ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, November 23, 2010

ညွှတ်ကွင်း

ညွှတ်ကွင်း
သုခရိပ်



ကိလေသာ နှောင်ကြိုးအတွင်းမှ လွတ်ကင်းတော်မူသော မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ကြီးအား ဘုရားတပည့်တော် ရှိခိုးပါ၏။

ရင်ထဲမှာ ပြောပြချင်တဲ့ အကြောင်းအရာတွေ တစ်ခါတစ်ခါမှာ တားလို့မရအောင်ကိုပဲ များများလာပါတယ်။ သိလွန်း၊ တတ်လွန်းနေလို့တော့ မဟုတ်ပါဘူး။ အစားကောင်း အသောက်ကောင်းတွေ စားနေရတဲ့အခါ ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေကို သတိရနေသလိုမျိုးလေးပါ။ တရားတစ်ခုကို နှစ်သက်သဘော ကျသွားတဲ့အခါတိုင်း တရားကိုချစ်ခင်တဲ့သူတွေကို ပြန်လည်မျှဝေပေးချင်နေတော့တာပါပဲ။ အခုလည်း အဲ့ဒိစိတ်လေးတစ်ခုနဲ့တင် ဒီစာတွေကိုရေးလိုက်ရပါတယ်။

ကျွန်တော်လည်း ပုတုဇဉ်ပေမို့ ချစ်ခင်မြတ်နိုး တွယ်တာခြင်းဆိုတဲ့ သံယောဇဉ်တွေ မှာပဲ ပျော်မွေ့နေတာများပါတယ်။ ဒီသံယောဇဉ်တရားတွေကြောင့်ပဲ စိုးရိမ်ရတယ်။ ကြောင့်ကြပူဆွေးရတယ်။ သောကဖြစ်ရသလို ဒေါသတွေလည်းဖြစ်ရတယ်။ တစ်ခါ တစ်ခါတော့လည်း ဒီသံယောဇဉ်ညွှတ်ကွင်းကနေ လွတ်ကင်းခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ မရဲတရဲ တစ်ကိုယ်တည်းတွေးမိပါတယ်။

အခါတစ်ပါးတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိမြို့မှာ ဆွမ်းခံကြွ နေတုန်း မင်းမိန့်နဲ့ ဖမ်းထားတဲ့ သူခိုးတွေကို သံခြေကျင်းတွေကို ခြေတွေ လက်တွေမှာခတ်၊ ကြိုးတွေနဲ့တုတ်လို့တုတ်၊ အခိုင်အခန့်ချည်ပြီးတော့လည်း လှောင် အိမ်ထဲသွင်းသွားကြတာကို မြင်လိုက်ကြတဲ့ ရဟန်းတော်တွေက ညနေပိုင်း လည်းရောက်ရော မြတ်စွာဘုရားကိုယ်တော်မြတ်ဆီ လာရောက်ပြီးတော့ အနှောင်အဖွဲ့ တွေကြားမှာနေကြရတာ ဆင်းရဲလှကြောင်းလျှောက်တင်ကြတဲ့ အခါမှာတော့ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားရှင်က ချစ်သားတို့- သံဖြင့်ပြု လုပ်ထားတဲ့ သံခြေကျင်း အနှောင်အဖွဲ့၊ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ထိပ်တုံး အနှောင်အဖွဲ့၊ လျှော်နဲ့ပြုလုပ်ထားတဲ့ နှောင်ကြိုးအဖွဲ့ဆိုတာ ခိုင်းခန့်တဲ့ အနှောင် အဖွဲ့လို့ မခေါ်ထိုက်သေးဘူး ဟုမိန့်ကြားတော်မူပါတယ်။

ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားရှင်က ဆက်လက်၍ မိန့်တော်မူ သည်မှာ မှတ်သားစရာ အလွန်တရာကောင်းလှသည်။ ချစ်သားတို့- ရွှေ၊ ငွေ၊ ပတ္တမြား၊ နားဋောင်း စတဲ့ ရတနာတွေအပေါ်မှာ တွယ်တာ ငဲ့ကွက်ခြင်းတဏှာ ….. ဒီတဏှာ အနှောင်အဖွဲ့မျိုးကိုသာ ခိုင်ခန့်မြဲမြံသော အနှောင်အဖွဲ့လို့ ပညာရှိတို့ ဆိုကြကုန် သည်ဟု မေတ္တာရှေ့ထားကာ မိန်းကြားတော်မူခဲ့လေသည်။ ကြားဖြတ်ပြီးတော့ ကျွန်တော်တွေးကြည့်မိပါတယ်။ ဒီသံကြိုးတွေ၊ ထပ်တုံးတွေဆိုတာ ကိုယ်လည်း တစ်ခါမှ ၀င်မနေကြည့် ဖူးတော့ ဘယ်လောက်ဆိုးတယ်ဆိုတာ မပြောပြတတ်ပါဘူး။ ခံစားဖူးတဲ့သူတွေကတော့ ဘယ်လောက် ဆိုးတယ်ဆိုတာ အတိအကျသိကျမှာပါ။ ဒါပေမယ့်လည်း မှန်းကြည့်ရုံနဲ့တင်လည်း အလုံးစုံမဟုတ် တောင် သိသာပါတယ်။

