သတ္တိကို မွေးယူခြင်း (စိတ်အားသတ္တိ) ၁ မှ ၎
အောင်သင်း
ထောင်ထဲမှာ၁၉၄၉ခု၊ တစ်တိုင်းပြည်လုံး သောင်းကျန်းသူတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာ ငါလည်း သောင်းကျန်းသူတွေရဲ့ အဖမ်းခံရပြီး ထောင်ထဲကို ရောက်သွားခဲ့တယ်။ နိုင်ငံရေးသမားတွေ၊ ပါလီမန်အမတ်တွေ၊ အရေးပိုင်၊ စက်ရှင်တရားသူကြီး၊ ရဲမှူးကြီး စသည်အားဖြင့် လူစုံပါပဲ။ အကျဉ်းထောင် တစ်ခုပြီး တစ်ခုပြောင်းပြီး ပို့လိုက်တာလည်း နှံ့သွားတာပဲလို့တောင် ပြောရမလားပဲ။ ပထမဆုံး တောင်တွင်း ကြီးထောင်၊ နောက် မကွေးထောင်၊ နောက် တောင်တွင်းကြီးထောင်ကို ပြန်ရော၊ နောက် ပြည်မြို့ထောင်၊ နောက်ဆုံး သရက်ထောင်ကိုရောက်မှ ထောင်ဖေါက်ပြေးခဲ့လို့ လွတ်ခဲ့ရတာပါပဲ။
ငယ်ကြောင်းတွေ နည်းနည်းပြန်ပြီး ပြောလိုက်ရဦးမယ်။ ငါ့အဖေကတောင်တွင်းကြီးမြို့ တို့ဗမာအစည်းအရုံး ဥက္ကဌဆိုတော့ အဲဒီတုန်းက သခင်တချို့ရဲ့ အယူသန်မှုအတိုင်း ငါ့ကို အင်္ဂလိပ်ကျောင်းထားမပေးဘူး။ ငယ်ငယ်ကတော့လည်း ကလေးအသိမျိုးဆိုတော့ ဘာပြောတတ်မှာလဲ။ သူတို့ထားတဲ့အတိုင်း နေလိုက်ရတာပါပဲ။. နောက်ကျတော့ ငါ့မှာ အင်္ဂလိပ်စာဖတ်တတ်ချင်လိုက်တာ တစ်ပိုင်းကို သေနေတာပဲလို့ ပြောရမှာပေါ့။ ဒါပေမဲ့ သင်ဖို့ဆိုတာ အခွင့်အလမ်းကို မရခဲ့ဘူး။ သင်လို့ရှိရင်လည်း တတ်မှ တ်ပါတော့မလားလို့တောင် အောုက်မေ့ပြီး ကိုယ့်ကိုယ်ကိုယ်တောင် ယြုံကည်စိတ် မသိမသာ နည်းလာတယ် ထင်မိတယ်။
အဆိုးထဲက အကောင်းလို့ ပြောရမှာပေါ့။ ထောင်ထဲရောုက်သွားလိုက်တော့ အင်္ဂလိပ်စာသင်ခွင့် ရသွားပါတယ်။ သင်ပေးသူကတော့ ရှေ့ပိုင်းမှာ မကြာခဏပြောလာခဲ့တဲ့ ငါ့ဆရာ သခင်ကျော်စိန်ပါပဲ။ သူနဲ့အတူ တစ်ချိန်တည်းမှာ ငါ့ကို ဖမ်းလိုက်တာဆိုတော့ ထောင်မှာလည်း အတူတူပဲပေါ့။
စာသင်ချိန် (၅) လမပြည့်မသေးမီမှာကိုပဲ ငါက အတော်လေးကို ဖတ်နိုင်ပြုနိုင်ဖြစ်သွားတာကို တွေ့ရတော့ အချင်းချင်းတောင် ငါ့ကို အတော်လေး အံ့သြကြပါတယ်။ သူများမပြောနဲ့၊ သခင်ကျော်စိန်ကတောင်မှ အံ့သြချီးမွမ်းပါတယ်။ သိပ်ဥာဏ်ကောင်းတယ်ပေါ့။ အမှန်ကတော့ ဥာဏ်ကောင်းလွန်းလှလို့ မဟုတ်ပါဘူး။ တတ်ချင်တဲ့ဆန္ဒက ပြင်းပြတာရယ်၊ ထောင်မှာဆိုတော့ အခြား ဘာကိစ္စအတွက်မှ စိတ်ေ၀၀ါး ထွေပြားနေရာစရှိဘဲ နေ့နေ့ညည တစ်ချောင်းတည်းသောစိတ်နဲ့ အာရုံပြုခွင်ရတာရယ်ကြောင့် ဒီလောက်အချိန်လေးတွင်းမှာ အတန်အသင့် ဖတ်နိုင်သွားတာပါပဲ။
ထူးခြားတဲ့ သြ၀ါဒ
ဒါတွေကို စကားပလ္လင်ခံနေတာဟာဖြင့် တခြားအရေးပါတဲ့ ကိစ္စတစ်ခုကို ပြောချင်လို့ဆိုတာကို မင်းတို့လည်း စာဖတ်နေရင်း ရိပ်မိလောက်ပါပြီ။ ထောင်ထဲမှာ ငါက အသက်ငယ်ဆုံးဖြစ်တဲ့ပြင် ပျော်ပျော်ပါးပါးလည်းနေတော့ လူကြီးတွေက ငါ့ကို ကလေးငယ်တယောက်လိုပဲ ခိုင်းစရာရှိရင်လည်း ခိုင်းကြတယ်။ ခင်ခင်မင်မင်လည်း ရှိကြတယ်။ လူကြီးတွေဆိုတော့ အညောင်းမိကြတာမို့ ညတိုင်းဆိုရင် အိပ်လို့မရကြဘူး။ ငါကပဲ အလျဉ်းသင့်သလို နင်းပေးတန် နင်းပေး၊ နှိပ်ပေးတန် နှိပ်ပေး လုပ်ခဲ့ရပါတယ်။
အဲဒီလို ခင်မင်တဲ့သူတွေထဲမှာ ဦးဘထွန်း ဆိုတဲ့ပုဂိုလ်တစ်ယောက်လည်း အပါအ၀င်ပါပဲ။ သူက ကျောက်ပန်းတောင်းကပါ။ ဒီတုန်းက သူ့အသက်ဟာ (၄၀) လောက် ရှိပြီလို့ ထင်ပါတယ်။
တစ်နေ့မှာ ငါနဲ့ စကားစမြည်ပြောနေရင်းက သူက ဘာပြောလိုက်သလဲဆိုတော့ …
ကိုအောင်သင်း … ကျုပ် ခင်ဗျားကို အတော်လေးကို သဘောကျတယ်ဗျာ၊ ဥာဏ်လည်းကောင်းတယ်၊ မှတ်ဥာဏ်လည်း ကောင်းတယ်၊ ဒါပမေယ့် တစ်ခုတော့ရှိတယ်၊ ခင်ဗျား သတ္တိနည်းနေတယ်ထင်တယ် … တဲ့
ငါလည်း နည်းနည်းတော့ အံ့အားသင့်သွားတယ်။ ဘာပြန်ပြောရမှန်း မသိဘူး။ ငါကလည်း ငယ်ငယ်ရွယ်ရွယ်ပဲရှိသေးတာကိုး။ ယောက်ျားလေးတစ်ယေက် ဒီအရွယ်မျိုးမှာ သတ္တိနည်းတယ်လို့ အပြောခံရတာဟာ အလွန်မခံချင်စရာကောင်းတဲ့ ကိစ္စမျိုးမဟုတ်လား။ သို့သော်လည်း ဦးဘထွန်းဟာ ငါ့ကို တစ်စုံတစ်ခုသော စေတနာနဲ့ ပြောလိုက်တာ ဖြစ်မှာပဲရယ်လို့ သိနေတာကြောင့် ဘာမှပြန်မပြောဘဲ ဘာဆက်ပြီးပြောဦးမလဲလို့ စောင့်နေလိုက်ပါတယ်။ ခဏဆိုင်းနေပြီးမှ သူက-
ကျုပ်ပြောတဲ့သတ္တိဆိုတာ စိတ်အားသတ္တိကို ပြောတာပါ။ စိတ်တန်ခိုးသတ္တိဆိုပါတော့။ အဲဒီသတ္တိမျိုး မွေးလိုက်မယ်ဆိုရင် ခင်ဗျားဘ၀မှာ ပိုပြီး တိုးတက်အောင်မြင်နိုင်ပါလိမ့်မယ်။ ခင်ဗျားကို စိတ်အားသတ္တိနည်းနေတယ်လို့ ပြောလိုက်တဲ့အတွက် စိတ်မဆိုးပါနဲ့။ တကယ်ခင်လို့ မင်လို့ ပြောတာပါ။ ကျွန်တော်က ခင်ဗျားကို ခင်မင်နေတော့ အမှတ်မထင် စိတ်ဝင်စားနေမိတာပေါ့။ ဒါကြောင့်လည်း ခင်ဗျားရဲ့ အားနည်းချက်ကို သတိပြုမိတောပါ့။ ဥပမာဆိုပါတော့ … တစ်နေ့တုန်းက ခင်ဗျား ခဲတံချွန်နေတယ်။ ခဲတံက မျိုးမကောင်းတော့ ခဲဆံက ကျိုးကျိုးသွားတယ်။ ခင်ဗျားစိတ်တိုလာတယ်။ နောုက်တော့ ဆဲပြီး ခဲတံကို ဆောင့်ထိုးပစ်တယ်။ ဒါဟာ စင်စစ်တော့ သက်မဲ့ပစ္စည်းနဲ့ ဖက်ပြီး ရန်ဖြစ်လိုက်တာပါပဲ။
သေချာစဉ်းစာြးုကည့်ရင် ခဲတံကို ဘာမှ စိတ်ဆိုးစရာမလိုဘူး။ သူ့အပြစ် ဘာများရှိသလဲ။ မျိုးမကောင်းရင် ကျိုးမှာပေါ့။ မျိုးမကောင်းလို့ ခဲဆံက ဆတ်နေရင် ခင်ဗျားကပဲ စိတ်ရှည်ရှည်ထားပြီး ချွန်ရမှာပေါ့။ အဲဒါ ခင်ဗျားမှာ စိတ်အားသတ္တိ စိတ်တန်ခိုးနည်းနေတာကို ပြလိုက်တာပဲ။
စိတ်အားသတ္တိရှိတဲ့သူဟာ သက်မဲ့ပစ္စည်းနဲ့ ရန်မဖြစ်ဘူး။ နောက်ပြီး တိရစ္ဆာန်နဲ့ ရန်မဖြစ်ဘူး။ ကလေးတွေနဲ့ ရန်မဖြစ်ဘူး။ နောက်တော့ ဘယ်သူနဲ့မှ ရန်မဖြစ်ဘူး။ ဒီထက် ရင့်လာတော့ အမျက်ဒေါသနည်းပါးသွားကြတယ်။ တိရစ္ဆာန်တို့ ကလေးငယ်တို့ကို လိုအပ်သလို ဆုံးမရင်လည်း ရိုက်ဦး နှက်ဦးတော့ အမျက်ဒေါသနဲ့ ရိုက်နှက်ခြင်း မပြုတော့ဘူး။ ကျုပ်ပြောတက သိပ်ပြီး ရင့်ကျက်တည်ငြိမ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ စိတ်တန်ခိုးသတ္တိကို ရနိုင်သမျှ ရအောင် လေ့ကျင့်သွားမယ်ဆိုရင် ခင်ဗျားအတွက် တကယ်အကျိုးရှိမယ်လို့ ပြောတာပါ။
သံလိုက်ဓါတ်ကျင့်စဉ်.. တဲ့
အဲဒီနောက်မှာတော့ သူက င့ါကို တိုးတိုးတိတ်တိတ် ပြောပြတာတွေ အများကြီးပါပဲ။ တိုးတိုးတိတ်တိတ်ဆိုတာက တခြားကြောင့် မဟုတ်ဘူး။ ထောင်ထဲမှာဆိုတာက လူစုံမဟုတ်လား။ ဘာမသိညာမသိ လူတစ်ယောက်ြုကားသွားလိုက်ရင် လှောင်ချင် လှောင်မယ်။ ရှုပ်ချချင် ရှုပ်ချမယ်။ ဒါမျိုးတွေဖြစ်လာနိုင်တာကြောင့် နှစ်ယောက်ချင်းကျမှ တိုးတိုးတိတ်တိတ် ပြောပြခြင်းဖြစ်ပါတယ်။
သူ့ကျင့်စဉ်ကသံလိုက်ဓါတ်ကျင့်စဉ် လို့ပြောပါတယ်။ သူက အဲဒီကမ္ဘာအသင်းကြီး မှာတောင် အသင်းဝင် အဖြစ် ဆက်သွယ်ပြီး နည်းနိသျှယူခဲ့ဖူးသေးဆိုကိုး။ ငါလည်း အင်္ဂလိပ်စာကို သခင်ကျော်စိန်ဆီက တပည့်ခံသင်ယူသလို ဦးဘထွန်းဆီမှာ တပည့်ခံပြီး အဲဒီကျင့်စဉ်တွေကို ထိန်းသိမ်းလေ့ကျင့်ခဲ့ပါတယ်။
