ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, May 3, 2011

ခရီးသွားမှတ်တမ်း – ရှောင်လင်ကျောင်းသို့ အလည်တခေါက်



ခရီးသွားမှတ်တမ်း – ရှောင်လင်ကျောင်းသို့ အလည်တခေါက် 

စ၀်ကြီး
 
 
တရုတ်နိုင်ငံ ဟီနန်ပြည်နယ်ရှိ စုန့်တောင်တန်းဒေသ။ အုံ့မှိုင်းနေသော တောင်များနှင့် တောင်တွေကြားမှာ ရွေ့လျားနေသော တိမ်ငွေ့များကြောင့် မြင်နေရသောမြင်ကွင်းက အိပ်မက်ဆန်ဆန်။
ထိုတောင်တန်းများ၏အလယ်တွင် မိစ္ဆာငါးကောင်ဟုခေါ်သော တောင်ထွတ်တစ်ခုရှိသည်။ တောင်ခြေရင်းမှာရှိတဲ့ တောအုပ်ငယ်ထဲက ဘုန်းကြီး ကျောင်းကလည်း ဘေးပတ်ဝန်းကျင်လို တိတ်ဆိတ်အေးချမ်းပြီး အိပ်ပျော်နေသကဲ့သို့ ရှိသည်။ ကျောင်းအဝင်ဝ လမ်းငယ်ဘေးမှာ စိုက်ထားတဲ့ ကျောက်တိုင်ကြောင့် “ရှောင်လင်” (ရှောင် = ငယ်သော၊ လင် = တောအုပ်) ကျောင်းဖြစ်မှန်း သိရပါသည်။ ကျောင်းရှေ့ရာက်တော့ ကြေးအိုးကြီးနှစ်လုံးထဲမှ ထွက်နေသော အမွှေးတိုင် မီးခိုးတွေကလွဲလို့ ဘာမှမတွေ့ရ။ တောအုပ်ထဲမှ ကြားနေရသော ငှက်အော်သံ အနည်းငယ်ကလွဲ၍ ပကတိ တိတ်ဆိတ်လျက်။ ဘေးဘီကို ကြည့်တော့လည်း ဘယ်သူမှ မတွေ့တာကြောင့် လူနှစ်ရပ် ကျော်ကျော်လောက်မြင့်တဲ့ သစ်သားတံခါးပေါ်မှ လူခေါ်သံကွင်းကို ခေါက်လိုက်သည်။ မဲနယ်နုရောင် သင်္ကန်းဝတ်ထားသော ကိုယ်ရင်လေးတစ်ပါးထွက်လာကာ…
“အော်မီထော်ဖော်… ဘာကိစ္စရှိပါသလဲ” ဟု လက်ဝါးတဖက်ထောင်၍ နှုတ်ဆက်လိုက်သည်။

“ကျွန်တော်တို့ ရှောင်လင်ကျောင်းကို လာခဲ့တာပါ။ အထဲဝင်လို့ ရမလားခင်ဗျာ”
“ကျောင်းထိုင်ကို မေးပေးပါ့မယ်။ ခဏစောင့်ပါ”
“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်” တအောင့်လောက်နေတော့ ခုနကကိုရင်လေးနဲ့အတူ သင်္ကန်းအနီနှင့် ဘုန်းကြီးတစ်ပါး ပြန်ထွက်လာသည်။
“ဧည့်သည်တို့ အထဲကိုကြွပါ” ဟု ဖိတ်ခေါ်လိုက်ပြီး သစ်သားတံခါးကြီးကို တဝက်ခန့် ဖွင့်ပေးလိုက်သည်။
“ကျွန်တော်တို့ကို လက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဘုန်းဘုန်း”
“အော်မီထော်ဖော်” ဟု ဆိုပြီး ကျောင်းထဲသို့ဝင်သည့် လမ်းကလေးကို လက်ဖဝါးဖြန့်ပြီး ညွှန်ပြလိုက်သည်။
ပထမတံခါးနောက်က ကျောင်းဝင်းထဲသို့ရောက်သွားတော့လည်း လူသူမတွေ့ရ။ မာန်သွင်းအော်ဟစ်နေသံ သဲ့သဲ့ကိုတော့ ကြားရသည်။ လမ်းကလေး အတိုင်း လျှောက်လာရင်း တဖက်တချက်ဆီမှာ ကျောက်စာတိုင်တွေကို တွေ့တော့
