ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Saturday, February 5, 2011

သက်ကြီးရွယ်အိုများအား ကြင်နာကြပါ။

    သက်ကြီးရွယ်အိုများအား ကြင်နာကြပါ။



 
 

သက်ကြီးရွယ်အို"အနန္တဂိုဏ်းဝင် ကျေးဇူးရှင်"၊ "ကြီးသူကို ရိုသေ၊ ငယ်သူကိုသနား၊ ရွယ်တူကို လေးစား" …စတဲ့ အဆုံးအမတွေနဲ့  ကြီးပြင်းခဲ့ရသူ၊လိုက်နာခဲ့ရသူ  မြန်မာလူမျိုး တယောက် အတွက် ဒီိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို တွေ့ တိုင်း၊ မြင်တိုင်း၊ ကြားတိုင်း ရင်ထဲမှာနင့်နင့်သီးသီး
ဆို့ဆို့ နင့်နင့် ခံစားရမြဲ။ ဆင်းရဲချမ်းသာမှုတွေကြားဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို့  မဆုံးနိုင် မေးခွန်းတွေနဲ့ လုံးလည်လိုက်စမြဲ။

မြင်ကွင်း(၁)
လူစည်ကားသော ဘူတာရုံတွေမှာအဖိုးအိုကိုတွေ့ ရတတ်သည်။ အင်္ကျီဗလာ ဘောင်းဘီတိုနဲ့ ဘာဂျာကို အဆက်မပြတ်မှုတ် ဘောလုံးလေးကစားပြရင်း ထမင်းတလုတ်အတွက် ပိုက်ဆံရှာရသူ။ အသက်ခုနှစ်ဆယ်ကျော်လောက် အရွယ် ဘယ်လောက်ကျန်းမာသည် ပြောပြော ခုလိုပင်ပင်ပန်းပန်း ဘယ်ရုန်းကန်ချင်ပါ့မလဲ။ သူကို့ တွေလျှင် လူတွေကသူဖျော်ဖြေတာကို ပြုံးပြီး ပိုက်ဆံထည့်ကြသည်။ ကျွန်မကတော့ ဘယ်တော့မှမပြုံးနိုင်ပါ။ ပိုက်ဆံလှူဒါန်းတိုင်း ချွေးတွေပြန်နေအောင် ပင်ပန်းနေသည့်သူ့ ကို ကြည့်ပြီး မျက်ရည်ဝဲရမြဲ။ ခုတော့ သူ့ ကို မတွေ့ ရတာ ကြာပြီ။တခုခုများဖြစ်သွားလားလို့  တွေးပြီးစိတ် ပူမိသေးသည်။
*****

မြင်ကွင်း(၂)
ရုံးကသူငယ်ချင်းနဲ့  စကားပြောရင်း အမှတ်တမဲ့ သိလိုက်ရသည်။ သူ့ အမေကရုံးတရုံးမှာ သန့် ရှင်းရေး အလုပ်လုပ်သည်တဲ့။ ကျွန်မ အတော်အံသြသွားသည်။ရုံးမှာ သန့် ရှင်းရေးလုပ်သည်ဆိုသည်မှာ ဖုန်စုပ်၊ ကြမ်းတိုက်၊အိမ်သာဆေးတဲ့ အထိ။ Brandတွေနောက် ကောက်ကောက်ပါအောင် လိုက်တတ်သော၊ နိုင်ငံပေါင်းစုံမှ အစားအစာပေါင်းစုံကို ရူးသွပ်သော သူက အမေ့ကိုဒီအလုပ်မျိုးလုပ်တာ လက်ပိုက်ကြည့် နေလောက်အောင်မချို့ တဲ့တာ သေချာသည်။ အမေက အသက်ဘယ်လောက်လဲဆိုတော့ ၆၅ တဲ့။ အကြောင်းပြချက်ကတော့အမေအလုပ်မလုပ်ရင် အမေ့အိမ်စရိတ် ဘယ်သူပေးမလဲတဲ့။ ကျွန်မမှာ စကားလုံးတွေရှားပါးကုန်သည်။
*****

