ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Monday, August 1, 2011

ရှေးကရွေးသော သမက်လောင်း

ရှေးကရွေးသော သမက်လောင်း

ချောင်းဆုံအုန်းသွင်
   ရှေးအခါက မိန်းကလေးများ၏ အရည်အချင်းကို မီးဖိုချောင် ထိန်းသိမ်းမှုနှင့် အိမ်ထောင်ထိန်းသိမ်းမှုကို လေ့လာ အကဲခတ်ပြီး သိရသကဲ့သို့ ယောက်ျားကလေး၏ အရည်အချင်းကို အိပ်ရာ၊ စားရာ၊ ၀တ်ရာ၊ ပြောဆိုရာ စသည်တို့ကို လေ့လာအကဲခတ်ပြီး သိရှိရပေသည်။ 

   ယောက်ျားကလေးတစ်ယောက်၏ အဆင့်အတန်းကို
သူ၏အိပ်ရာကိုကြည့်ခြင်းအားဖြင့် အကဲခတ်ကြသည်။ အိပ်ရာကို မည်မျှ သပ်သပ်ရပ်ရပ်ထားသည်ကို ကြည့်ပြီး မည်သည့်ဘ၀ကလာသည်ကိုပင် ခန့်မှန်းပြောဆိုနိုင်ကြပေသည်။ နတ်ပြည်ကလာသူသည် အိပ်ရာကို အိပ်ပြီးနောက် မြင့်သောနေရာတွင် ထားတတ်သည်ဟု ဆိုကြသည်။ လူ့ပြည်မှ လာသူသည် အိပ်ရာကို သပ်သပ်ရပ်ရပ်သိမ်းဆည်းပြီး အခြားသူများ မထိုင်နိုင်မနင်းနိုင်အောင် ထားတတ်သည်ဟု ဆိုသည်။ အပါယ်ဘုံမှ လာသူသည် အိပ်ပြီးသော အိပ်ရာကို၊ ခြုံထားသော စောင်များကို လုံးထွေးလျက် ခြင်ထောင်ကို ဖယိုဖရဲ တင်လျက် အချို့  စောင်ကို လုံးပင် မလုံးထွေးတော့ဘဲ ဒီအတိုင်း ဘေးချထားလျက် ခြင်ထောင်ကိုလည်း မတက်ဘဲ ဒီအတိုင်းထားပြီး အိပ်ရာမှ ထွက်လာတတ်ပေသည်။ အိပ်ရာကိုမသိမ်းဘဲထားခဲ့ခြင်းဖြစ်သည်။ ညပြန်အိပ်သောအခါ လှည်းကျင်းခြင်းမရှိဘဲ ဒီအတိုင်း ၀င်အိပ်တတ်သည်။ လူအိပ်သည်နှင့် မတူ။ လူ့အိပ်ရာနှင့် မတူသူဟု ရှေးလူကြီးများက သတ်မှတ်ကြလေသည်။

   ချွေးမလောင်းကို ယေက္ခမလောင်းက မီးဖိုချောင်ကို လေ့လာပြီးအကဲခတ်သလို သမက်လောင်းကိုလည်း ယေက္ခမက အိပ်ရာကိုလေ့လာပြီး အကဲခတ်တတ်ကြပေသည်။ ကိုယ်တိုင် မလေ့လာနိုင်က နီးစပ်သူများကို လေ့လာစေသည်။

   အ၀တ်အစားဝတ်ဆင်ရာကိုလည်း ကြည့်ရှု အကဲခတ်ကြသည်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ရသည်။ အ၀တ်အစား ကောင်းရန်မလို၊ သစ်ရန်မလို၊ သန့်ရှင်းသပ်ရပ်ရန်သာ လိုသည်။ ကြေးအထပ်ထပ်ဖြစ်မနေရ၊ အင်္ကျီကြယ်သီး အပြည့်အစုံတပ်ရသည်။ ရင်ဘတ်ဟကွဲ ဖြစ်မနေရ။ ပုဆိုးကို သပ်သပ်ရပ်ရပ် ၀တ်ရသည်။ ပုဆိုးချက်ပြုတ်မ၀တ်ရ။ စွေစောင်းစောင်း မ၀တ်ရ။ ပုဆိုးခွေးချေးသိမ်းဟု ခေါ်သော ခြေမျက်စိအောက်ရောက်ပြီး မြေကြီးကြမ်းပြင်နှင့် ထိအောင် မ၀တ်ရ။ ဒူးဆစ်ရောက်အောင်လည်း မ၀တ်ရ။ ခြေသလုံးအလယ်လောက် ၀တ်ရသည်။