ဒူးလှုပ်လှုပ် ပေါင်လှုပ်လှုပ် မနေရဘူး။ မိမိကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို မိမိ မသိလိုက်ဘဲနဲ့ ဘာကိုမှ မလှုပ်စေရဘူး။ ကိုယ့်ရဲ့ အမိန့်အောက်မှာသာ အမြဲရှိနေအောင် ထိန်းသိမ်းအုပ်စိုးထားနိုင်စွမ်း ရှိစေရမယ်တဲ့။ ဘယ်အရာကိုမှ အလွန်အမင်း တပ်မက်ခြင်း မဖြစ်စေရဘူး။ ကုန်ကုန်ပြောမယ်၊ ထမင်းစားနေတာတောင် သိပ်စားလို့ကောင်းပြီး မြိန်ရှက်နေရင် ချက်ချင်းသတိနဲ့ထိန်းပြီး မင်းဟာ သိပ်ပြီး တပ်မက်နေပါပေါ့လား၊ ဘာကြောင့် ဒီလောက် ငတ်ကြီးကျနေရတာလဲ။ အငမ်းမရဖြစ်မနေနဲ့ လို့ ကိုယ့်ကိုယ်ကိုယ် ငေါက်ပြီး ချုပ်တည်းထိန်းသိမ်းရမယ်တဲ့။ အခုပြန်ပြီး စဉ်းစားကြည့်တော့ တရားထိုင်သူတွေလိုအမြဲသတိကပ်ပြီး၊ချုပ်တည်းထိန်းသိမ်းမှု၊စောင့်စည်းမှု မပြတ်ပြုလုပ်နေတဲ့ သဘောမျိုးပါပဲ။ ဒါပေမယ့် တချို့နေရာတွေမှာတော့ ခပ်ဆန်းဆန်းပါပဲ။
သမာဓိယူပုံယူနည်းတစ်ခုကို ပြောပြမယ်။ မနက်အိပ်ရာထပြီးတဲ့နောက် မျက်နှာမသစ်သေးဘဲ မျက်မှောင်နှစ်ကြားမှာ ခဲတံနဲ့ဖြစ်စေ၊ ဖောင်တိန်နဲ့ဖြစ်စေ အစက်ခပ်သေးသေးတစ်ခုကို မှတ်လိုက်ရတယ်။ ပြီးတော့ မှန်ထဲမှာ အဲဒီနဖူးက အစက်ကို စူးစိုက်ကြည့်ပြီး စိတ်ကို အဲဒီခဲစက်ထဲမှာ ငြိမ်နေအောင် စူးစိုက်ထားရမယ်။ ငါးမိနစ်၊ ဆယ်မိနစ် စသည်အားဖြင့် တတ်နိုင်သလောက် ကြိုးစားပြီး သမာဓိယူရတယ်။ ငါလည်း သူခိုင်းတာတွေကို အကုန်လုပ်တာပဲ။ မနက်လင်းလိုက်လို့ အိပ်ထောင် တံခါးဖွင့်လိုက် မှန်ပေါက်စလေးတစ်ချပ်ကို ယူပြီး လူသူဝေးရာ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ ကြိုးတိုက်တစ်ခုစီကို သွားတော့တာပဲ။
စိတ်ကိုငြိမ်အောင် ထိန်းသိမ်းဖို့ဆိုတာ ဘယ်လောက် ခက်တယ်ဆိုတာ လက်တွေ့လုပ်ကြည့်မှ သိနိုင်ပါတယ်။ အလွန်ခက်ခဲတာမှန်သော်လည်း တစ်စတစ်စ အတန်အသင့်ငြိမ်သွားအောင် လုပ်နိုင်တာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ သမာဓိအားလေး အတော်အတန် ကောင်းလာတော့ အာရုံပြုလိုက်ရင် လက်ဖျားခြေဖျားတွေမှာ သွေးတွေ တိုးဝှေ့လည်ပတ်နေတာကို သေသေချာချာကြီးကို ခံစားပြီး သိနေပါတယ်။
ငါ့မှာ သတ္တိနည်းနေလို့ အဲဒီနည်းအားဖြင့် သတ္တိမွေးမြူမှု ပထမဆုံးကျင့်စဉ်ကို အားထုတ်ပြီး ကြိုးပမ်းခဲ့ရပါတယ်။
ဟင်းတစ်ဖက်အတွက် သတ္တိ
အဲဒီလို ချုပ်တည်းမှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်ဖြစ်ခဲ့ရတာလေး တစ်ခုအကြောင်းကို ပြန်ပြော လိုက်ချင် ပါသေးတယ်။ ပြောရမှာလည်း နည်းနည်းတော့ ရှက်မိတာအမှန်ပါပဲ။ ဖတ်ပြီးရင် မင်းတို့လည်း ငါ့အဖြစ်ကို ရယ်ကြလိမ့်မယ် ထင်ပါတယ်။ ဖြစ်ခဲ့ရပုံက-
အဲဒီအခါက ထောင်ထဲမှာ ငါတို့ကို ထမင်းနှစ်နပ်က လွဲလို့ ဘာကိုမှ မကျွေးပါဘူး။ ဆိုလိုတာက လက်ဖက်ရည်တို့၊ ကော်ဖီတို့၊ မနက်အိပ်ရာထ ဆန်ပြုတ်တို့ ဆိုတာတွေကို မကျွေးပါဘူး။ ဒီတော့ ဒီထမင်းနှစ်နပ်ကိုပဲ အားကိုးကြရတာပေါ့။ ထမင်းကလည်း အများစာ ဒယ်အိုးကြီးနဲ့ ချက်တာဆိုတော့ တစ်ခါတစ်ရံ ပျစ်ခဲကြီဖြစ်နေရင် ဟင်းရည်ဆမ်းဖို့ မပေါက်ဘူး။ စားရတာက အလွန်ဆိုးပါတယ်။ ဟင်းအနေနဲ့ကတော့ အရည်ကျဲကျဲချက်ထားတဲ့ အသားဟင်းတစ်ခွက်ပဲ ပေးပါတယ်။ ဒီတစ်မျိုးပါပဲ။ တခြား ဘာဟင်းမှ မပေးပါဘူး။
ဟင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ထမင်းအဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ထမင်းကို အားပြု ပြီး ၀င်အောင် စားကြရတယ်။ တကယ်တမ်း အကျပ်အတည်း ကြုံလာကြရတော့ လူတွေဟာထမင်းတစ်လုတ်၊ ဟင်းတစ်ဖက်အတွက်ကိုတောင်မှ စကားများကြ၊ ရန်ဖြစ်ကြ၊ စိတ်ဝမ်းကွဲကြ ဆိုတာမျိုးတွေ ပြောလာတတ်ကြတာ သဘာဝပဲ ထင်ပါရဲ့။ တကယ့်ရာထူးရာခံနဲ့ ပညာတတ် ကြီးတွေတောင် မှ အဲဒီလို စိတ်ဓါတ်မျိုးတွေ ပြလာကြတာ တွေ့ခဲ့ရပါတယ်။
ငါလည်းပဲ အဲဒီလို ထမင်းတစ်လုတ် ဟင်းတစ်ဖတ်လောုက်အတွက်ကို ရန်ဖြစ်ချင်ရင် ဖြစ်နိုင်လောက်တဲ့ လူစားမျိုးပါပဲ။ ဒါပေမဲ့ ကြုံကြိုက်မှု အားလျော်စွာ ဦးဘထွန်း ရဲ့လမ်းညွှန်မှုနဲ့ စိတ်အားသတ္တိကို လေ့ကျင့်မွေးမြူနေဆဲကာလမို့ ချုပ်တည်းသည်းခံနိုင်စွမ်း အတော်လေးကောင်းနေတာကြောင့် အဲဒီလိုမျိုး ရန်မဖြစ်ခဲ့တာပါပဲ။ သို့မဟုတ်ရင် ငါလည်း မလွယ်လှတဲ့ကောင်တစ်ယောက်ပါပဲ။
အဲဒါနဲ့ တစ်နေ့မှာတော့ ငါ့မှာ အဆင့်မြင့်သူတော်ကောင်း စိတ်ကလေးတစ်ချက် ၀င်လာတယ်။ အဲဒါက-
ထမင်းစားကြရာမှာ အလျဉ်းသင့်ရာ ငါးယောက်စု၊ ခြောက်ယောက်စု စသည်အားဖြင့် တစ်ဝိုင်းစီဖွဲ့ပြီး စားကြပါတယ်။ ထမင်းအတွက်တော့ သတ္တုပန်းကန်ကြီးတွေ တစ်ယောက်ကို တစ်ချပ်ပေးထားတာမို့ ကိုယ့်ပန်းကန်နဲ့ကိုယ် သွားပြီး ယူကြရတယ်။ ဟင်းကိုတော့ ဖွဲ့ထားတဲ့ ၀ိုင်းအလိုက် ငါးယောက်စာ (သို့) ခြောက်ယောက်စာ ဟင်းပန်းကန်တစ်လုံးထဲမှာ ထည့်ပြီး ပေးလိုက်ပါတယ်။ ဟင်းဝေတဲ့သူကလည်း ၀ိုင်းတွေကို လူအရေအတွက်လောက်အောင် ဝေမျှပြီး ထည့်ပေးလိုက်တာပေါ့။ ငါတို့ဝိုင်းက ငါးယောက်ဝိုင်းဆိုတော့ ဟင်းဖတ် ဆယ်ခုပါလာရင် ကိုယ့်အတွက်ဝေစုက နှစ်ခုဆိုတာ အလိုလိုသိနေပြီး ဖြစ်ကြရတာပေါ့။
အဲဒီမှာ တချို့ဝိုင်းတွေမှာ လောဘကြီးသူက လက်မြန်ခြေမြန်ဟင်းရည်ကို ကိုယ့်ပန်းကန်ထဲ ခပ်များများ ယူထားလိုက်တာတွေ၊ ဟင်းတုံးကောင်းကောင်းကြီးကို ခပ်မြန်မြန်ရွေးပြီး ခပ်ထားလိုက်တာမျိုးတွေ ဖြစ်ကြတာကို တွေ့ကြရတယ်။ ကံအားလျော်စွာ ငါတို့ဝိုင်းမှာတော့ဖြင့် အဲဒါမျိုး မတွေ့ရပါဘူး။
အဲဒီလို ဟင်းတစ်ဖတ်အတွက် ပြဿနာဖြစ်ကြတာမျိုးတွေကို လေ့လာရတော့ ဒီလို ကျပ်တည်းကျဉ်းမြောင်းတဲ့ကာလမျိုးမှာ စွန့်လွှတ်ခြင်း၊ ဒါနပြုခြင်းဆိုတာမျိုးကို ကိုယ်လုပ်နိုင်ရန် သာမန်အချိန်အခါထက်ပိုပြီး မြင့်မြတ်မှာပဲလို့ ငါ့စိတ်ထဲမှာ အတွေးပေါက်လာတယ်။ ဒီတော့ကာ ငါ့အတွက် ဝေစုရလိုက်တဲ့အထဲက ဟင်းတစ်ဖတ်ကို မစားဘဲနဲ့ ချန်ထားခဲ့လို့ တခြားတစ်ယောက်က ယူစားလိုက်ရင် အဲဒါဟာ ငါ့ရဲ့ဒါနပဲ။ ဒီလို ဒါနမျိုးကို ပြုလိုက်နိုင်ခြင်းအားဖြင့် ငါရဲ့ အလိုရမ္မက်ကို ချုပ်တည်းထိန်းသိမ်းနိုင်ရာကိုလည်း ရောက်တယ်လို့ အောက်မေ့လိုက်မိပါတယ်။ အဲဒါနဲ့ ညနေထမင်းဝိုင်းတစ်ခုမှာ ငါ့အတွက် ဟင်းနှစ်ဖတ်ထဲက တစ်ဖတ်ကို ချိန်ထားခဲ့ပါ့မယ်လို့ အဓိဌာန်ပြုလိုက်ပါတယ်။
အဲဒါနဲ့ ထမင်းစားကြရော ဆိုပါတော့ကွာ။ ငါကလည်း သူများလိုပဲ ကိုယ့်အတွက် ဝေစုသင့်တဲ့ ဟင်းတစ်ဖတ်ကို ပထမယူစားလိုက်ပါတယ်။ ဟင်းရည်လည်း အသင့်အတင့် လောက်ယူပြီး ဆမ်းလိုက်ပါတယ်။ ဟင်းဖတ်လည်း သိပ်တော့ကြီးလှတာမဟုတ်ပါဘူး။ အလွန်ဆုံးရှိမှ လက်မ၀က်ပတ်လည်လောက်ပဲဆိုပါတော့။ ဒီတော့ ချွေစားတာတောင်မှ ခဏလောက်ရှိတော့ ငါ့ဟင်းဖတ်က ကုန်သွားပါရော။ ဒီအချိန်မှာ ဟင်းရည်ကလည်း မကျန်တော့ဘူး။ ငါ့အတွက် ဟင်းဖတ်ကိုတော့ အားလုံးက နားလည်ပြီဖြစ်နေကြတဲ့အတိုင်း ဘယ်သူကမှ ယူမစားပါဘူး။ ငါ့မှာ ထမင်းကလည်း မ၀သေးဘူး။ ထမင်းကိုချည်း ဆက်ပြီး စားရအောင်ကလည်း ထမင်းက ပျစ်ခဲကြီးဖြစ်နေတော့ မျိုလို့ မကျနိုင်အောင်ပါပဲ။ ထမင်းကို တတ်နိုင်သမျှ ၀င်သွားအောင် စားမထားလိုက်ရင် ညဦးပိုင်ကစပြီး အူလိမ်နေအောင် ဆာနေတော့မယ်ဆိုတာကိုလည်း လှမ်းပြီး သိနေတယ်။
