ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Monday, August 22, 2011

သူစိမ်းအိမ်ရဲ့ အရိပ်ဝယ်

သူစိမ်းအိမ်ရဲ့ အရိပ်ဝယ်
အရှင်ဉာဏိက


ငိုမြည်တမ်းဟစ်

လွမ်းချစ်လေလဲ

စွန့်ခဲ့မြဲပင်

စဉ်ထာဝရ

ချိန်တန်ကြသော်…

ဘဝအငူ

ကမ်းဂမူလယ်

နေတူကွယ်ပျောက်

ဆီမီးတောက်ငြိမ်း

ခန္ဓာသိမ်းပြီ

သူစိမ်းအိမ်ရဲ့

အရိပ်ဝယ်…


ကိုယ်နဲ့ရင်းနှီးသူ တစ်ဦးဦး ကိုယ့်အသိုက်အမြုံ ကိုယ့်ဘဝထဲက ခွဲခွါထွက်သွားတာမျိုးနဲ့ တွေ့

ရသူတိုင်း အနည်းနဲ့အများ စိတ်မကောင်းဖြစ်မိတတ်ကြမှာပါ။ ဒီအထဲကမှ အပြီးအပိုင် ထွက်ခွါ


သွားတာမျိုးဆိုရင်ဖြင့် စိတ်မကောင်းခြင်းထက် ဝမ်းနည်းခြင်း၊ ပူဆွေးရခြင်းတွေပင် ဖြစ်ကြမှာ

ပါ။ ခွဲခွါခြင်း၊ ကွဲကွာခြင်းဆိုတာကလည်း ဘဝတစ်ခုရဲ့ အစိတ်အပိုင်းလို ဖြစ်နေတာမို့ သေကွဲ

ရှင်ကွဲ တနည်းနည်းနဲ့ ခွဲခွါရတာမျိုးကို အများအားဖြင့် ခံစားတွေ့ကြုံဖူးကြလိမ့်မယ်လို့လည်း

မှန်းဆမိပါရဲ့။



မိသားစုအပေါ်၊

ရင်းနှီးသူတွေအပေါ်၊

လူသားထုအပေါ်

ကောင်းကျိုးပြုသွားလျင်

ပြုသွားသလောက်



ကျန်ရစ်သူတွေအနေနဲ့ လွမ်းကျန် တမ်းကျန်ရစ်မှု အရှိန်မြင့်မားပေလိမ့်မယ်။ အစဉ်

ထာဝရ မေ့မရနိုင်စွာ အောင့်မေ့တသနေရတာမျိုးလည်း ဖြစ်နိုင်မယ်။ မခွဲမခွါလိုလို့ ဘယ်လိုပင်

တမ်းကာဟစ်ဟစ်၊ လျှောက်ရမယ့် လမ်းခရီးသစ်ကို သွားရဦးမည့်သူအဖို့ နားခွင့် မရှိသေး

ဘူးလေ။ ဆက်လျှောက်နေရဦးမှာ။ ငိုမျက်ရည် မစဲ အပူကဲနေသူတွေကို ခွဲခဲ့ရမှာ။ အမြဲတမ်းသာ။



ငိုမြည်တမ်းဟစ်

လွမ်းချစ်လေလဲ

စွန့်ခဲ့မြဲပင်

စဉ်ထာဝရ


အသက်ရှင်သူတွေရဲ့ ခွဲခွါခြင်းမျိုး၊ စွန့်ခွါမှုမျိုးမှာက ခွဲခွါ စွန့်ခဲ့သူက သွားနေသူ။ အသက်မဲ့

ခန္ဓာကိုယ်တစ်ခုအဖို့တော့ အစွန့်ခံသူက သက်မဲ့ခန္ဓာ။ ဘယ်လိုပင် လွမ်းလွမ်း၊ ဘယ်လောက်

ပင်ချစ်ချစ်။ ငိုမြည်တမ်းဟစ် လွမ်းချစ်လေလဲ မြေပုံစို့စို့၊ ဒါမှ မဟုတ်လည်း အုတ်ဂူမို့မို့လေး

