ဆရာ စားချန်တယ်
အလင်းစေတမန်
ယနေ့ခေတ်တွင် တပည့်တော်တော်များများသည် မိမိတို့ ဆရာမှ ဆရာစားချန်ပြီ သင်ပေးသည်ဟု ထင်မှတ်နေကြသည်။ ဆရာစားချန်သော ဆရာများရှိလျှင်လည်း ရှိပါမည်။ ကျွန်တော် ကြုံတွေ့ ခဲ့ရသည့် ဘ၀တစ်လျှောက်တွင် ဆရာမှ ဆရာစားချန်သည်မဟုတ်ဘဲ တပည့်မှ လိုက်မမှီသည်ကို တွေ့ ရှိခဲ့ရသည်။ ကျွန်တော်တို့ သိုင်းသင်စဉ်အချိန်က ၁၉၈၈ ခုနှစ်က ဖြစ်သည်။အလင်းစေတမန်
သင်တန်းစတက်သည့်နေ့တွင် သင်တန်းသား ၅၀ ကျော်လောက် ရှိပါသည်။ သင်တန်းနည်းပြဆရာမှ သင်တန်းသားများ အားလုံးကို မြင်ထိုင် ကီ ထိုင်ခိုင်းပါသည်။ အချိန် ၃ နာရီ လောက်သာကြာသွားသည် အကြောလျှော့လေ့ကျင့်ခန်းနှင့် ကီ ထိုင်ခြင်းတို့ဖြင့်ပြီးသွားခဲ့သည်။ စိတ်ပျက်သည့် သင်တန်း သားများ စိတ်ပျက်သွားသည်။ နောက်ရက်တွင် သင်တန်းသား ၅၀ နီးပါးလောက်သာ လာတော့သည်။ ၃၊ ၄ ယောက်လောက် မလာတော့ပါ။ ထိုနေ့တွင်လည်း ပထမနေ့ အတိုင်းပင် အကြောလျှော့၊ ကီထိုင် အဲဒါနဲ့ပဲ တနေကုန်ပြန်သည်။ တတိယနေ့တွင် သင်တန်းသား ၂၀ ကျော်လောက်ပဲ ကျန်တော့သည်။ အချို့ က စိတ်ပျက်ပြီး မလာကြ တော့ပါ။ ထိုနေ့တွင်လည်း ထုံးစံအတိုင်း အကြောလျှော့၊ ကီထိုင် နဲ့ပဲ ပြီးသွားပြန်သည်။ သင်တန်းသားများ တော်တော်စိတ်ပျက် သွားကြသည်။ သူတို့မျှော်လင့်ထားသည်မှာ သိုင်းကွက်များဖြစ်သည်။ ယခု သူတို့ သင်နေရသည်ကာ အကြောလျှော့လေ့ ကျင့်ခန်းများ ဖြစ်နေသည်။ စတုတ္ထနေ့တွင် သင်တန်းသား အယောက် ၂၀ မပြည့်တော့ပါ။ ထိုနေ့တွင် သိုင်းကွက် တကွက် သင်ပေးပါသည်။ ထိုသိုင်းကွက်ကလည်း ကီ ထိုင်နည်းပါ။ နောက်ရက်များတွင်လည်း ကီထိုင်နည်းများသာ သင်ပေးပါသည်။ သင်တန်းသား တဖြေးဖြေးနည်းသွားသည်။ ကျွန်တော်တို့ သင်တန်းတတ်ထည်းက မျှော်လင့်ခဲ့တာက သင်တန်းမှာ လူတစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နည်း သင်ယူဖို့ပါ အခုတော့ ကီ ထိုင်နည်းနဲ့ကြီး တိုးနေပါသည်။ နောက်ဆုံး ၁၀ ရက်လောက်အကြာမှာ သင်တန်းသား ၁၀ ယောက်လောက်သာ ရှိတော့သည်။ ကီထိုင်နည်းကတော့ ၉ မျိုးလောက် သင်ပြီးပြီ ဖြစ်သည်။ အဲဒီနေ့မှာ ပင်မဆရာကြီး ဦးလွင်မှ ကျွန်တော်တို့ကို ကီထိုင်နည်း စစ်ပါသည်။ ကျွန်တော်တို့မအောင်ကြပါ။ ကီထိုင်ထားတဲ့ ပုံစံကို ဆရာကြီးတွန်းလျှင် ကျွန်တော်တို့ ပုံစံပျက်ပါသည်။ ကျွန်တော်တို့ ကိုနောက်နေ့တွင် ကီပြန်ထိုင်ရမည်ဟု ဆရာကြီးက ပြောပါသည်။ ကျွန်တော်က
