ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Thursday, August 11, 2011

မမြင်ရသောအနာ THE INVISIBLE WOUND

မမြင်ရသောအနာ
THE INVISIBLE WOUND
မောင်ထွန်းသူ
      တစ်နံနက်ခင်းတွင် နာမည်ကြီး ခွဲစိတ်ကုဆရာဝန်ကြီးထံသို့ အရေးတကြီးလူနာတစ်ဦး ရောက်လာသည်။ သူရောက်လာချိန်တွင် ဆရာဝန်ကြီးမှာ အိပ်ရာမှပင် မနိုးသေး။ လူနာက သူ့ကိစ္စမှာ အလွန်အရေးကြီးသဖြင့် တစ်မိနစ်ခန့်ပင် ရွှေ့ဆိုင်း၍မဖြစ်ဟု ပြောသည်။ သူ့အား ချက်ချင်း ကြည့်ရှုကုသပေးမှ ဖြစ်မည်ဟုလည်း ဆိုနေသည်။ ဆရာဝန်ကြီးသည် အိပ်ရာမှ လူးလဲထကာ သူ့အိမ်စေအား ခေါင်းလောင်းတီး ခေါ်သည်။
      “လူနာကို ဝင်ခွင့်ပေးလိုက်ပါ” ဟု အစေခံအား ပြောသည်။

      သူ့ထံရောက်လာသူမှာ အထက်တန်းစားအလွှာမှ လူတစ်ယောက် ဖြစ်ပုံရ၏။ အဆင့်အမြင့်ဆုံးသော လူ့အဖွဲ့ အစည်းမျ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ သူ၏ ဖြူရော်ရော်မျက်နှာနှင့် ဝေဒနာတစ်ခုခုကို ခံစားနေရကြောင်း ဖော်ပြလျက်ရှိ၏။ သူ၏ ညာဘက်လက်ကို ကြိုးနှင့် သိုင်း၍ချည်ထားသည်။ သူ့မျက်နှာ အသွင်အပြင်သည် တည်ငြိမ်လျက်ရှိသော်လည်း သူ့နှုတ်မှ နာကျင်မှုကြောင့် ဖြစ်ပေါ်လာသော ညည်းသံသည် မကြာခဏ ထွက်ပေါ်လာလျက် ရှိလေ၏။
      “ထိုင်ပါ၊ ကျွန်တော် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ”
      “ ကျွန်တော် မအိပ်နိုင်တာ သီတင်းတစ်ပတ်လောက် ရှိသွားပြီခင်ဗျ။ ကျွန်တော့် ညာဘက်လက်ဟာ ဝေဒနာတစ်ခု ခံစားနေရလို့ပါ။ ဘာဖြစ်တယ်ဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒီအနာဟာ ကင်ဆာလည်း ဖြစ်ချင်ဖြစ်မယ်။ တခြားရောဂါ တစ်ခုခုကြောင့် ဖြစ်လာတဲ့အနာလည်း ဖြစ်ချင်ဖြစ်မယ်။ ပထမအစတုန်းကတော့ ကျွန်တော့်ကို ဒုက္ခသိပ်မပေးခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းကျတော့ နာလာတယ်၊ မနာမကျင်နေရတဲ့ အချိန်ရယ်လို့ နည်းနည်းကလေးမှ မရှိတော့ဘူး။ တဖြည်းဖြည်းနဲ့ မခံမရပ်နိုင်လောက်အောင် နာလာတယ်။ နာကျင်တဲ့ ဝေဒနာက နာရီပိုင်းနဲ့အမျှ တိုးလို့သာလာတယ်။ သိပ်ပြီး မခံမရပ်နိုင်လောက်အောင်ကို နာနာလာတာပါ။ ဒါကြောင့် ကျွန်တော် ဒေါက်တာ့ဆီ ပြေးလာခဲ့တာပါ။ နောက်ထပ်သာ ဒီဝေဒနာကို ဆက်ပြီး ခံစားရမယ်ဆိုရင် ကျွန်တော် ရူးပါလိမ့်မယ်။ ဒေါက်တာ့အနေနဲ့ ဒီအနာကို မီးရှို့ရင်လည်း ရှို့ပေးပါ။ ခွဲရင်လည်း ခွဲပေးပါ။ ဒါမှမဟုတ်လည်း တစ်ခုခုတော့ လုပ်ပေးပါ။
      ဆရာဝန်က လူနာအား ခွဲစိတ်ကုသပေးရသည်အထိ လိုအပ်လိမ့်မည်ဟု မထင်ကြောင်းပြောပြသည်။
      “မဟုတ်သေးဘူး ဒေါက်တာ၊ မဟုတ်သေးဘူး” ဟု လူနာက ပြောသည်။
      “ဒီအနာဟာ ခွဲမှကို ဖြစ်မှာပါ။ ကျွန်တော် ဒီကိုလာတာဟာ နာနေတဲ့အနာကို လှီးထုတ်ပစ်စေချင်လို့ပါ။ တခြား ဘယ်နည်းနဲ့မှ ကုလို့ရမယ် မထင်ဘူးခင်ဗျ”
      သူသည် ပြောပြောဆိုဆို ကြိုးသိုင်းထဲရောက်နေသည့် လက်ကို ပင်ပန်းကြီးစွာ ဆွဲထုတ်လိုက်ပြီး စကားကို ဆက်သည်။
      “ကျွန်တော့်လက်ပေါ်မှာ ဘာအနာမှ မမြင်တော့လည်း ဒေါက်တာ အံ့သြနေမှာပဲ။ ဖြစ်ပုံကတော့ အတော့်ကို ထူးခြားနေပါတယ်”
      ဆရာဝန်ကလည်း မည်မျှပင် ထူးခြားစေကာမူ သူ အံ့သြလေ့မရှိပါဟု လူနာအား ပြောပြသည်။ သို့တစေလည်း လူနာ၏အနာကို ကြည့်အပြီးတွင်မူ အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်။ အဘယ်ကြောင့်ဆိုသော် လူနာပြသောနေရာတွင် လုံးဝ ဘာဒဏ်ရာမှ မရှိ။ တခြားသောလက်တွေနှင့် ဘာတစ်ခုမှ ခြားနားခြင်းမရှိ၊ အရောင်အဆင်းပင် ချို့ယွင်းပျက်ပြားခြင်း မရှိ။ ဤသို့ တွေးနေရသည့်အထဲမှာပင် လူနာသည် နာကျင်မှုဝေဒနာကို ပြင်းစွာခံနေရသည်မှာ သိသာထင်ရှားလျက် ရှိ၏။
