ကော်ဖီချစ်သူ
ရဝေနွယ် (အင်းမ)
ဒီနေ့မနက်လဲ ကော်ဖီသောက်နေရင်း သူငယ်ချင်းကို သတိရနေကျအတိုင်း သတိရနေခဲ့ပါတယ်။ မိမိမှာလဲ မနက်အရုဏ်စာစားပြီးတာနဲ့ ကော်ဖီမစ်ကို သောက်လိုက်ရမှ၊ အကြောင်းကြောင်းကြောင့် မသောက်ဖြစ်တဲ့ နေ့ဆို ဘ၀မှာ တစ်ခုခု လိုနေသလိုလို စွဲနေတာပြောတာပါ။ ကျန်တဲ့သူတွေတော့ မပြောတတ်ပါဘူး၊ မိမိ ကော်ဖီမစ်ဖျော်တဲ့အခါ ကော်ဖီခွက်ထဲကို ရေနွေးကို အရင် ထည့်ပါတယ်၊ ပြီးမှ ကော်ဖီမစ်ထုပ်ကို ဖောက်ပြီး ထည့်ပါတယ်၊ ရေနွေးပေါ်မှာ ကော်ဖီအမှုန့်လေးတွေ အပုံ လိုက်လေး ပေါ်နေပြီး တဖြည်းဖြည်း ရေနွေးထဲ ပျော်ကျ သွားတာကို ကြည့်နေရတာ မိမိအတွက်တော့ အရသာတစ်မျိုးပါ၊ အဲဒီ အရသာက စက္ကန့်ပိုင်း အတွင်းလေးမှာ ခံစားရတာဆိုတော့ အဲဒီ စက္ကန့်ပိုင်း အတွင်းလေးမှာ ဖုန်းလာရင်တောင် သွားမကိုင်ဘူးလို့။
ဒီအကြောင်းကို သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းက “ရူးတာ” တဲ့၊ ပြီးတော့ သူငယ်ချင်းက အောက်ပါ ဇာတ်လမ်းလေးကို ပြောပြပါတယ်။
မြတ်စွာဘုရားလက်ထက်တော်က တိဿဆိုတဲ့ သူငယ်တစ်ယောက် ရှိခဲ့ဖူးတယ်၊ တစ်နေ့မှာ သူက မြတ်စွာဘုရားရဲ့ တရားတော်ကို နာကြားပြီး ရဟန်းပြုလိုစိတ်တွေ တဖွားဖွား ဖြစ်လာတယ်၊ ရဟန်းပြုချင်တဲ့ အကြောင်း မိဘတွေထံ ခွင့်တောင်းတော့ မိဘတွေက ခွင့်မပြုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက တစ်ဦး တည်းသောသား သားလူပျိုလေး ဖြစ်လို့ပဲ၊ ဒီတော့ တိဿသူငယ်ဟာ ရဟန်းဖြစ်တာနဲ့ ရဟန်းတရားကို ကြိုးကြိုးစားစား အားထုတ်သလို တစ်ဖက်ကလဲ ဓုတင် (၁၃) ပါးလုံးကို ဆောင်ပြီးကျင့်တယ်၊ ဒါကြောင့် သူဟာ မြတ်စွာဘုရား သာသနာတော်မှာ စူဠပိဏ္ဍပါတိက တိဿမထေရ် ဆိုပြီး ကျော်စောထင်ရှားတယ်၊ ရဟန်းအချင်းချင်းရဲ့ ကြည်ညိုမှုကို ခံရသလို လူဒကာ ဒကာမတွေရဲ့ ကြည်ညိုမှုကိုလဲ အထူးပဲခံရတယ်။