ဒါနဲ့ပဲ ကျန်တဲ့ ဟင်းတစ်ဖတ်ကို ယူစားလိုက်မှ ထင်ပါရဲ့။ ငါ့ဟင်းကို ငါစားတာပဲလို့ တွေးလိုက်ပြန်တယ်။ ချက်ချင်းပဲ အဓိဌာန်ကို ပြန်တင်းပြီး ယူမစားဘူးလို့ တွေးလိုက်ပြန်တယ်။ အဲဒီမှာ တစ်ယောက်ကလှမ်းပြီး (ငါထမင်းစားနှေးတာကိုသိတာကြောင့်) “အောင်သင်း …ဟင်းယူစားလေ၊ ထမင်းစား မကောင်းလို့လား”လို့ လှမ်းပြီး ပြောသေးတယ်။ ငါလည်း အလိုက်သင့် ယူစားလိုက်ပါ့မယ်လေလို့ အောက်မေ့လိုက်ပြန်တယ်။ ဘေးလူတွေကတော့ ငါ့မှာ ဟင်းတစ်ဖတ်ကြောင့် ဘယ်လောက် အလုပ်ရှုပ်နေတယ်ဆိုတာ ဘယ်မှာသိကြပါလိမ့်။ ငါမှာတော့ဖြင့် ကိုယ်တစ်ယောက်တည်း “ယူစားလိုက်ဟဲ့” “ချန်ထားလိုက်ဟဲ့”နဲ့ တကယ့်ကို ဒုက္ခရောက်နေခဲ့တာ။
သိဒ္ဒတ္ထကို ကန်တော့ခြင်း
နောက်ဆုံးကျတော့မှ ငါ့စိတ်ထဲမှာ ဘယ်လိုက ဘယ်လိုပေါ်လာလိုက်တယ် မသိဘူးကွာ။ သိဒ္ဒတ္ထမင်းသားဟာ နန်းမကြီးသုံးဆောင်၊ ယသော်ဓရာနဲ့ စကြာရတနာတွေကို ရက်ရက်ရောရော ပေါ့ပေါ့ပါးပါး စွန့်လွှတ်ပြီး တောထွက်သွားခဲ့တယ်။ “အောင်သင်းရယ် … ညံ့လိုက်လေခြင်း။ မင်း ဒီဟင်းကလေးတစ်ဖတ်ကို သံယောဇဉ်မပြတ် နိုင်အောင် ဖြစ်နေပါရော့လား”လို့ တွေးလိုက်မိတော့ ငါ့မှာလေ တစ်ယောက်တည်း ရှက်သွားလိုက်တာ ပြောများတောင် မပြောချင်တော့ပါဘူး။
အဲဒီကျတော့မှ ထမင်းကို ချက်ချင်း လက်စသတ်၊ ပန်းကန်ကို သွားဆေး၊ ရေသောက်ပြီးတာနဲ့ တစ်ပြိုင်နက် ထောင်ထဲမှာရှိတဲ့ ဘုရားလေးကို သွားပြီး သိဒ္ဒတ္ထမင်းသားကို ရည်မှန်းရှိခိုးလိုက်ပါတယ်။ ဘုရားမြတ်စွာကို ရှိခိုးတာမဟုတ်ဘူး။ ဘုရားတောင်မဖြစ်သေးတဲ့ အလောင်းလျာ သိဒ္ဒတ္ထမင်းသားကို ရှိခိုးတာပါ။ “အရှင်သိဒ္ဒတ္ထမင်းသား၊ ကျွန်တော့မှာတော့ ဟင်းလေးတစ်ဖတ်ကို စွန့်လွှတ်ဖို့ ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရပါတယ်။ အရှင့်သားမှာတော့ ရွှေနန်းစည်းစိမ်၊ စကြာရတနာတွေနဲ့တကွ ယသော်ဓရာကိုပါ အလွယ်တကူ ရက်ရက်ရောရော စွန့်လွှတ်ပြီး တောထွက်ခဲ့ရပါတယ်။ အံ့သြကြည်ညိုလွန်းလို့ အရှင့်သားယောက်ျားကောင်းကြီးရဲ့ ခြေထောက်အစုံကို ဦးခိုက်ကန်တော့လိုက်ပါတယ်”လို့ တိုးတိုးလေးရွတ်ပြီး တကယ့်ကို သိဒ္ဒတ္ထမင်းသားကို ရည်းစူးပြီး ရိုရိုသေသေ ကန်တော့လိုက်ပါတယ်။ အဲဒီအချိန်မှာ ငါ့ရင်ထဲမယ် ဘယ်လိုညွှတ်နူးကြည်ညိုနေတယ်ခဲ့တယ်ဆိုတာကို ပေါ်လွင်အောင် ပြောမပြနိုင်တာ ခွင့်လွှတ်ကြပါတော့။
နောင်အခါမှာ တက္ကသိုလ်တွေ ဘာတွေရောက်ပြီး မြန်မာစာပေတွေကို လေ့လာဖတ်ရှုတဲ့အခါမှာ “မစ္ဆေမယှက်၊ ရက်ရက်ရောရော၊ မက်မောမတွန့်၊ ပေးစွန့်လွှတ်၍၊ ဆွတ်ဆွတ်ကြည်ဖြူ”ဆိုတဲ့ စာမျိုးတွေကို တွေ့လိုက်ရရင် ငါ့မှာ စိမ့်ပြီး သဘောပေါက်နေမိတတ်ပါတယ်။
ထိန်းသိမ်းနိုင်သောသတ္တိ
အဲဒီလို ရမ္မက်တရားရဲ့ အလိုကို မလိုက်ဘဲ ချုပ်တည်း ထိန်းသိမ်းနိုင်ခြင်းကိုအင်္ဂလိပ် လိုတော့ဖြင့် (self-denial) လို့ သုံးလေ့ရှိကြတယ်။
အမေရိကန်ခရစ်ယာန်ဘုန်းတော်ကြီး “အာရ်၊ ဒီ၊ ဟစ်ခ်ျကော့”ပြောဖူးတဲ့ စကားလေးဟာ တယ်ပြီး မှတ်သားဖို့ကောင်းတယ်။
“အောင်မြင်မှုဟူသမျှ၏ သော့ချက်ကား စိတ်အလိုကို မလိုက်မှားမှုပေတည်း၊ သင့်ကိုယ်သင်သာ ထိန်းသိမ်းနိုင်စွမ်းရှိပါစေ၊ သင်သည် ပညာတတ်တစ်ယောက်ပေတည်း။ ထိုအချက် ကင်းမဲ့နေလျှင် အခြားဘာတွေကို တတ်နေနေ အချည်းနှီးသာတည်း။”
မင်းတို့မှတ်သားချင်ရင်လည်း မှတ်သားရအောင် အင်္ဂလိပ်လိုပါ ထည့်ပေးလိုက်ပါတယ်။
The Secret of all success is to know how to deny you. Prove that you can control yourself, and you are an educated man; and without this all other education is good for nothing.
(R.D Hitchcock 1817-87)
ကဲ…. ဒီတော့ ဘ၀မှာ တကယ့်ကို အောင်မြင်တိုးတက်ချင်ပါတယ်ဆိုရင် စိတ်အား သတ္တိဘယ်လောက်လိုအပ်တယ်ဆိုတာ ထင်ရှားမလာပေဘူးလား။ မကောင်းတဲ့ ပတ်ဝန်းကျင်ကို မစွန့်နိုင်ခြင်းသည်ပင်လျှင် စိတ်အား သတ္တိနည်းရာ ရောက်နေတယ်ဆိုတာ သိသာမလာပေဘူးလား။
ကိုယ့်ကိုယ်ကို ကြည်ညိုခြင်း
ရှေ့မှာ ဖေါ်ပြခဲ့တဲ့ အပိုင်းလေး ခေတ်မြန်မာဂျာနယ် ထဲမှာ ပါလာတော့ ပုံနှိပ်စာလုံးနဲ့ စီထားတဲ့ ကိုယ့်စာကို ပြန်ဖတ်ရင်း၊ စိတ်ထဲမှာ ကြည်နူးပီတိဖြစ်လိုက်မိပါတယ်။ ကိုယ့်ကိုကိုယ်(အဲဒီတုန်းက အောင်သင်းလေးကို)လည်း အတော်လေး ကြည်ညိုသွားမိပြန်ပါတယ်။
ဒီလိုဆိုလိုက်တော့ မင်းတို့ ရယ်မောလိုက်ကြမိလိမ့်မယ် ထင်တယ်။ ဒါပေမဲ့ မင်းတို့ အသက်ကြီးလာလေ၊ ငါ့စကားကို သဘောကျလေလေ ဖြစ်လာလိမ့်မယ် ထင်တယ်။ လူတစ်ယောက်ဟာ မွေးသည်ကစပြီး တစ်သက်လုံး အစအဆုံး ကြည်ညိုစရာကောင်းနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ တချို့နေရာလေးတွေမှာသာ ကြည်ညိုစရာကောင်းတာ။ (ဒါက ငါတို့လို သူလိုငါလို ပုထုဇဉ်တွေကိုသာ ပြောတာပါ။ ငါတို့နဲ့ မနီးစပ်တဲ့ သူတော်စင်တို့ရဲ့ လောကမှာတော့ဖြင့် တစ်မျိုးဖြစ်ချင်ဖြစ်နေမှာပေါ့ကွာ) ဒါကြောင့် သန့်စင်မွန်မြတ်တဲ့ အဲဒီတုန်းက အောင်သင်းလေးကို ကြည်ညိုမိတယ်လို့ ပြောတာပါ။
နောက်ပိုင်း ထောင်က လွတ်လာပြီးတဲ့နောက်မှာတော့ ငါလည်း ဒုံရင်း ကို ပြန်ပြီး ဆိုက်သွားပြန်တာပဲ။ ကြီးပွားချင်တာတွေ၊ ပညာတတ်ချင်တာတွေ၊ နာမည်သတင်း ကျော်စောချင်တာတွေ စတဲ့ လောဘရမ္မက်တွေက တက်လာပြန်တော့ ဒေါသ၊ မာန စတဲ့ အကုသိုလ်စိတ်တွေကလည်း တစ်ခဲနက် လွှမ်းမြဲတိုင်းလွှမ်းလာ ပြန်တာပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဲဒီတုန်းက အောင်သင်းလေးလောက် မကြည်ညိုမိရိုး အမှန်ပါပဲ။
သို့သော်လည်း သတိပြုချင်စရာကောင်းတာလေး တစ်ချက်ကိုတော့ ပြောလိုက်ရဦးမယ်။ ငါတို့ ဗုဒ္ဒဘာသာမှာ “တရားကို စောင့်ရှောက်သောသူအား တရားသည် ပြန်ရ်ျ စောင့်ရှောက်၏”ဆိုတဲ့ စကားလေးကို မင်းတို့လည်း ကြားဖူးကြမှာပါပဲ။ အဲဒီစကားနဲ့ ထပ်တူကျသလား၊ မကျဘူးလားတော့ ငါ တစ်ထစ်ချ မပြောတတ်ပါဘူး။ ဒါပေမဲ့ တစ်ကြိမ်လောက် ရဖူးတဲ့ တရားအသိလေးက ကိုယ့်ကို ကြိမ်ဖန်များစွာ ပြန်ပြီး စောင့်ရှောက်တတ်တာတော့ အမှန်ပါပဲ။
ပြောရမှာက နည်းနည်းတော့ ရှည်နေတာမို့ သည်းခံပြီးတော့သာ ဖတ်ကြပါလို့ ကြိုတင် ပြောလိုက် ချင်ပါတယ်။ ခက်တာက ရှည်ရှည်မပြောပြန်ရင်လည်း ရန်ကုန်လူနေမှုဘ၀ကို မကြုံဖူးသေးတဲ့ နယ်က လူငယ်များက သဘောပေါက်ဖို့ မလွယ်ပါဘူး။
ရန်ကုန်လူနေမှုဘ၀ ဒုက္ခအစုစုထဲမှာ ပုစုခရု ပုပုရွရွကလေး ပေါက်စန ပါမကျန် ခံစားရတဲ့ ဒုက္ခကတော့ ဘတ်စ်ကား ဒုက္ခပါပဲ။ ဘယ်မဂဇင်း၊ ဘယ်စာအုပ်ကိုမဆို ကောက်လှန်ကြည့်လိုက်ရင် အဲဒီဘတ်စ်ကားဒုက္ခအကြောင်း တစ်စွန်းတစ်စတော့ ပါလာတတ်စမြဲမို့ ရေဒီယိုတွေ၊ ရုပ်ရှင်တွေထဲမှာလည်း အနည်းဆုံး ရိပ်ဖမ်းသံဖမ်းလောက်တော့ ပါလာတတ်ကြတာနဲ့ ရန်ကုန်ရဲ့ ဘတ်စ်ကားဒုက္ခကို နယ်က ကလေးတွေလည်း အတန်အသင့်တော့ သိနေလောက်ပါပြီ။