အောက်မှာ လဲလျောင်းကျန်ရစ်ရမှာက သေသူတစ်ယောက်ထဲသာ။ အမှောင်ကမ္ဘာမှာ။ ယောင်ချာ

ချာ။ ဆုံးစ မထင်။ ကမ်းလည်းမမြင်နိုင်တဲ့ သံသရာ ပင်လယ်ပြင်မှာ။



မထင်မှတ်စွာ ကြုံလာဆုံလာကြရပြီး ဆုံကြုံရတဲ့ သူတွေအချင်းချင်း တစ်နေ့နေ့မှာတော့ ရှင်ကွဲ

သေကွဲ တစ်နည်းနည်းနဲ့ ကွဲကြရ ခွဲကြရခြင်းဆိုတာက ဖြစ်စဉ်တစ်ခုအတွင်းက မလွဲမှားတဲ့ နိယာ

မ။ တဘဝတာမှာ ခဏတာဆုံလာပြီး ကွဲကြရ၊ ခွဲကြရ။ သူလည်းခရီးသွား၊ ကိုယ်လည်း ခရီးသွား။ မောပန်းနွမ်းလျလို့ မခိုင့်တခိုင် ဘဝဆိုတဲ့ ယိုင်နဲ့နဲ့ ဇရပ်လေးတစ်ဆောင်မှာ ခဏဝင်နားနေကြ

တာ။ ခဏတွေ့ခိုက် မိရယ်ဘရယ်၊ မောင်ရယ်နှမရယ်၊ ချစ်သူခင်သူ၊ သံယောဇဉ်တွေ ထူထူနဲ့။

ကူးလူးယှက်နွယ်၊ တာတွယ်နှောင်ရစ်။ ဘဝသစ်ဖွဲ့။ ထားခဲ့နောက်ချန်။ တိမ်ပျံအလား။ မျောလွင့်

သွားရ။ တခဏသာ။



နေညိုညချမ်း ရောင်စဉ်သက်တမ်း ကုန်ခန်းချိန်မှာတော့ ခွဲခွါရခြင်း အမှောင်က ရောက်လာစမြဲ။

ကိုယ့်လမ်းကိုယ်သွားဖို့ ပြင်ကြရစမြဲ။ တစ်ဘဝတာအတွင်း ကိုယ်ထုပ်ခဲ့တဲ့ ကံထုပ်လေးတွေ

ကိုယ်စီဆွဲလို့။ အနည်းအများ၊ လွဲမှားခြင်းကံ၊ တည့်မတ်ခြင်းကံ၊ ပုံဟန်ကလည်း အမျိုးမျိုး။ ကွဲ

ခဲ့ရတဲ့သူတွေ၊ ခွဲခဲ့ရမယ့်သူတွေက၊ မျက်ရည်ကြားမှာ မှုန်ဝါးဝါး။



ချိန်တန်ကြသော်…..

အချိန်တန်တော့လည်း နေရပ်ဌာန် ပြန်ကြရတာက ဧည့်သည်တစ်ဦးအတွက် သဘာဝ။ သာမန်ဧည့်

သည်တစ်ဦးအဖို့ ကိုယ်ပြန်ရမည့် နေရာတစ်နေရာဆိုတာ ကိုယ့်အိမ်ကိုယ့်ယာလည်း ဖြစ်ကောင်း

ဖြစ်မယ်။ ကိုယ်အတန်ကြာကြာ နေထိုင်ခဲ့ဘူးတဲ့နေရာတစ်ခုလည်း ဖြစ်ကောင်းဖြစ်မယ်။ သို့မ

ဟုတ်လို့ နေရာသစ်တစ်ခုကို ဆက်လက်သွားရတာမျိုးဆိုလျင်တော့ အချိန်တန်လို့ အိမ်ပြန်ဆိုတဲ့

စကားထက် ဆက်လက်ထွက်ခွါလို့သာ ဆိုရပေမလိမ့်မယ်။



ဘဝတစ်ပါး ပြောင်းသွားသူတစ်ဦးအနေနဲ့ ကိုယ်လာခဲ့တဲ့နေရာကို ပြန်ကြရတာမျိုး ဖြစ်နိုင်ခြေ

နည်းလွန်းတယ်။ဒီတော့ ဘဝတစ်ပါး ပြောင်းသွားသူတစ်ဦးအတွက်တော့ ဘဝခရီးဆက်သူလို့သာ

ပြောရမယ်ထင်ပါရဲ့။ ခရီးဆက်နေရသူတစ်ဦးအဖို့ ဘယ်မှာ အပြီးတိုင် နားခိုနိုင်ပါဦးမလဲ။ နယ်