ဒီလိုနဲ့ ကာလတစ်ခုကျော်လာတဲ့အခါ သူ့ရဲ့ဇာတိ ရာဇဂြိုလ်ပြည်မှာ ကျင်းပနေကျအတိုင်း နက္ခတ်ပွဲ သဘင်ကျင်းပကြတယ်၊ ဒီတော့ မထေရ်ရဲ့ မိဘတွေက သူတို့သားကို အထူးသတိရပြီး မထေရ်လူ့ဘ၀က ၀တ်ခဲ့တဲ့ ၀တ်ကလေးတွေကိုကိုင်ပြီး “ဒီလို နက္ခတ်သဘင်မှာ ငါတို့ သားလေးဟာ ဒီအ၀တ်ကလေးတွေကို ၀တ်ပြီး ကစားခဲ့တာ” ဆိုပြီး ငိုကြွေးနေကြတယ်တဲ့။
အဲဒီအချိန်မှာ ပြည့်တန်ဆာမတစ်ယောက် ရောက်လာပြီး အကျိုးအကြောင်းမေးတယ်၊ မိဘတွေကလည်း အကျိုးအကြောင်းပြောပြတယ်၊ ပြည့်တန်ဆာမက ဘယ်လိုပြောသလဲဆိုတော့ “အရှင်တို့သားကို လူထွက် စေပြီး အိမ်ပြန်ခေါ်လာနိုင်ရင် ဘယ်လောက်ပေးမလဲ” လို့မေးလိုက်တယ်၊ မိဘဖြစ်သူတွေကလည်း သားဖြစ်သူကိုသာ လူထွက်ပြီး အိမ်ကိုရအောင်ခေါ်ခဲ့ပါ၊ ငွေကြေးတော့ ပြောမနေနဲ့ ကြိုက်သလောက်ယူ” လို့ပြောလိုက်တယ်။ ဒီတော့ ပြည့်တန်ဆာမက မိဘဖြစ်သူတွေကို သူတို့ သားရဟန်း လူ့ဘ၀က ဘယ်လို အစားအစာလေးတွေ ကြိုက်တတ်လည်းလို့မေးတယ်၊ မိဘဖြစ်သူတွေကလည်း သူတို့သား လူ့ဘ၀တုန်းက ဘယ်လို လက်သုပ်ကလေးတွေ ကြိုက်တာ၊ ဘယ်လို ချဉ်ငန်စပ်ဟင်းမျိုးလေးတွေကြိုက်တာ၊ ဘယ်လို ဖျော် ရည်မျိုးလေးတွေ ကြိုက်တာ စသည်ဖြင့်ပေါ့၊ ကြိုက်တတ်တဲ့ အစားအစာလေးတွေကို ပြောပြလိုက်တယ်၊ ပြည့်တန်ဆာမကလဲ စာရွက်နဲ့ အသေအချာ ရေးမှတ်ထားတယ်၊ ပြီးတော့ တိဿရဟန်း သီတင်းသုံးတဲ့ သာဝတ္ထိမြို့ကို သွားပြီး ရဟန်းဆွမ်းခံကြွနေကျလမ်းမှာ အိမ်တစ်လုံးငှားနေလိုက်တယ်။ အကြံနဲ့ဆိုတော့ ရဟန်းကိုနေ့စဉ်ဆွမ်းခံကြွဖို့ ဖိတ်လိုက်တယ်၊ ပြည့်တန်ဆာမကလဲ တိဿရဟန်း လူ့ဘ၀က ကြိုက်တတ်တဲ့ ဟင်းလေးတွေကို ချက်ပြီး ဆွမ်းလောင်းတယ်၊ ကြာလာတဲ့အခါကျတော့ ရဟန်းက ပြည့်တန်ဆာမအိမ်က လောင်းတဲ့ ဆွမ်းဟင်းတွေကို စွဲလာတယ်၊ ဘယ်လောက်အထိ ဖြစ်လာသလဲဆိုရင် ပြည့်တန်ဆာမအိမ်က ဆွမ်းဟင်း မပါရင် ဆွမ်းမစား တတ်တဲ့အထိ စွဲလာတယ်။ ပြည့်တန်ဆာမက သူမျှော်လင့်တဲ့ အခြေအနေ အထိ ရောက်လာပြီဆိုတော့ သူ့ရဲ့ အဓိက လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်တော့တာပဲ၊