" ဆရာကြီး ကျွန်တော်တို့ ကီပဲထိုင်ရတော့မှာလား ... သိုင်း မသင်ရတော့ဘူးလား " လို့မေးတော့။ ဆရာကြီးက
" ငါ့တပည့် မင်းကိုယ့်ခြေထောက်တောင် ကိုယ်ခိုင်အောင်မလုပ်နိုင်သေးဘဲ ဘယ်သူ့ကို တိုက်ခိုက်ချင်နေတလည်း၊ ကိုယ့်ခြေထောက်ကို ခိုင်အောင်အရင်လုပ်"
ဟု ပြောပါသည်။ နောက်နေ့ မနက် သင်တန်းတွင် သင်တန်းနည်းပြဆရာမှ ကျွန်တော်တို့ တစ်ဦးချင်းစီကို သူ့ကို တိုက်ခိုက်ခိုင်းပါသည်။ ကြိုက်သလို ထိုးနိုင်တယ်၊ ကန်နိုင်တယ် ဟု ပြောပါသည်။ ကျွန်တော်တို့လည်း ကိုတတ်သမျှ ကိုယ်ခံပညာဖြင့် တိုက်ခိုက်ပါသည်။ နောက်ဆုံး ကျွန်တော်တို့ ၅ ဦးသာ လက်တွေ၊ ခြေထောက်တွေ ယောင်ကိုင်းသွားပါသည်။ သင်တန်းနည်းပြ ကို တစ်ယောက်မှ ထိအောင်မထိုး လိုက်နိုင်ပါ။ နောက် ၂ ရက်လောက် အထိ လမ်းကောင်းကောင်း မလျှောက်နိုင်ပါ။ အပြင်ကမသိတဲ့ သူငယ်ချင်းတွေကတော့ သင်တန်းမှာ တစ်ယောက်နဲ့ တစ်ယောက်ချရင်းနဲ့ ဒဏ်ရာတွေရတယ်၊ သိုင်းကွက်တွေ တော်တော်တတ်နေပြီဆိုပြီ အထင်တွေကြီးနေပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီ အချိန်အထိ ကီ ထိုင်တာကလွဲပြီ ဘာမှ မတတ်သေးပါ။ သူငယ်ချင်းတွေကိုလည်း မရှင်းပြတော့ဘဲ ဒီအတိုင်းနေလိုက်တယ်။ သင်တန်းစတက်ပြီ ၂ ပတ် ကြာတဲ့ နေ့မှာ သိုင်းကွက် ၁ ကွက် စတင်ပါတယ်။ ကျွန်တော်တို့ ပွဲကျောင်းသိုင်းပညာရဲ့ အခြေခံ ကာကွယ်နည်း ကျားပုတ် ဆိုတဲ့ သိုင်းကွက်ပါ။ အဲဒီသိုင်းကွက်သင်တော့  ကျွန်တော်က တရုပ်သိုင်းပညာ ကွန်ဖူးသင်ဘူးတော့ ကွန်ဖူးသိုင်းပညာထည်းကလို ပုတ် နေတာကို ဆရာကြီးကတွေ့ သွားတယ်။ သူထိုင်းနေရာကနေ ကျွန်တော်စီ လျှောက်လာပြီတော့
" မင်း ဘာသိုင်း သင်ဘူးလည်း "
လို့ မေးပါတယ်။ ကျွန်တော်က
" ကျွန်တော် ကွန်ဖူး သင်ဘူးပါတယ်ဆရာကြီး " လို့ ပြန်ဖြေလိုက်ပါတယ်။ ဆရာကြီးက
" မင်း ပုတ်တာမှာနေတယ် ကွန်ဖူးသိုင်းပညာမှာ မင်းပုတ်တာ မှန်ချင် မှန်နေမယ်၊ ငါတို့ပွဲကျောင်းပညာရပ် အနေနဲ့ကတော့ မင်းပုတ်တာ မှားနေတယ် "
ဆိုပြီ ကျွန်တော်ကို သေချာပုတ်ပြပါတယ်။ ပြီးတော့ ဆရာကြီးက ပြောပါတယ်
" ငါတို့ပွဲကျောင်းပညာရပ်မှာ လက်က ရင်ဝအရှေ့ တည့်တည့် ပုခုံးစွန်နားအထိပဲ ရှိရမယ်၊ လက်နဲ့ ရင်ဝအကွာအဝေးက တစ်ထွာ အတွင်းမှာပဲ ရှိရမယ် "
လို့ပြောပါတယ်။ ကျွန်တော်က
" ဘာလို့လည်း ဆရာ "
ဆိုပြီ လျှာရှည်ပြီ မေးတော့။ ဆရာကြီးကပြုံးပါတယ်