“ဘုန်းဘုန်း၊ ဒီကျောက်တိုင်တွေက ဘာတွေလဲ”
“သြော်… ဒါတွေလား။ တခြားသိုင်းကျောင်းတွေက ဂါရဝပြုတဲ့အနေနဲ့ လာစိုက်လှူထားတာတွေပါ”
“အများကြီးပါလား”
“များဆို… သိုင်းပညာအမျိုးပေါင်းကလည်း များတာကိုးကွယ်”
“ခဏသွားကြည့်မယ်နော်…”
အနီးရောက်တော့ ကြားဖူးနားဝရှိတဲ့ သိုင်းပညာအားလုံးအပြင် မကြားဖူးတဲ့ သိုင်းကျောင်းတွေက ဂါရဝပြု ကျောက်တိုင်တွေကိုလည်း တွေ့ရသည်။ ကရာတေး၊ ထိုက်ကွမ်ဒို စတဲ့ အရှေ့တိုင်း သိုင်းပညာများသာမက လက်တင်နဲ့အာဖရိက ယဉ်ကျေးမှုတို့ ပေါင်းစပ်ပြီး တီထွင်ထားတဲ့ Capoeira လို ပညာရပ်တွေကပါ လာရောက်စိုက်ထူထားကြသည်။
“ကဲ… အထဲကိုလာပြီး ဆရာတော်ကြီးကို အရင်ကန်တော့လိုက်ကြဦး”
ကျောက်တိုင်တွေကို တစ်တိုင်ချင်းကြည့်နေသောကြောင့် ဆရာတော်ကြီးက လှမ်းသတိပေးလိုက်သည်။ ဒီလိုနဲ့ ဆက်လျှောက်လာရင်း အမှုမဲ့အမှတ်မဲ့ အပေါ်မော့ကြည့်လိုက်တော့ အုတ်တံတိုင်းဘောင်ပေါ်မှာ လက်ညှိုးတစ်ချောင်းထဲ ထောက်ပြီး ကင်းမြီးကောက်ထောင်နေသော ဘုန်းတော်ကြီး တစ်ပါးကို
တွေ့လိုက်ရသည်။

“ဟာ… တယ်မိုက်ပါလား… သိုင်းကားထဲက အတိုင်းပဲ”
“ဒီဘက်ကိုလာပါ၊ ဒကာလေးတို့”
စောစောက One Finger Zen ကျင့်နေတဲ့ ဘုန်းကြီးကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိတာကြောင့် ဧည့်ကြိုဘုန်းကြီးက လှမ်းခေါ်လိုက်တော့မှ သတိဝင်လာပြီး လက်ညှိုးသိုင်းကျင့်နေတဲ့ ဘုန်းကြီးရဲ့ အတွင်းအားတွေ မတော်တဆ ချော်ထိမိမှာစိုးလို့ ဧည့်ကြိုဘုန်းကြီးနောက်ကို မသိမသာနဲ့ ဝင်ကွယ်နေလိုက်မိသည်။ ဒုတိယတံခါးဖွင့်လိုက်တော့ စောစောကကြားရသော မာန်သွင်းသံများကို အနီးကပ်ကြားရတော့သည်။ အဆောက်အအုံ၏ အလယ်လမ်းဘေးက ကျောင်းဆောင်တွေထဲမှာ သိုင်းလေ့ကျင့်နေတဲ့ ဘုန်းကြီးတွေ။ သူတို့လေ့ကျင့်နေတဲ့ ခန်းမဆောင်ထဲက ကျောက်သား ကြမ်းပြင် ပေါ်မှာ ခွက်ပြီးကျန်နေသော ခြေရာများကြောင့် ဒီနေရာမှာ အနှစ်နှစ်အကာလက သိုင်းကျင့်ခဲ့သူများရှိသည်ဟု သက်သေခံသလို ဖြစ်နေသည်။
