတ်သည်။ မိမိ လေ၀၀ရှူလိုသော်လည်း-
ထိုင်ခုံမှာ ထိုင်နေသူ မိုးစိုမှာကို အားနာတတ်ကြသည်။
ထိုင်ခုံမှာ ထိုင်နေသူက မိုးအစိုခံ၍ ပြတင်းတံခါးဖွင့်ပေးလျှင်မူ သူတို့ လေ၀၀ရှူခွင့်ရကြမည်။
“ကျွန်တော် တံခါးဖွင့်မယ်ဗျာ”
ကိုယ့်နှုတ်မှခွင့်တောင်းစကားဆိုရင်း ကိုယ့်ထိုင်ခုံဘေးမှတံခါးကို အကျယ်ဆုံးအနေအထားအထိ ဖွင့်လိုက်သည်။
ယဉ်ကျေးမှုအရ ခွင့်တောင်းစကားသာ ဆိုလိုက်ရသည်၊ ရှေ့ခုံမှလူနှင့်တံခါးပေါက်ဝ ဆက်စပ်မှုမှာ လက် တစ်မိုက်မျှလောက်သာ။ ကိုယ့်ဘက်မှာသာ တံခါး၏ခြောက်ပုံငါးပုံလောက်၊ ပြောလည်းပြော၊ တံခါးလည်းဖွင့် ပြင်ပမှ လေအေးကလည်း မျက်နှာကို ပက်ဖြန်း၊ မိုးစက်မိုးပေါက်တို့ကလည်း ပြင်းပြင်းထန်ထန်ဝင်လာ။
စိတ်ထဲက ကျေနပ်သွားသည်။
နောက် သိချင်တာလည်းရှိသည်။
မိုးသည်းသည်းရွာခိုက် ကားပေါ်မှာ ပြတင်းတံခါးဖွင့်စီးလျှင် ဘာဖြစ်နိုင်သနည်း၊ အသက်အန္တရာယ်ရော ထိခိုက် နိုင်ပါသလား။
ကားထဲမှာ အတူတူစီးလာသည့် ခရီးသည်တွေရော ထခိုက်နိုင်ပါသလား။
ပက်သွင်းလာသော မိုးသည် ကိုယ့်ကိုယ်၏ ပြတင်းပေါက်ဘက် တစ်ခြမ်းသာသာကိုသာ စိုသည်။ သတိကို စူးစိုက်ထား၍ ပြတင်းပေါက်မှ ပက်သွင်းလာသော မိုး၏ဒဏ်ကို ခံကြည့်သည်။
စိတ်အာရုံကို စူးစိုက်ထားရင်း ဖြစ်စဉ်တစ်ခုလုံးကို သတိမလွတ် ခံစားကြည့်နေမိသည်။
မိုးက သဲသဲမဲမဲ ရွာဆဲ။
ကားမှတ်တိုင် လေးမှတ်တိုင်လောက် လွန်သွားသည်။
ကိုယ်တစ်ခြမ်း(ရင်ဘတ်အောက်ပိုင်း)သာ စိုသည်။ ခေါင်းကိုလည်း မစို၊ စင်လာသော မိုးမှုန်များကြောင့် မျက်မှန်မှာတော့ ရေငွေ့များနှင့် ၀ိုးတ၀ါးသာ ပြင်ပအရာများကို မြင်ရသည်။
မိုး၏ဒဏ်ကို အမှတ်တမဲ့ မခံစားဘဲ စူးစူးစိုက်စိုက် ခံစားကြည့်သောအခါ မိုးစိုတယ်ဆိုတာ တကယ်တော့ ဘာမျှ မဟုတ်ဟု သိလာရင်း၊ ဤပြတင်း တစ်ပေါက်ကြောင့် ခရီးသည်များ အသက်၀၀ရှူရ၍ ကျန်းမာရေး မထိခိုက်မည်ကို တွေးမိသောအခါ မိုးစိုခံရတာ ကျေနပ်စရာဟုပင် ထင်လာသည်။
ကိုယ့်ရဲ့ရှေ့ထိုင်ခုံမှ လူက မိုးလွတ်ရာ အကွယ်လေးသို့ ရို့ကပ်ရင်း ထိုင်ပေးနေသည်ကိုလည်း စိတ်ထဲမှ ကျေးဇူး တင်မိသည်။
ထိုသူ၏ဘေးမှ ခရီးသည်က ကိုယ့်ကို စူးစမ်းသောအကြည့်ဖြင့် ကြည့်သည်ကိုလည်း လျစ်လျူရှုလိုက်နိုင်သည်။
ကားမှတ်တိုင် နောက်ထပ်နှစ်မှတ်တိုင်လောက် ဖြတ်သန်းပြီးသောအခါ မိုးနည်းနည်းပါးလာသည်။ ထိုင်ခုံတွင် ထိုင်နေသူများ သူတို့ဘေးရှိ ပြတင်းတံခါးများကို ဖွင့်ကြသည်။
ခရီးသည်တွေ လေ၀၀ရှူကြရသည်။
နောက် မိုးသည်းလာပြန်သည်။ ပြတင်းတံခါးများကို အမြန်ပိတ်ကြပြန်သည်။
“ကိုယ့်လို ဖွင့်ပြီးစီးကြည့်စမ်းပါ” ဟု ပြောမဖြစ်သည်ကို ကိုယ်သိသည်။