" အေး မင်းကမေးတော့ ငါကရှင်းပြရတာပေါ့၊ တစ်ချို့ တပည့်တွေက ဆရာက ဒါဆိုပြီ ပြောလိုက်တယ်၊ ဆရာ ပြောတဲ့အတိုင်းလုပ်ကြတယ်။ ဘာလို့ဒီလို လုပ်ရတာလည်း ဆိုပြီ မမေးကြဘူး။ မမေးတော့ ဆရာကလည်း မပြောဖြစ်ဘူး။ သဘောတရားနားမလည်းဘဲ ကစားသွားတယ်။ နောက်ပိုင်းကြတော့ သူတို့ သဘောတရားမသိတော့ ဆရာကစားတာနဲ့ မတူကြတော့ဘူး။ အဲဒီမှာ ဆရာတွေ ပညာစားချန်တယ်ဆိုပြီ ဖြစ်ကြရော။ အမှန်က မင်းလို မသိရင် တခါထည်းမေး။
" ငါတို့ပွဲကျောင်း ဆရာအစဉ်အဆက်ဟာ အကြောင်းမရှိ ဘဲ တစ်ခုမှ မသင်ခဲ့ဘူး၊ မပြောခဲ့ဘူး။ "
" ပုတ်လိုက်တဲ့ လက်ကာ ပုခုံးစွန်းကို မကျော်ရဘူး ဆိုတာက ပုခုံးစွန်း အထိလုံရင် မထိတော့ဘူး၊ ဒီလက်က နောက်တိုက်ခိုက်လာမယ့် လမ်းကြောင်းကို ပြန်ကာကွယ်ဖို့ အသင့်ရှိနေမယ်။ ပုခုံးစွန်းကို ကျော်ပြီ ပုတ်လိုက်ရင် အားလွန် သွားမယ် အဲဒီလက်က နောက်တိုက်ခိုက်လာမယ့် လမ်းကြောင်းကို မကာကွယ် နိုင်တော့ဘူး။ ရန်သူက မင်းရဲ့  အရှိန်လွန်းသွားတဲ့ အားနည်းချက်ကနေပြီး မင်းကို ထပ်ပြီ တိုက်ခိုက်တော့မှာ အဲဒီအတွက် ပုတ်လိုက်တဲ့ လက်ကာ ပုခုံးစွန်းကို မကျော်ရဘူး။"
ကျွန်တော်က
" ဆရာ လက်က ရင်ဝကနေ တထွာအကွာပဲ ရှိရမယ်ဆိုတော့ အားဘယ်ရှိမလည်း၊ တထွာထက် ကျော်သွားရင် ဘာဖြစ်နိုင်လည်းဆရာ "
လို့ ထပ်ပြီ လျှာရှည်တော့။ ဆရာကြီးက
" လက်အကွာအဝေးက ရင်ဝကနေ တထွာဘဲရှိရမယ်၊ အဲဒီတထွာအတွင်းမှာ အားမထည့်နိုင်ရင်၊ အားထည့်နိုင်အောင်ကျိုးစား၊ တထွာထက် ကျော်သွာရင် ဘာဖြစ်နိုင်လည်းဆိုတော့ လက်ဝှေ့ သမားတွေနဲ့တွေ့ ရင် မင်းလက်ကို ခြေထောက်နဲ့ ကန်ပြီး ချိုးသွားလိမ့်၊ တတောင်က ၉၀ ဒီဂရီ ကျော်ကျော်လေး ကွေးနေတော့ သူတို့ မင်းနံကို လည်း ကန်လို့မရတော့ဘူး၊ မင်းလက်ကို လည်း ကန် လို့မရတော့ဘူး အဲဒါ မြဲမြဲ မှတ်ထား "
ဟု ပြောပြီး။ တပည့် အားလုံးဘက်လှည့်ကာ
" မင်းတို့အားလုံး မှတ်ထား ဆရာဆိုတာ ပညာဘယ်တော့မှ မလျှိုဘူး၊ ကိုယ့်တပည့်ကို ဆရာထက်တော်တာပဲ မြင်ချင်ကြတယ်။ မင်းတို့ မသိတာကို မေး၊ ဒါပေမယ့် မင်းတို့ မှတ်ထားရမှာက ဆရာတွေကို မင်းတို့ဘယ်တော့မှ လိုက်မမှီ နိုင်တာ ဆရာတွေရဲ့  အတွေ့ အကြုံကိုဘဲ။ "
ဟုပြောခဲ့ဘူးပါသည်။
ဆရာကြီး ဦးလွင်ရဲ့ စကားအရ ဆိုလျှင် ဆရာများဟာ ဆရာစားမချန်ကြပါ။ တပည့်များက မမေးကြလို့တာ မသိကြရာကနေ ဆရာရဲ့  ပညာကို တပည့်များ လိုက်မမှီကြတော့တာကို တပည့်တွေက ဆရာစားချန်ပြီ သင်ပေးလိုက်သည်ဟု အထင်လွဲကြတာလို့ ကျွန်တော် ထင်မြင်မိပါသည်။
အလင်းစေတမန်