မြေသစ်မှာ အသစ်အသစ်တွေနဲ့ တွေ့ရလေပေဦးမယ်။ နေရာသစ်ဆိုတော့ စွန့်စားရမှုတွေ၊ ကြိုး

စားရုန်းကန်ရမှုတွေနဲ့ ပြည့်နှက်နေမှာ။ တစ်ဘဝတွင်း လူသားတစ်ဦးအဖို့ပဲ ဖြစ်ဖြစ်၊ ဘဝတစ်ပါး

ကူးလူးသွားတဲ့ သတ္တဝါတစ်ဦးဦးအတွက်ပဲ ဖြစ်ဖြစ်။



တစ်ဘဝတစ်ခန္ဓာ ချုပ်လေသမို့ သွားရမည့်သူအဖို့မှာက သွားရမည့်နေရာဟာ ကိုယ့်အိမ်ဂေဟာ

မဟုတ်လေဘူးလေ။ နောက်ပြီး သွားရမည့်နေရာကလည်း ကိုယ်ထာဝရ အနားယူလဲလျောင်းလိုတဲ့

နေရာတစ်ခုလည်းပဲ ဟုတ်ကောင်းမှ ဟုတ်မှာပေါ့။ သိကျွမ်းသူ၊ ရင်းနှီးခင်မင်သူတွေကို စွန့်ခွါ

လို့ တကယ်တော့ သွားရောက်နားခိုရမည့် ဒီနေရာလေးဟာ ကိုယ့်အတွက်တော့ တကယ့်ကို စိမ်း

နေလေတဲ့ သူစိမ်းတွေရဲ့ နယ်မြေလေးသာပါ။ ဘဝဆိုတဲ့ သောင်အငူလေးတစ်ခုမှာ ရပ်တည်နေ

ရတဲ့အနေအထားဆိုတာက လေလာရင်လည်း ယိုင်လုလု၊ ရေလာရင်လည်း မြုပ်လုလု။ အထု

အထယ်မဲ့မဲ့။ ယဲ့ယဲ့လေးမျှသာ။



နေညိုညချမ်းအချိန်ရောက်လေပြီမို့ ကမ်းလေးတစ်ခုမှာ လာရောက်နားခိုနိုင်ခွင့် အချိန်က ကုန်

လွန်ခဲ့ပြီလေ။ တစ်ဘဝတာ တောက်ပခဲ့တဲ့ ဘဝအလင်းရှိန်လည်း တစ်နေ့ကုန်လို့ ကွယ်ပျောက်

လေတဲ့ နေမင်းအလား။ ဘဝသောင်စွန်းကနေ ကွယ်ပျောက်ခဲ့လေပြီပေါ့။ အမှောင်ချိန် ကျရောက်

လို့လာလေပြီ။



အမှောင်ကြောက်လို့ ထွန်းညှိခဲ့တဲ့ ဆီမီးတိုင်လေးဆီမှာ မီးစာလည်းကုန် ဆီလည်းခန်းသွားခဲ့

လေပြီ။ အလင်းစက တစစ ပိုမိုကာ ပါးလျပါးလျလာမှုနဲ့အတူ အမှောင်လွှာက ထူထူလာခဲ့။ ပိန်း

ပိတ်အောင် မှောင်လွန်းတဲ့ အမှောင် ကမ္ဘာထဲမှာ စမ်းတဝါးဝါး။ အဖော်မဲ့စွာ တစ်ယောက်ထဲသာ။

သူစိမ်းတွေရဲ့ အလည်မှာဆိုတာက ပျော်စရာကို မျှဝေစရာ မရှိသလို လွမ်းစရာဆိုလည်း ဖြေစရာ

က မဲ့နေတတ်တာ။ ဒါက သံသရာ ခရီးသွားတစ်ဦးရဲ့ ဖြစ်လေ့ဓမ္မတာ။

ဘဝအငူ

ကမ်းဂမူလယ်

နေတူကွယ်ပျောက်

ဆီမီးတောက်ငြိမ်း

ခန္ဓာသိမ်းပြီ

သူစိမ်းအိမ်ရဲ့

အရိပ်ဝယ်…


(တစ်ခုသော အသုဘ အခမ်းအနားက အပြန်)

အရှင်ဉာဏိက

မာတိကာ


statistics

web tracker