ရန်ကုန်မြို့မှာ မနက်လင်းလို့ အလုပ်ခွင်သွားကြတော့မယ်ဆိုရင် ပထမဆုံး ရင်ပူလိုက်ကြတာက ဘတ်စ်ကားတိုးလို့မှ ရပါ့မလား ဆိုတဲ့ ပြဿနာပဲ။ ဘတ်စ်ကားတစ်စင်း ဆိုက်လာပြီဆိုရင် ယောက်ျားမိန်းမ ကြီးသော ငယ်သော ဘယ်သူ့ကိုမှ ငဲ့ညှာစဉ်းစားမနေနိုင်ဘူး။ အတင်းတိုးဝှေ့ပြီး တက်ကြရတော့တာပဲ။ ညနေအလုပ်က ပြန်လာတော့လည်း အိမ်ကို စောစောကလေး ပြန်ရောက်ပါမည့်အကြောင်း ဒီလိုပဲ တိုးဝှေ့ တက်ကြရပြန်တာပဲ။
တိုးဝှေ့ပြီး တက်လိုက်လို့ ဘတ်စ်ကားပေါ်ရောက်လာပြီဆိုရင် (ထိုင်ခုံနေရာရဖို့ကို မမျှော်လင့်နိုင်ဘဲ) သက်တောင့်သက်သာ မတ်တပ်ရပ်လို့ ရနိုင်မယ့် နေရာကို တိုးဝှေ့ပြီး ရှာကြရပြန်တယ်။ (ဒီကြားထဲမှာ သူကောင့်သားခါးပိုက်နှိုက်တွေရဲ့ ရန်ကိုလည်း ကြောက်နေကြရသေးတယ်) အတန်အသင့် အသက်ရှူချောင်တဲ့နေရာမှာ ရပ်လိုက်မိပြန်တော့ ကိုယ့်အနားက ခရီးသည်တစ်ယောက်ဝင်ပြီး ထိုင်လိုက်ဖို့ အသင့်အနေအထားမှာရှိနေအောင် ပြန်ဆင်ထားရပြန်တယ်။
အဲဒီလိုအခိုက်မျိုးမှာ ထိုင်ခုံပေါ်က လူတစ်ယောက်ယောက်များ ထတော့မယ့်ဟန်မျိုး ရိုးတိုးရွတလုပ်လိုက်ရင် အနားက မတ်တပ်ရပ်ကိုယ်တော်များဟာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မနေဘဲ ကြွက်သားအားလုံးဆီကို အတွင်းအား လွှတ်ပြီး အံကြိတ်နေကြပြီ။ ထိုင်ခုံပေါ်က ရွစိရွစိလုပ်နေသူကလည်း တကယ်လည်း ဆင်းတာမဟုတ်ဘဲနဲ့ သက်သက်မဲ့ ဂနာမငြိမ် ရွစိတာမျိုးဆိုရင်တော့ အနားက လူတွေက အသံမဲ့ ကျိန်ဆဲနေကြပြီပေါ့ကွာ။
တိုတိုနဲ့လိုရင်းကို ပြောလိုက်ရမယ်ဆိုရင်ဖြင့် ၇န်ကုန်မြု့မှာ ဘတ်စ်ကားစီးခြင်းဆိုတာဟာ အကုသိုလ်စိတ် အလုံးလိုက် အခဲလိုက် ပွားနေတဲ့ ကိစ္စကြီးတစ်ခုပဲလို့ ပြောလိုက်ပါရစေတော့။
တရားက ပြန်ပြီးစောင့်ရှောက်ခြင်း
ငါလည်း သူလိုငါလို အနိမ့်စာ့း ပုထုဇဉ်ပဲ၊ အဲဒီလို အကုသိုလ်စိတ်တွေ တစ်ခဲနက် ဖြစ်တတ်မြဲပါပဲ။
အဲဒီလို လောဘစိတ် ဒေါသစိတ်တွေ ဖြစ်နေရင်းနဲ့ပဲ ထောင်ထဲတုန်းက ဟင်းတစ်ဖတ်ကိစ္စကို ပြန်ပြီး သတိရလိုက်မိပါတယ်။ အဲဒီမှာတင်ပဲ ဒီနေ့ခရီးအတွက် ထိုင်ခုံမှာ ငါ ၀င်ပြီး ထိုင်နိုင်တဲ့ အခွင့်အရေးတွေ ဘယ်လောက်ပဲရသည်ဖြစ်စေ၊ ငါမယူတော့ဘဲ တခြားလူများ ထိုင်ကြပါစေ့မယ် လို့ အဓိဌာန်ပြုလိုက်ပါတယ်။
သိပ်ပြီး အံ့သြစရာကောင်းပါတယ်ကွာ။ စိတ်ထဲမှာ ရုတ်ခြည်းအေးချမ်း သွားလိုက်တာ ပြောမပြနိုင်လောက်အောင်ပါပဲ။
အနားက ထိုင်ခုံက လူတစ်ယောက် ထသွားတယ်။ ဘေးက လူတစ်ယောက်က အလုအယက်ဝင်ပြီးထိုင်ဖို့ ဟန်ပြင်တယ်။ ငါက အေးအေးဆေးဆေးပဲ သူ့ကိုပဲ ထိုင်ချင်ထိုင်ပါဆိုတာမျိုး ဖြစ်နေတာကို တွေ့လိုက်ရတော့ သူလည်း နည်းနည်းတော့ အမ်းသွားသလိုပဲ။ နောက်ပြီးမှ ကျေးဇူးတင်တဲ့ အမူအရာလေးပြပြီး ၀င်ထိုင်လိုက်ပါတယ်။
ဒါလေးဟာ ဘာမှ မဖြစ်လောက်တဲ့ ကိစ္စလေးတစ်ခုပါပဲ။ ဒါပေမဲ့ ပါနေတဲ့ ဥပဒေသကတော့ ဧရာမကိစ္စကြီးတွေနဲ့ တန်းတူပါပဲ။
အဲဒါက ဘာလဲဆိုတော့ လိုချင်တပ်မက်မှု ဟူသမျှဟာ လူတွေကို ပူလောင်စေတယ်ဆိုတဲ့ ဥပဒေသကြီးပါပဲ။ နောက်ပြီး အဲ့ဒီလောဘကို နည်းနည်း သတ်နိုင်ရင် နည်းနည်းအေးချမ်းပြီး များများသတ်နိုင်ရန် များများအေးချမ်းတယ်။ ထာဝရသတ်နိုင်ရင် ထာဝရအေးချမ်း သွားတယ်ဆိုတဲ့အချက်ပါပဲ။
ဒီလိုဆိုလိုက်ပြန်တော့ မင်းတို့လူငယ်နေတွမှာ ရှိသင့်ရှိထိုက်တဲ့ ပညာတတ်လိုမှု၊ ကြီးမြင့်ထွန်းကားလိုမှု ဆိုတာတွေကော လေဘာမဟုတ်ပေဘူးလား။ အဲဒါတွေကိုပါ နည်းပါးသွားအောင် လုပ်ရမှာလားလို့ မေးစရာဖြစ်လာပြန်တယ်။ ဒီလိုပြောလိုက်ပြန်တော့လည်း နိဗာန်လိုချင်တာကိုတောင် လောဘလို့ ပြောရမလို ဖြစ်လာပြန်ဦးမှာပေါ့။
ဒီနေရာမှာ ငါ ပဓာနထားပြီး ပြောချင်တဲ့ လောဘက “အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့” ဆိုတဲ့ ကာမဂုဏ်ငါးပါးကို တပ်မက်လာတဲ့ လောဘဟူသမျှသည် ထိန်းသိမ်းချုပ်တည်းနိုင်လေလေ၊ အေးချမ်းမှုကို ရလေလေလို့ ပြောချင်တာပါ။
ရုပ်ဝါဒ အသစ်တစ်မျိုး … တဲ့
ဒီစာကို ရေးနေရင်းနဲ့ပဲ အိန္ဒိယပြည်က တွေးခေါ်ပညာရှင် “ရာဂျန္ဒရာပရာဆတ်” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ပြောတာကိုသွားပြီး သတိရလိုက်မိပြန်ပါတယ်။ အဲဒီအခါတုန်းက သူက အိန္ဒိယပြည်ရဲ့ ဒုတိယသမ္မတ ထင်ပါတယ်။ တက္ကသိုလ်တစ်ခုရဲ့ ဘွဲ့နှင်းသဘင်မှာ ပြောခဲ့တဲ့ မိန့်ခွန်းပါ။
သူ့မိန့်ခွန်းတစ်နေရာမှာ ပါတာလေး (ငါမှတ်မိသမျှ) အကျဉ်းချုပ်က လူငယ်တွေရဲ့ လောဘမှာ ရုပ်ဝါဒအသစ်တစ်မျိုး လွှမ်းမိုးနေပါတယ် တဲ့။ (ဒီနေရာမှာ ရုပ်ဝတ္ထု အသစ်တစ်မျိုးတာကို နည်းနည်းရှင်းပြဖို့ လိုမယ်ထင်တယ်။ သာမန်အားဖြင့် ဒဿနိက လောကမှာ ရုပ်ဝါဒ (Materialism)ဆိုတာမျိုးရှိတယ်။ အဲဒီဝါဒရဲ့ လိုရင်းအချက်က လောကကြီးမှာ နာမ်ဆိုတာ ဘာမှအရေးမကြီးဘူး၊ ရုပ်တရားသာလျှင် ပဓါနကျတယ်။ အရာရာမှာ ရုပ်ဝတ္ထုသာလျှင် အရင်းဖြစ်တယ်ဆိုတဲ့ အယူအဆပါပဲ။ အခုဆရာကြီး ပြောတာက အဲဒီဝါဒမျိုးကို ပြောချင်တာမဟုတ်ဘူး။ ဒါကြောင့် အသစ်လို့ ပြောလိုက်ရတာပါ။) ယနေ့လူငယ်တွေက အကောင်းဆုံးရုပ်ဝတ္ထုပစ္စည်းတွေကို သုံးဆောင်ခံစားချင်ကြတယ်။ အကောင်းဆုံး၊ အရာသာအတွေ့ဆုံးလို့ ထင်တဲ့ ရုပ်ပစ္စည်းတွေကို များနိုင်သမျှ များများလက်ဝယ်ပိုင်ဆိုင် ခံစားနိုင်အောင် အငမ်းမရကြိုးစား နေကြတယ်။ သူတို့တစ်တွေ တက္ကသိုလ်ပညာကို သင်ကြားလေ့လာ နေခဲ့ကြတာတွေဟာဖြင့် လူ့လောကကြီးကို ကောင်းသည်ထက်ကောင်းအောင်၊ လှသည်ထက် လှအောင် ဖန်တီးတည်ထောင်ကြဖို့ ဖြစ်တယ်ဆိုတာကို မေ့နေကြပြီ၊ သူတို့လို တက္ကသိုလ်ကို ရောက်မလာနိုင်ကြရှာတဲ့ ကျန်တဲ့ တိုင်းသူပြည်သားတွေအတွက် တစ်စုံတစ်ခု လုပ်ဆောင်ပေးနိုင်တဲ့ စွမ်းရည်ရှိအောင် တက္ကသိုလ်ပညာရပ်တွေကို ဆည်းပူး ကြရခြင်းဖြစ်တယ်ဆိုတာကို မေ့သွားကြပြီ။ အဲ့ဒါကြောင့် တက္ကသိုလ်ဘွဲ့ရလိုက်တာနဲ့ တစ်ပြိုင်နက် သူတို့ကိုယ် သူတို့ ဘယ်နေရာကိုသွားပြီး ရောင်းစားလိုက်ရရင် ဈေးအကောင်းဆုံးရမလဲ ဆိုတာလောက်ကိုသာ သေပြေးရှင်ပြေး စဉ်းစားကြတော့တာပါပဲတဲ့။
အဲဒါ သူ့မိန့်ခွန်းတစ်နေရာမှာပါတဲ့ စကားလေးအချုပ်ပါပဲ။ ငါတော့ဖြင့် (ကျောင်းဆရာ တစ်ယောက်ဖြစ်နေလို့လားမသိ) အဲဒီစကားလေးကို မကြာခဏသတိရမိတယ်။ ငါတို့တစ်တွေအားလုံးဟာ အဲဒီ ရုပ်ဝါဒသစ် လွှမ်းမိုးမှုအောက်ကို ကြောက်ခမန်း လန့်ခမန်း ရောက်ကုန်ကြပြီ ထင်ပါရဲ့။
ရုပ်ဝါဒသစ်နှင့် မတော်လောဘ
ရုပ်ဝါဒသစ် လွမ်းမိုးမှုအောက်ကို ရောက်လို့ ကာမဂုဏ်ဝတ္တုတွေကို မက်မော လေလေ လောကအမြင်က တိမ်းပါးလာလေလေ၊ လောကအမြင် တိမ်းပါးလေလေ မတော်လောဘကြီးလာလေလေ၊ မတော်လောဘကြီးလာလေလေ ဘ၀ငြိမ်းချမ်းမှု ကင်းဝေးလာလေလေ ဖြစ်ကြတော့တာပဲလို့ ထင်မိပါတယ်။
