ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Saturday, April 16, 2011

အတွေးနှစ်ဦး တန်ခူးလေပြေ -၂-

အတွေးနှစ်ဦး တန်ခူးလေပြေ -၂-
ဉာဏ်ဦးမောင်

ကမ္ဘာလောကကြီးထဲမှာ အလှကို မြင်ချင်တယ်ဆိုလျင် သင်ကိုယ်တိုင်ပြောင်းလဲရမယ် လို့ မဟတ္တမဂန္ဓီက ပြောခဲ့ဘူးတယ်။ နှစ်တွေက တစ်နှစ်ပြောင်းလာတယ်။ အသက်အရွယ်တွေလည်း တစ်နှစ်ပြီးတစ်နှစ် ကြီးလာတယ်။ ကိုယ်က တမင်ဖန်တီးနေဖို့ မလို။ အသက်အရွယ် ကြီးရင့်မှုနဲ့အတူ အသိတွေ၊ အလိမ္မာတွေ လည်း ပြောင်းပါမှ၊ ကမ္ဘာလောကကြီးနဲ့ လိုက်လျောညီထွေ ဖြစ်မယ်။

အသိအလိမ္မာတွေ ပြောင်းဖို့ကျတော့ သူ့အလိုလို ဖြစ်မလာဘူး။ ထိုက်သင့်တဲ့ လေ့ကျင့်ပြုစု ပျိုးထောင် ပေးမှုမျိုး လိုအပ်တယ်။ အသိအလိမ္မာပညာဆိုတာက သစ်တစ်ပင် စိုက်သလိုမျိုး။ အချိန်မှန်မှန် ရေလောင်း ပေါင်းသင်၊ လိုလျင်ဆေးဖျန်း၊ မနားတမ်း ပြုစုပေးဖို့ လိုအပ်တယ်။ ဒါကြောင့် ကမ္ဘာလောကကြီးထဲမှာ အသိပညာ၊ အတတ်ပညာ၊ အလိမ္မာပညာတွေကို ဖြန့်ဝေပေးနေတဲ့ နေရာတွေဆိုတာ ပေါ်လာရတယ်။

နှစ်သစ်ကိုရောက်လေတိုင်း သတိရမိတတ်တဲ့ စကားလေးတစ်ခွန်းရှိတယ်။ ပြောခဲ့သူ ဘယ်သူလဲဆိုတာ မသိပေမယ့်စကားလေးကတော့ မကြာခဏဆိုသလိုပဲ စိတ်ထဲမှာ ပေါ်လာတတ်တယ်။ အထူးသဖြင့် ခုလို နှစ်ကူးနှစ်ဦးရဲ့ နေ့ထူးနေ့မြတ်အခါများမှာပေါ့။
"ဒီနေ့ဟာ နေ့သစ်တစ်နေ့ဖြစ်တယ်။ ဒီတစ်နေ့ကို သင်လိုသလို အသုံးချနိုင်ဖို့ သင့်ကိုပေးထားတယ်။ ဒီနေ့ကို ကောင်းခြင်းမင်္ဂလာအတွက် သင်သုံးလိုလျင်လည်း သုံးနိုင်တယ်။ ဒါမှမဟုတ် ဖြုန်းလိုလျင်လည်း ဖြုန်းနိုင်တယ်။ ဒီနေ့မှာ သင်လုပ်တဲ့အလုပ်ဟာ သင့်အတွက် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် သင့်ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်ကို ဒီနေ့တစ်နေ့နဲ့ လဲလှယ်လိုက်ရတာကြောင့်ပါ။

