ဈေးဝယ်ယူသုံးစွဲသူမှာ အခွင့်အရေးရှိသလား
ဂျူး
ဝယ်သူသည် အမြဲမှန်၏ ဆိုသည့် နိုင်ငံတကာလက်ခံသည့် မူတစ်ခုကို စိတ်ထဲမှာ မသိမသာစွဲထင် ထားမိသဖြင့် ကျွန်မဈေးဝယ်သည့်အခါ မကြာခဏပြဿနာတက်ရလေ့ရှိသည်။ အလေးချိန်မပြည့်ဘူးဟု ထင်သဖြင့် သမာဓိချိန်ခွင်မှာ ချိန်ကြည့်တတ်သည်။ မပြည့်လျှင် ဈေးသည်ဆီသို့ပြန်ပြီး ငါးကျပ်သားလိုတယ်၊ နှစ်ကျပ်ခွဲသားလောက်လိုတယ် စသည်ဖြင့် တောင်းဆိုမိသည်။ အများအားဖြင့်တော့ ဈေးသည်တွေက သူတို့ လက်မှန်းကို သူတို့ယုံကြည်ပြီးသားမို့ မျက်နှာထားမချိုသာသည့်တိုင် လိုနေသည့် ကုန်ပစ္စည်းကိုဖြည့် ပေးလိုက်ကြသည်။
တော်တော်ရှားရှားပါးပါး ဈေးသည်တချို့သာ ရန်တွေ့တတ်လေသည်။ ကျွန်မညီမက ကျွန်မဈေးဝယ် လိုက်မည်ကို စိုးရိမ်သည်။ ကျွန်မက စိတ်မရှည်တတ်ဟု သူ ယူဆသောကြောင့်ဖြစ်သည်။
ကိုယ့်အရင် ရောက်သည့် ဈေးဝယ်သူကို ကိုယ့်အရင် ရောင်းပေးတာကို ကျွန်မအသာ စောင့်နေ တတ်သော်လည်း ကျွန်မနောက်မှ ရောက်လာသည့် ဈေးဝယ်သူကို ကျွန်မထက် အရင်ရောင်းတာ နှစ်ယောက်၊ သုံးယောက်ဖြစ်လာလျှင် ကျွန်မက စောဒကတတ်သည်။ ကျွန်မက အရင်ရောက်တာ၊ ကျွန်မကို အရင်ပေးပါ စသည်ဖြင့် ပြောတတ်သည်။ အထူးသဖြင့် ဈေးဝယ်တွေ သိပ်ရှုပ်တတ်သည့် ဈေးဆိုင်မျိုးမှာဖြစ်သည်။ ထိုအခါမျိုးမှာ ညီမသာဆိုလျှင် ခပ်လှမ်းလှမ်းမှ စိတ်ရှည်လက်ရှည် ရပ်စောင့်
တတ်၏။ အားလုံးလိုလို ရှင်းသွားတော့မှ အနားကပ်ပြီး ၀ယ်သည်။ အိုး အချိန်သိပ်ကုန်တာပဲ။ ကျွန်မဖြင့် မစောင့်နိုင်ပါဘူး။ ကိုယ့်အရင်ရောက်လျှင် ရောက်သည့် အကြောင်းတော့ ပြောရမှာပေါ့။ ကုန်စုံဆိုင်တွေမှာ ဈေးဝယ်လျှင် ကျွန်မရင်ဆိုင်ရသည့် ပြဿနာကတော့ ပစ္စည်းမလတ်လျှင် မလတ်ကြောင်း အကြောင်းကြား ချင်သည့် အကျင့်ပါပဲ။
အများအားဖြင့် မလတ်တတ်သည့် ကုန်များမှာ ဘီစကစ်မုန့်လို၊ မုန့်ကြွပ်လို ကုန်ခြောက်တွေ ဖြစ်သည်။ ဒါတွေက ပလပ်စတစ်ထုပ်ပိုးပစ္စည်းဖြင့် လုံအောင် ထုပ်ပိုးထားပြီး ရောင်းတာမို့ လတ် မလတ် ကို နမ်းကြည့်လို့မရ။ ငါးခြောက်လိုမျိုးဆိုလျှင် ရုပ်ရည်မဟန်လျှင် ကျွန်မက နမ်းကြည့်သည်။ အနံ့က အောက်သိုးသိုးဖြစ်နေသည်ဟု ခံစားရလျှင် အဲဒီ ပစ္စည်းကို မယူတော့ပေ။ ဈေးဝယ်သူက ဘယ်လိုပဲ သူ့ပစ္စည်းကို ထိုးထည့်ပေးပေး ကျွန်မ မယူ။ အားလည်းမနာချင်ပေ။ စားသောက်ကုန်ခြောက်တွေကို မသိလို့ ၀ယ်မိပြီးလျှင် ကျွန်မဖွင့်လိုက်သည်နှင့် ဆီချေးစော်နံ နေတာကို တွေ့ရဖူးသည်။ ကျွန်မဆိုင်ကို ပြန်ပြော ချင်သည်။ သို့သော် ညီမက မပြောစေချင်။ ဆိုင်ရှင်က ရန်တွေ့လျှင် အရှက်ကွဲမှာစိုးလို့ဟု သူက အကြောင်းပြသည်။ ကျွန်မလည်း စဉ်းစားသည်။ ရန်တွေ့မခံရအောင် ပြောရင် မရဘူးလား။ ဆိုင်ရှင်ကို သူ့ကုန်က မလတ်ဘူးဟု အကြောင်းကြား သည့်ကိစ္စမှာ သူ့ကို စော်ကားသည့် အဖြစ်မှမဟုတ်ဘဲ။ သူ့ဆီက ပိုက်ဆံပြန်ယူဖို့လည်း မြန်မာပြည်မှာမို့ မဖြစ်နိုင်မှန်း ကျွန်မ သိပြီးသားပါ။ အကြောင်းကြားရုံပါပဲ။ သူသိမှ ဖြစ်မည်မဟုတ်လား။ အဲသည်လို ပြောတော့ ညီမက ကျွန်မကို ကလေးတစ်ယောက်အား အားမလိုအားမရ ကြည့်သည့် လူကြီး အကြည့်မျိုးဖြင့် ကြည့်သည်။
သူ့ဆိုင်က ပစ္စည်းအကြောင်း သူမသိဘဲနေမလားအစ်မရဲ့။ ဒီပစ္စည်းသူ့ဆီမှာ ဘယ်နှစ်လ၊ ဘယ်နှနှစ်ကြာနေပြီဆိုတာ သူသိမှာပေါ့။ သူသိလျက်နဲ့ရောင်းတာပဲ။ နင်အကြောင်းကြားမှ သိမှာ မဟုတ်ဘူး။ ဘာဘဲဖြစ်ဖြစ် ကျွန်မနှင့်သူ ငြင်းခုံကြလျှင် သူ့ကိုပဲ ကျွန်မက အရှုံးပေးလိုက်သည်။ အခုနောက်ပိုင်းတွင် ရောင်းသူတွေက ကုန်ကို ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးသည့် နေ့စွဲ ထည့်ရေးလာကြသည်။ ဆိုင်တွေမှာ သက်တမ်းကုန်သွားလျှင် ပြန်လဲပေးတတ်သည်ဟုဆိုသည်။ တချို့ကတော့ အဲသည်လဲပေးသည့်ကုန်ကိုပင် သံသယရှိစရာ ကောင်းသည်ဟု ဆိုပါသည်။ သက်တမ်းရက်ကို အသစ်ပြန်ကပ်ပြီး ပေးတာမဖြစ်နိုင်ဘူးလားတဲ့။ အင်း သည်လိုလည်း ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ယုံလိုက်ပါ။ ကျွန်မတို့သုံးနေကျ အသုံးဖြစ်သည့် “ယုံကြည်မှုကို တည်ဆောင်လိုက်စမ်းပါ” ဟု ဟာသဖြင့် ပြောမိသည်။ စူပါမားကပ်လိုနေရာမျိုးမှာ ဈေးဝယ်ရတာကို ကျွန်မနှစ်သက်သယောင်ရှိခဲ့သည်။ ဈေးဆစ်စရာမလို။ တစ်ခွန်းဈေးမို့တစ်ကြောင်း၊ တန်းစီပြီး ငွေးရှင်းရသည်မို့ အရင်ရောက်သူ နောက်ရောက်သူ ပြဿနာမတက်သည်က တစ်ကြောင်း၊ သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသည်မို့ စိတ်ရှင်းသည်က တစ်ကြောင်း။ သို့သော် နောက်ပိုင်းမှာ ကျွန်မအတွက် အဲဒီဆိုင်တွေကလည်း စိတ်တိုင်းကျစရာ မဟုတ်တော့။