မင်းတို့ဘ၀၊ မင်းတို့ဆန္ဒတွေကို ပြန်ပြီး စဉ်းစားကြည့်ပေါ့။ လှုပ်ရှားကြိုးပမ်းနေသမျှ ကိစ္စဟူသမျှတွေထဲမှာ ကာမဂုဏ်ရုပ်ဝတ္ထုတွေကို တပ်မက်လွန်းအားကြီးလို့ လှုပ်ရှားရုန်းကန်နေတာက ရာနှုန်းဘယ်လောက်များ ဖြစ်နေသလဲဆိုတာ တွက်ကြည့်ပေါ့။ ပုထုဇဉ်ဖြစ်နေလေတော့ တပ်မက်မှုတော့ ရှိကြမှာပဲပေါ့။ ဒါပေမဲ့ မတော်လောဘ အဆင့်ကို ရောက်သွားအောင် ဘယ်လောက်များ လုပ်နေမိကြသလဲဆိုတာကို စဉ်းစားကြည့်ကြဖို့ ပြောတာပါ။ ကုန်ကုန်ပြောလိုက်မယ်ကွာ၊ အပေါင်းအသင်း ပတ်ဝန်းကျင်တစ်ခုကို မကောင်းမှန်းသိနေပါလျက်နဲ့ မစွန့်နိုင်မခွာရက် ဖြစ်နေပါတယ်ဆိုရင် အဲဒီ မတော်လောဘ ကာမဂုဏ်စိတ် ဘယ်လောက်များ ပါနေသလဲဆိုတာ စဉ်းစားကြည့်ပေါ့။
အဲဒီလို မခွာနိုင်ဘဲ ဖြစ်နေတာဟာ ချည်တည်းခြိုးခြံနိုင်တဲ့ စွမ်းအားနည်းပါးနေလို့ ဖြစ်တယ်ဆိတာကိုပါ ကောက်ချက်ဆွဲနိုင်ကြရမှာပေါ့။
ဒီတော့ တကယ်ကြီးမြင့်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ စိတ်တန်ခိုးသတ္တိ ဘယ်လောက်တောင် လိုအပ်တယ်ဆိုတာ သဘောပေါက်စရာပဲ မဟုတ်လား။
အဓိဌာန်လည်း သတ္တိရှိမှ …
မတော်လောဘဖြစ်တဲ့ ကာမဂုဏ် ရုပ်ဝတ္ထုတွေကို တပ်မက်စွဲလန်းမှုကို ခြိုးခြံနိုင်ဖို့ရာမှာ စိတ်တန်ခိုးသတ္တိ လိုအပ်သလို၊ တော်မှန် ကောင်းမြတ်တဲ့ ရည်မှန်းချက် အဓိဌာန်များကို ဖြည့်ဆည်းကြတဲ့အခါမှာလည်း အဲဒီစိတ်တန်ခိုးသတ္တိမရှိရင် လုံးဝ မအောင်မြင်နိုင်ပါဘူး။
အဲဒါနဲ့ပတ်သက်ပြီး ၁၉၉၁ခု၊ ဧပြီလထုတ်၊ စစ်ပြန်မဂဇင်းထဲမှာ ပါလာတဲ့ ဆရာသောင်းထိုက်ရဲ့ ဆောင်းပါးလေးတစ်ပုဒ်ထဲက ကောက်နုတ်ထုတ်ပြန်လိုက်ချင်ပါ သေးတယ်။ စကားကြုံလာလို့ ပြောလိုက်ပါဦးမယ်။ အဲဒီဆောင်းပါးရှင် ဆရာသောင်းထိုက် ဟာ စာကို စာဖြစ်ရုံ ရေးတာမျိုးမဟုတ်ဘဲ သူ့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားပြီး စာဖတ်သူတွေအတွက် အကျိုးရှိအောင် စေတနာထားပြီး ရေးလေ့ရှိပါတယ်။ သူတို့လို စာရေးဆရာတွေရဲ့ တင်ပြချက်တွေကို သေချာဂရုပြုပြီး ဖတ်ကြည့်သင့်ပါတယ်။ (ဖတ်သင့်တဲ့ စာကောင်းပေမွန် ရွေးပုံ၊ စာရေးဆရာရွေးပုံတွေနဲ့ ပတ်သက်လို့ သီးသန့်ကဏ္ဍ တစ်ခုဖွင့်ပြီး ရေးဦးမယ်လို့ ရည်ရွယ်ထားပါတယ်။)
ဒရူးမား ပစ်တိုင်းထောင်
ဆရာသောင်းထိုက်ရဲ့ ဆောင်းပါးခေါင်းစဉ်က “ဒရူးမားဂျပန် ပစ်တိုင်းထောင်”တဲ့။ အဲဒီပစ်တိုင်းထောင်ရုပ်က မျက်နှာပုံပန်းသွင်ပြင်အားဖြင့် မြန်မာပစ်တိုင်းထောင်အရုပ်နဲ့ အတန်သင့်ကွဲပြားနေစေဦးတော့ အောက်ခြေမှာ အလေးထည့်ထားလို့ ပစ်တိုင်းထောင် နေတာမှာတော့ သဘောချင်းအတူတူပါပဲ။ ပဓါနဆိုလိုချက်တွေကို သူ့စာထဲကအတိုင်း ကောက်နုတ်ပြလိုက်ပါတယ်။ ဖတ်ကြည့်စမ်းပါဦး။
ထူးခြားသည်ကား ဂျပန်ဆိုင်များတွင် ရောင်းချသည့် ပစ်တိုင်းထောင် အရုပ်တိုင်းတွင် မျက်လုံးထည့်မထားချေ။ မျက်လုံးရေးခြယ်မထားသော ဒရူးမားရုပ်ကို မည်သည့်အခါတွင် ဂျပန်လူမျိုးများ ၀ယ်ယူဆောင်ထားသနည်း။ အရေးကြီးသည့်လုပ်ငန်း တစ်ထစ်ချ လုပ်တော့မည်ဆိုလျှင် (ဥပမာ-ရောင်းဝယ်ရေးကုမ္ပဏီ အသစ်တစ်ခု စတင်တည်ထောင်မည့်မဆိုလျှင်) ဂျပန်တစ်ဦးသည် ဒရူးမားတစ်ရုပ်ကို ၀ယ်ယူ၍ မျက်လုံးတစ်ဖက်ကို အရုပ်ဝယ်ယူသူကိုယ်တိုင် ရေးထည့်လိုက်၏။ လုပ်ငန်းစပြီးဆိုသည့် အထိမ်းအမှတ်။
နောက်မျက်လုံးတစ်လုံးကို သူ့လုပ်ငန်းအောင်မြင်တဲ့အခါ ရေးထည့်ရလေသည်။ လုပ်ငန်းကိုလိုက်၍ (၃)လကြာချင်ကြာမည်။ (၃)နှစ်ကြာချင်ကြာမည်။ ကြာပါစေ။ ကြာချင်သမျှ ကြာပါစေ။ မိမိလုပ်ငန်း အောင်မြင်မှ ယင်းဒရူးမားနောက်မျက်လုံးကို လုပ်ငန်းစ,ထားသူကိုယ်တိုင် ရေးထည့်ပြီး မိတ်ဆွေအပေါင်းအသင်းများနှင့် အောင်ပွဲခံလေ့ရှိသည်။ ဂျပန်များ တိုးတက်ကြီးပွားသည်ကို မအံ့သြနှင့်။ ဤကဲ့သို့ လူတိုင်းတွင် (လူတိုင်းလိုလိုတွင်) ခိုင်မာလှသည့် ဆုံးဖြတ်ချက်ရှိသည့် လူမျိုး ဘယ်လူမျိုးမဆို အောင်မြင်ထိပ်တန်း ရောက်မည်မှာ မြေကြီးလက်ခတ်မလွဲတည်း။
နုခြင်းသည် ရင့်ခြင်း၏ အကြောင်း
ဂျပန်တို့ရဲ့ “ဒရူးမားပစ်တိုင်းထောင်”အရုပ်အသုံးချပုံဟာ စိတ်ဝင်စားစရာ မကောင်းဘူးလား။ စိတ်အားသတ္တိမွေးပြီး အောင်မြင်မှုအတွက် အခက်အခဲတွေကို စိတ်ခေါ်လိုက်တဲ့ အဓိဌာန်ဖြစ်နေတာ မဟုတ်ပေဘူးလား။ အဲဒီလိုတွေးကြည့် လိုက်ပြန်တော့ ဒီစာအုပ်အစပိုင်းမှာ ပြောခဲ့တဲ့ သုမေဓာရှင်ရသေ့ဘုရားဆုကို ပန်စဉ်က လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသော ကာလကို စိတ်ခေါ်ပစ်လိုက်တာဟာ ကြောက်စရာ့သတ္တိကြီး ဖြစ်မနေပေဘူးလား။ အဲဒီလို စဉ်းစားကြည့်လိုက်ရင် မင်းတို့ ငါတို့အနေနဲ့ တွေးတောင် မတွေးဝံ့လောက်အောင်ကိုပါပဲ။
သို့သော်လည်း ဘယ်ကိစ္စမဆို နုရာက ရင့်ရတာချည်းပါပဲ “နုခြင်းသည် ရင့်ခြင်း၏ အကြောင်းတည်း”ဆိုတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒစကားလိုပေါ့။ မရင့်သေးခင် နုရမှာပဲ။ မနုဘဲနဲ့ ရင့်ချင်လို့ မရနိုင်ဘူး။ ဘုရားတည်တာမှာ ထီးတောကစပြီး တည်လို့ မရနိုင်သလို ရေတွင်းတူးတာမှာလည်း အောက်ခြေကစပြီး တူးလို့မရနိုင်ဘူး။ ဘယ်နေရာမဆို အစဆိုတာ ရှိတာချည်းပါပဲ။ ကျွဲတောင်မှ မွေးကတည်းက ချိုပါနေရင် မွေးလို့မရနိုင်ဘူးဆိုတာ သဘောပေါက်ရမှာပေါ့။
ဒီတော့ မင်းတို့ ငါတို့တစ်တွေဟာလည်း အသေးစား အဓိဌာန်ကလေးကစပြီး ခိုင်မာအောင် စိတ်အားသတ္တိမွေးပြီး တည်ဆောက်လုပ်ဆောင်သွားကြမယ်ဆိုရင် နုရာက ရင့်လာရမှာ ဘာမှ ယုံမှားစရာမရှိပါဘူး။
အခက်ဆုံးတဲ့…
သတ္တိအကြောင်းကို ဘာကြောင့် ဒီလောက်ပြောနေသလဲလို့ မေးစရာရှိတယ်။ သတ္တိမရှိရင်၊ ဇွဲမရှိရင် ဘာဆိုဘာမှကို ဖြစ်မလာနိုင်တော့ဘူး။ ယောအတွင်းဝန် ဦးဖိုးလှိုင်ဆိုတာကို မင်းတို့ ကြားဖူးကြပြီးသားပါပဲ။
တစ်ခါမှာ မင်းတုန်းမင်းကြီးက ယောအတွင်းဝန် ဦးဖိုးလှိုင်ကို အမေးတော်ရှိသတဲ့-
“ဟဲ့… ဖိုးလှိုင်၊ မရှိတာထက် မသိတာခက်ဆိုတာ ဟုတ်သလားကွယ့်”
“ဟုတ်ကြောင်းပါ ဘုရား”
“မသိတာထက် ခက်တာကော ရှိသေးသလားကွယ့်”
“ရှိသေးကြောင်းပါ ဘုရား”
“ဘာများလဲကွယ့်”
“မရှိတာလဲ ရှိအောင်လုပ်ရင် ရနိုင်ပါတယ် ဘုရား၊ မသိတာလဲ သိအောင်လုပ်ရင် ရနိုင်ပါတယ် ဘုရား၊ မလုပ်တာကတော့ ဘာမှ မဖြစ်လာနိုင်တော့တာမို့ အခက်ဆုံးပါ ဘုရား”
မင်းတုန်းမင်းတရားကြီးက ယောမင်းကြီးရဲ့ သံတော်ဦးတင်ချက်ကို နှစ်သက်တော်မူလွန်းလို့ “အင်း…ပညာရှိစကား ပီပါပေ့ကွယ်”လို့ မိန့်တော်မူပြီး လက်စွပ်တစ်ကွင်းချွတ်ပြီး ချက်ချင်း ပေးသနားတော်မူသတဲ့။
အဲဒီတော့ စကားစကို ပြန်ကောက်လိုက်ချင်တာက သတ္တိမရှိတဲ့လူဟာ ဘာမှ မလုပ်ဝံ့ရင် ဘာမှ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သတ္တိဆိုတာဟာ အရာရာတိုင်းရဲ့ အကြောင်းခံကြီး ဖြစ်တယ်ဆိုတာကို သေချာသဘောပေါက်ထားသင့်ကြပါတယ်။
သတ္တိနဲ့ပတ်သက်ပြီး စပိန်လူမျိုးစာရေးဆရာကြီး “ဆာဗင်တီး”ပြောဖူးတာကို သတိရလိုက်ပြန်ပါတယ်။ ဆာဗင်တီးဆိုတာ သူရဲကောင်းရူးကြီး “ဒွန်ကွိဇို့”၀တ္ထုကို ရေးခဲ့တဲ့ စာရေးဆရာကြီးပေါ့။
သူပြောခဲ့တဲ့ စကားက-
He who loses his wealth loses much;
He who loses a friend loses more;
He who loses his courage loses all.