      “ဘယ်နေရာက နာနေတာလဲ”
      လူနာက အကြောကြီးနှစ်ခုကြားမှ နေရာကိုထောက်ပြသည်။ ဆရာဝန်က သူပြသောနေရာကို လက်ညှိုးထိပ်ဖြင့် ထောက်ကြည့်သည်။
      “နာနေတာ ဒီနေရာနော်”
      “ဟုတ်ပါတယ်၊ တအားကို နာနေတာပါ”
      “ကျွန်တော် လက်ညှိုးနဲ့ ထိုးကြည့်တုန်းကတော့ ခင်ဗျား ဘယ်လိုခံစားရသလဲ”
      လူနာက မဖြေ။ သို့တစေလည်း လူနာ၏ မျက်လုံးအစုံတွင် ဝဲနေသည့်မျက်ရည်များအရ သူဘယ်လို ခံစားနေရသည်ကို ဖော်ပြလျက် ရှိလေသည်။
      “အတော့်ကို ထူးဆန်းတာပဲ။ ကျွန်တော်ဖြင့် ဘာမှမတွေ့ဘူး”
“ကျွန်တော်လည်း ဒေါက်တာ့လိုပါပဲ။ ဘာမှမတွေ့ဘူး။  ဒါပေမဲ့ နာတာကတော့ အဲဒီနေရာက နာနေတာပဲ။
အခုလို ဝေဒနာခံစားနေရမယ့်အစား သေသွားတာကမှ ကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်”
      ခွဲစိတ်ကုဆရာဝန်သည် နေရာကို မိုက်ခရိုစကုပ် မှန်ဘီလူးဖြင့် ကြည့်ရုံမျှမက လူနာ၏ ကိုယ်အပူချိန်ကိုပါ တိုင်းကြည့်ပြီး နောက်ဆုံးတွင် ခေါင်းယမ်းသည်။
      “အရေပြားပေါ်မှာလည်း ဘာဆိုဘာမှမဖြစ်ဘူး။ တကယ့် အကောင်းပကတိပဲ။ သွေးလွှတ်ကြောလည်း ကောင်းနေတာပဲ။ အဲဒီနေရာမှာ ဖုဖောင်းနေတာလဲ မတွေ့ဘူး။ တခြားလက်တွေနဲ့ ဘာမှမခြားဘူး။ အတူတူပဲ”
      “ကျွန်တော်ကတော့ အဲဒီနေရာဟာ တခြားနေရာတွေထက် ပိုပြီး နီရဲနေတယ်လို့ ထင်တာပဲ”
      “ဘယ်နေရာလဲ”
      လူနာသည် သူ့လက်ပေါ်မှ တစ်နေရာကို ဝိုင်းပြသည်။ ကြေးပြားတစ်ပြား အရွယ်ခန့်ရှိ၏။
      “ဒီနေရာခင်ဗျ”
      ဆရာဝန်သည် လူနာအား စေ့စေ့ကြည့်သည်။ သူသည် အရူးတစ်ယောက်နှင့် ဆက်ဆံနေရပြီဟု တွေးစပြုလျက်ရှိသည်။
      “ခင်ဗျား မြို့ထဲမှာ ခဏတစ်ဖြုတ်နေဖို့တော့ လိုပေလိမ့်မယ်။ ဒါဆိုရင် နောက် ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ခင်ဗျားကို ကူညီနိုင်အောင် ကြိုးစားပေးပါ့မယ်” ဟု ဆရာဝန်က ပြောသည်။
      “ကျွန်တော် တစ်မိနစ်တောင် မစောင့်နိုင်ဘူးခင်ဗျ။ ကျွန်တော့်ကို ရူးနေတယ်လို့ မထင်ပါနဲ့ ဒေါက်တာ။ အတွေးအမြင်တွေ အံချော်နေပြီလို့လည်း မယူဆပါနဲ့။ မမြင်ရတဲ့ အနာဟာ မခံနိုင်လောက်အောင် နာနေတာ အမှန်ပါ။ ဒေါက်တာ့အနေနဲ့ ကျွန်တော်ပြတဲ့နေရာကို ခွဲစိတ်ပေးစေချင်ပါတယ်”
      “ကျွန်တော် လုပ်မပေးနိုင်ပါဘူးခင်ဗျာ”
      “ဘာကြောင့်လဲ ဒေါက်တာ”
      “ဘာကြောင့်လဲဆိုတော့ ခင်ဗျားလက်မှာ ဘာမှမဖြစ်လို့ပါ။ ခင်ဗျားလက်က ကျွန်တော့်လက်လို ကောင်းနေတာပဲ”
      “ဒေါက်တာက ကျွန်တော့်ကို အရူးတစ်ယောက်လို ထင်နေပုံပေါ်တယ်။ ဒါမှမဟုတ်လည်း ကျွန်တော် ခင်ဗျားကို လာပြီးလိမ်နေတယ်လို့များ ထင်နေသလား” ဟု လူနာက ပြောကာ သူ့ပိုက်ဆံအိတ်ထဲမှ ဖလော်ရင့်တစ်ထောင်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်၍ စားပွဲပေါ် ချလိုက်သည်။
      “ကျွန်တော် စိတ်ဆန္ဒ ပြင်းပြင်းပြပြနဲ့ ပြောနေတာပါ။ ဒီကိစ္စဟာ ကျွန်တော့်အဖို့ ငွေတစ်ထောင် ပေးချင်လောက်အောင်ကို အရေးကြီးပါတယ်။ ကျေးဇူးပြုပြီး ခွဲသာခွဲပေးပါ ဒေါက်တာ”
      “တကယ်လို့ ကမ္ဘာပေါ်မှာ ရှိရှိသမျှငွေအားလုံး ပေးပါ့မယ်လို့ ခင်ဗျားက ကမ်းလှမ်းရင်လည်း တကယ့်ပကတိ ကောင်းနေတဲ့လက်ကို ခွဲစိတ်ဓါးနဲ့ထိဖို့ ကျွန်တော် လုံးဝ စိတ်မကူးဘူး”
      “ဘာကြောင့်လဲဗျာ”
      “ရှင်းပါတယ်။ အလုပ်ရဲ့ကျင့်ဝတ်နဲ့ လုံးဝ မကိုက်ညီလို့ပါ။ တစ်ကမ္ဘာလုံးက ခင်ဗျားကို အရူးလို့ ခေါ်ကြလိမ့်မယ်။ ကျွန်တော့်ကိုလည်း ခင်ဗျားရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လုပ်တယ်လို့ စွပ်စွဲကြမှာ သေချာတယ်။ ပြီးတော့ မရှိတဲ့အနာကို ဘယ်နည်းနဲ့မှ ကျွန်တော် စစ်တမ်းမထုတ်နိုင်ဘူးလို့ ပြောကြမှာ”