မနက်ဖန်ဆိုတာ ရောက်လာတာနဲ့ ဒီနေ့ဆိုတဲ့ နေ့တစ်နေ့ဟာ ပြန်လည်လို့ အစားထိုးမရနိုင်တော့မယ့် ပျောက်ကွယ်ခြင်းမျိုးနဲ့ ပျောက်ကွယ်သွားလိမ့်မယ်။ ဒီနေ့ဆိုတာ အမြဲထာဝရ ခွဲခွါလို့ ချန်ထားရစ်ခဲ့ရတဲ့ နေရာလေး တစ်နေရာလိုပါပဲ။ ဘယ်သော အခါမှ နောက်တစ်ခေါက် ပြန်လည်ရောက်ခွင့် ရှိနိုင်တော့မယ် မဟုတ်ဘူးလေ။ ခုပဲ ကောင်းမှုကောင်းရာတွေကို လုပ်ကြရအောင်ပါ" တဲ့။

နောက်ဖတ်ဖြစ်တဲ့စကားလေးကလည်း စိတ်ဝင်စားစရာပါ။ အသက်ရှင်စဉ်မှာ ဘဝကို ဘယ်လိုပုံ နေထိုင်သွားသင့်တယ်ဆိုတာ လှလှပပ ပြောပြနေသယောင်။ ကမ္ဘာလောကထဲ သင်ရောက်လာတဲ့အခါ (သင်မွေးဖွားချိန်မှာ) သင်က ငိုတယ်။ ဒါပေမယ့် ကမ္ဘာကြီးက ပျော်ရွှင်ကျေနပ်တယ်။ ကမ္ဘာလောကကြီးကို သင်စွန့်ခွါသွားတဲ့အခါ( သင်သေချိန်မှာ) ကမ္ဘာကြီးက ငိုမယ်။ သင်ကတော့ ပျော်ရွှင်ကျေနပ်မယ်။ ဘဝကို အဲဒီပုံစံမျိုးဖြစ်အောင် နေထိုင်ဖို့လိုတယ်-တဲ့။

သင်စွန့်ခွါသွားချိန်မှာ ကမ္ဘာကြီးက သင့်ကိုလွမ်းဆွတ်တသ ကာ အမှတ်ရနေရစ်မည့် အနေမျိုးသာ ဖြစ်သင့်တာပေါ့။ ဘဝတစ်သက်တာ သင်ပါဝင်လှုပ်ရှားခဲ့တဲ့အခန်း ကဏ္ဍက ကမ္ဘာကြီးအတွက် ဒဏ်ရာဒဏ်စတွေချည်းသာဆို သင့်အတွက် ကမ္ဘာကြီးက မငိုလေပဲ သင့်ကြောင့်သာ ကမ္ဘာကြီးက ငိုကျန်ရစ်ရတာမျိုးဖြစ်မယ်ဆို ဘယ်ကောင်းပါ့မလဲ။

သင်ကိုယ်တိုင် ကဗျာဆရာတစ်ယောက် မဟုတ်ခဲ့ရင်တောင် ကဗျာတစ်ပုဒ်တော့ ဖြစ်နိုင်ပါစေ-တဲ့။ ဟုတ်တာပေါ့။ ဖန်ဆင်းရှင်တစ်ယောက် မဟုတ်ခဲ့လျင်တောင် လှပတဲ့ ဖန်ဆင်းခံတစ်ဦးတော့ ဖြစ်ဖို့ လိုတာပေါ့။ တို့တွေအားလုံးဟာ ကမ္ဘာကြီး အတွက် လှပတဲ့ အစိတ်အပိုင်းလေးတစ်ခုတော့ ဖြစ်ဖို့လိုတာပေါ့။

ပလေတိုးက ပြောဖူးတယ်။

"ချစ်မေတ္တာတရား ထိတွေ့ခံရတဲ့နှစ်လုံးသားပိုင်ရှင်တိုင်းဟာ ကဗျာသမား တစ်ယောက်ဖြစ်နိုင်ပါတယ်"တဲ့။