*****************************
အပေါ်မှာရေးထားတာတွေကတော့ ရှောင်လင်ကျောင်းကို သွားတဲ့လူတိုင်း မသွားခင် စိတ်ထဲမှာ ပုံဖော်ထားကြတဲ့ မြင်ကွင်းပါ။ ဒါပေမယ့် စုန့်ရှန်း (သို့) စုန့်တောင်တန်းပေါ်က ရှောင်လင်ရဲ့ပင်မကျောင်းတော်ကြီးကို တကယ်သွားကြည့်တဲ့ အခါကျတော့ လူမရှိတော့တဲ့ ကျောင်းဆောင်တွေ၊ ဂါရဝပြုကျောက်စာတိုင်တွေနဲ့ ကြမ်းပြင်ပေါ်က ခြေရာခွက်တွေကလွဲလို့ ဘာမှ မတွေ့ရတော့ပါ။ နှစ်စဉ်နှစ်တိုင်း အလည်လာတဲ့လူတွေကြောင့် ရှောင်လင်ဘုန်းကြီး အစစ်တွေက ဒီကျောင်းမှာ သီတင်းမသုံးတော့ဘဲ တခြားအေးအေးဆေးဆေး ရှိတဲ့ကျောင်းတွေကို ပြောင်းသွားကြပြီး ကျောင်းနေရာ ကတော့ tourist attraction သက်သက်အနေနဲ့ပဲ ကျန်ခဲ့တယ်။
ရှောင်လင်ကျောင်းဟာ သူ့ရဲ့ကွန်ဖူးပညာကြောင့် ကမ္ဘာကျော်ခဲ့ပေမယ့် သမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ ဘာသာရေးကို အရင်းတည်တာ တွေ့ရပါတယ်။ သိုင်းပညာကတော့ ရှောင်လင်ကျောင်း ရပ်တည်နိုင်အောင် အထောက်အပံ့ ဖြစ်စေဖို့ တီထွင်ခဲ့ရာက တဖြည်းဖြည်း တိုးတက်လာပြီး နာမည်ကျော်လာခဲ့တာပါ။ အနောက်နိုင်ငံတွေမှာ ရေပန်းစားနေတဲ့ Zen Buddhism ဆိုတာက မဟာယာနဂိုဏ်းတွေထဲက တစ်ခုဖြစ်တဲ့ ရှောင်လင်ရဲ့ ချန်ဗုဒ္ဓဘာသာ (Ch’an Buddhism) ကနေတိုက်ရိုက် ဆင်းသက်လာတာမို့ ရှောင်လင်ကျောင်း အကြောင်းပြောရင် သူ့ရဲ့ဘာသာရေး အခန်း ကဏ္ဍက စပြောမှ သင့်တော်မယ်လို့ ထင်ပါတယ်။
ရှောင်လင်ကျောင်း စတင်ပုံ
တရုတ်ကားတွေထဲမှာတော့ ရှောင်လင်ကျောင်းကို တည်ထောင်သူက တ-မို (Ta-mo) လို့ ဆိုထားပေမယ့် အထောက်အထားတွေ အရတော့ အိန္ဒိယကလာတဲ့ ဘထိုး1 (pinyin – Batuo, ပါဠိ – Buddhabhadra) ဆိုတဲ့ ဆရာတော်က အေဒီ ၄၉၅ ခုနစ်မှာ ရှောင်လင်ကျောင်းကို စုန့်တောင်တန်း အနောက်ဘက်စွန်းက ရှောင်ရှီးတောင်ထိပ်ရဲ့ မြောက်ဘက်မှာ တည်ထောင်ခဲ့တယ်လို့ ပြပါတယ်။2 သို့ပေမယ့် နောင်မှာ ရှောင်လင်ကျောင်းရဲ့ ဗုဒ္ဓဘာသာလို့ အမည်တွင်လာတဲ့ ချန်ဗုဒ္ဓဘာသာ (Ch’an Buddhism) နဲ့ ရှောင်လင်သိုင်းပညာကို မျိုးစေ့ချပေးခဲ့တာကတော့ စောစောကပြောတဲ့ တ-မို ဖြစ်တာကြောင့် သူ့ကို ရှောင်လင်ကျောင်းကို စတင်သူလို့ ပြောရင်လည်း လုံးလုံးလျားလျားကြီး မှားတာတော့ မဟုတ်ဘူးလို့ ပြောရမယ်ထင်တယ်။