ဘယ်လို ဖော်သလဲဆိုတော့ တစ်နေ့ ရဟန်းဆွမ်းခံကြွတဲ့အချိန်မှာ ပြည့်တန်ဆာမက မကျန်းမမာ ဟန်ဆောင်ပြီး အိမ်ခန်းထဲမှာ အိပ်နေလိုက်တယ်၊ ရဟန်းက တွေ့နေကျ ပြည့်တန်ဆာမကို မတွေ့ရတော့ အစေအပါးတွေကို “ဘယ်သွားလဲ”ပေါ့၊ အစေအပါးတွေကလဲ ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း “နေမကောင်းလို့ အခန်းထဲမှာ နေနေပါတယ်၊ အရှင်ဘုရားကို ဖူးမြင်လိုပါတယ်” လို့ လျှောက်လိုက်ကြတယ်။ ဒီတော့ ရဟန်းလဲ ပြည့်တန် ဆာမရဲ့ အိပ်ခန်းထဲကို ၀င်သွားလိုက်တယ်။ ရဟန်းဟာ အဲဒီပြည့်တန်ဆာမရဲ့ အိပ်ခန်းထဲမှာပဲ သူ့ရဲ့ ရဟန်းဘ၀ကို ဆုံးရှုံးလိုက်ရတယ်၊ လိုရင်းပြောရရင်တော့ ပြည့်တန်ဆာမက ရဟန်း ကိုလူထွက်စေပြီး သူ့ရဲ့မိဘတွေဆီ ပြန်ပို့နိုင်ခဲ့တယ်၊ အဲဒီလို ပြန်ပို့နိုင်လို့ ပြည့်တန်ဆာမ ငွေကြေး ဘယ် လောက်ရသွားတယ်ဆိုတာတော့ စာထဲမှာ ပြမထားဘူး။
“စာရေးဆရာ အဲဒီဝတ္ထုကို ပြန်အာရုံပြုကြည့်၊ တိဿသူငယ်ဟာ မြတ်စွာဘုရားရဲ့ တရားကိုနာကြားပြီး ရဟန်းတရားထူးကို ရချင်လွန်းလို့ အစာငတ်ခံဆန္ဒပြပြီးတောင် ရဟန်းဝတ်ခဲ့တဲ့သူ၊ ဒါပေမယ့် ဘာမဟုတ်တဲ့ ရသတဏှာလေးကြောင့် ဘ၀နဲ့ယှဉ်တဲ့ရည်မှန်းချက်ကြီးကို စွန့်လွှတ်ခဲ့ရတယ်၊ အသေးအဖွဲလေးပါဆိုပြီး အစစအရာရာလျှော့မတွက်နဲ့ စာရေးဆရာရဲ့။ ကမ္ဘာမှာကြီးကျယ်တဲ့ ပျက်စီးဆုံးရှုံးမှုကြီးတွေဟာ အသေး အဖွဲလေးကို အခြေတည်ပြီး ဖြစ်သွားကြတာပဲ၊ ဥပမာ - လက်နှစ်လုံးလောက် ရထားသံလမ်း လွဲနေ လို့ လူတွေ ထောင်ချီပါတဲ့ ရထားတွဲကြီးတွေ မှောက်သွားကြတာ၊ ဒီဖြစ်စဉ်တွေကို မဂ္ဂဇင်းဂျာနယ်တွေထဲမှာ ဖတ်ဖူးမှာပါ။ နေရာတကာ အသေးအဖွဲလေးဆိုပြီး အထင်မသေးနဲ့ စာရေးဆရာရဲ့” သူငယ်ချင်းပြောခဲ့တဲ့ စကားတွေထဲက “ကြီးကျယ်တဲ့ ပျက်စီးဆုံးရှုံးမှုကြီးတွေဟာ အသေးအဖွဲလေးကို အခြေတည်ပြီး ဖြစ်သွား ကြတာ” ဆိုတဲ့ စကားကိုတော့ အထူးပဲ သတိရ နေဖြစ်ပါတယ်။
ကျမ်းကိုး
ညောင်ကန်ဆရာတော်ဘုရားကြီးရေး၊ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု (ပထမတွဲ)
ဝါတမိဂဇာတ်၊ စာမျက်နှာ - ၇၇-၇၈-၇၉။
ရဝေနွယ် (အင်းမ)
Fashion Image မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၂။