ဒီတော့ ကိုယ်တိုင် ကဗျာဆရာတစ်ယောက် ဖြစ်လာဖို့က လိုအပ်မှု တစ်ခုတည်းသာပါ။ ကမ္ဘာကြီးကို ချစ်တတ်ဖို့ပါလေ။ အချိန်၊ နာရီတွေ၊ ရာသီတွေရဲ့ ရွေ့လျားခြင်းသဘော၊ ပြောင်းလဲခြင်သဘောနဲ့ ဘဝဆိုတာက မကင်စကောင်း။ ဘဝဆိုတာကပင် ပြောင်းလဲခြင်းသဘောလို့ ဆိုနိုင်တဲ့အရာ။ တချို့ကတော့ ပြောတယ်။ ဘဝဆိုတာ ဘာလဲလို့ ကိုယ်ကိုယ်တိုင် နားမလည်မီမှာပဲ ဘဝရဲ့သက်တမ်းတစ်ဝက်က ကုန်လွန်သွားခဲ့ပြီတဲ့။ တစ်ဦးကတော့ ပြောပြန်တယ်။ ဘဝဆိုတာ ကပွဲ တစ်ခုလိုပါတဲ့။ ကျယ်ပြန့်တဲ့ ခမ်းမကြမ်းပြင်တစ်ခုအပေါ်မှာ လူများစွာ ကခုန်ကြတယ်။ ဒီအထဲကမှ တချို့သူတွေက သံစဉ်ပြောင်း သွားတဲ့အခါ စိတ်ဆိုးဒေါသဖြစ်ကြတယ်။ တကယ်တမ်းမတော့ ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတဲ့ သံစဉ်အလားပါတဲ့။ ပြောင်းလဲနေတဲ့ ဘဝဖြစ်စဉ်ကို အလိုက်သင့်လက်ခံပြီး အစဉ်အမြဲပြောင်းလဲနေတဲ့ သံစဉ်အတိုင်း ကကွက်ကကြိုး ပြောင်းလဲကာ ကတတ်ရင် နေပျော်ဖွယ်လို့ ပြောချင်တာလားလို့ စဉ်းစားမိပါတယ်။

ဘဝအကြောင်း ပြောထားခဲ့တဲ့ မာသာထရီဇာရဲ့ အမြင်ဟာလည်း စိတ်ဝင်စားဖွယ်ပါ။ ဆင်ခြင်စရာ၊ လိုက်နာစရာတွေနဲ့ပြည့်လို့ပါပဲ။

ဘဝဆိုတာ အခွင့်အလမ်းတစ်ခုပါ
ရအောင် ယူတတ်ပါစေ၊
ဘဝဆိုတာ အလှတရားပါ
မြတ်နိုးတတ်ပါစေ၊
ဘဝဆိုတာ ပီတိပါ
ခံစားနိုင်ပါစေ၊
ဘဝဆိုတာ အိပ်မက်တစ်ခုပါ
နားလည်တတ်ပါစေ၊
ဘဝဆိုတာ တိုက်ပွဲပါ
ရင်ဆိုင်လိုက်ပါ၊
ဘဝဆိုတာ တာဝန်တစ်ခုပါ
ပြီးဆုံးပါစေ၊
ဘဝဆိုတာ ပြိုင်ပွဲပါ
ကစားလိုက်ပါ၊
ဘဝဆိုတာ ကတိတစ်ခုပါ
ပြီးပြည့်စုံပါစေ၊
ဘဝဆိုတာ ဝမ်းနည်းဖွယ်ပါ
ကျော်လွန်နိုင်ပါစေ၊
ဘဝဆိုတာ သီချင်းတစ်ပုဒ်ပါ
သီဆိုလိုက်ပါ၊
ဘဝဆိုတာ အခက်အခဲတစ်ခုပါ
လက်ခံလိုက်ပါ၊
ဘဝဆိုတာ ကြေကွဲဖွယ်တစ်ခုပါ
ရင်ဆိုင်နိုင်ပါစေ၊
ဘဝဆိုတာ စွန့်စားမှုတစ်ခုပါ
ရဲရင့်လိုက်ပါ၊
ဘဝဆိုတာ ကံကောင်းခြင်းတစ်ခုပါ
အသုံးချတတ်ပါစေ၊
ဘဝဆိုတာ သိပ်တန်ဖိုးကြီးပါတယ်
မဖျက်ဆီးလိုက်ပါနဲ့၊
ဘဝဆိုတာ ဘဝပါပဲ
ဘဝအတွက် တိုက်ပွဲဝင်ပါ-တဲ့။