ဘုန်းကြီးမဝတ်မီက ဘုရင့်သားတော်တစ်ပါးဖြစ်ခဲ့တဲ့ တ-မိုဟာ အိန္ဒိယမှ တရုတ်ပြည်ကို ၆ရာစု အစောပိုင်းမှာ ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ပါဠိနာမည်ကတော့ ဗောဓိဓမ္မ (Bodhidharma) ပါ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ပထမဆုံး သံယာ့ဥသျှောင်ဖြစ်လာတဲ့ ရှင်မဟာကဿဖ ကနေ ဆင်းသက်လာတဲ့ ၂၈ ဆက်မြောက်လို့လည်း ဆိုပါတယ်။3
ရှောင်လင်နဲ့ တရုတ်ပြည်ရဲ့ ဗုဒ္ဓဘာသာ စတင်ဖွံ့ဖြိုးမှုအကြောင်းကို ပြောရင် ထိုအချိန်က တရုတ်ပြည်ရဲ့ နောက်ခံ အခြေအနေကိုလည်း သတိပြုဖို့လိုပါတယ်။ တရုတ်ပြည်ကို အိန္ဒိယမှ ခရစ်နှစ်မတိုင်မီအချိန်ကတည်း ဗုဒ္ဓဘာသာ ဂိုဏ်းဂဏပေါင်းစုံ ဝင်ရောက်ခဲ့ပေမယ့် မဟာယန ဗုဒ္ဓဘာသာ သာလျှင် အောင်မြင် ထွန်းကားခဲ့တယ်။
သုတေသီများက ဗုဒ္ဓရဲ့နဂိုမူလ ဗုဒ္ဓဘာသာဟာ ထိုခေတ်က ဘုရားပွင့်ခဲ့တဲ့ဒေသရဲ့ အခြေအနေတွေနဲ့ ကိုက်ညီပေမယ့် တရုတ်ပြည်မှာတော့ မဟာယာန ဗုဒ္ဓဘာသာကသာ ပိုပြီးသင့်တော်ခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားပွင့်စဉ်အခါ မဇ္ဈိမဒေသမှာ နိုင်ငံတည်ငြိမ်မှု အတော်အသင့်ရှိခဲ့ပြီး ဘာသာ တရားကို လိုက်စားတဲ့ အလေ့အထနဲ့ အိုးအိမ်ကိုစွန့်ပြီး တရားရှာသူတွေရှိနှင့်ပြီး ဖြစ်ပေမယ့် တရုတ်ပြည်မှာကတော့ စစ်ဘေး၊ သဘာဝဘေးတွေ မကြာခဏဖြစ်တာကြောင့် လူအများစုဟာ ဘာသာရေးထက် မိမိရှင်သန်ရေးကို ပိုအားထားနေရတဲ့ အချိန်ပါ။
ဒါကြောင့် ထေရဝါဒလို ပညာနဲ့ကျင့်စဉ်ကို အခြေခံတဲ့လမ်းစဉ်ထက် မေတ္တာကို ဦးစားပေးတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ ထိုအချိန်က အတိဒုက္ခရောက်နေသူများအတွက် အားကိုးရာဖြစ်လာခဲ့တယ်။ ယုံကြည်သူ အားလုံးကို ဒုက္ခကလွတ်မြောက်အောင် စွမ်းဆောင်နိုင်တယ် လို့ဆိုတဲ့ Pure Land ဗုဒ္ဓဘာသာရဲ့ အမိတာဘာ (Amitaba) ဘုရားရှင်ဟာ မဟာယာန ဗုဒ္ဓဘာသာရဲ့ အဓိကဘုရားရှင် ဖြစ်လာတယ်။ ရုပ်ရှင်တွေထဲက အော်မီထော်ဖော် လို့ ရွတ်ဆိုတာဟာ အခုပြောတဲ့ အမိတာဘာ ဘုရားရှင်ကို တမ်းတအောက်မေ့တာပါ။ ဒါ့အပြင် နောင်မှာ မေတ္တာကို အခြေခံပြီးပွင့်မယ့် အရိမေတ္တယျ ဘုရားရှင်ဟာ ပညာကို အခြေခံပြီးပွင့်ခဲ့တဲ့ ဂေါတမဘုရားရှင်ထက် ပိုပြီးအရေးပါလာခဲ့တယ်။
ချန်ဗုဒ္ဓဘာသာ