   အစားအသောက်များ စားသောက်ရာတွင်လည်း လေ့လာကြသည်။ ထမင်းပန်းကန် လက်ပေါ်တင်ပြီး မတ်တတ်ရပ်စားခြင်း၊ လမ်းလျှောက်စားခြင်း မပြုရ။ လက်ကြားပေ၊ နှုတ်ခမ်းပေ၊ ပါးဖောင်း၊ ပလုတ်ပလောင်းမစားရ၊ ဆောင့်ကြောင့်ထိုင် မစားရ။ ပါးစပ်ထဲ ထမင်းဝါးရင်း စကားမပြောရ။ အထက်ပါ လုပ်ရပ်များသည် အဆင့်အတန်းမရှိသော သူများ၏ လုပ်ရပ်များဟုဆိုပြီး သမီးရှင် မိဘများက မလိုလားကြပေ။ ထမင်းဝိုင်းတွင် ကျကျနန တင်ပျဉ်ခွေထိုင်ပြီး ဣနြေ္ဒရရ ထိုင်စားရသည်။ လက်ဖက်သုပ်စားသောအခါ အနည်းဆုံး လက်သုံးချောင်းဖြင့် နှိုက်စားရသည်။ လက်နှစ်ချောင်းဖြင့် နှိုက်စားသော် ပေါ့ပေါ့တန်တန်လူစား၊ လက်ကြောတင်းအောင် အလုပ်မလုပ်သော လူစားဆိုပြီး မနှစ်သက်ကြပေ။

   အထက်ပါအချက်များသည် ယခုအခါ ခေတ်မမီတော့ဟု ဆိုချင်ကြပေသည်။ သို့သော် မည်သည့်လူကြီးလူကောင်း များမှ အထက်ပါအတိုင်း ၀တ်ကြစားကြသည်ကို မတွေ့ရပေ။

   မျက်စိအကြည့်ကိုလည်း လေ့လာအကဲဖြတ်ကြသည်။ မျက်နှာချင်းဆိုင်ပြီး မျက်လုံးကို တည့်တည့်မကြည့်ဘဲ ခေါင်းကို အောက်ငုံ့ကာ မျက်လွှာကိုလှန်လျက် မျက်လုံးကို ပင့်၍ ကြည့်တတ်သည်ကို မလိုလားကြပေ။ ဆင်ကြည့်ကြည့်သည်။ ဆင်ကြံကြံတတ်သည်ဟု ယူဆကြသည်။ ဆင်သည် ဆင်ဦးစီးအား တစ်နေ့ သုံးကြိမ် သတ်ရန်ကြံသည်ဟု အဆိုရှိသည်။ ထို့ပြင် လူချင်းမျက်နှာချင်းဆိုင်ပြီးမကြည့်ဘဲ တစွေတစောင်းကြည့်တတ်သည်ကိုလည်း မကြိုက်ကြပေ။ နောက်ကွယ်တွင် မကောင်းကြံတတ်သည်ဟု ယူဆကြသည်။
 


   အသားဖြူခြင်း၊ အသားမည်းခြင်း၊ ရုပ်ဆိုးခြင်း၊ ရုပ်လှခြင်းတို့ကို မကြည့်ဘဲ အထက်ကဆိုခဲ့သည့် အမူအကြည့်များ ကိုသာ အဓိကထားသည်၊ ကြည့်ကြသည်။ သဘောကျမှ သမက်လောင်းအဖြစ် လက်ခံကြသည်။
   အဖေစရိုက် သားမှာလိုက်၊ အမိစရိုက် သမီးမှာလိုက်ဟူ၍ ရှေးစကားရှိသည်။ ထို့ကြောင့် ဖခင်များသည် သားများကို အကျင့်စရိုက်ကောင်းအောင် သွန်သင်ကြသည်။ သို့မဟုတ်မ သားကြောင့် အဖနာမည်ပျက်လိမ့်မည်။ ထိုသို့ နာမည် ပျက်မခံလိုသဖြင့် ဖခင် အဆက်ဆက်သည် သားအဆက်ဆက်ကို လက်ဆင့်ကမ်း သွန်သင်သွားကြသည်။