အင်း ဒီလောက်ဆိုရင် အချိန်နဲ့ ဘဝကို ဘယ်သို့ဘယ်ပုံ ကုန်လွန်စေသင့်သလဲဆိုတာ ရိပ်စားလောက် မယ်ထင်ပါရဲ့။ မပန်းသေးရင်ဖြင့် ဆက်ဖတ်ပါဦးလား။

ဝီလျမ် ဝေါလေ့စ် ဆိုသူကတော့ ပြောဖူးတယ်။ လူသားတိုင်း သေကြတယ်။ ဒါပေမယ့် လူတိုင်းတော့ တကယ် ရှင်သန်သူ မဟုတ်ဘူး-တဲ့။ အသက်ရှင်နေတဲ့အခိုက်မှာ ဘဝဆန်တဲ့ ဘယ်လုပ်ငန်းမျိုးကိုမှ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် အသက်ရှင်လျက်သေနေသူနဲ့ အတူတူပဲလေ။

ပမာဒေါ မစ္စုနော ပဒံ-ကောင်းတဲ့အလုပ်ကို မလုပ်ပဲ အလဟဿ အချိန် တွေဖြုန်းတီးခြင်းဟာအသက်မဲ့ နေခြင်းပဲ မဟုတ်လား။

ဖတ်မိတဲ့ စကားလေးတစ်ခွန်း။ မျှဝေပါရစေဦး။

သင်ကတော့ ထင်ကောင်းထင်မှာပါ၊ သင်ဟာ ပြဿနာ ပေါင်းစုံနဲ့ လုံးထွေးနေသူတစ်ယောက်လို့။ ဒါပေမယ့် သင်ဟာ ပြဿနာတွေကို ကုစားပေးတတ်သူတစ်ဦး လည်းဖြစ်ပါတယ်။ သင်ကတော့ထင်ကောင်းထင်မယ်၊ သင်ဟာ အခန်းကျဉ်းကျဉ်းလေးထဲမှာ သော့ပိတ်ခံ ထားရသူတစ်ဦးလို့။ ဒါပေမယ့် သင်ကိုယ်တိုင်က ဒီသော့ ကိုဖွင့်ဖို့ သော့တစ်ချောင်းလည်း ဖြစ်နေနိုင်ပါတယ်။ တကယ်ဆိုးတာက သင်က အခြားသူတစ်ဦးလို ဖြစ်ချင် နေတာပါ။ သင်ကမှ သင့်မျက်နှာကိုမှ ပြန်မကြည့် တာလေ။ တကယ်တော့ သင်ပိုင်ဆိုင်တဲ့ သင့်ရဲ့ကိုယ်ပိုင် မျက်နှာက သိပ်လှပါတယ်။ အခြားဘယ်သူရဲ့ မျက်နှာကမှ သင့်မျက်နှာထက် ပိုမလှပါဘူး။ လူတွေဆိုတာက တစ်ခါခါမှာတော့ တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ စိန်လည်ဆွဲကို ရှာနေတတ်တယ်။ ဒါပေမယ့် အလွန်အဖိုး ထိုက်တဲ့ စိန်လည်ဆွဲက ကိုယ့်လည်တိုင်မှာ ရှိနှင့်ပြီးသားရယ်လေ။ ဘယ်သောအခါမှ ကိုယ့်ကိုယ်ကို ဘဝရဲ့ တရားခံဖြစ်အောင် မလုပ်ပါနဲ့။ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်ကို အခြားဘယ်သူတစ်ယောက်ကမှ ဖွင့်တာမျိုး မခံပါနဲ့။ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်ကိုကိုယ်သာဖွင့်ပါ ဆိုတဲ့စကားလေးလည်း မှတ်သားစရာ။