စည်းစိမ်ဥစ္စာ ဆုံးရှုံးလျှင် များစွာဆုံးရှုံး၏။
ခင်ပွန်းကောင်းတစ်ယောက်ကို ဆုံးရှုံးလျှင် ပို၍ ဆုံးရှုံး၏။
သတ္တိဆုံးရှုံးလျှင်ကား အားလုံးကုန်ပါလေပြီ … တဲ့။
ဘ၀အတွက် သတ္တိ
လူ့ဘ၀ကို ရောက်လာလိုက်ပါပြီဆိုကတည်းက သတ္တိမရှိရင် ရှင်သန်လို့ကို မရနိုင်တော့ဘူး။ လူ့ဘ၀မှ မဟုတ်ပါဘူးလေ။ တိရစ္ဆာန်ဘ၀ကစပြီး အားလုံးဟာ သတ္တိကို အသုံးပြုပြီး တိုက်ခိုက်ရုန်းကန် ရှင်သန်နေကြရတာပဲလေ။
လူ့ဘ၀မှာလည်း ဒီလိုပဲ သေရဲတာမှ သတ္တိမဟုတ်ဘူး။ နေရဲတာလည်း သတ္တိပါပဲ။
သေရတာမှ ကြောက်စရာကောင်းတာ မဟုတ်ပါဘူး။ နေရတာလည်း ကြောက်စရာကောင်းနေတာပါပဲ။
စာမေးပွဲရှုံးမှာကို ကြောက်တယ်။ ကုန်ရှုံးမှာကို ကြောက်တယ်။ လူအထင်သေးခံရမှာကို ကြောက်တယ်။ ရည်ရွယ်ချက် မပေါက်မြောက်မှာကို ကြောက်တယ်။ နေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ ကြောက်နေကြရတယ်။
အဲဒီလို ကြောက်ကြေရတယ်ဆိုကတည်းက သတ္တိလိုအပ်တယ်ဆိုတာ ထင်ရှားမနေပေဘူးလား၊ သေ၀ံ့ဖို့အတွက် သတ္တိလိုအပ်သလို နေ၀ံ့ဖို့အတွက်လည်း သတ္တိ လိုအပ်တာပါပဲ။
ခုမှပြန်ပြီး သတိရလာလို့ ပြောလိုက်ရဦးမယ်။ အထက်မှာ ပြောခဲ့တဲ့ ဆာဗင်တီးရဲ့ စကားလေးကို ပထမဆုံး ငါ့ကို ပြောပြလိုက်ခဲ့တဲ့သူဟာ ငါ့ရဲ့ဆရာတစ်ယောက်ပါပဲ။ ငါတို့ တောင်တွင်းကြီးက ဆရာကြွယ်ဆိုတဲ့ ပုဂိုလ်ပါပဲ။ သူက ရေနံချောင်းဇာတိပါ။ တောင်တွင်းကြီးသူနဲ့ အိမ်ထောင်ကျလို့ တောင်တွင်းကြီးမှာ အခြေချသွားတာပါပဲ။
ဟိုးရှေးခေတ် တက္ကသိုလ်ကျောင်းထွက်ပါ။ ဥာဏ်ရည်ကောင်း လူရည်ချော ဆိုတာမျိုးပေါ့။ ဘရစ်တန်နီးကားစွယ်စုံကျမ်းလို စာအုပ်တွေကစပြီး အင်္ဂလိပ်စာအုပ်တွေအပြင် အင်္ဂလိပ်မဂ္ဂဇင်း တွေကိုလည်း ပုံမှန်မှာပြီး ကြည့်လေ့ရှိတာမို့ သူ့အိမ်မှာ စာအုပ်တွေနဲ့ ပြည့်နေတာပဲ။ ဘရစ်တန်နီးကား စွယ်စုံကျမ်းလိုဟာကြီးမျိုးကို အချိန်ရတိုင်း ယူပြီး စိတ်ရှည်လက်ရှည် ဖတ်လေ့ရှိပါတယ်။ ငါ့တစ်သက်မှာ သူ့လောက် အသိအမြင် နှံ့စပ်ကျယ်ပြန့်တဲ့လူမျိုး မတွေ့ဖူးသလောက်ပါပဲ။
သူ့အသက်အရွယ် လူလတ်ပိုင်းလောက်မှာ ကိုယ်ရေရောဂါ စွဲကပ်သွားပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေဟာ သူ့အရည်အချင်းကို ကြိုက်ကြလွန်းတော့ သူ့ဆီမှာပဲ စာသင်ကြပါတယ်။ သူက အင်္ဂလိပ်စာနည်းပြသင်တန်း ဖွင့်တာမို့ ငါကိုယ်တိုင်လည်း သူ့ဆီမှာ သင်ယူဖူးပါသေးတယ်။
တစ်နေ့မှာ သူနဲ့ငါ နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောနေရင်း စကားစပ်မိပြီး သူ့မှာ အဲဒီရောဂါစွဲကပ်လာပြီဆိုတာကို သိလိုက်တော့ သူ့ကိုယ်သူ သတ်သေပါတော့မယ်လို့ တမြည့်မြည့် စဉ်းစားနေတုန်းမှာ စာကလေးတစ်ပိုဒ်ကြောင့် မသေဖြစ်ခဲ့ပုံကို ပြန်ပြောပြပါတယ်။ ပြီးမှ သူ့စာအုပ်စင်ပေါ်က (some to live by)ဆိုတဲ့ စာအုပ်ကို ဆွဲယူပြီး အဲဒီစာပိုဒ်လေးကို ညွန်ပြပါတယ်။
ငါလည်း စိတ်ထဲမှာ စွဲစွဲလန်းလန်း ထိခိုက်သွားတာမို့ အဲဒီစာပိုဒ်ကလေးကို အလွတ်တောင်ရသွားပါတယ်။ အမှန်ပြောရရင် ဘယ်သူဘယ်ဝါရေးတယ်ဆိုတာ အဲဒီတုန်းက မှတ်ထားလိုက်ရကောင်းမှန်း မသိပါဘူး။ မကြာသေးမီကမှ စာအုပ်အဟောင်းဆိုင်တစ်ခုက အဲဒီစာအုပ်ကို ၀ယ်လို့ ရလိုက်တာမို့ ရေးသူရဲ့ အမည်ကိုပါ ပြောပြလိုက်နိုင်တာပါ။
ကဲ … သေ၀ံ့ဖို့အတွက် သတ္တိလိုအပ်သလို နေ၀ံ့ဖို့အတွက်လည်း သတ္တိလိုအပ်တာပဲ မဟုတ်လား။ သေရဲတာမှ သတ္တိမဟုတ်ဘူး။ နေရဲတာလည်း သတ္တိပဲ မဟုတ်လား။
ဂုဏ်သိက္ခာရှိရှိ နေဖို့
ဂုဏ်သိက္ခာရှိရှိနဲ့ သေ၀ံ့ဖို့အတွက် သတ္တိလိုအပ်သလို ဂုဏ်သိက္ခာရှိရှိနဲ့ နေ၀ံ့ဖို့လည်း သတ္တိလိုအပ်တာပါပဲ။ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဟာ တစ်ခါတစ်ရံမှာ အလွန့်ကို စိတ်ဆင်းရဲခြင်းတွေကို ရင်ဆိုင်ရတတ်တဲ့ အခါမျိုးတွေကို ကြုံလာကြရတတ်ပါတယ်။
လူတိုင်းဟာ ချမ်းသာချင်ကြတာပါပဲ။ ဟိုအထက်ပိုင်းက ပြောခဲ့သလို ကောင်းပေ့ စည်းစိမ်ရှိပေ့ဆိုတဲ့ ရုပ်ဝတ္တုစည်းစိမ်တွေကို မခံစားမသုံးဆောင်ချင်တဲ့ လူရယ်လို့ ဘယ်မှာ ရှိနိုင်ပါ့မလဲ။ ဒါပေမဲ့ ဂုဏ်သိက္ခာကို ကင်းမဲ့သွားစေတဲ့ ဥစ္စာစည်းစိမ်ကို မမက်မောဘဲ စွန့်လွှတ်လိုက်ရတာမျိုးကို ကြုံနေမယ်ဆိုရင် ဆင်းရဲခြင်းကို ကြံရတော့မှာ မုချပေါ့။ အဲဒီ ဆင်းရဲခြင်းမျိုးကို ရင်ဆိုင်နိုင်တဲ့ သတ္တိမျိုးပါမှ ဂုဏ်သိက္ခာရှိရှိ နေနိုင်တဲ့ဘ၀မျိုးကို ရောက်တော့မှာပါ။
လူတော်တော်များများဟာ ရုပ်ဝတ္တု ကာမဂုဏ်တွေကို မတန်တဆ တပ်မက်လွန်း တတ်ကြတယ်။ ဒါကြောင့် ကိုယ်မရထိုက်တဲ့ ဥစ္စာစည်းစိမ်၊ ကိုယ်မရထိုက်တဲ့ အခွင့်အရေး တွေကို မရရင် ရတဲ့နည်းနဲ့ ကြိုးစားယူငင်တတ်ကြတယ်။ အဲဒါမျိုးကို မတော်လောဘ လို့ ခေါ်ကြတယ်။ အဲဒီလို မတော်လောဘတွေ များလွန်းလာရင် ဂုဏ်သိက္ခာဆိုတာက အလိုလို ကင်းမဲ့သွားကြစမြဲပါ။ ဂုဏ်သိက္ခာကို စည်းစိမ်နဲ့ လဲယူလိုက်တဲ့ သဘောမျိုး ရောက်သွားတာပေါ့။
ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဘ၀ကို နေနိုင်သွားဖို့ရာလည်း ဇွဲသတ္တိအင်မတန်လိုတယ်ဆိုတာကတော့ သေချာ ထင်ရှားလာတာပါပဲ။
သတ္တိဆိုတာ ဘာလဲ …
တကယ်ဆိုတော့ ဇွဲသတ္တိအကြောင်းကို ငါက သိပ်ပြီး ဟုတ်တိပတ်တိ ပြောတတ်တာ မဟုတ်ဘူး။ ဒါကြောင့် တကယ်ပြောတတ်တဲ့ ပုဂ္ဂိုလ်ကျော်တစ်ယောက်ရဲ့ စကားကို အခြေခံပြီး ပြောရတော့မှာပဲ။
အဲဒီပုဂ္ဂိုလ်ကြီးက “ဆာ-၀ီလျံဆလင်း” (Sir William Slim) ဆိုတာပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီးမှာ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်တော့ အမှတ် ၁၄ တပ်မတော်ကြီးကို ဦးစီးတိုက်ခိုက်ခဲ့ ဗြိတိသျှ စစ်ဗိုလ်ကြီးပါပဲ။
ပဓါနထားပြီး ပြောလိုက်ချင်တဲ့ အချက်က ဗိုလ်ချုပ်ကြီး ဆလင်းဟာ ငါတို့ မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲနဲ့လည်း ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ အကြောင်းပါပဲ။
နောက်ပြီး သူ့ဟောပြောချက်တွေကို မဖတ်မီ ကြိုတင်သိထားသင့်တဲ့ နောက်ခံ အကြောင်းတွေကလည်း ရှိနေပါသေးတယ်။ စစ်ပြီးစ ၁၉၄၅-၄၆-၄၇ တစ်ဝိုက်မှာ စစ်ကြီးကို အောင်နိုင်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေဟာ ကြွေးတွေ လည်ပင်းထိအောင် နစ်နေခဲ့တယ်။ တစ်မျိုးသားလုံးဟာ မသေရုံစားပြီး ကြွေးတွေကို ကုန်းရုန်းဆပ်ခဲ့ကြတယ်။ ဥပမာ- အင်္ဂလန်ကထွက်တဲ့ ဂျွန်ပလေးယားတို့ ပလေးယားနေဗီကတ်တို့ဆိုတဲ့ စီးကရက်တွေဟာ ငါတို့မြန်မာပြည်မှာ ဖောခြင်း၊ သောခြင်းပဲ။ ဈေးကလည်း ပေါလိုက်ပါဘိသနဲ့၊ ငါတို့ မြန်မာပြည်မှာသာ ဒါတွေက ပေါနေတာ၊ သူတို့ အင်္ဂလန်ပြည်မှာ ဒီလို စီးကရက်မျိုးတွေကို ရာရှင်စနစ်နဲ့ ချွေတာပြီးသုံးနေကြရတယ်။ ဈေးလည်း ပိုကြီးတယ်။ စီးကရက်မှာသာ မဟုတ်ဘူး။ တခြားအထည်အလိပ် စတဲ့ ပစ္စည်းတွေ၊ စက်မှုထွက်ကုန်တွေအားလုံးကိုလည်း ဒီလိုပဲ ချို့ချို့တဲ့တဲ့ သုံးစွဲခဲ့ကြရတယ်။ ပြည်တွင်းထွက်ကုန်ကို ကိုယ်မစားဘဲ အကြွေးဆပ်ဖို့ ပြည်ပကို ထုတ်ရောင်းရတယ် ဆိုပါတော့။
စစ်အတွင်းကတော့ စစ်အတွင်းမို့ ကျပ်တည်းကျဉ်းမြောင်းစွာ နေခဲ့ကြရတယ်။ စစ်ပြီး ပြန်တော့လည်း သက်သာမလား အောက်မေ့တယ်၊ ဆက်ပြီး ကျပ်တည်းကျဉ်းမြောင်းနေရပြန်တယ်ဆိုတော့ ဘယ်မှာ ကောင်းနိုင်ပါတော့မလဲ။ အဲဒီ အကျဉ်းအကျပ်ကာလမျိုးမှာ ဗြိတိသျှတစ်မျိုးသားလုံးဇွဲသတ္တိရှိရှိနဲ့ ဒီဒုက္ခအစုစုကို တောင့်ခံ နိုင်ကြဖို့ အားပေးတိုက်တွန်းတဲ့အနေနဲ့ ရေဒီယိုကနေပြီး ပြောကြားတဲ့ မိန့်ခွန်းပါပဲ။
သူ ပြောခဲ့တဲ့ရက်စွဲကိုတော့ အတိအကျ မတွေ့ရပါဘူး။ ၁၉၄၅လောက်မှာ ပြောခဲ့တယ်လို့ မှန်းဆမိပါတယ်။ ငါကတော့ လေထဲကအသံ (On the Air)ဆိုတဲ့ စာအုပ်က ယူပြီး ဘာသာပြန်ပေးလိုက်တာပါပဲ။ ၁၉၅၂-၅၃ လောက်ကစပြီး လေးငါးနှစ်လောက် တက္ကသိုလ် ပင်ရင်းအင်္ဂလိပ်စာမှာ ပြဌာန်းခဲ့ဖူးတာမို့ စာအုပ်အဟောင်းဆိုင်တွေမှာ ဒီစာအုပ်ကလေးတွေ တွေ့ရတတ်ပါတယ်။ အင်္ဂလိပ်လို မူရင်းကို ဖတ်ချင်ရင် ရှာပြီး ဖတ်နိုင်အောင် ပြောလိုက်ရတာပါ။