   စရိုက်မဆိုး၊ စရိုက်မကြမ်း၊ လူပေါ့လူသွမ်းမဖြစ်အောင် ကြပ်မတ်ကြသည်။ အပြောအဆို၊ အနေအထိုင် ယဉ်ကျေး သိမ်မွေ့အောင်၊ အလုပ်အကိုင် သေသပ်အောင် သွန်သင်ကြသည်။ ပုဆိုးလှန်းလျင် အောက်နားချင်းညီနေအောင်၊ တွန့်ကြေ မနေအောင်၊ ပစ္စည်းများထားလျှင် ညီညီညာညာဖြစ်နေအောင် စသည်တို့မှအစ သင်ပေးကြသည်။

   ညအိပ်ရာဝင်လျှင် ရတနာသုံးပါးကို ရည်မှန်းပြီး ခေါင်းအုံးကို ဦးသုံးကြိမ်မချဘဲ မအိပ်ရန်၊ နံနက်အိပ်ရာမှထထချင်း မျက်နှာသစ်ရန်၊ မျက်နှာမသစ်ရသေးဘဲ စကားမပြောရန်၊ စပြောသောစကားမှာ ကောင်းသောစကားဖြစ်ရန်မှအစ သင်ကြားကြသည်။ ပစ္စည်းဥစ္စာသည် လူနှင့်မမြဲ၊ အကျင့်စရိုက်သည်သာ လူ၌မြဲသည်ဟု ဆိုသည်။

   မိခင်များလည်း သမီးများကို မိန်းကလေးပီသရန်၊ ရှေးလူကြီးများ သတ်မှတ်ထားသည့်မိန်းကလေး အရည်အချင်းများနှင့် ပြည့်စုံအောင် မိခင်အဆက်ဆက်သင်ကြားခဲ့သည်။ ထို့ကြောင့် အိမ်ထောင်ကျသောအခါ  ယေက္ခမအိမ် လိုက်နေရသော ချွေးမဖြစ်စေ၊ သမက်ဖြစ်စေ၊ ယေက္ခမများ ငြူစူကဲ့ရဲ့ ခြင်းကို မခံရတော့ပေ။

   ယောက်ျားလေးနှင့် မိန်းကလေး သုံးနှစ်သုံးမိုး လေ့လာပြီးမှ လက်ထပ်ကြသည်ဆိုခြင်းမှာ ထိုအရည်အချင်းများရှိ၊ မရှိကို လူကြီးများကရော လူငယ်ချင်းပါ လေ့လာနိုင်ရန် ဖြစ်သည်။
   ထို့နောက် ယေက္ခမ၊ မိဘအိမ်တွင် အနည်းဆုံး သုံးနှစ်သုံးမိုး အတူနေရသေးသည်။ ထိုအခါမှ ကိုယ်ဝန်စောင့်ရှောက်နည်း၊ သားသမီးပြုစုနည်းများကိုပါ ကျွမ်းကျင်တတ်မြောက်သွားပေသည်။ မိဘများကလည်း ထိုအခါမှ စိတ်ချလက်ချ ခွဲနေခွင့်ပြုသည်။
   အခုခေတ်တွင်ကား အများမြင်သည့်အတိုင်း အစစအရာရာကို ငွေဖြင့်သာ ဖြေရှင်းနေကြပေတော့သည်။


ချောင်းဆုံအုန်းသွင်

၂၀၁၀ပြည့်နှစ်-မတ်လထုတ်-သူရဇ္ဇမဂ္ဂဇင်းမှ

credited to

ငွေဇင်ယော် 

မြန်မာဆိုက်ဘာ-စာအုပ်စင်

..

မာတိကာ


statistics

web tracker