      “ဒီလိုဆိုရင်လည်း ကောင်းပါပြီ။ ခင်ဗျား ကျွန်တော့်ကို နောက်ထပ်တစ်ခု ကူညီဖို့ မေတ္တာရပ်ခံပါရစေ။ ခွဲစိတ်တဲ့ အလုပ်ကို ကျွန်တော့်ဘာသာ ကျွန်တော်ပဲလုပ်ပါ့မယ်။ ဒါပေမဲ့ ဒီအလုပ် လုပ်နေတဲ့နေရာမှာ ကျွန်တော့် ဘယ်လက်က သေသေသပ်သပ်ရှိဖို့ မလွယ်လှဘူးခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော် ဒေါက်တာ့ကို ပြောချင်တာက ကျွန်တော်ခွဲစိတ်အပြီးမှာ အနာကို ဂရုတစိုက် ကြည့်ရှုကုသပေးဖို့ပါ”
      ဤကိစ္စအပေါ်တွင် များစွာ အလေးအနက်ထားနေသော လူနာ၏ အဖြစ်ကို ကြည့်ကာ ခွဲစိတ်ကုဆရာဝန်သည် များစွာ အံ့အားသင့်လျက်ရှိသည်။ ကုတ်အင်္ကျီကိုချွတ်ကာ ရှပ်အင်္ကျီလက်မောင်းကို ပင့်တင်နေသော လူနာအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိ၏။ လူနာသည် သူ့အိတ်ထဲမှ အိတ်ဆောင်မောင်းချဓါးကို ထုတ်ယူလျက် ရှိလေပြီ။ ဆရာဝန် ကြားမှဝင်၍ မတားမီ လူနာသည် သူ့လက်ပေါ်တွင် ခပ်နက်နက်တစ်ချက် ခွဲလိုက်သည်ကို မြင်ရလေ၏။
      “မလုပ်နဲ့၊ ရပ်လိုက်” ဟု ဆရာဝန်က အော်သည်။ သူသည် အကြောပြတ်သွားမည်ကို စိုးရိမ်ပြီး အော်လိုက်ခြင်းဖြစ်သည်။
      “မခွဲရင်မဖြစ်ဘူးလို့ ခင်ဗျားထင်နေရင် ကောင်းပြီ၊ ကျုပ် ခွဲပေးမယ်”
      ဆရာဝန်သည် လူနာအား ခွဲစိတ်ပေးရန် ပြင်ဆင်သည်။ တကယ်တမ်း ခွဲသည့်အခါ ဆရာဝန်က သူ့လူနာအား မျက်နှာကို တစ်ဖက်သို့လွှဲထားရန် အကြံပြုသည်။ အကြောင်းမှာ ယေဘုယျအားဖြင့် လူအများသည် သူတို့သွေးကို မြင်ရသည့်အခါ စိတ်မကောင်း ဖြစ်တတ်ကြသည် မဟုတ်လား။
      “မလိုအပ်ပါဘူး” ဟု လူနာက ဖြေသည်။
      “ကျွန်တော့်အနေနဲ့ ဘယ်လိုခွဲရမယ်ဆိုတာ ပြောပေးမှ ဖြစ်မယ်။ ဒါမှလည်း ဘယ်လောက်အထိ ခွဲရမယ်ဆိုတာ ဒေါက်တာသိမှာပေါ့”
      လူနာသည် ခွဲစိတ်မှုကို ဥပေက္ခာပြုထားသည်။ သူ့ညွှန်ကြားချက်သည် ခွဲစိတ်နေသူအတွက် များစွာအကူအညီရသည်။ လူနာ၏လက်သည် တုန်ယင်လှုပ်ရှားခြင်းပင် မဖြစ်။ လူနာပြထားသည့် အဝိုင်းကလေးကို ခွဲထုတ်လိုက်သည့်အခါ လူနာသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့ပခုံးများပေါ်က ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လွှတ်ချလိုက်ရ၍ စိတ်ကြည်လင် ပေါ့ပါးသွားသည့်နှယ် မြူးတူးရွှင်လန်းလာသည်။
      “အခုကော၊ ခင်ဗျား နာသေးသလား” ဟု ခွဲစိတ်ကုဆရာဝန်က မေးသည်။
      “နည်းနည်းကလေးမှ မနာတော့ဘူး” ဟု လူနာက ပြုံးရယ်ပြီး ပြောသည်။
      “နာကျင်မှုကို ဖြတ်ထုတ်လိုက်သလို ခံစားနေရတယ်။ ဓါးနဲ့ လှီးခံလိုက်ရတာလည်း နည်းနည်းကလေးပဲ နာတာပါ။ အပူကြီးတစ်ခု ခံစားနေရပြီးတဲ့နောက် လေအေးလေးတစ်ချက် ဖြန်းလိုက်သလိုပဲ။ ကျွန်တော့်အဖို့တော့ ဝေဒနာသက်သာသွားတော့ စိတ်ကို အေးသွားတာပဲ”
      ဒဏ်ရာကို ပတ်တီးစည်းအပြီးတွင် လူနာသည် ပို၍ ပျော်ရွှင်လာသည်။ သာယာကျေနပ်မှုသည်လည်း တိုးလာသည်။ သူသည် စောစောကလူနှင့် မတူတော့။ သိသိသာသာကြီး ပြောင်းသွား၏။ သူသည် သူ၏ ဘယ်ဘက်လက်နှင့် ဆရာဝန်၏လက်ကို ကျေးဇူးတင်လွန်းသဖြင့် တအားဆွဲဆုပ်ထားသည်။
      “ကျွန်တော် ဒေါက်တာ့ကို သိပ်ပြီး ကျေးဇူးတင်တာပဲခင်ဗျာ”
      ခွဲစိတ်ကုသမှုအပြီး နောက်ပိုင်းတွင် ဆရာဝန်သည် လူနာတည်းခိုရာ ဟိုတယ်သို့ ရက်ပေါင်းများစွာ အလည်ရောက်သည်။ လူနာမှာ ပညာတတ်တစ်ဦး ဖြစ်၏။ အလွန်လည်း ယဉ်ကျေးသိမ်မွေ့၏။ သူသည် ကောင်တီခရိုင် နယ်မြေအတွင်း၌ မြင့်မားသောရာထူး ရထားသူဖြစ်သည်။ အမြင့်မားဆုံးသော မိဘမျိုးရိုးမှ ပေါက်ဖွားလာသူဖြစ်သည်။