အတ္တာဟိ အတ္တနော နာထော-ကိုယ့်ကိုယ်သာ အားကိုးပါဆိုတဲ့ စကားအလား။ ခွန်နဲ့အားနဲ့။

တစ်ဦးကတော့ ဆိုတယ်။ ရှည်လျားတဲ့ ဘဝဆိုတာ ညစာစားပွဲတစ်ခု အလားပမာတဲ့။ တစ်ခုပဲခြားနားတာက ညစာစားပွဲမှာ အချိုပွဲက နောက်ဆုံးမှ လာတယ်-တဲ့။ ဘဝရဲ့ နောက်ဆုံးအချိန်မှာ ချိုတဲ့အရာမလာနိုင်ဘူး လို့များ ဆိုချင်တာလား။ ဒါမှ မဟုတ်။ ဘဝရဲ့ နောက်ဆုံးအချိန် အထိ စောင့်ဆိုင်းမနေပဲ ခုကပဲစလို့ ချိုမြတဲ့အရာတွေ စားသုံးပါလို့ ပြောချင်တာလား။ တိတိကျကျ မပြောနိုင်ပါဘူး။

ပျော်ရွှင်မှုတစ်ခုမှာ ဘာတွေပါဝင်နေသလဲလို့ လေ့လာဆန်းစစ်နေမယ်ဆိုရင် သင်ဘယ်တော့မှ ပျော်ရွှင်မှု ကို ခံစားရတော့မှာ မဟုတ်ဘူး။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာ ဘာလဲလို့ ရှာဖွေနေတယ်ဆိုရင်လည်း ဘဝရဲ့အလှ ရသကို ခံစားရမှာ မဟုတ်ဘူးလို့ အဲလဘတ်ကမူးဆိုတဲ့ ပညာရှိကတော့ ပြောဖူးတယ်။ လက်တွေ့ဘဝထက် စိတ်ကူးယဉ်ဘဝ၊ စဉ်းစားခြင်းဘဝကြားမှာအချိန်ပေးနေသူတွေအတွက် သင်္ခန်းစာပေးလိုခြင်းလား။
အဲ..ဖတ်ခဲ့တာတွေ တွေးမိ။ တွေးမိတာတွေ ရေးနေမိပြီ။ ဖတ်တဲ့သူလည်းပဲ မောရောပေါ့။ အားတော့နာပါတယ်။ ဒါလေး ဖတ်ပြီးရင်တော့ နားလိုက်ပါနော်။

Happiness resides not in possessions and not in gold; happiness dwells in the soul။ 

ပျော်ရွှင်မှုစစ်စစ်ဆိုတာ သင်ပိုင်ဆိုင်တဲ့ ခြံမြေတိုက်တာတွေမှာ မတည်ဘူး။ လက်ဝတ်တန်ဆာ စိန်ရွှေရတနာတွေပေါ်မှာလည်း မတည်ဘူး။ အသိတရားနဲ့ အကြင်နာကို ထိန်းသိမ်းထားတဲ့ သင့်နှစ်လုံးသား အလှအိမ်မှာသာ ကိန်းတည်လို့နေတာပါ။ တကယ်တော့ ဘယ်သိပ္ပံရှင်၊ ဘယ်အတတ်ပညာရှင်၊ ဘယ်အနုပညာရှင်၊ ဘယ်လူသား တစ်ဦးတစ်ယောက်မှလည်း သင့်နှစ်လုံးသားလို အရာရာ ပြည့်စုံလှပတဲ့ ပစ္စည်းမျိုး တုပကာ ထုပ်လုပ်နိုင်မယ် မဟုတ်ပါဘူးလေ။ ။

ဉာဏ်ဦးမောင်

မာတိကာ


statistics

web tracker