ရှောင်လင်ရဲ့ Ch’an Buddism ဟာ မယာယာန ဂိုဏ်းတွေထဲက တရားအားထုတ်တာကို အလေးပေးတဲ့ ဂိုဏ်းတစ်ခုပါ။ ထေရဝါဒတွေအတွက် အနည်းစပ်ဆုံးပြောရရင်တော့ ဝိပဿနာ လုပ်တဲ့ဂိုဏ်းလို့ ပြောရမယ် ထင်တယ်။ ဗောဓိဓမ္မ တရုတ်ပြည်ကို ရောက်လာတဲ့အချိန်မှာ သူ့ထက် စောပြီးရောက်နေတဲ့ ဗုဒ္ဓဝါဒတွေ ရှိနေပါပြီ။ သူတို့က တရုတ်ပြည်ကို အစောပိုင်းကာလမှာ ရောက်လာပြီး သာသနာ ပိုမိုခိုင်ခံ့ တည်မြဲရေး အတွက် ပရိယတ္တိဘက်ကို ပိုဦးစားပေးပြီး ဆောင်ရွက်ခဲ့တယ်။ ဗောဓိဓမ္မကတော့ ပဋိပတ္တိဘက်ကို လိုက်ပြီး တရားအားထုတ်ဖို့ တိုက်တွန်းခဲ့ တယ်။ သူကိုယ်တိုင်လည်း စံတင်နိုင်လောက်အောင် တရားအားထုတ် ပြခဲ့တယ်။ ရှောင်လင်ကျောင်းနဲ့ သိပ်မဝေးတဲ့ ဂူတစ်ခုထဲမှာ ဂူနံရံကို မျက်နှာပြုပြီး ကိုးနှစ်ကြာအောင် တရားထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်အခါမှာတော့ ချန်ဗုဒ္ဓဘာသာဟာ အရှေ့အာရှအရပ်ရပ်ကို ပျံ့နှံ့သွားခဲ့ပြီး ဂျပန်နိုင်ငံကို ရောက်တဲ့အခါကျတော့ Zen Buddhism လို့ အမည် တွင်လာပါတယ်။
ရှောင်လင်ကွန်ဖူး စတင်ပုံ
ကွန်ဖူးအစ ရှောင်လင်က လို့ဆိုတဲ့ ဆိုရိုးရှိတာကြောင့် ရှောင်လင်အကြောင်းပြောရင် ကွန်ဖူးအကြောင်း မပြောလို့ မရပါ။ ရှောင်လင်ကွန်းဖူးကို စတင်ခဲ့သူ တ-မိုဟာ သူ့ရဲ့ရဟန်းတွေ ခန္ဓာကိုယ်ကြံ့ခိုင်မှုမရှိတဲ့အတွက် တရားကျင့်တဲ့အခါ ခရီးပေါက်သင့်သလောက် မပေါက်တာကို သတိပြုမိတယ်။ ဒါကြောင့် သူတို့တွေ ကြံ့ခိုင်မှုစွမ်းရည် တိုးတက်လာအောင် လေ့ကျင့်ခန်းတွေ လုပ်ခိုင်းရာက ရှောင်လင်ကွန်ဖူး ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။
ရှောင်လင်ကွန်ဖူးက တ-မိုတတ်ကျွမ်းတဲ့ yoga ကဲ့သို့ အကြောလျှော့ လေ့ကျင့်ခန်းများ၊ သူမင်းသားဘဝက သင်ကြားခဲ့တဲ့ အဋ္ဌာရသ ပညာတွေထဲက သိုင်းပညာများနဲ့ ထိုခေတ်အခါက တရုတ်ပြည်မှာ ရှိပြီးဖြစ်တဲ့ ကိုယ်ခံပညာတွေ အားလုံးကို ပေါင်းစပ်ပြီး ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။ အစပိုင်းမှာတော့ ရှောင်လင်ကွန်ဖူးကို ကိုယ်ခံပညာ တစ်ခုဖြစ်လာအောင် တီထွင်ခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းသက်သက် ဖြစ်ပေမယ့် ခေတ်အဆက်ဆက် ရှောင်လင် ဘုန်းတော်ကြီးတွေရဲ့ ပြုပြင်မွမ်းမံမှုကြောင့် လေးနက်ပြီးအဆင့်မြင့်တဲ့ သိုင်းပညာတွေ ဖြစ်လာခဲ့တယ်။
ရှောင်လင်သိုင်းပညာများ