      ဒဏ်ရာ လုံးဝ ပျေုာက်ကင်းသွားသည့်အခါ လူစိမ်းသည် သူ၏ တောင်းပိုင်းဒေသမှ နေအိမ်သို့ ပြန်သွားလေသည်။
      နောက် သီတင်းသုံးပတ်အကြာတွင် လူစိမ်းသည် လူနာအဖြစ်ဖြင့် ခွဲစိတ်ကုဆရာဝန်၏ ဆေးခန်းသို့ ပြန်ရောက်လာသည်။ သူ့လက်ကို ယခင်တစ်ခေါက်လိုပင် ကြိုးနှင့် သိုင်းချည်ထားသည်။ သူက ခွဲစိတ်ကုသမှု မခံယူမီက နာကျင်ခဲ့သောနေရာကိုပင် ပြ၍ ထိုနေရာမှ အဆမတန် နာကျင်နေပြန်ပြီဟု ပြောသည်။
      သူ့မျက်နှာမှာ ဖယောင်းသားလို ဖြူဖွေးလျက်ရှိ၏။ သူ့နဖူးတွင် ချွေးသီးချွေးပေါက်များ စို့နေသည်။ သူသည် လက်တင်ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်သည်။ သူသည် စကားတစ်ခွန်းမှမပြောဘဲ သူ့ညာလက်ကို ဆရာဝန်သို့ ဆန့်တန်းပြသည်။
      “ဘာဖြစ်လာပြန်ပြီလဲ”
      “ခင်ဗျားခွဲတာ သိပ်မနက်ဘူး” ဟု လူစိမ်းက ပြောသည်။
      “အရင်တုန်းကလို ပြန်နာတာပဲ။ နာတာက အရင်ကထက်တောင်မှ ဆိုးလာတယ်။ ကျွန်တော် ခင်ဗျားကို ဒုက္ခထပ်မပေးချင်လို့ အောင့်အည်းပြီး နေခဲ့ပါတယ်။ ဒါပေမဲ့ မရဘူး။ ခင်ဗျား ထပ်ခွဲပေးမှ ဖြစ်တော့မှာပဲ”
      ဆရာဝန်သည် လူနာပြသည့်နေရာကို အသေအချာ စစ်ဆေးကြည့်သည်။ ထိုနေရာသည် ယခင်တစ်ခေါက် ရောက်လာစဉ်က သူခွဲပေးခဲ့သော နေရာပင်ဖြစ်၏။ ခွဲပေးခဲ့သောအနာမှာ လုံးဝ ပျောက်ကင်းနေပြီဖြစ်၍ အသားသစ်များဖြင့် ပြည့်နေလေပြီ။ ဘယ်အကြောကိုမှ ထိခိုက်ခဲ့ပုံမပေါ်။ သွေးခုန်နှုန်းမှာလည်း ပုံမှန်အနေအထားမှာပင် ရှိ၏။ဖျားနာခြင်းမရှိသော်လည်း လူနာ၏ တစ်ကိုယ်လုံးသည် ဆိုးဆိုးဆတ်ဆတ်တုန်လျက် ရှိလေသည်။
      “ကျွန်တော့်တစ်သက်မှာ ဒီလိုအဖြစ်မျိုးကို တွေ့လည်း မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး”
      ဆရာဝန်အနေဖြင့် နောက်တစ်ကြိမ် ခွဲစိတ်ပေးရုံမှတစ်ပါး အခြားလုပ်စရာဟူ၍ ဘာတစ်ခုမှ မရှိပေ။ အားလုံးပင် ယခင် ပထမအခေါက်က ဖြစ်ခဲ့ပျက်ခဲ့သည့်အတိုင်း ဖြစ်ပျက်သွားသည်။ နာကျင်မှုဝေဒနာသည် ရပ်သွားပြန်သည်။ လူနာအနေဖြင့် ကိုယ်ရောစိတ်ပါ များစွာ သက်သာရာရသွားသော်လည်း ယခင် တစ်ကြိမ်တုန်းကလို ပြုံးနိုင်ရယ်နိုင်ခြင်း မရှိတော့ပေ။ ဆရာဝန်အား ကျေးဇူးတင်စကား ပြောသည့်အခါတွင်လည်း ယခင်တုန်းကလို ပျော်ရွှင်ခြင်းကို မပြနိုင်တော့ပေ။ စိတ်ထိခိုက်ကြေကွဲနေခြင်းကိုသာ ဖော်ပြလျက် ရှိလေသည်။
      “နောက်တစ်လအကြာမှာ ခင်ဗျားဆီ ကျွန်တော် ပြန်ရောက်ဦးမှာပဲ။ အဲဒီအခါကျရင်တော့ ခင်ဗျား အံ့အားသင့်စရာ မလိုတော့ပါဘူး” ဟု လူနာက ပြန်တော့မည်အပြုတွင် ပြောသည်။
      “ဒီအကြောင်းကို မတွေးပါနဲ့ဗျာ”
      “ဒီကိစ္စက ကောင်းကင်ဘုံမှာ ဘုရားသခင်ရှိတယ်ဆိုတဲ့ စကားလိုပါပဲ။ မလွဲမသွေ ရှိလာဦးမှာပါ” ဟု လူနာက ပြောကာ “ကဲ ကျွန်တော် နှုတ်ဆက်ပါတယ်။ ဂွတ်ဘိုင်” ဟု ထပ်ပြောသည်။
      ခွဲစိတ်ကုဆရာဝန်သည် ဤကိစ္စကို သူ့မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များအား ပြောပြကာ ဆွေးနွေးဝေဖန်သည်။ အားလုံးက ထင်မြင်ချက် အမျိုးမျိုးပေးကြသည်။ သို့သော်လည်း မည်သူမှ ကျေနပ်လောက်သည့်အဖြေကို မပေးနိုင်ကြချေ။
      တစ်လလွန်သွားပြီ။ လူနာပေါ်မလာချေ။ နောက်ထပ် သီတင်းပတ်အနည်းငယ်မျှ ကုန်လွန်သွားသော်လည်း လူနာရောက်မလာပေ။ လူနာရောက်လာမည့်အစား လူနာ၏အိမ်မှ စာတစ်စောင် ရောက်လာသည်။ လူနာတွင် နာကျင်မှုဝေဒနာ နောက်ထပ်ပေါ်မလာတော့ဟု တွေးလိုက်မိသော ဆရာဝန်သည် ကျေနပ်အားရသောစိတ်ဖြင့် စာကိုဖောက်သည်။

ချစ်လှစွာသောဒေါက်တာ...