ကျွန်တော်သိလိုက်တာ တစ်ခုတော့ရှိတယ်။ ပိုက်ဆံတစ်ခါပျောက်ခဲ့ဘူးတယ်။ နေလိုထိုင်လို့ကို မရဘူး။ တွေးကြည့်ရင် ခုထိအောင်ကိုပဲ အာရုံထဲကနေမထွက်ဘူး။ စာဖတ်သူတို့လည်း အနည်းနဲ့ အများကြုံ ဖူးတွေ့ဖူးကြမှာပါပဲ။ ပျောက်သွားတဲ့ငွေဟာ ဘယ်ဆီနေမှန်းမသိတော့ပေမယ့် ခုထိအောင်ကို ကျွန်တော့ရင်မှာ နှောင်ဖွဲ့နေ တုန်းပါပဲ။ တစ်ချို့ကျတော့လည်း မရသေးတာကို အတင်းအဓမ္မလိုချင်နေလိုက်ကြ တာများ ဖြစ်မလာသေးတာတွေက ကြိုတင်နှောင်ဖွဲ့နေကြတယ်။ မိန်းမမယူခင်က သူသုံးဖို့ ငါသုံးဖို့နဲ့ လောဘတစ်ကြီးငွေရှာနေကြတာတွေ၊ မအိုခင်လေရှာနေကြ ရတာပါဆိုပြီး ဘုရားမေ့တရားမေ့ ရှာနေကြတာတွေဟာ နှောင်ဖွဲ့ခြင်းတွေ ခံနေရတာပါပဲ။ ဒီဘ၀တွင်မက နောက်နောင်ဖြစ်လာမယ့် ဘ၀တွေကိုပါ နှောင်ဖွဲ့လိုက်ကြသေးတယ်။

ဆင်းရဲတဲ့သူကလည်း ပရာဒိုကားပေါ်က ခွေးကိုအားကျပြီး ခွေးသာဖြစ်လိုက် ချင်တယ်ဆိုပဲ။ အလှူဒါနတွေ ပြုကြပြန်တော့လည်း ယခုဘ၀ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ စိတ်ကမသန်ဘူး။ နောက်ဘ၀များ လူဖြစ် ရင်လည်း ဥစ္စာပေါရအောင်၊ နတ်ဖြစ်တော့လည်း ဥစ္စာပေါရအောင်တဲ့။ ငွေရှိမှ လှူနိုင်မှာလို့ကို ထင်နေ တာကြီးက အမြဲတစေမှန်ကန်မှု မရှိပါဘူး။ ထင်နေခဲ့ရင်တော့ အလှူရဲ့သဘောသွားကို နားမလည် သေးတာပါပဲ။ ဘာပဲဖြစ်ဖြစ် ဘ၀သံသရာကြီးကို ကျင်လည်နေရအောင် စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို က နှောင်ကြိုးနဲ့ အချည်ခံနေရတာပါပဲ။ ဒါပေမယ့်လည်း အချည်ခံလို့ ခံနေရမှန်းလည်း သာမာန်လူတွေ က မသိကြပါဘူး။ သိတယ်လို့ပြောတဲ့သူတွေလည်း ရှိပါတယ်။ လွတ်တဲ့ထိအောင် လိုက်မလုပ်ကြဘူး။ တစ်ချို့က တစ်ကယ်သိ၊ တစ်ကယ်လုပ်တော့ နှောင်ကြိုးကနေ လွတ်သွားကြတယ်။

ကိလေသာနှောင်ကြိုးတွေကနေ ရုန်းထွက်ဖြတ်တောက်နိုင်ကြသူ ပညာရှိသူများကို အားကျမိပါတယ်ဗျာ။ အားကျတာနဲ့အတူ စိတ်ထဲမှာ ဖတ်ထားဖူးတဲ့ စာသား လေးတစ်ခု ပြောပြဦးမယ်။

