ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, January 25, 2011

သက်တော် ၉၃ နှစ် ဝါတော်(၇၃)ဝါ ရှိသော ကောလင်းဆရာတော် ဘုရားကြီး သွေးများထဲမှ ထူးခြားအံ့သြဖွယ် မှိုပွင့်သဏ္ဍာန် (သို့) ဝါဂွမ်းပုံစံမျိုး ဖြစ်ပေါ်နေ

သက်တော် ၉၃ နှစ် ဝါတော်(၇၃)ဝါ ရှိသော ကောလင်းဆရာတော် ဘုရားကြီး

သွေးများထဲမှ ထူးခြားအံ့သြဖွယ် မှိုပွင့်သဏ္ဍာန် (သို့) ဝါဂွမ်းပုံစံမျိုး ဖြစ်ပေါ်နေ
သက်တော် (၉၃) နှစ် ဝါတော် (၇၃) ဝါရှိသော ကောလင်း ဆရာတော်ဘုရားကြီးသည် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးရန်အတွက် ရောက်ရှိလာရာ ဆရာဝန်ကြီးများမှ သွေးဖောက်ယူရာတွင် ဆရာတော်ဘုရားကြီး၏ သွေးများထဲမှ ထူးခြားအံ့သြဖွယ် မှိုပွင့်သဏ္ဍန် (သို့) ဝါဂွမ်းပုံစံမျိုး ဖြစ်ပေါ်နေသည်ဟု သိရှိရသည်။ ကောလင်း ဆရာတော်ဘုရားကြီး ဆေးကုသမှု ခံယူနေသည့် ရန်ကုန် အထွေထွေရောဂါ ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် (အနီးကပ် စောင့်ရှောက်သည့် သီးသန့်အခန်းသို့ သွားရောက်ဖူးမြော်ခဲ့ရာ ဆရာတော် ဘုရားကြီးမှာ သက်တော် (၉၃)နှစ်ရှိသော်လည်း တပည့်ဦးဇင်း ၂ပါးနှင့်အတူ ဝှီးချဲဖြင့် ဆေးရုံကြီးအတွင်း လှည့်လည်နေသည်ကို အံ့သြဖွယ် တွေ့ရှိရပါသည်။
ဆရာတော် ဘုရားကြီးအား အနီးကပ်ပြုစု စောင့်ရှောက်နေသည့် ဆရာတော်ကြီး၏ တပည့်အရင်း ဦးဇင်းနှစ်ပါးဖြစ်သော အရှင်ဆန္ဒိမာနှင့် ဦးဓမ္မသာမိတို့ကို အဆိုပါ သွေးများမှ ထူးခြားမှု ဖြစ်တော်မူပုံကို မေးမြန်းလျှောက်ထားခဲ့ရာ ဦးဇင်း (၂)ပါးက ပြောကြားရာတွင် “ဆရာတော်ဘုရားကြီးက သွေးနီဥ၊ သွေးဖြူဥ အားနည်းလို့ ဆေးရုံကို ရောက်လာတာ သက်တော်ကြီးတော့ ရိုးတွင်းချဉ်ဆီ အားနည်းတာပေါ့။ အရိုးလေးတွေ ပျော့ပြောင်းတာပေါ့။ ဒါပေမယ့် ဆရာဝန်ကြီးတွေ ကျန်းမာရေး စစ်ဆေးချက်အရ ဆီးချို၊ သွေးချိုတွေ ဘာတွေမရှိဘူး။ ပြီးတော့ ဆရာတော်ကြီးက အကုန်လုံး မှတ်မိပါတယ်။ စကားလည်း ပြောနိုင်တယ်။ ဒီဆေးရုံကို ရောက်လာတော့ သမားတော်ကြီး ဦးညွှန့်သိန်းကလည်း အတတ်နိုင်ဆုံး ကုသပေးတယ်။
ဆေးရုံကြီးရဲ့ အောက်ထပ် (၂၄)နာရီဖွင့်တဲ့ ဆေးဆိုင်တွေကလည်း ဆေးတွေအခမဲ့ လှူဒါန်းကြတယ်။ ထူးခြားမှုတွေရှိတာက ဦးဇင်းတို့ (၂၂-၁-၂၀၁၀) ရက်နေ့က ဆေးရုံရောက်တယ်။ ၂၃ ရက်နေ့ ဆေးစစ်တော့ အခုလို ထူးခြားမှု ဖြစ်တာကိုလည်း ဆေးရုံအုပ်ကြီး လာပြလို့ ဦးဇင်းတို့လည်း သိတာ။ အဲ့ဒီလိုသိတော့ ဆရာတော် ဘုရားကြီးကို ပြတယ်။ ဆရာတော်ဘုရားကြီး ကတော့ ဘာမှတော့ မပြောဘူး။ ဒါပေမယ့် ဆေးရုံအုပ်ကြီးကတော့ ဆရာတော်ဘုရားကြီးကို ခွင့်တောင်းပြီးတော့ အများပြည်သူ ကြည်ညိုလို့ရအောင် ပုံတော်လေးတွေ ရိုက်နှိပ်ပြီး ဝေငှမယ်လို့ လျှောက်တယ်။ ဦးဇင်းတို့ အရင်က ဆရာတော် ဘုရားကြီးထံက ထူးထူးခြားခြား မတွေ့ရှိရပါဘူး”ဟု အဆိုပါ ဦးဇင်း ၂ပါးက ရှင်းပြခဲ့ပါသည်။