ဒီအပိုင်းကိုတော့ စာပေလေ့လာသူတွေထက် သိုင်းဝတ္ထုနဲ့ သိုင်းကားကြိုက်သူတွေရဲ့ ရှုထောင့်ကနေ ရေးပါ့မယ်။ ငယ်ငယ်တုန်းက ကြည့်ဖူး၊ ဖတ်ဖူးတဲ့ သိုင်းဇာတ်လမ်းတွေထဲက ဘယ်ဟာက စာရေးဆရာတွေ ဥာဏ်ကွန့်ထားတာလဲ၊ ဘယ်သိုင်းတွေက ရှောင်လင်ဘုန်းကြီးတွေ တကယ်ကျင့်ခဲ့တာလဲ ဆိုတာကို သိအောင်လို့ပါ။
သိုင်းအမျိုးအစားအားဖြင့် ရှောင်လင်သိုင်းတွေကို အပြင်ပိုင်းသိုင်းပညာ (သို့) သိုင်းအမာစား (Wàijiā) လို့ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ ခန္ဓာကိုယ်အပြင်ပိုင်းရဲ့ ကြွက်သားတွေနဲ့ ဆက်စပ်နေတဲ့ ခွန်အား၊ ဖြတ်လတ်မှုတို့ကို အခြေခံပြီး ပြင်းထန်မာကျောတဲ့ တိုက်ကွက်တွေကို အားထားတဲ့ နည်းစနစ်မို့ပါ။ ဒီအမျိုးအစားနဲ့ မတူတဲ့ သိုင်းပညာမျိုးကတော့ ဝူတန်ဂိုဏ်းရဲ့ ထိုက်ချိသိုင်းလို စိတ်ဓာတ် နိုးကြားမှု၊ အတွင်းအား သွားလာမှုတွေကို လေ့လာအသုံးပြုတဲ့ သိုင်းအပျော့စား (Nèijiā) ဖြစ်ပါတယ်။
အပျော့အမာ သိုင်းနှစ်မျိုးလုံးက အတွင်းအား (Qigong) နဲ့ ကိုယ်ဖော့ပညာ (Qīnggōng) တို့ကိုလည်း သူတို့ရဲ့နည်းစနစ် အခြေအနေနဲ့ လေ့ကျင့်ကြပေမယ့် တကယ့် အကျိုး သက်ရောက်မှုကိုတော့ တိတိကျကျ ဖော်ပြထားခြင်း မရှိပါ။ ကြိုးမပါဘဲနဲ့တော့ ကိုယ်ဖော့ ပညာသုံးပြီး ဝါးပင်ပေါ်တွေ၊ လေထဲတွေမှာ ပျံလို့မရဘူးလို့ ယူဆလို့ရပေမယ့် အတွင်းအားကို အသုံးပြုပြီး သာမန်အတွေးနဲ့ ရှင်းပြလို့မရတဲ့ စွမ်းဆောင်ချက်တွေ လုပ်ပြနိုင်တဲ့ ပညာရှင်တွေ ရှိသေးတာကြောင့် ဒီကိစ္စကိုတော့ နောက်အခါ အခွင့်သင့်မှ ဆက်လက် ဆွေးနွေးပါ့မယ်။
သိုင်းကွက်အနေနဲ့ကတော့ ရှောင်လင်ကျောင်းဟာ ၁၉၂၈ မှာ မီးရှို့ခံခဲ့ရတဲ့အတွက် ရှေးခေတ်ကရှိခဲ့တဲ့ သိုင်းပညာစာရင်း အပြည့်အစုံကတော့ မရှိတော့ပါ။4 ဒါကြောင့် အခုအချိန်ထိ မပျောက်မပျက်ဘဲ ကျန်နေခဲ့တဲ့ သိုင်းပညာတွေနဲ့ အထောက်အထား အခိုင်အလုံရှိတဲ့ သိုင်းပညာအချို့ကိုပဲ ဖော်ပြလိုက်ပါတယ်။ အထောက်အထားတွေအရ ရှောင်လင်ရဲ့ အဓိကသိုင်းပညာ ၇၂ ခု ရှိတယ်လို့ဆိုပါတယ်။ အကျယ်ကိုတော့ ဒီမှာ ကြည့်ပါ။ အဲဒီ ၇၂ မျိုးထဲက သိုင်းကားတွေထဲမှာ တွေ့ရတတ်တဲ့ သိုင်းကတော့ သံမဏိအင်္ကျီသိုင်းပါ။ ဒီသိုင်းက လေ့ကျင့်သူရဲ့ ခန္ဓာကိုယ်ကို တိုက်ခိုက်မှုပေါင်းစုံမှ ကာကွယ်ပေးနိုင်တယ် ဆိုတဲ့အချက်က ဇာတ်လမ်းတွေထဲက အချက်အလက်နဲ့ အပြင်ကအထောက်အထားတွေမှာပါ တူညီနေတာကို တွေ့ရပါတယ်။