မြင်ကွင်း(၃)
အဖွားအိုက အဖိုးအိုကိုတွဲနေကျ။ တုန်ချိချိခြေလှမ်းများကို လူရှုပ်သော စားသောက်ဆိုင်က အချိန်ဆင်းရဲသည့် လူငယ်တချို့ က စိတ်မရှည်။ ပြည့်နေသောအမှိုက်ပုံးကို တွေ့တော့ အဖိုးအို၊အဖွားအိုရဲ့ မွဲခြောက်ခြောက် မျက်လုံးလေးတွေအရောင်လက်သွားသည်။
အဖိုးက အမှိုက်ပုံးထဲမှ အအေးသံဗူး၊ သတင်းစာအဟောင်းတွေကို ရှာ၊ အဖွားက အဖိုးကမ်းပေးသော သံဗူးလေးတွေကိုခြေထောက်နဲ့ ဖိပြားပြီး သူတို့ ရဲ့ ညစ်နွမ်းနွမ်းအိတ်ထဲကို ထည့်သည်။ဒီမြင်ကွင်းကြောင့် စားလက်စ ထမင်းတွေ မျိုမကျ။ ဒီနိုင်ငံမှာ တွေ့နေကျမြင်ကွင်းပေမယ့် ကျွန်မရင်ထဲက ဆို့ နင့်မှု့က အမြဲအသစ်ဖြစ်တတ်သည်။ ခဏနေတော့သူတို့လက်ထဲမှာ ညစာအတွက် ငွေစလေးတွေ။ တကယ်လို့ များ ညစာအတွက် မလုံလောက်သောညတွေ ဆိုရင်…။
*****

မြင်ကွင်း(၄)
အသက် ၈၀ကျော်ယောက္ခမကြီးကို မကျန်းမာလို့  လူအိုရုံပို့ လိုက်ပြီလို့  ကျွန်မ အရာရှိကလာပြောတော့ ဟန်မဆောင်နိုင်စွာ မျက်လုံးပြူးသွားမိသည်။ သူ့ ယောက္ခမကြီးနေမကောင်းနေတာ ကြာလှပြီ။ ခုတော့ လူအိုရုံတဲ့။ လူအိုရုံမှာက အမြဲစောင့်ရှောက်မဲ့သူ ရှိတော့ ပိုအဆင်ပြေသည်တဲ့။ အရင်က သူတို့ တအိမ်လုံးကိုယောက္ခမကြီးက ချက်ပြုတ်ကျွေးခဲ့သည်။ လိုတုန်းကတော့ တမျိုး… မလိုတော့စွန့်ပစ်ပြီ။ ကွန်ဒိုမှာနေပြီး တနှစ်တခါ ကမ္ဘာပတ်နေသူတွေက အမေကိုစောင့်ရှောက်ဖို့  မစွမ်းသာတော့ဘူးလား။
သူ့ ကိုနေ့ တိုင်းတော့ သွားတွေ့မှာပေါ့နော်လို့  လျှာရှည်မိတော့ အချိန်ဘယ်မှာလဲတဲ့။ အလွန်ဆုံးတလတခါပေါ့တဲ့။ လူအိုရုံထဲက သားသမီးတွေ၊ မြေးတွေ အလာကို မျှော်နေမယ့် မေတ္တာငတ်တဲ့ မျက်ဝန်းတစုံကတော့။
*****

မြင်ကွင်း(၅)
ပိတ်ထားသောတံခါးနောက်ကွယ်မှ…။တုန်ချိချိအမေအိုကြီးကို အခိုင်းအစေလို စကားပြောနေသည့် သမီး။ အမေရေချိုးတာကြာလို့ ဆိုကာ ရေဖိုးကုန်မှာ ကြောက်၍ အပြင်ကနေ ရေကို ပိတ်ပစ်လိုက်သည်။  ဆပ်ပြာတွေနဲ့ အမေထွက်မေးတော့ အမေကို သင်ခန်းစာပေးသည့် သမီးမျက်နှာကရိုက်ချင်စရာ။ အမေကတော့ မရိုက်ရက်။ မျက်ရည်ဝေ့သီနေသော မျက်ဝန်းများနဲ့ ငေးကြည့်လို။ ဒါတကယ့် အဖြစ်အပျက်တဲ့။ ဒီနိုင်ငံကပိတ်ထားသောတံခါးနောက်ကွယ်မှ တကယ့် အဖြစ်အပျက်တွေ။ ကျွန်မ TVမျက်နှာပြင်ကိုကြောခိုင်းလိုက်သည်။ အဲဒီလောက် အသဲမမာပါ။ ရင်ထဲမှာတော့ ကြေကြေကွဲကွဲ။
*****

မြင်ကွင်း(၆)
အိမ်ဘေးအိမ်မှာအ၀တ်လာလျှော်နေကျ အဒေါ်ကြီးကို မုန့် ဟင်းခါးဆိုင်မှာ တွေ့ တော့ အမေက နှုတ်ဆက်သည်။ ထမင်းနပ်မှန်အောင် မနဲစားနေရသည့် သူ့ ကို မုန့်ဟင်းခါးဆိုင်မှာ တွေ့ တာ အတော်ထူးဆန်းသည်ကို။ အမေအိုကြီးမုန့်ဟင်းခါးစားချင်တယ်ဆိုလို့  ရှိတဲ့ပိုက်ဆံလေးနဲ့ လာဝယ်တာတဲ့။ မြန်မာပြည်အလည်ပြန်တုန်း တွေ့ လိုက်ရတဲ့ ဒီအဖြစ်လေးက ရင်မှအနာကို သက်သာစေသည်။ သူ့စေတနာက သူ့ ကို လက်ငင်း အကျိုးပေးပါသည်။ အမေက တအိမ်လုံးအတွက် မုန့်ဟင်းခါး ကုသိုလ်လုပ်လိုက်တော့ သူ့ မှာ ၀မ်းသာလို့ ။ မုန့် ဟင်းခါးမစားရတာနှစ်နဲ့ ချီနေပြီတဲ့။ လူမွဲသော်လည်း စေတနာ၊မေတ္တာချမ်းသာသူ။
*****

ကုန်ဆုံးခါနီးဘ၀နေ့ ရက်တွေမှာ အသက်ရှင် နေထိုင်ဖို့ အတွက် ရုန်းကန်နေကြရသည့်… ဒါမှမဟုတ်နောက်ဆုံးအချိန်ကို ကြေကွဲသော အထီးကျန်နေ့ ရက်များဖြင့်သာပြီးဆုံးသွားရသည့် သူတို့ ၏ ဘ၀များကို တွေ့ ရတော့ မိခင်၊ ဖခင်ကိုအိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတတ်သည့် ကျွန်မတို့ 
နိုင်ငံ၏မြင့်မြတ်သော ယဉ်ကျေးမှု့အတွက် ဂုဏ်ယူမိသည်။


♥ငါအိုသွားသောအခါ

ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။

♥ချည့်နဲ့ နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ၊ အင်္ကျီ လုံခြည်တွေဖိုသီဖတ်သီ ဖြစ်နေတဲ့ အခါ ငါ့ကိုမရွံ့ ပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို အမှတ်ရပေးပါ။

♥အပ်ကြောင်းထပ်မက ပြောခဲ့ဘူးတဲ့ စကားတွေကို ပြန်ပြောမိတဲ့အခါတိုင်းလဲစကားမဖြတ်ဘဲ ကျေးဇူးပြု၍သတိရပေးပါ၊
ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့ တွေ၊နိပါတ်တွေ ကိုမရိုးနိုင်အောင် ပြောပီးချော့သိပ်ခဲ့တာတွေ ကိုသတိရပေးပါ။

♥မလှုပ်ရှားနိုင်လို့ ရေမချိုးနိုင်တဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးတွေကို ပြန်မြင်ယောင်ကြည့်ပေးပါ။

♥ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့ ၊ငယ်ငယ်တုန်းကဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်ဖြေပေးခဲ့တာတွေကို အမှတ်ရပေးပါ။

♥စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပီး လမ်းမလျှောက်နိုင်တဲ့ အခါ သားတို့ သမီးတို့ ရဲ့  ခွန်အားပါတဲ့ လက်တစ်စုံနဲ့  ကူတွဲပေးကြပါ။ သားတို့ သမီးတို့ လမ်းလျှောက်တတ်စ အရွယ်တုန်းကဘေးကနေ လိုက်ပီး လမ်းလျှောက်သင်ပေးခဲ့ပုံ လေးတွေကို ပြန်လည်အမှတ်ရပေးပါ။

♥တစ်နေ့ တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပီး ၀မ်းမနည်းပါနဲ့ ၊ နားလည်ပေးပါ။ အရင်တုန်းကလူ့ ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို ခုချိန်မှာ ငါ့အတွက်ဘေးနားကနေပီးတော့ သားတို့ ရဲ့ မေတ္တာတွေနဲ့ အဖော်ပြုပေးပါ။

♥ချစ်ခြင်းမေတ္တာနဲ့ အေးမြမူ့ တွေကို ငါပြုံးပြုံးလေး လက်ခံနေမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေ ပါဝင်နေမှာပါ သားတို့  သမီးတို့ ရယ်။

from incoming emails..........

မာတိကာ


statistics

web tracker