တစ်ခုကြိုတင်ပြီး သတိပေးလိုက်ချင်တာ ရှိပါသေးတယ်။
သူ့ရဲ့ဟောပြောချက်ကို ဘာသာပြန်ပေးလိုက်ခြင်းဟာ သူ့ဟောပြောချက်ကို ဘာသာပြန်ပေးချင်တာ သက်သက်ကြောင့်မဟုတ်ဘဲ “မျိုးဆက်သစ်တိုးတက်ရစ်ဖို့” အတွက် အထောက်အကူ သာဓကအဖြစ် ထည့်သွင်းပေးလိုက်တယ်ဆိုတော့ ကြားထဲမှာ ဖောက်ပြီး ငါက ၀င်ပြောချင် ပြောသွားလိမ့်မယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူ့စကားနဲ့ ငါ့စကားကို ကွဲပြားအောင်တော့ ကန့်ထားပေးလိုက်ပါတယ်။
သူ့ဟောပြောချက်ခေါင်းစဉ်က (What is Courage) သတ္တိဆိုတာဘာလဲ တဲ့။ ကဲ..နားထောင်ကြည့်လိုက်ကြပါဦး။
သတ္တိဆိုတာ ဘာလဲ …
“သောတရှင်များ ခင်ဗျား …”
လူတွေရဲ့ အတွင်းစိတ်ကို ခြေခြေမြစ်မြစ်နှိုက်ပြီး စစ်ဆေး ကြည့်လိုက်မယ်ဆိုရင် ဟိုဂုဏ်ပုဒ် ဒီဂုဏ်ပုဒ်တွေနဲ့ ချီးကျူးခြင်း ခံရတာထက် သတ္တိကောင်း ရဲရင့်ပါပေတယ် လို့ ချီးကျူးခြင်းခံရတာကို ပိုပြီး မနှစ်သက်ကြတဲ့သူရယ်လို့ ရှိမယ် မထင်ပါဘူး။ သတ္တိရှိတယ်၊ ရဲရင့်တယ်ဆိုတဲ့ ဂုဏ်ကို လူတိုင်း မက်မောကြတာချည်းပါပဲ။ ဘာပဲပြောပြော ယောက်ျားတို့ သဘောမှာ ဒီဂုဏ်ကို မက်မောကြတာဟာ အလွန့်ကို အဓိပ္ပါယ်ရှိတယ်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတ္တိဟာ သာမန်ဂုဏ်ရည်တစ်ခုမျှသာ မဟုတ်ပါဘူး။ ဂုဏ်ရည်ဟူသမျှတို့ရဲ့ ပင်မရင်းမြစ်ကြီး ဖြစ်နေတာကြောင့်ပါပဲ။
“သတ္တိမရှိရင် တခြား ဘာဂုဏ်ရည်မှ ပေါ်မလာနိုင်တော့ဘူး။ သစ္စာရှိမှု၊ စိတ်ဇောထက်သန်မှု၊ စွန့်လွတ်မှု စတဲ့ ဂုဏ်ရည်တွေဟာ သတ္တိနဲ့ မတွဲလိုက်ရင် ဂုဏ်ရည်အဖြစ် ဘယ်တော့မှ ပေါ်ပေါက်မလာနိုင်တော့ဘူး။ သတ္တိဆိုတာဟာ အဲဒီဂုဏ်ရည်တွေရဲ့ အခြေခံဇစ်မြစ် ဖြစ်နေရုံသာမကဘူး၊ အဲဒီဂုဏ်ရည်တွေရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အဲဒီစကားက အမှန်ပါပဲ။ ဆိုးခြင်းနဲ့ ရဲ့ဝံ့ခြင်းဟာ တွဲပြီး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရဲဝံ့ခြင်း မပါဘဲနဲ့ ကောင်းခြင်း မရှိနိုင်ကတော့ဖြင့် ပုံသေပါပဲခင်ဗျား”
ဒီနေရာမှာ အောင်သင်း နည်းနည်းလောက် ကြားဖြတ်ပြီး ၀င်ပြောလိုက်ပါရစေဦး-
“သတ္တိမရှိရင် တခြားဘယ်ဂုဏ်ရည်မှ ပေါ်မလာနိုင်တော့ဘူး”ဆိုတဲ့ စကားကို ငါဖြင့် ဘယ်လိုသဘောကျမှန် မသိဘူး။ ဟုတ်တယ်၊ သတ္တိမရှိရင် သစ္စာမရှိနိုင်ဘူး၊ သီလမရှိနိုင်ဘူး၊ သမာဓိမရှိနိုင်ဘူး။ အမှန်တရားကို မြတ်နိုးပါတယ် ဆိုတာမျိုးကို လွယ်လွယ်ပြောတတ်ကြတာပဲ။ တကယ်လည်း မြတ်နိုးကြတာတော့ အမှန်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အမှန်တရားအတိုင်း ကျင့်သုံးလျှောက်လှမ်းဖို့အတွက် တော်ရုံတန်ရုံသတ္တိမျိုးနဲ့ ဖြစ်နိုင်တာမဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်း လျှောက်လှမ်းကြတဲ့အခါမှာလည်း ပင်ပန်းမှု၊ ဆင်းရဲမှု၊ ပတ်ဝန်းကျင် အထင်သေး ရှုပ်ချမှု စတဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး ချီတက်ဖို့ဆိုတာ သတ္တိမပါရင် လုံးဝ မဖြစ်နိုင်ဘူး။
ကိုယ့်ဘ၀ရည်မှန်းချက် ပန်းတိုင်တစ်ခုစီကို အရောက်လှမ်းကြတဲ့အခါမှာ လည်း မရောက်သေးမီ ပင်ပန်းဆင်းရဲတာတွေ၊ လူများက အထင်သေး အမြင်သေး ဖြစ်မှုခံရတာတွေကို ရင်ဆိုင်ကြံ့ခံဖို့ ဆိုတာလည်း သတ္တိလိုပြန်တာပဲ။
အဲဒီလိုပဲ မိမိယုံကြည်ချက်တစ်ခုဟာဖြင့် မှားနေပြီဆိုတာကို သိလာလိုက်တာနဲ့ တစ်ပြိုင်နက် စွန့်လွှတ်ပြီး အမှန်ကို ပြောင်းလွဲ လက်ခံကျင့်သုံးလိုက်ဝံ့တာလည်း သတ္တိပဲ မဟုတ်လား။ ဒီလိုများပြောင်းလိုက်ရင် ငါ့ကို အပြောင်းအလဲ လုပ်တတ်သူ၊ မခိုင်မာသူရယ်လို့များ ထင်သွားကြလေမလား လို့ ကြောက်နေတယ် ဆိုကြပါစို့။
အဲဒီလို ကြောက်နေတာကိုက သတ္တိမရှိရာ ရောက်မနေပြန်ဘူးလား။ အဲဒီလိုများ ပြောင်းလိုက်ရင် ငါ့မှာ အခြွေအရံ ပရိတ်သတ်လျော့များသွားလေ မလားရယ်လို့ စိုးရိမ်မိတယ်ဆိုရင်လည်း ကြောက်တာပဲ မဟုတ်လား။ သတ္တိနည်း နေတာပဲ မဟုတ်လား။
ဒီတော့ သတ္တိမရှိရင် တခြားဂုဏ်ရည်တွေ မပေါ်မလာနိုင်တော့ဘူး ဆိုတဲ့ စကားဟာ မှန်မနေဘူးလား။
မင်းတို့ရဲ့ အသက်အရွယ်၊ အတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်များ အတွက် အခု ငါဆက်ပြီး ပြောမယ့်စကားဟာ နည်းနည်းများ မြင့်နေမလား မသိဘူး။ ဒါပေမဲ့ ပြောတော့ပြောလိုက်ရဦးမယ်။ လူတချို့ကို ငါ တွေ့ဖူးတယ်။ သူတို့ဟာ အယူအဆ ၀ါဒတစ်ခုခုနဲ့ပတ်သက်ပြီး လူအများ၊ အထူးသဖြင့် လူငယ်တွေရဲ့ ကြည်ညိုလေးစားမှုကို ခံယူနေရတယ်။ အခြွေအရံများတယ်။ သူ့စိတ်ထဲမှာ သူရဲ့အယူအဆတွေဟာ မှားနေပြီလို့ သိလာတယ်။ ဒါပေမဲ့ မစွန့်လွှတ်ရဲဘူး။ သူကိုင်စွဲတဲ့ သဘောတရား ၀ါဒခံယူချက် စသည်တို့ဟာ မှားနေပြီလို့ မပြောဝံ့ဘူး။ အဲဒါ သတ္တိနည်းနေတဲ့ သဘောပဲ မဟုတ်လား။
ကုန်ကုန်ပြောလိုက်ရင် တချို့လူတွေဟာ စဉ်းစားတွေးခေါ်မှုမှာတောင် သတ္တိကြောင်ကြတယ်။ သူ့ရဲ့ အယူအဆတစ်ခုခုကြောင့် သူ့မှာ ပရိသတ်အတော်များများ ရှိနေတယ်။ သူကလည်း အဲဒါကို အလွန်မြိန်ရှက်နေတယ်။ သူ့အယူအဆ သူ့ဝါဒကို အကျိုးအကြောင်း ကျကျနန စိစစ်ဝေဖန်ထားတဲ့ စာအုပ်မျိုးကို သူမဖတ်ဘူး။ (ပါးစပ်ကတော့ အဲဒီစာအုပ်၊ အဲဒီ စာရေးဆရာကို အထင်မကြီးလေဟန် ပြောတာပေါ့။) တကယ်စင်စစ်မှာတော့ အဲဒီဝေဖန်ချက်စာအုပ်ကို ဖတ်ရမှာ ကြောက်ကို ကြောက်နေတာ။
စဉ်းစားကြည့်ပေါ့။ အမှန်တရားအတွက် ဥစ္စာစည်းစိမ် အခြွေအရံကို စွန့်လွှတ်ဖို့အတွက်သာ သတ္တိလိုတာ မဟုတ်ဘူး။ ယုံကြည်ချက်ကို စွန့်လွှတ်ပစ်ဖို့ တောင်မှ သတ္တိလိုအပ်တယ်ဆိုတာ ထင်ရှားမနေဘူးလား။
ဒါကြောင့် “သတ္တိရှိတဲ့ လူဆိုး”ရယ်လို့ ရှိနိုင်စကောင်းတယ်။ ဒါပေမယ့် “သတ္တိမရှိတဲ့ လူကောင်း”ရယ်လို့ ဘယ်တော့မှ မရှိနိုင်ဘူး ဆိုတဲ့ စကားကို ငါဖြင့် သိပ်သဘောကျတာပဲ။
မကောင်းဘဲ ရဲနိုင်တယ်၊ မရဲဘဲ မကောင်းနိုင်ဘူး။
ဒါကြောင့်လည်း မင်းတို့လည်း ကောင်းချင်လည်း ရဲကြရမှာပဲ။
ကဲ …. ဗိုလ်ချုပ်ကြီး ဆလင်းရဲ့ ဟောပြောချက်ကို ဆက်လိုက်ကြဦးစို့။
“သတ္တိဆိုတာ စိတ်အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ စိတ်ဓါတ်ဆိုင်ရာ ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် သူရသတ္တိစွမ်းရည်ကို စိတ်ဓါတ်နဲ့ အသိဥာဏ်က ရပါတယ်။ ဒါကြောင့် အဲဒီစိတ်ဓါတ်နဲ့ အသိဥာဏ်ရောပုံ အချိုးအစားအရ သတ္တိမှာလည်း နှစ်မျိုးနှစ်စား ကွဲပြားလာတယ်လို့ ထင်မိပါတယ်။ တစ်မျိုးက ကိုယ့်မှာ အနာတရ ထိခိုက်စေမယ့် ကိစ္စ၊ အသက်အန္တရာယ် ဖြစ်စေမယ့် ကိစ္စမျိုးတွေကို စိတ်မာန်နဲ့ ရင်ဆိုင်ဝံ့တဲ့သတ္တိ ဆိုကြပါစို့၊ အဲဒါက ကာယသတ္တိပေါ့။”
“နောက်တစ်မျိုးက မိမိကျိုးကြောင်း ဆင်ခြင်တုံတရားအရ မှန်တယ်လို့ ထင်တဲ့ လုပ်သင့်လုပ်ထိုက်တယ်လို့ထင်တဲ့ ကိစ္စမျိုးတွေမှာ ကိုယ့်ရာထူးဌာနန္တရတွေ၊ လုပ်ငန်းတွေ၊ စည်းစိမ်ချမ်းသာပျော်ရွှင်မှုတွေ၊ ဘ၀ရည်မှန်းချက် တွေကို သွေးအေးအေးနဲ့ စတေးစွန့်လွှတ်ပြီး လုပ်ဝံ့တဲ့သတ္တိမျိုး၊ အဲဒါက စာရိတ္တ သတ္တိ သို့မဟုတ် စိတ်ဓါတ်သတ္တိ။ “
“အဲဒီလို နှစ်မျိုး ကွဲပြားနိုင်ပါတယ်”
“ကာယသတ္တိနဲ့ စာရိတ္တသတ္တိဟာ အလွန်ကွာခြားပါတယ်။ ကာယသတ္တိမှာ ထူးချွန်သလောက် စာရိတ္တသတ္တိမှာ ညံ့ဖျင်းတဲ့သူ တော်တော်များများကို ကျွန်တော် ကြုံဖူးပါတယ်။ တချို့လူတွေဟာဆိုရင် ရာထူးဌာနအရ ဧရာမပုဂိုလ်ကြီးတွေပင်ဖြစ်သော်လည်း စိတ်ဓါတ်သတ္တိ ချို့တဲ့တာကြောင့် လူတစ်ယောက်အနေနဲ့ ကြီးမြင့်တဲ့သူတွေ ဖြစ်မလာတော့ပါဘူး။ ရာထူးသာ မြင့်နေပေမဲ့ လူတွေက မမြင့်ပါဘူး”
“အဲဒီလိုပါပဲ တစ်ဖက်မှာ ကြည့်လိုက်ပြန်တော့ စိတ်ဓါတ်သတ္တိမှာ ပြည့်စုံနေပေမဲ့ ကာယိကဒုက္ခ၊ ကာယိကအန္တရာယ်ကလေးတွေကို ရင်ဆိုင်ဖို့အတွက် ၀န်လေးနေတတ်ကြသူတွေကိုလည်း တွေ့ဖူးပါတယ်။”