ရှောင်လင်ရဲ့ အရေးကြီးဆုံးလို့ ပြောရမယ့်သိုင်းကျမ်းကတော့ အရိုးကျုံ့ အကြောဆန့်သိုင်း (Yijin Jing) လို့ထင်ပါတယ်။5 ဒီသိုင်းဟာ တ-မို ကိုယ်တိုင်တီထွင်ခဲ့တယ်လို့ အယုံအကြည်ရှိတာကြောင့် ရှောင်လင်ရဲ့ အမွေအနှစ်တစ်ရပ်လို့ ဆိုရမှာပါ။ သိုင်းလောက စိန်ခေါ်သံ ဇာတ်ကားထဲမှာ ရှောင်လင်ဂိုဏ်းချုပ်က လင်ဟူချုန်း ကို သင်ပေးမယ်ဆိုတဲ့ သိုင်းပညာပါ။ ရှောင်လင်ဂိုဏ်းရဲ့ အဆင့်မြင့်ဆုံးပညာဖြစ်ပေမယ့် မင်းသားက ဝါဆန်းဂိုဏ်းသားဖြစ်နေတာကြောင့် လက်မခံတဲ့အတွက် သိုင်းရဲ့အစွမ်းကို မတွေ့ခဲ့ရဘူး။ အခြားဇာတ်လမ်းတွေထဲမှာလည်း ဒီသိုင်းကိုရှောင်လင်ရဲ့ အဆင့်မြင့်သိုင်းအနေနဲ့ ဖော်ပြလေ့ရှိတယ်။
တိရစ္ဆာန်တွေကို အခြေခံတဲ့သိုင်းတွေနဲ့ ပတ်သက်လို့ကတော့ ရှောင်လင်ရဲ့ အဓိက အကောင်ငါးမျိုးကတော့ မြွေသိုင်း၊ ကျားသစ်သိုင်း၊ ကျားသိုင်း၊ ဗျိုင်းသိုင်းနဲ့ နဂါးသိုင်း တို့ပါ။6 အဓိကငါးကောင်ထဲမှာ မပါပေမယ့် ထင်ရှားတဲ့ အခြားအကောင်သိုင်းတွေကတော့ နှံကောင်သိုင်း (Praying Mantis) နဲ့ သိမ်းငှက်သိုင်း (Eagle Claw) တို့်ဖြစ်ပါတယ်။
မြဝတီကလာတဲ့ သိုင်းကားတွေထဲက ရှောင်လင်သိုင်းလို့ ကြားဖူးပြီး တကယ်မရှိတဲ့သိုင်းပညာတချို့ကတော့ နဂါးနိုင်ဓား ထဲက နေစကြာသိုင်းကျန်ဆန်းဖုန်း ငယ်စဉ်ဘဝဇာတ်ကား ထဲက သင်းကွပ်သိုင်း တို့ ပါ။ ထိုသိုင်းရှိရင်တောင် ရှောင်လင်က မဟုတ်ပါ။
ရှောင်လင်ရဲ့ ထူးခြားချက်
ဗုဒ္ဓဘာသာပြန့်ပွားအောင် ဆောင်ရွက်ခဲ့တဲ့ ဂိုဏ်းဂဏတွေထဲမှာ ရှောင်လင်ကျောင်းရဲ့ ထူးခြားမှုကတော့ ဘာသာရေးတာဝန်အပြင် မိမိတို့နဲ့ အနီးနားတဝိုက်လူတွေရဲ့ လုံခြုံရေးကိုပါ တာဝန်ယူခဲ့ရတယ်။ ရှောင်လင်ကျောင်းဟာ တောနက်ထဲမှာ ရှိတာကြောင့် အစောပိုင်းကာလတွေမှာ တောရဲတိရိစ္ဆာန်တွေရန်က ကာကွယ်ရသလို နိုင်ငံမတည်မငြိမ်ဖြစ်တဲ့အချိန်တွေမှာလည်း သူခိုးဓားပြတွေရဲ့ရန်ကလည်း ကာကွယ်ခဲ့ရတယ်။
ဓား၊ လှံ စတဲ့ စစ်ရေးလက်နက်တွေမဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာ နိစ္စဓူဝအသုံးပြုရတဲ့ ပေါက်တူး၊ ဝါးလုံးစတဲ့ ကိရိယာတွေကို အဓိကအသုံးပြုပြီး ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ နည်းစနစ်တွေ တီထွင်ခဲ့တယ်။ နောက်အခါမှာတော့ လက်နက်မျိုးစုံ အသုံးပြုတဲ့ သိုင်းပညာတွေကို တီထွင်တဲ့အထိ ဖြစ်လာခဲ့တယ်။ သိုင်းပညာနဲ့ နာမည်ကြီးလာတဲ့ နောက်ပိုင်းမှာတော့ ကိုယ့်ကိုကိုယ် ကာကွယ်ရုံမဟုတ်တော့ဘဲ အခြားနိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိလာတယ်။ ဒါကြောင့် ရှောင်လင်ရဲ့ ရှည်လျားလှတဲ့ သမိုင်းတလျှောက်မှာ ဘုရင်တွေရဲ့ ချီးမြှောက်ခြင်းကို ခံရတဲ့အချိန်တွေ ရှိခဲ့သလို အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုအောက်ကို ရောက်ခဲ့တဲ့ အချိန်တွေလည်း ရှိပါတယ်။
ဒီလိုအစဉ်အလာကြီးတဲ့ ရှောင်လင်ကျောင်းကို သွားလည်မယ်ဆိုရင်တော့ ဟီနန်ပြည်နယ်၊ လို့ယန်မြို့အနီးက ရှောင်လင်ပင်မချုပ်ကျောင်းတော်ဟာ ယခုတိုင် ရှိပါသေးတယ်။ ကံကောင်းရင်တော့ သိုင်းကစားပြတဲ့ ဘုန်းကြီးတစ်ပါး နှစ်ပါးကို တွေ့နိုင်ပေမယ့် ဇာတ်ကားတွေထဲကလို လည်ပင်းမှာ ပုတီးကြီးတွေစွပ်ထားဖို့တော့ မမျှော်လင့်ပါနဲ့။ သူတို့က cell phone တွေ၊ camcorder တွေနဲ့ ကိုယ့်ထက်တောင် ပိုခေတ်မီနိုင်ပါသေးတယ်။
ရုပ်ရှင်တွေထဲကလို အပြင်အဆင်တွေနဲ့ ရှေးရိုးအစဉ်အလာအတိုင်း လက်ရှိသီတင်းသုံးနေတဲ့ ဘုန်းကြီးတွေကတော့ ကျောင်းထဲမှာ မရှိတော့ပေမယ့်  ချန်ဗုဒ္ဓဘာသာနဲ့ ရှောင်လင်ကွန်ဖူးတွေဟာ ရှေးတုန်းကလို ကျောင်းနံရံအတွင်းမှာသာ လျှို့ဝှက်သင်ကြားနိုင်တာ မဟုတ်တော့ဘဲ ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ထွန်းကားနေပါပြီ။  ခေတ်အဆက်ဆက်ကကျော်ကြားခဲ့တဲ့ ရှောင်လင်ဟာ ဒဏ္ဍာရီထဲကလို မဟုတ်တော့ပေမဲ့ သူ့ရဲ့ ဘာသာရေးနဲ့ ကိုယ်ခံပညာရဲ့ အနှစ်သာရတွေကိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းများစွာက အကျိုးခံစားခွင့် ရနေကြပါပြီ။

စ၀်ကြီး

ကိုးကား
http://en.wikipedia.org/wiki/Batuo [↩]
http://www.chinaorbit.com/travel/shaolin/history-of-shaolin.html [↩]
http://en.wikipedia.org/wiki/Bodhidharma#Bodhidharma_at_Shaolin [↩]
http://en.wikipedia.org/wiki/Shaolin_Monastery [↩]
http://en.wikipedia.org/wiki/Y%C3%AC_J%C4%ABn_J%C4%ABng [↩]
http://en.wikipedia.org/wiki/Five_Animals [↩]

Sett Gyi (ခရီးသွားမှတ်တမ်း – ရှောင်လင်ကျောင်းသို့ အလည်တခေါက် ) by Dhamma Yanant (စ၀်ကြီး)

မာတိကာ


statistics

web tracker