      ကျွန်တော့်ဒုက္ခရဲ့ မူလအစကို ဖုံးကွယ်ထားခြင်းအားဖြင့် ခင်ဗျားရဲ့ရင်ထဲမှာ သံသယစိတ်တွေ မများစေချင်ဘူး။ ဒီလျှို့ဝှက်ချက်ကို ကျွန်တော် မြေကြီးအောက် ရောက်တဲ့အထိလည်း ယူမသွားချင်ဘူး။ ကျွန်တော် ခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်လို့ ဒီအဖြစ်ရဲ့သမိုင်းကြောင်းကို ခင်ဗျားသိစေချင်တယ်။ အခုဆိုရင် ဒီဝေဒနာ ကျွန်တော့်ဆီ ပြန်လာနေတာ သုံးကြိမ်ရှိသွားပြီ။ ကျွန်တော် ဒီစာကို ရေးနိုင်ဖို့အတွက် ကျွန်တော့်လက်က နာနေတဲ့နေရာပေါ်မှာ မီးစွဲနေတဲ့ ကျောက်မီးသွေးခဲတစ်ခဲကို တင်ထားရတယ်။ အဲဒါမှလည်း အထဲကလှိုက်ပြီး နာနေတဲ့အနာဟာ သက်သာဖို့ ရှိပါတယ်။
      လွန်ခဲ့တဲ့ ခြောက်လတုန်းကတော့ ကျွန်တော်ဟာ ဒီလောကမှာ အလွန်ပျော်တဲ့လူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဟာ လူချမ်းသာတစ်ယောက်ပါ။ ရောင့်ရဲတင်းတိမ်မှုကလည်း အပြည့်။ အသက် ၃၅ နှစ်အရွယ် ယောက်ျားတစ်ယောက်အဖို့ အရာရာတိုင်းဟာ ဝမ်းသာကျေနပ်စရာတွေပါပဲ။ ကျွန်တော်ဟာ လွန်ခဲ့တဲ့တစ်နှစ်က လက်ထပ်ခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး အချစ်ပြိုင်ပွဲကလေးတစ်ခုလိုဖြစ်ပြီး ယူခဲ့ကြတာပါ။ ကျွန်တော့်ဇနီးဟာ အလွန်လှ၊ အလွန်ချောတဲ့ ကရုဏာရှင်မတစ်ယောက်ပါ။ ယဉ်ကျေးသိမ်မွေ့တာကလည်း အလွန်ပါပဲ။ သူဟာ ကျွန်တော့်ခြံနဲ့ သိပ်မဝေးတဲ့ နေရာတစ်ခုက မြိုးစားကတော်တစ်ဦးရဲ့ အဖော်ပါ။
      သူမဟာ ကျွန်တော့်ကို ချစ်ပါတယ်။ ကျေးဇူးလည်း အလွန်သိတတ်ပါတယ်။ ကျွန်တော်တို့ဟာ ခြောက်လခရီးကို ပျော်ပျော်ပါးပါး လျှောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝဟာ နေ့စဉ်နဲ့အမျှ ပျော်ရွှင်သာယာမှုကို ရနေတဲ့ဘဝပါ။ ကျွန်တော် မြို့ပေါ်သွားရင် သူမဟာ မိုင်အတော်ဝေးဝေး လမ်းလျှောက်ပြီး ကျွန်တော့်ကို ကြိုတတ်ပါတယ်။ သူဟာ ကျွန်တော့်အနားက တစ်ဖဝါးမခွာနေတတ်တဲ့ မိန်းမပါ။ တစ်ခါတလေ သူမရဲ့ သခင်မဖြစ်ခဲ့ဖူးတဲ့ မြို့စားကတော်ဆီ သွားလည်တတ်ပါတယ်။ ဒါလည်းပဲ နာရီပိုင်းပဲ ကြာပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုပဲ တမ်းတမ်းတတ ပြောနေတတ်တော့ သူနဲ့ခဏတစ်ဖြုတ် အဖော်လုပ်ရသူအနေနဲ့ နေရထိုင်ရတာ အဆင်မပြေဘူးပေါ့။ သူဟာ ဘယ်ယောက်ျားနဲ့မှ တွဲမကတတ်ဘူး။ တကယ်လို့များ အိပ်ပျော်နေတုန်း အိပ်မက်မက်တဲ့အခါ တခြားယောက်ျားတစ်ယောက်နဲ့ တွဲကရတယ်လို့မက်ရင် အလွန်ကြီးမားတဲ့ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်မိပြီလို့ ယူဆတတ်ပါတယ်။ သူဟာ အင်မတန် ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သူတစ်ဦးပါ။
      ကျွန်တော်ကတော့ ဒါတွေဟာ သူ့ရဲ့ဟန်ဆောင်မှုတွေလို့ ထင်မိခဲ့ပါတယ်။ ဘာကြောင့် အဲဒီလို ထင်မိတယ်ဆိုတာတော့ ကျွန်တော် မပြောတတ်ပါဘူး။ ယောက်ျားတွေဟာ သူတို့ရဲ့ ကြီးမားတဲ့ သာယာပျော်ရွှင်မှုတွေရဲ့ အလယ်မှာ ဆင်းရဲဒုက္ခကို ရှာချင်တတ်သည်အထိ မိုက်မဲတတ်ကြပါတယ်။
      သူ့မှာ အပ်ချုပ်စက်ကလေးတစ်လုံး ရှိပါတယ်။ အဲဒီစက်ရဲ့ အံဆွဲလေးတစ်လုံးကို သူအမြဲတမ်းသော့ခတ်ပြီး ပိတ်ထားတတ်ပါတယ်။ သူဟာ အဲဒီအံဆွဲလေးကို အမြဲတမ်းသော့ခတ်ထားရုံမကဘူး၊ သော့ကိုလည်း အလွယ်တကူ ထားလေ့မရှိဘူး။ သူဘာကြောင့် အဲဒီလောက် သတိထားပြီး ပိတ်နေရတာလဲ။ ကျွန်တော့်စိတ်ထဲမှာ မနာလိုဝန်တိုဖြစ်ပြီး ရူးမတတ်ခံစားရပါတယ်။ သူမရဲ့ ရိုးသားဖြူစင်တဲ့ မျက်လုံးတွေ၊ သူမရဲ့အနမ်းတွေနဲ့ အပွေ့အဖက်တွေအပေါ်မှာ ကျွန်တော် အယုံအကြည် မရှိဘူး။ အဲဒါတွေအားလုံးဟာ ကောက်ကျစ်စဉ်းလဲတဲ့ မာယာတွေလို့ ထင်မိတယ်။