သူတို့ဆီက ဆိုင်အမှတ်တံဆိပ်နှင့် ကြွပ်ကြွပ်အိတ်ကို ငြင်းဆန်မိလျှင် ပြဿနာတက်ရသည်။ အိတ်ကိုမယူဘဲ မိမိမှာပါလာသည့် အ၀တ်အိတ်ဖြင့် ထည့်ခိုင်းလျှင် အများစု အရောင်းစာရေးမလေးတွေက အကြောက်အကန်ငြင်း၏။ တချို့ကတော့ သဘောကောင်းသဖြင့် ငြင်းတာကိုလက်ခံသည်။ သို့သော် သတိပေးလိုက်ပါသည်။ အိတ်မပါဘဲထည့်သွားရင် အထွက်မှာ ငွေမရှင်းရသေးဘူးထင်ပြီး အန်တီ့ကို မေးမြန်းလာလိမ့်မယ်ဟု သတိပေးသည်။ ကိစ္စမရှိပါဘူးကွယ်၊ အဲဒီ ပြဿနာကို ကိုယ်ရှင်းပါ့မယ်။ ထိုအခါမျိုးမှာ တကယ်ပဲ ဖြေရှင်းရတတ်သည်။ အရှက်ကွဲလုမတတ် အစစ်ဆေးခံရတတ်သည်။ ထိုအခါမျိုးတွင်တော့ ကိုယ့်ရပ်ကွက်ထဲက တစ်နိုင်တစ်ပိုင် ကုန်စုံဆိုင်လေး များကိုသာ လွမ်းမိသည်။ ကြွပ်ကြွပ်အိတ်မလိုဘူး၊ ကျွန်မမှာ အိတ်ပါတယ်ဆိုလျှင် သူတို့ကတောင် ကျေးဇူးတင်နေသေး၏။
တချို့က ကြွပ်ကြွပ်အိတ်ကို နှစ်အိတ်တောင်ထည့်ခိုင်းတာဟု ပြောတတ်သည်။ နောက်တစ်ချက် စူပါမားကက်ကြီးတွေမှာ တွေ့ရသည့်ပြဿနာက အသားငါး၊ အသီးတို့ကို ပလတ်စတစ်အကြည်စ ပါးပါးလေးဖြင့် ထုပ်ပိုးပေးထားခြင်းဖြစ်သည်။ ယင်ကောင်မအုံဖို့၊ ရောဂါပိုးမကပ်ငြိဖို့၊ သန့်ရှင်းသေသပ်ဖို့ အကြောင်းအမျိုးမျိုးဖြင့် ထုပ်ပိုးကြသည်။ ထိုထုပ်ပိုးသည့် ပလတ်စတစ် အကြည်စ ဆွဲလို့ ဆန့်လို့ရသည့် Plastic Film က အစားအစာထဲသို့ ၀င်ပြီး ဓာတ်ပြုတတ်သည်ကို ကျွန်မသိနေသည့်အတွက် မနှစ်သက်ရဲပြန်ပေ။ တချို့စူပါမားကက်ဆိုင်တွေမှာ တစ်လောကပဲ ပိတ်ပင်ထားသည့် ၀က်အူချောင်း၊ ကြက်အူချောင်းတွေကို ဈေးကွက်တင်ရောင်းနေတာကို မြင်ခဲ့ရသည်။ ပိတ်ပင်ထားတာကို စူပါ မားကက် မန်နေဂျာတွေ မသိဘူးလား။ သူတို့က ဂျာနယ်တွေမဖတ်ဘူးလား။ ဒါကို စားသုံးသူအနေနှင့် ပြောပြဖို့ အခွင့်အရေး ကျွန်မတို့မှာ မရှိဘူးလား။ ရှိမှာပါ။ ကျွန်မတို့က ပိုက်ဆံနှင့် တန်ရာတန်ကြေးပေးပြီး ၀ယ်ယူသုံးစွဲနေကြသည့် စားသုံးသူတွေလေ။ ကျွန်မ၏ စာအုပ်တိုက်မှ ထုတ်ဝေသည့် စာအုပ်တို့ကို ဖြန့်ချိသည့်အခါ ဖောင်ကျော်တာတွေ စာမျက်နှာပျက်နေတာတွေကို အစဉ်အမြဲ ပြန်လဲပေးနေခဲ့တာ။
အငှားဆိုင် ရောက်ပြီးနောက် ဓာတ်မှန်ကော်ပြားဖြင့် အဖုံးဖုံးဖို့ချုပ်ဖို့ အပ်ပေါက်ရာ သုံးချက်လောက် ဖောက်ပြီးသားကိုပင် ကျွန်မ ပြန်ယူပြီး အသစ်တစ်အုပ်နှင့်လဲပေးခဲ့တာ။ ၀ယ်သူသည် အမြဲမှန်၏ဟု ကျွန်မစိတ်ထဲစွဲထားခဲ့တာ။ တကယ်တော့ ၀ယ်သူကပဲ အမြဲမှန်မှာပါ။ ကျွန်မတို့ စာဒကတက်ကြည့် သင့်သည်ဟုထင်သည်။ တစ်ခုတော့ရှိသည်။ ဆိုင်ရှင်တွေကို၊ ကုမ္ပဏီပိုင်ရှင်တွေကို ကျွန်မတို့ စောဒကတက်သည့်အခါ ယဉ်ကျေးဖွယ်ရာစွာ သုံးနှုန်းပြောဆိုရလိမ့်မည်။
ဂျူး
weekly eleven news journal , 19-3-2008