“ဒါပေမဲ့ တကယ်ကို စိတ်ဓါတ်သတ္တိ ပြည့်ဝလာပြီလားဆိုရင်တော့ အရေးဟဲ့ အကြောင်းဟဲ့ ကြုံလာတဲ့အခါမှာ အသက်ကို မစွန့်ဝံ့တဲ့လူရယ်လို့ တော့ဖြင့် တစ်ယောက်မှ မတွေ့ဖူးသေးပါဘူး။ စိတ်ဓါတ်သတ္တိဟာ ကာယသတ္တိထက် အဆင့်မြင့်ပြီး ရှားပါးတဲ့ ဂုဏ်ရည်တစ်ခုလည်း ဖြစ်ပါတယ်။”
ကဲ … အောင်သင်း က တစ်ချက်လောက် ၀င်ပြောလိုက်ပါရစေဦး။ ရာထူးဌာနန္တအရ အလွန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပင် ဖြစ်နေသောငြား စိတ်ဓါတ်သတ္တိအရာမှာ ချို့တဲ့နေတာကြောင့် လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ တကယ်ကို လေးစားလောက်တဲ့အဆင့်ကို ရောက်မလာတဲ့လူတွေကို ငါကိုယ်တိုင်လည်း မကြာခဏ ကြုံခဲ့ရဖူးပါတယ်။
အဲဒီလို လူမျိုးတွေရဲ့အကြောင်းကို အသိဆုံးလူတွေကတော့ သူတို့နဲ့ နီးကပ်စွာ ဆက်ဆံလုပ်ကိုင်နေကြတဲ့ လက်အောက်ငယ်သားတွေ ဖြစ်ပါတယ်။ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းလောကကမှာသာ မဟုတ်ပါဘူး။ တခြားနေရာများစွာမှာလည်း ဒီလိုလူမျိုးတွေကို တွေ့နိုင်တာပါပဲ။ သူတို့တစ်တွေဟာ အထက်က ငြိုငြင်မှာကို ကြောက်တယ်။ ပတ်ဝန်းကျင်က မုန်းမှာကို ကြောက်တယ်။ (မင်းတို့လို လူငယ်လူရွယ်များရဲ့ လောကမှာတော့ ဘဘာဝအတိုင်း) ကောင်မလေးတွေ အထင်သေးမှာကို ကြောက်တယ်။ အဲဒီလို အမျိုးမျိုးကြောက်နေမိတာကြောင့် မိမိတွက် ကောင်းမြတ်သောအကျိုး၊ အများအတွက် မှန်ကန်သော ကျေးဇူး ဖြစ်ထွန်းနိုင်မှန်း သိနေပါလျက် မပြောဝံ့ဘူး။ မလုပ်ဝံ့ဘူး။ အဲဒီလို ဖြစ်လာကြတယ်။
ငါ့ကိုယ်ငါလည်း ပြန်ပြီး စစ်ဆေးကြည့်မိပါတယ်။ လူမုန်းခံရမှာကို ငါလည်း ကြောက်တာပါပဲ။ အထက်ပုဂ္ဂိုလ်များက ငြိုငြင်မှာ အချို့လူတွေ ကြောက်တတ်ကြသလို ငါလည်းပဲ စာဖတ်ပရိသတ်က ငြိုငြင်သွားမှာကို ကြောက်မိတာ အမှန်ပါပဲ။ သို့သော်လည်း အကန့်အကတ်မရှိ ကိုယ့်လိပ်ပြာ ကိုယ့်သိက္ခာကိုတောင်မှ အားမနာလောက်အောင် သတ္တိနည်းနေလို့လည်း ဘယ်မှာ တော်နိုင်ပါ့မလဲ။
ဒါပေမဲ့ သိက္ခာတို့ လိပ်ပြာတို့ ဆိုတာတွေ ဘယ်ရောက်ကုန်မှန်း မသိနိုင်လောက်အောင်ပဲ အကြောက်လွန်ကြတဲ့ လူတွေကို ငါတွေ့ဖူးတယ်။ အဲဒီလို ဖြစ်လာပြန်တော့ သူတို့သားသမီးကတောင်မှ ကိုယ့်မိ ကိုယ့်ဖရယ်လို့ ချစ်ခင်ရိုသေကြသော်လည်း သူတို့ကို ကြီးမြင့်သော လူကြီးရယ်လို့ သဘောမထားနိုင်ကြတော့ဘဲ ဖြစ်သွားကြရတာကို တွေ့ရပါတယ်။
ကြီးမြင့်သော ရယ်လို့ ငါက မြန်မာလို ပြန်လိုက်ပါတယ်။ မူရင်း အင်္ဂလိပ်လိုက great ဖြစ်ပါတယ်။
ဆာဝီလျံဆလင်းရဲ့ ဟောပြောချက်ကို ဆက်ပြီး ဖတ်ကြည့်ပါဦး။
“လူတစ်ယောက်ချင်းအတွက်သာ မဟုတ်ပါဘူး။ တစ်မျိုးသားလုံးအတွက် မှာလည်း တကယ်ကြီးမြင့်ထွန်းကားဖို့ဆိုရင် ကာယသတ္တိရော စိတ္တသတ္တိပါ လိုအပ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လေ့လာကြမယ်ဆိုရင် ဂျပန်လူမျိုးတွေဟာ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အစုလိုက် အဝေးလိုက် ကာယသတ္တိ ကောင်းကြစတမ်းဆိုရင် ကမ္ဘာပေါ်မှာ ဂျပန်စစ်တပ်ကို ဘယ်လူမျိုး ဘယ်စစ်တပ်မှ မယှဉ်နိုင်ပါဘူး။ ဂျပန်တပ်မတော်ကြီးရဲ့ စွမ်းအားဟာ ဂျပန်စစ်သည်တော် တစ်ဦးချင်းရဲ့ သူရသတ္တိ ထက်မြက်မှုပေါ်ကို တည်ဆောက်ထားတာပါ။ သာမန်ရဲဘော် စစ်သားလေးတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ ဆိုတာကလည်း သာမန်ရဲဘော်လေးတွေနည်းတူ ကာယသတ္တိအရာမှာ ဒေါင်ဒေါင်မြည်တွေချည်းပါပဲ။ သို့သော်လည်း သူတို့ကို လူတစ်ယောက်အနေနဲ့ ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် စိတ်ဓါတ်သတ္တိဘက်မှာ အားနည်းကြတယ်။ “
“ကိုယ့်စီမံကိန်း(စစ်ဆင်ရေး)တွေဟာဖြင့် မအောင်မြင်နိုင်တော့ဘူး။ ပြောင်းဖို့ သင့်ပါပြီလို့ ထုတ်ဖေါ်ဝန်ခံတဲ့ သတ္တိမျိုး သူတို့မှာ မရှိကြဘူး။ အထက်က ချမှတ်လိုက်တဲ့ အမိန့်ဟာ လုပ်လို့မဖြစ်နိုင်မှန်း သိနေပါလျက်နဲ့ မဖြစ်နိုင်ပါဘူးလို့ ပြန်မပြောဝံ့ကြဘူး။ တပ်တွေကို ဆုတ်ခွာသင့်ပါလျက် အချိန်မီ မဆုတ်ခွာဝံ့ဘူး။ သူတို့ရဲ့ အဲဒီပျော့ကွက်ကို နင်းပြီး ကျွန်တော်တို့ စစ်ကစားခဲ့ကြတာပဲ။ ဒီလိုနဲ့ ဂျပန်တပ်မှူးကြီးတွေ စစ်ရှုံးပြီး တပ်မကြီးတွေ ပြုတ်သွားခဲ့ရတာပါပဲ”
ဂျပန်တပ်မတော်က တပ်မှူးတွေ တပ်သားတွေနဲ့ ပတ်သက်ပြီး ငါ ခပ်ငယ်ငယ်က သိမိသလောက်၊ နောက်ပိုင်း စာတွေ့အရ၊ လူပြောသူပြောအရ မှတ်သားမိသလောက်ကို ပြောပြလိုက်ချင်ပါသေးတယ်။ ဗိုလ်ချုပ်ကြီး ဆလင်းကတော့ “အထက်က ချမှတ်လိုက်တဲ့ အမိန့်ကို မဖြစ်နိုင်မှန်း သိနေပါလျက်နဲ့ မဖြစ်နိုင်ပါဘူးလို့ ပြန်မပြောဝံ့ကြဘူး။ အချိန်မီ ဆုတ်ခွာသင့်မှန်း သိနေပါလျက် အချိန်မီ မဆုတ်ခွာဝံ့ဘူး”လို့ ပြောခဲ့ပါတယ်။
အဲဒီနေရာမှာ တစ်ခုရှိနေတာက မပြောဝံ့တာမှာ အကြောင်းနှစ်ခု ရှိနေတယ်လို့ ထင်မိတယ်။ တစ်ခုက အထက်အရာရှိကို ပြန်မပြောဝံ့တာ၊ အထက်ကပေးမယ့် ရှုတ်ချပြစ်ဒဏ်ကို ကြောက်တာ။ နောက်တစ်ခုက ကြောက်ရမှာကို ကြောက်တာလို့ ထင်မိတယ်။ သူတို့ဟာ ကာယသတ္တိကို သိပ်တန်ဖိုးထားလွန်းအားကြီးနေလေတော့ သေရမှာကို ကြောက်တယ်လို့ တစ်ဖက်က ထင်မှာကို သေရမှာထက် ပိုပြီး ကြောက်နေကြတာကြောင့် မျက်စိမှတ်ပြီး အသေခံသွားကြတယ်။ တပ်မှူးတစ်ယောက်က အဲဒီလို ဇွတ်အသေခံလိုက်ပြီဆိုရင် အဲဒီတပ်မှူးတစ်ယောက်သာ အဲဒီလို ဇွတ်အသေခံလိုက်ပြီဆိုရင် အဲဒီတပ်မှူးတစ်ယောက်သာ သေတာမှ မဟုတ်ပဲ။ နောက်က တပ်သားတွေအားလုံးပါ အသေခံဖို့ ဖြစ်သွားစမြဲပေါ့။ ဗိုလ်ချုပ်ကြီးဆလင်းပြောတာက အဲဒီပျော့ကွက်ကို သိနေတာကြောင့် အဲဒီဂျပန်စိတ်ဓါတ်ကို အသုံးချပြီး တစ်တပ်လုံးပြုတ်ကုန်ကြအောင် စစ်ဆင်ရေးလုပ်ခဲ့ကြတယ်လို့ ပြောသွားတာပါ။
ဘာပဲဖြစ်ဖြစ် မင်းတို့ငါတို့အဖို့မှာ ကာယသတ္တိ၊ စိတ်ဓါတ်သတ္တိဆိုတာတွေ အကြောင်းကိုရော၊ ဒါတွေရဲ့ အဲ … အဓိပ္ပါယ်လေးနက်ပုံတွေ ဆိုတာတွေအကြောင်းကိုရော သေသေချာချာ စဉ်းစားကြဖို့ ဖြစ်မလာပေဘူးလား။
ကဲ … ဟောပြောချက်ကို ဆက်လိုက်ကြဦးစို့။
“လူတိုင်းဟာ ကာယသတ္တိအရာမှာ အနည်းနဲ့အများ ကောင်းကြတာချည်းပါပဲ။ ဘယ်လောက်ထိ ကောင်းကြသလဲ ဆိုတာမှာတော့ အံ့သြစရာပဲ။ ပြောလိုက်ရဦးမယ်၊ သတ္တိဆိုတာဟာ ဘဏ်မှာ ငွေစာရင်းဖွင့်တာမျိုးနဲ့ ဆင်ဆင်ပဲခင်ဗျ။ ငွေပင်ငွေရင်း မည်ရွေ့မည်မျှနဲ့ စတင်စာရင်းဖွင့်လိုက်တယ်၊ စာရင်းက ဘယ်လောက်နဲ့ စပြီး ဖွင့်သလဲ။ ဘယ်လောက်အသုံးခံသလဲဆိုတာတွေကို လေ့လာကြည့်လိုက်ကြစို့”
မင်းတို့တစ်တွေက များသောအားဖြင့် ကျောင်းသားကျောင်းသူတွေ ဖြစ်နေကြတာမို့ ကျောင်းသားဘ၀ သတ္တိသုံးစွဲမှုနဲ့ပဲ တိုင်းတာကြည့်ကြရမှာပေါ့ကွာ။ တစ်နည်းအားဖြင့် ပညာရေးစစ်မြေပြင် သတ္တိသုံးစွဲမှုကို လေ့လာကြည့်ကြရမှာပေါ့။
စာသင်နှစ် အစ (တိုက်ပွဲအစ)
ကျောင်းကြီး ပြန်ဖွင့်တော့မယ်ဆိုလိုက်တော့ နွေရာသီကျောင်းကြီး ပိတ်လိုက်ပြီ ဆိုကတည်းက သူငယ်ချင်းတွေနဲ့ ကွဲသွားကြရတာမို့ ပြန်ပြီးဆုံရတော့မယ်ဆိုတဲ့ အသိကြောင့် တစ်ကြောင်း၊ နှစ်လကျော်သုံးလနီးပါးကြီးများတောင် နားနေခဲ့ရလေတော့ နာုးနေရတာကြီးကိုပဲ ငြီးငွေ့လာတာကြောင့် တစ်ကြောင်း ကျောင်းပြန်တက်ကြရတာကိုပဲ တအား ပျော်နေကြတယ် မဟုတ်လား။
အတန်းတင် စာမေးပွဲကြီးကို အောင်လာတဲ့ ကျောင်းသားတွေမှာလည်း အတန်းတက်လာကြရပြီမို့ ဒီနှစ်(၉)တန်းမှာ၊ သို့မဟုတ် (၁၀)တန်းမှာတော့ အပြတ်ကို ကြိုးစားပြလိုက်မယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ မတူအောင် စနစ်တကျ လုပ်လိုက်မယ်ပေါ့လေ။ အတန်းတင် စာမေးပွဲကြီးမှာ ရှုံးခဲ့ကြတဲ့ ကျောင်းသားတွေကျပြန်တော့လည်း မူရင်းတန်းမှာပဲပြန်ပြီး ထိုင်ရမှာကို ရှက်စိတ်ခံပြင်းစိတ်နဲ့ ကျိတ်ပြီး ကြည့်ကြသေးတာပေါ့ကွာ၊ ငါ ဘယ်လိုကောင်လဲဆိုတာ ဒီနှစ် ကောင်းကောင်းကြီး တွေ့ကြရပါစေမယ် ဆိုတဲ့ အားတွေမာန်တွေနဲ့ပေါ့။ ကျောင်းသားကျောင်းသူအားလုံးဟာ အားနဲ့မာန်နဲ့ သတ္တိ အပြည့်နဲ့ ကျောင်းကို ရောက်လာကြတယ်ဆိုတဲ့ သဘောပါပဲ။
အောင်သင်း