      တစ်ရက်မှာတော့ မြို့စားကတော် ရောက်လာပြီး ခေါ်တယ်။ ရဲတိုက်မှာ တစ်နေ့ နေဖို့လည်း ပြောတယ်။ ကျွန်တော်ကလည်း နေ့ခင်းမှာ လိုက်လာခဲ့မယ်လို့ ကတိပေးလိုက်ပါတယ်။
      ကျွန်တော် အပ်ချုပ်စက်အံဆွဲကို ဖွင့်ဖို့ အားထုတ်နေခိုက်မှာပဲ မြင်းရထားဟာ ခြံဝင်းထဲက ထွက်သွားပါတယ်။ ကျွန်တော် သော့တွေအများကြီးနဲ့ ဖွင့်ပါတယ်။ နောက်ဆုံးတော့ သော့တစ်ချောင်းနဲ့ ဖွင့်လို့ရပါတယ်။ ပိုးကြိုးကလေးနဲ့ စည်းထားတဲ့ အမျိုးသမီးသုံး ပစ္စည်းတွေကြားထဲမှာ စာထုပ်တစ်ထုပ် တွေ့ပါတယ်။ ပန်းရောင်ကြိုးကလေးနဲ့ လှလှပပထုပ်ထားတဲ့ စာတွေဟာ ရည်းစားစာတွေပါ။
      အခုလို တိတ်တဆိတ် ကျိတ်ပြီး သူတစ်ပါးရဲ့ ပစ္စည်းတွေကို ခိုးကြောင်ခိုးဝှက်ကြည့်တာဟာ အင်မတန် ဂုဏ်သိက္ခာကင်းမဲ့တဲ့ အလုပ်ဆိုတာ ကျွန်တော် မစဉ်းစားဘဲ မနေနိုင်ပါဘူး။ ကျွန်တော့်ဇနီးရဲ့ ငယ်စဉ်က လျှို့ဝှက်ချက်တွေကို လိုက်လံရှာဖွေနေတာပါ။ ဒါဟာ အလွန်ယုတ်ညံ့ပြီး အောက်တန်းကျတဲ့ အလုပ်ဆိုတာ သိနေပေမယ့် တစ်စုံတစ်ရာက ကျွန်တော့်ကို မလုပ်လုပ်အောင် တိုက်တွန်းနေလေတော့ လုပ်ခဲ့မိပါတယ်။ ဒီစာတွေဟာ သူ့ဘဝရဲ့နောက်ပိုင်းကာလတုန်းက ပိုင်ဆိုင်ခဲ့တာ ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော်ဟာ ပန်းနုရောင်ပိုးကြိုးလေးကို ဖြေပြီး စာတွေကို တစ်စောင်ပြီးတစ်စောင် ဖတ်ပါတယ်။
      ကျွန်တော်ဟာ ကျွန်တော့်ဘဝရဲ့ အဆိုးဆုံးအချိန်နဲ့ ကြုံနေရတာပါ။
      ယောက်ျားတစ်ယောက် အပေါ်မှာ ခွင့်မလွှတ်နိုင်လောက်အောင် ဆိုးဝါးတဲ့ သစ္စာဖောက်မှုကြီးတစ်ခု ကျူးလွန်ခဲ့တယ်ဆိုတာ စာတွေက ထုတ်ဖော်နေပါတယ်။ ဒီစာတွေကို ကျွန်တော်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေထဲကတစ်ဦး ရေးတာပါ။ ရေးထားတဲ့စာကတော့ သူတို့ချင်း အတွင်းကျကျ အထိအတွေ့အဆက်အဆံရှိနေကြောင်း ဖော်ပြထားပါတယ်။ သူမအနေနဲ့ လျှို့ဝှက်ထားဖို့ တိုက်တွန်းထားတာတွေ၊ ပြီးတော့ လင်သည်တွေရဲ့ မိုက်မဲမှုတွေအကြောင်း သူတို့ ဘာတွေဖြစ်နေကြတယ် ဆိုတာကိုတောင် မသိလောက်အောင် တုံးတာတွေ၊ ရေးထားတာတွေကဖြင့် အများကြီးပါ။ စာတိုင်းဟာ ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးမှ ရေးထားတဲ့စာတွေပါ။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော်ပျော်နေတယ်လို့ ထင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ခံစားမှုတွေကို မဖော်ပြချင်တော့ပါဘူး။ ကျွန်တော်ဟာ စာတွေကို ပြန်စည်းပြီး အံဆွဲထဲကို ပြန်ထည့်လိုက်ပါတယ်။ အံဆွဲကိုလည်း သော့ခတ်ပြီး ပိတ်လိုက်ပါတယ်။
      ကျွန်တော် ရဲတိုက်ကို လိုက်မသွားဘူးဆိုရင် ညနေကျ သူပြန်လာမှာပဲ။ အဲ...ထင်ထားတဲ့အတိုင်းပဲ ညနေမှာ သူ ပြန်ရောက်လာတယ်။ မြင်းရထားပေါ်က ခုန်ဆင်းပြီး ကျွန်တော့်ဆီကို ပြေးလာတယ်။ ကျွန်တော့်ကို နမ်းလိုက်၊ ပွေ့လိုက်၊ ဖက်လိုက်နဲ့ အင်မတန်မှ နူးညံ့သိမ်မွေ့လှပါတယ်။ ကျွန်တော်ကလည်း ဘာမှမသိသလို၊ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး နေခဲ့ပါတယ်။
      ကျွန်တော်တို့ဟာ စကားတပြောပြောနဲ့ ညစာစားသောက်ပြီး ခါတိုင်းလိုပဲ အိပ်ရာဝင်ခဲ့ကြပါတယ်။ သူက သူ့အခန်းထဲမှာ ကျွန်တော်က ကျွန်တော့်အခန်းထဲမှာပါ။ အဲဒီအချိန်မှာ ကျွန်တော်ဟာ ဘယ်လိုလုပ်မယ်ဆိုတာ အရူးတစ်ယောက်ရဲ့ မိုက်မဲမှု၊ ခေါင်းမာမှုမျိုးနဲ့ ဆုံးဖြတ်ချက် ချပြီးပါပြီ။ လူတစ်ယောက်အပေါ် အဲဒီလောက် မျက်နှာပြောင်တိုက်ပြီး လိမ်လည်လှည့်ဖြား၊ ပရိယာယ်မာယာတွေ များခဲ့တာဟာ ဘယ်လောက်များ ဆိုးလိုက်ပါသလဲ။ ကျွန်တော် အဲဒီညသန်းခေါင်ယံမှာ သူ့အခန်းထဲဝင်အသွားမှာ ကျွန်တော့်ကိုယ် ကျွန်တော် ပြောမိတဲ့စကားပါ။