ထိုကဲ့သို့ သွေးများအတွင်းမှ ထူးခြားအံ့သြဖွယ် ဖြစ်တော်မူသည့် ကောလင်း ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၊ တောင်မော် သာသနာ့ရိပ်သာ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး ဖြစ်ပြီး အဆိုပါ ကျောင်းအတွင်း ဝါဆိုသံဃာအပါး ၃၀ ခန့်ရှိကြောင်း၊ ယခုအခါတွင် ဆရာတော်ကြီးမှာ သက်တော် (၉၃) နှစ်အရွယ်ရှိပြီး ဝါတော်မှာ (၇၃)ဝါရှိကြောင်း သိရသည်။ ဆရာတော်ကြီး၏ ငယ်နာမည်မှာ မောင်သာရင် ဖြစ်ပြီး မိဘနှစ်ပါး၏ အမည်မှာ ဦးဖိုးခ+ဒေါ်ကျွေးမယ် တို့ဖြစ်သည်။ ဆရာတော်ကြီးအား ကန့်ဘလူမြို့နယ် ပိတောက်ပင် ကျေးရွာတွင် မွေးဖွာပြီး အသက် ၉ နှစ်အရွယ်ထဲက တောင်မော်မြို့၌ ကိုရင်ဝတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၉)နှစ်သား အရွယ်မှစ၍ ကိုရင်ဝတ်ခဲ့ပြီး ယခုသက်တော် (၉၃)နှစ်ဝါတော် (၇၃)ဝါရှိပြီဖြစ်သော ကောလင်း ဆရာတော်ဘုရားကြီး၏ ဘွဲ့တော်မှာ ဘဒ္ဒန္တဝိသုဒ္ဓါစာရ(အဂ္ဂမဟာကမ္မဌာနစရိယ) ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆရာတော် ဘုရားကြီး ဆေးကုသမှု ခံယူနေသည့် အထူး သီးသန့်ဆောင် အတွင်း၌လည်း ဆရာတော်ဘုရားကြီးအား နိုင်ငံတော် အကြီးအကဲမှ လှူဒါန်းသည့် လှူဖွယ်ပစ္စည်းများ၊ ဆေးရုံအတွင်းရှိ ဆရာ၊ ဆရာမများ၊ ဒါယကာ၊ ဒါယိကာမများ၏ လှူဒါန်းသည့် ၀တ္တုပစ္စည်းများကိုလည်း တွေ့ရှိရပါသည်။ ဆေးရုံအုပ်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ဆရာတော်ဘုရားကြီး နားနေချိန် ကလွဲ၍ အခြားအားလပ်သည့် အချိန်များတွင် ဆရာတော်ဘုရားကြီးအား ဖူးမြော်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။ သက်တော် (၉၃)နှစ် ရှိသော်လည်း ကျန်းကျန်းမာမာ ရှိနေသော ဆရာတော်ဘုရားကြီးသည် ဆရာဝန်ကြီးများ ဆေးကုသ စောင့်ရှောက်ပေး နေရာက ခွင့်ပြုချက်ရ၍ ဆေးရုံကဆင်းလျှင် ဗဟန်းမြို့နယ် အလယ် ရွှေဂုံတိုင်ကျောင်း၊ ဖောင်တော်ဦးကျောင်း ပရိယတ္တိ စာသင်တိုက် ရွှေမင်းဝန်နှင့် ခြောက်ထပ်ကြီး ဘုရားအနီးတွင် သီတင်းသုံးတော်မူပြီး တပို့တွဲ လပြည့်ကျော် နောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့၊ တောင်မော် သာသနာရိပ်သာ ကျောင်းသို့ ပြန်လည် သီတင်းသုံးတော်မူရန် ခန့်မှန်းထားကြောင်း လည်းသိရသည်။
သက်တော်(၉၃) နှစ်ဝါတော် (၇၃) ဝါရှိပြီဖြစ်သော ကောလင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိသုဒ္ဓါစာရ (အဂ္ဂမဟာကမ္မဌာနစရိယ) အား ဒါယကာ၊ ဒါယိကာမများ အတွက် ချီးမြှင့်သည့် အန္တရာယ်ကင်း ဂါထာတော်ကို အများပြည်သူများ ကြည်ညိုနိုင်ရန် ပုံတော်လေးများ ရိုက်နှိပ်ဝေငှပေးသော ဓမ္မဒါန အလှူရှင်များမှာ ဦးတင်ဌေး+ဒေါက်တာဒေါ်လှကြင် (ဆေးရုံအုပ်ကြီး ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး မိသားစု)နှင့် ဦးခင်မောင်ထွန်း (ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန)+ ဒေါ်ခင်မြတ်ထွေး တို့ဖြစ်ကြောင်းလည်း သိရှိရသည်။ 


ဆရာတော်ဘုရားကြီး ချီးမြှင့်သည် အန္တရာယ်ကင်း ဂါထာတော်

ဗုဒ္ဓ ဂုဏံ သက္ကစံ္စ အဟံ ဝန္ဒာမိ သဗ္ဗဒါ
ဓမ္မ ဂုဏံ သက္ကစ္စံ အဟံ ဝန္ဒာမိ သဗ္ဗဒါ
သံဃံဂုဏံ သက္ကစ္စံ အဟံ ဝန္ဒာမိ သဗ္ဗဒါ
မာတာပိတု ဂုဏံ သက္ကစ္စံ အဟံ ဝန္ဒာမိသဗ္ဗဒါ
အာစရိယ ဂုဏံ သက္ကစ္စံ အဟံ ဝန္ဒာမိသဗ္ဗဒါ




from Myanmar News Week


မာတိကာ


statistics

web tracker