သံယောဇဉ်ကြိုး၊ ဆယ်မျိုးဆယ်ခိုင်၊ ချုပ်ထားတုပ်ထား၊ လှုပ်အားမနိုင်၊ ကာမထောင်တွင်း၊ နှောင်သွင်း ပိုင်ပိုင်၊ မှတ်ကရော့၊ ခပ်သော့သံချည်တိုင်။

တဏှာ ဆိုတဲ့ ကြိုးတွေကဘယ်လောက် ဆိုးလဲဆိုတာ သိပြီးသားဖြစ်ကြမှာပါ။ လူအများစုက ဆိုးတာ မကောင်းတာကိုတော့ မကောင်းဘူးလို့တော့ သိနေကြတာပါပဲ။ ဒါပေမယ့် တစ်ကယ်သိနေကြတာလားဆိုတော့ မသိပါဘူး။ ဘာနဲ့တူနေလည်း ဆိုတော့ ငရုတ်သီးစားရင် စပ်မယ်ဆိုတာ သိတယ်။ မစားပဲ လည်း မနေနိုင်ဘူး။ သရဲကားကြည့်ရင် ကြောက်စရာကောင်းတာကို လူတိုင်းသိတယ်။ မကြည်ပဲတော့ မနေနိုင်ဘူး။ ကြည့်ရင်းနဲ့ ကြောက်မှပဲ ထအော်ပစ်ကြတယ်။ ကြောက်တာတွေ၊ စပ်တာတွေကို အရသာ တစ်ခုလို့ကို ထင်နေတယ်။ ဘ၀မှာလည်း ဒီလိုပဲ။ အဆင်မပြေတာတွေနဲ့တွေ့ရင် စိတ်ညစ်မယ်။ ကိုယ်မနှစ်သက်တာတွေ တွေ့ရင် ဒေါသထွက်မယ်။ ဒီလိုဖြစ်တာဟာ မကောင်းဘူးဆိုတာ လူတိုင်းသိတယ်။ ဒေါသမဖြစ်ပဲနေလား။ မနေဘူး။ လောဘကြီးတာ မကောင်းဘူးတဲ့ ပြောတာပဲ။ ကိုယ်တိုင်လောဘတွေ လျှော့နေလားဆိုတော့ ပုံမှန်ပဲ။

အခက်အခဲတွေ ဒုက္ခတွေကြုံရတော့မှသာ ငါမှကံဆိုးလေခြင်းလို့ တွေးတတ်ကြတယ်။ သံသရာကို ကြောက်ပါပြီ ပြောလို့ပြော၊ တရားရိပ်သာပြေးလို့ပြေး။ စိတ်ထဲမှာ နည်းနည်းလည်းပြေသွားရော မူလနေရာပြန်သွားတာပဲ။ ဘာမှမထူးဘူး။ ဒီတော့ အဆင်မပြေတာတွေနဲ့ တွေ့တဲ့အခါတိုင်း ဘုရားကိုသတိရရင် တဏှာရဲ့သ ဘောကိုလည်း သတိရပါ။ ငါ့ကို စိတ်ညစ်အောင်၊ ဒုက္ခရောက်အောင် လုပ်နေတာ ဘယ်သူလည်း။ မကောင်တာတွေလုပ်တော့ သူလုပ်တာ….သူပေါ့။ ကောင်းတာတွေ ကျ ငါ လုပ်တာပါ။ ငါပေါ့ ဆိုတဲ့ အတွေးတွေကို ဖျောက်ပြီးတော့ တဏှာရဲ့သဘောအသွားကို မြင်အောင်ကြည့်ပါ။

တဏှာဆိုတဲ့ တပ်မက်ခြင်း၊ တွယ်တာခြင်းကနေ ကင်းကြမယ်ဆိုရင် သံသရာ ကနေလွတ်ပါပြီ။ မတွယ်တာရင် လည်နေတာတွေ ရပ်ပါပြီ။ မီးလောင်မှ ရေတတဲ့သူလိုမျိုး ဒုက္ခတွေ့မှ တရားရပါပြီ လို့မလုပ်ကြပါနဲ့။ ဒုက္ခမတွေ့ခင်က တရားတွေရအောင် မမေ့မလျော့သော သတိတရားဖြင့် ကာမဂုဏ် ညွှတ်ကွင်းက လွတ်ကင်းအောင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက် ပါတယ်။ အားလုံးသော သတ္တ၀ါတွေ ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်းမှ ကင်းလွတ်၍ အချင်းချင်း အမျက်အအီမရှိ ချစ်သောမျက်စိဖြင့် ရှုကြည့်နိုင်ကြပါစေ။

သုခရိပ်

မာတိကာ


statistics

web tracker