      ကျွန်တော့်ကိုယ်ထဲမှာ ရောက်နေတဲ့ အဆိပ်ဟာ ကျွန်တော့် ကိုယ်ခန္ဓာထဲက သွေးကြောတွေကို စားသောက်ဝါးမျိုပစ်နေပါပြီ။ ကျွန်တော့်ရဲ့ ညာလက်ဟာ သူမရဲ့ လည်ပင်းပေါ် ရောက်သွားပါတယ်။ ရှိသမျှအားတွေကို ထုတ်ပြီး သူမရဲ့လည်ပင်းကို တအားကုန် ညှစ်ထားပါတယ်။ သူ့မျက်လုံးအစုံဟာ ပွင့်လာပြီး ကျွန်တော့်ကို အံ့အားသင့်ပြီး ကြည့်နေပါတယ်။ နောက်တော့ ပြန်မှိတ်သွားပြီး အသက်ထွက်သွားပါတယ်။ သူ့ကိုယ်သူ ကာကွယ်ဖို့ လုံးဝ ကြိုးစားမသွားပါဘူး။ အေးအေးဆေးဆေး ငြိမ်ငြိမ်ဆိတ်ဆိတ်ကလေးပဲ သေသွားရှာပါတယ်။ သူမဘက်က ကျွန်တော့်အပေါ်မှာ မစ္ဆရိယစိတ် နည်းနည်းကလေးမှ ထားမသွားပါဘူး။ ကျွန်တော် သူ့ကို သတ်နေမှန်းသိတာတောင် ရုန်းလားကန်လား လုပ်မသွားရှာပါဘူး။
      သူ့ပါးစပ်ထဲက သွေးတစ်စက်ဟာ ကျွန်တော့်လက်ပေါ် ကျလာပါတယ်။ ကျွန်တော့်လက်ပေါ်က ဘယ်နေရာဆိုတာ ခင်ဗျား သိပါတယ်။ ကျွန်တော်ကတော့ ချက်ချင်းမသိခဲ့ပါဘူး။ နောက်နေ့မနက်ကျမှ သိခဲ့ရတာပါ။ သွေးစက်က ခြောက်တောင်နေပါပြီ။ ကျွန်တော်တို့ကတော့ ထွေထွေထူးထူး ဘာမှလုပ်မနေတော့ပါဘူး။ သူ့ကို ချက်ချင်းပဲ သင်္ဂြိုဟ်လိုက်ပါတယ်။
      ကျွန်တော်နေတာက တောင်ပိုင်းက ခြံဝင်းကြီးထဲမှာပါ။ မသင်္ကာဘူးဆိုပြီး စစ်ဆေးမယ့် အာဏာပို်င်အဖွဲ့ အစည်းဆိုတာလည်း မရှိပါဘူး။ ပြီးတော့လည်း ဒီကိစ္စမှာ ဘယ်သူကမှ သံသယမဝင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဂုဏ်သိက္ခာအပြည့်နဲ့ လူကြီးလူကောင်းတစ်ယောက်...။ သေသူက ကျွန်တော့်ဇနီး၊ သူ့မှာလည်း မိတ်ဆွေမရှိ။ ဆွေမရှိ မျိုးမရှိ၊ အဲဒီတော့ ဖြေစရာမေးခွန်းတွေက မရှိသလောက်ပါပဲ။ သူ ကွယ်လွန်သွားပြီ ဆိုတာကိုလည်း သူ့ကို သင်္ဂြိုဟ်ပြီး နောက်ပိုင်းကျမှ ကြေညာတာပါ။ ဒါတောင် လူတွေက မေးလားမြန်းလာ လုပ်နေမှာစိုးလို့ ကြေညာခဲ့တာပါ။
      ကျွန်တော့်အနေနဲ့ ဒီကိစ္စမှာ မလုံမလဲလည်း မဖြစ်ခဲ့ပါဘူး။ ကျွန်တော်လုပ်တာဟာ ရက်စက်တာပါပဲ။ ဒါပေမဲ့ ဒီရက်စက်မှုဟာ သူနဲ့ထိုက်တန်ပါတယ်။ ကျွန်တော် သူ့ကို မမုန်းပေမယ့် အလွယ်တကူ မေ့ပစ်နိုင်ပါတယ်။ ဘယ်လူသတ်သမားမှ ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို ကျွန်တော့်လို မေ့မေ့ပျောက်ပျောက်ထားပြီး အလွယ်တကူနဲ့ ဥပေက္ခာ ပြုနိုင်လိမ့်မယ်လို့မထင်ပါဘူး။
      ကျွန်တော် အိမ်ပြန်ရောက်သွားတဲ့အခါမှာ မြို့စားကတော်ဟာ မြင်းရထားနဲ့ ရောက်လာပါတယ်။ အသုဘအခမ်းအနားကို သူမမီတော့ပါဘူး။ နောက်ကျနေပါပြီ။ အဲဒီလိုဖြစ်အောင်လည်း ကျွန်တော် ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်လား။ လုံးဝမမျှော်လင့်တဲ့သတင်းကို ကြားလိုက်ရတော့ သူဟာ မူးမေ့ပြီး သတိလစ်သွားမတတ် ဖြစ်သွားပါတယ်။ သူကတော့ ကျွန်တော့်ကို ဖျောင်းဖျရှာပါတယ်။ ကျွန်တော်ကတော့ စိတ်ဝင်တစား နားမထောင်ပါဘူး။ အမှန်တော့လည်း ဒီကိစ္စဟာ ကျွန်တော့်အဖို့ ဖျောင်းဖျစကားတွေ ကြားနေဖို့မလိုအပ်တဲ့ ကိစ္စတစ်ခုမဟုတ်လား။ နောက်ကျတော့ မြိုးစားကတော်ဟာ ကျွန်တော့်လက်ကို လှမ်းဆွဲပြီး အလွန်ခင်မင်ရင်းနှီးတဲ့ အမူအရာနဲ့ ပြောပါတယ်။ သူ့ရဲ့ လျှို့ဝှက်ချက်တစ်ခုကို ယုံကြည်စိတ်ချစွာနဲ့ ပြောပါရစေတဲ့။ ဒီကိစ္စကိုသိရင်လည်း ကျွန်တော်က အခွင့်ကောင်းတစ်ခုအဖြစ် သဘောထားပြီး အလွဲသုံးစား မလုပ်ဘူးလို့ သူ မျှော်လင့်ပါရစေတဲ့...။