“ကိုယ်ရေစိုခံရုံနဲ့ ခရီးသည်တွေ လေကောင်းကောင်း ရှူကြရမယ်ဗျ” ဟုပြော၍ မဖြစ်ကြောင်း ကိုယ်သိသည်။
ကိုယ့်ရှေ့ထိုင်ခုံ အတွင်းဘက်ခြမ်းမှာ ထိုင်နေသောသူ၏ “နေကောင်းလား” ဟူသော စူးစမ်းအကြည့်ကိုလည်း ကိုယ်သိသည်။ ထို့ကြောင့် လေ၏ တန်ဖိုးကို သူမသိကြောင်းကိုလည်း ကိုယ်သိသည်။
မီးပွိုင့်တွင် ကားရပ်ထားစဉ် လူကူးမျဉ်းကြားကို ဖြတ်ကူးသွားသော အများကသတ်မှတ်ကြသည့် ကိုယ်လုံးကိုယ် ပေါက်လှသည်ဟု ဆိုသော အမျိုးသမီးတစ်ယောက်ကို မိုးစက်များ စင်ထားသဖြင့် မှုန်ဝါးဝါးမျက်မှန်မှ မှုန်ဝါးဝါးသာ မြင်လိုက်ရခြင်းကြောင့် ဥပါဒါန်တစ်ခု မဖြစ်လိုက်တာကိုလည်း ကိုယ်သိသည်။
ကားတံခါးကိုကျယ်စွာဖွင့်၊ လေကို ၀အောင်ရှုရင်း မိုးစက်များရိုက်ခတ်မှုကို ကျေနပ်နေမိသည်။
ဇူလိုင်မိုးမို့ထင်သည်၊ အတော်ပြင်းထန်စွာ ရွာကောင်းဆဲပင်။
မတ်တပ်ရပ်စီးနေကြသော ခရီးသည်များကို ကြည့်မိသည်။ ကိုယ့်ထက် ၁၄/၅ နှစ်ခန့်ပိုကြီးသည့် နွမ်းနွမ်းပါးပါး ဦးကြီးတစ်ယောက်ကို သတိထားမိသည်။
ကိုယ် ထိုင်နေရာမှ ဖယ်ပေးချင်သည်။
ကိုယ့်စိတ်ထဲမှ ကြိတ်၍ပြောမိပြန်သည်။
မတ်တပ်ရပ်စီးရလို့ အသက်အန္တရာယ်မထိခိုက် နိုင်ပါဘူး ဦးလေးရယ်၊ လေမရှူရရင်တော့ အသက်အန္တရာယ် ထိခိုက်နိုင်တယ်။ ဦးလေးမိုးစိုခံချင်မယ် မထင်ဘူး၊ ဦးလေး တံခါးပိတ်မှာလည်း ကျွန်တော်မပိတ်စေချင်ဘူး၊ သည်းခံသာ ရပ်လိုက်ပါ ဦးလေးရာ။
ဖျတ်လတ်နိုးကြားနေသောသတိ၊ မိမိလုပ်နေတာကို သိနေသော အသိများစွာဖြင့် ကားစီးလာရင်း ဆင်းရမယ့် မှတ်တိုင်သည် နောက်မှတ်တိုင်ဖြစ်၍ လာချေပြီ။
ထိုင်နေရာမှ နောက်အကျဆုံးထား၍ ထလိုက်သည်။ မိုးကား သဲသဲမဲမဲ ရွာလျက်ပင်။
မိမိထိုင်ခုံနှင့် အနီးဆုံးခရီးသည်လည်း မိမိနေရာ ၀င်ထိုင်ဖို့ ပြင်နေပြီ၊ ကိုယ့်လိုပဲ တံခါးမပိတ်ဘဲ စီးပါဟု ပြောမထွက်သည့်ကိုယ်၊ စိတ်ထဲမှာတော့ ဖွင့်၍စီးကြည့်စေချင်သည်။
ကိုယ် ထိုင်ခုံမှ ထပြီးနောက်၊ ထိုခရီးသည်က ၀င်မထိုင်ခင်ပင် တံခါးကိုအရင်ပိတ်လိုက်သည်။ နောက်မှ ၀င်ထိုင်လိုက်တာ တွေ့ရသည်။
တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားရရင်း ကားပေါ်မှ ဆင်းလိုက်သည်။ ပါလာသော ထီးကိုဖွင့်ဆောင်းစဉ်ပင် ကြမ်းတမ်းသော ပြင်ပလေနှင့် မိုး၏ဒဏ်ကို ခံလိုက်ရသည်။ ကားပေါ်မှာ ကိုယ်တစ်ခြမ်းသာ စိုခဲ့သောကိုယ်၊ ခုတော့ တစ်ကိုယ်လုံး စိုရွှဲသွားခဲ့ရပြီ။
ကားပေါ်မှာ ပါသွားတဲ့ ခရီးသည်တွေရော။
ကားပေါ်ကဆင်းရင် မိုးတွင်းမို့ မိုးစိုကြမှာပါပဲ။ ။
အမှတ်(၁၁) ဇူလိုင် ၂၀၀၇ ခုနစ်။
ပန်းအလင်္ကာ မဂ္ဂဇင်း

မာတိကာ


statistics

web tracker