      အဲဒီနောက်တော့ မြို့စားကတော်က ကျွန်တော့်ဇနီးရဲ့ လက်ထဲကို စာထုပ်တစ်ထုပ် ယုံကြည်စိတ်ချစွာနဲ့ အပ်နှံထားခဲ့ကြောင်း၊ ဒီစာတွေကို သူ့အိမ်မှာမထားတာကတော့ စာတွေထဲမှာပါတဲ့ အကြောင်းအရာတွေက ထူးခြားမှုရှိနေလို့ပါလို့ ပြောတယ်။ အဲဒီစာတွေကို သူ့လက်ပြန်ပေးမယ်ဆိုရင် သိပ်ကို ကျေးဇူးကြီးပါတယ်တဲ့။ ကျွန်တော်က သူ့စကားကြားတော့ ကျောထဲစိမ့်သွားတယ်။ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင်ထားပြီး စာထဲမှာ ဘာတွေပါလဲလို့ မေးလိုက်မိတယ်။ ကျွန်တော့်မေးခွန်းကြောင့် သူ့ခမျာ အတော်တုန်လှုပ်သွားတာ တွေ့ရပါတယ်။
      “ရှင့်မိန်းမဟာ ကျွန်မတွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ သစ္စာအရှိဆုံး မိန်းမတစ်ယောက်ပါပဲ။ သူဟာ စာထဲမှာ ဘာတွေပါသလဲဆိုတာတောင် မမေးရှာပါဘူး။ ကျွန်မ အပ်ထားတဲ့စာတွေကို သူ လုံးဝဖွင့်မကြည့်ပါဘူးဆိုတဲ့ ကတိကိုတောင် ကျွန်မကို ပေးခဲ့ပါတယ်” လို့ မြိုးစားကတော်က ပြောပါတယ်။
      “စာတွေကို ဘယ်မှာသိမ်းထားမယ်လို့ ခင်ဗျားကို ပြောခဲ့သလဲ”
      “ကျွန်မကို ပြေားထားတာကတော့ စာတွေကို အပ်ချုပ်စက်အံဆွဲထဲမှာ သော့ခတ်ပြီး သိမ်းထားမယ်တဲ့။ စာတွေကို ပန်းရောင်ပိုးကြိုးကလေးနဲ့ စည်းထားမယ်တဲ့။ ရှင်ရှာရင် အလွယ်တကူတွေ့မှာပါ။ အားလုံး စာစောင်ရေ သုံးဆယ်ရှိပါတယ်”
      ကျွန်တော် သူ့ကို အပ်ချုပ်စက်ထားတဲ့ အခန်းထဲ ခေါ်သွားပြီး အံဆွဲကိုဖွင့်တယ်။ အထဲကစာထုပ်ကိုယူပြီး သူ့လက်ထဲ ထည့်ပေးလိုက်တယ်။
      “စာတွေက ဒါတွေပဲ မဟုတ်လား”
      သူက စာတွေကို ဝမ်းသာအားရ လှမ်းယူတယ်။ ကျွန်တော်က သူ့ကို မော်မကြည့်ဝံ့ဘူး။ သူ့အနေနဲ့ ကျွန်တော့်မျက်လုံးတွေထဲမှာ ရှိနေတဲ့ အရာတွေကို ရိပ်မိသွားမှာ ကြောက်ရပါတယ်။ သူဟာ ချက်ချင်းပဲ ပြန်သွားပါတယ်။
      အတိအကျ ပြောရမယ်ဆိုရင် သူ့ကို မြေမြှုပ်ပြီး သီတင်းတစ်ပတ်တိတိအကြာမှာ သူ့သွေးစက် ကျခဲ့တဲ့နေရာက နာကျင်မှုဝေဒနာဟာ ပေါ်လာခဲ့ပါတယ်။ ကျန်တဲ့အဖြစ်တွေကိုတော့ ဒေါက်တာလည်း သိပြီးသားပါ။ အခုအဖြစ်ဟာ စိတ်ပညာအရ မိမိကိုယ်မိမိ အပြစ်မကင်းတဲ့စိတ်နဲ့ တိုက်တွန်းနှိုးဆော်မှုကြောင့် ပေါ်လာရတဲ့ ‘အော်တိုဆပ်ဂျက်ရှင်း’ ဆိုတာ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဒီဟာကို စွန့်ပစ်လို့ မရဘူး ဒေါက်တာ။
      အမှန်တော့ ကျွန်တော်ဟာ အပြစ်လုံးဝ မရှိရုံမကဘူး၊ ချစ်စရာအလွန်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို အလျင်စလို၊ ရက်စက်ကြမ်းကြုတ်စွာ သတ်ပစ်ခဲ့တာပါ။ အခုဖြစ်လာတာ အဲဒီကျူးလွန်မှုအတွက် ချမှတ်ပေးလိုက်တဲ့ ‘အပြစ်ဒဏ်’ လို့ ကျွန်တော် ခံယူရမှာပါ။
      ကျွန်တော် ဒီနာကျင်မှုဝေဒနာကို ဆက်ပြီး မခံစားချင်တော့ပါဘူး။ ကျွန်တော် သူရှိရာကိုသွားပြီး သူနဲ့ အဆက်အသွယ်လုပ်မယ်လို့ စိတ်ကူးထားပါတယ်။ သူ့ဆီက ကရုဏာအပြည့်နဲ့ ခွင့်လွှတ်မှုကို ရအောင်ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ထားပြီးပါပြီ။ သူကလည်း ကျွန်တော့်ကို ခွင့်လွှတ်မှာ သေချာပါတယ်။ သူ့အနေနဲ့ သူ အသက်ရှင်နေတုန်းက ကျွန်တော့်ကို ချစ်သလို အခုလည်း ချစ်မှာပါပဲ။ ကျွန်တော့်အတွက် လုပ်ပေးခဲ့သမျှ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာ။     ။





မောင်ထွန်းသူ

credited to.

thanthannaing 

မြန်မာဆိုက်ဘာ-စာအုပ်စင်

.

မာတိကာ


statistics

web tracker