ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Saturday, September 24, 2011

လက်ဖျားသံနှော မြန်မာတယော

လက်ဖျားသံနှော မြန်မာတယော
ရန်ဝင်း (တောင်တံခါး)

“စောင်း ညင်း မိချောင်း
အောင်းကလေး တခြား ပတ္တလား နှင့်
လက်ဖျားသံနှော တယော ဟူသည်
ခြောက်မည် ငြိမ့်မျိုး ”
နာရဒပျို့
မုံရွေးဆရာတော်
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆ )

လက်ထိပ်ဖျားနဲ့ ကြိုးကလေးတွေ ဖိနှိပ် ပွတ်ဆွဲ တီးခတ်ရာက ဖြစ်ပေါ်လာတဲ့ ဂီတသံကိုတေးသီချင်း မှာရောနှော ဖွဲ့ဆိုနိုင်စရာ မြန်မာ့ကြိုးတပ်တူရိယာ ‘တယော’ ကို ပျူခေတ်၊ ပုဂံခေတ်၊ စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်း၊ အင်းဝ၊ ကုန်းဘောင်ခေတ် ပထမပိုင်း နဲ့ ညောင်ရမ်းခေတ် အထိရှေးဟောင်း ပစ္စည်း၊ ကျောက်စာ၊ နံရံဆေးရေးပန်းချီ၊ ပေစာ၊ ပုရပိုက်တွေမှာ မှတ်တမ်း မှတ်ရာ တစုံတခုကိုမှ မတွေ့ကြရပါ။

စာပေကျမ်းဂန်တွေထဲမှာ ‘တယော’ ဆိုတဲ့ ဝေါဟာရကို တွေ့ရတာက ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်၊ မုံရွေးဆရာတော် (မြန်မာသက္ကရာဇ် ၁၁၂၈-၁၁၉) ရေးခဲ့တဲ့ နာရဒပျို့ထဲမှာဖြစ်ပါတယ်။ မုံရွေးဆရာတော် က မြ၀တီမင်းကြီး ဦးစ နဲ့ ခေတ်ပြိုင်စာဆိုလည်းဖြစ်ပါတယ်။ တယောတူရိယာကို အငြိမ့် တူရိယာ ၆ မျိုး အနက် တမျိုးအဖြစ် ထည့်သွင်းထားပါတယ်။

မင်းတုန်းမင်းကြီးလက်ထက် (နန်းစံသက်၊ ခရစ် သက္ကရာဇ် ၁၈၅၂-၁၈၇၈) ရှေ့တော်ပြေးတီးဝိုင်းအဖွဲ့မှာ အဆို က ဦးပေ၊ စောင်း မောင်မောင်သိုက်၊
မိကျောင်းကို မောင်မောင်ကြီးတို့က တီးကြတယ်။နောက် ပိုင်းမှာ ဒေ၀ဣန္ဒာ မောင်မောင်ကြီးက မိကျောင်း အစား စောင်းကို ပြောင်းတီးတဲ့အခါ ကွမ်းဖိုးထိန်း ဦးမှို က တယော ထိုးတယ်လို့ အမှတ်အသားရှိပါတယ်။
၁၉၁၇ ခုနှစ် လင်းပင်မင်းသားကြီး အိန္ဒိယပြည်ကိုမသွားခင် သူစုဆောင်းထားတဲ့ တူရိယာတွေ ကို ပေးကမ်း ခဲ့တုန်းက စောင်း၊ ညှင်း နဲ့ တယော တို့ပါဝင်ကြောင်းကို လူထုဒေါ်အမာရေး တဲ့ မြန်မာ့ မဟာဂီတ စာအုပ် မှာ ဖတ်ရပါတယ်။ မြန်မာတယောကို တွင်တွင်ကျယ်ကျယ် သုံးနေဆဲ အချိန်ကာလဖြစ်လိမ့် မယ်လို့ မှန်းဆနိုင်ပါတယ်။

တိုင်းတပါးသားတွေနဲ့ အတွေ့အထိ ဆက်ဆံရေးတွေ အထူး များပြားလာတဲ့ ကုန်းဘောင်ခေတ် ဒုတိယပိုင်း အချိန်မှာတော့ ကမ္ဘာသုံးတယောကို မြန်မာတွေနဲ့ မိတ်ဆက်ထားပြီး ဖြစ်ပေလိမ့်မယ်။ အဲဒါကြောင့် မြန်မာတယော က ကမ္ဘာသုံး ဗိုင်အိုလင် ကို မွေးစားပြီး မြန်မာမှု ပြုထားတဲ့ တူရိယာဖြစ်လေရော့သလားလို့ စဉ်းစား ယူဆနိုင်စရာတွေ ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုယ်ပိုင်ရိုးရာ တယောတွေရှိကြတယ်။ မြန်မာနိုင်ငံက တချို့လူမျိုးစုတွေမှာလည်း ဒီကနေ့အထိ ရိုးရာ တယော ကို သုံးနေကြဆဲပါ။ အာရှနိုင်ငံတွေနဲ့ မြန်မာပြည် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ရိုးရာ တယောတွေက တခုနဲ့တခု နီးနီးကပ်ကပ် ဆင်တူနေတာကို တွေ့ရပါတယ်။


Erhu (တရုတ်ပြည်)

Saw u (ထိုင်းလင်း)

Rebab (ဂျားဗား/အင်ဒိုနီးရှား)

K’ny (ဗီယက်နမ်)
 
Tro (ခမာ/ကမ္ဘောဒီးယား)

Ravanhatta (အိန္ဒိယ)
 
Morin khuur (မွန်ဂိုလီယား)

အဲဒီ အိမ်နီးချင်း ရိုးရာ တယောတွေနဲ့ မြန်မာတယောကို နိုင်းယှဉ်ပြီးကြည့်လိုက်ရင် ကွဲပြား ခြားနားတာတွေကို တွေ့ရပြန်ပါတယ်။ အဲဒီ ရိုးရာ တယောတွေမှာ အများအားဖြင့် ကြိုးနှစ်ချောင်းသာ ပါလေ့ရှိပါတယ်။ ကြိုးနှစ်ချောင်းကလည်း တယောလက်တံအပေါ်မှာ ဖိနှိပ်ထားပြီး အသံကိုဖေါ်ကြတာမျိုး မဟုတ်ကြပါ။ ကြိုး သပ်သပ် အပ်ါမှာပဲ ဖိနှိပ်လို့ တီးကြရပါတယ်။

မြန်မာတယောကတော့ ကြိုးသုံးချောင်း ပါပါတယ်။ ကမ္ဘာသုံး တယောတွေလိုပဲ တယောလက်တံအပေါ်မှာ တယောကြိုးကို ဖိထားပြီးမှ တယောဘိုးတံ နဲ့ ပွတ်ဆွဲပြီး တီးရပါတယ်။ တယောထိုးတယ်လို့ခေါ်ကြပါတယ်။ အသံထွက်ပုံ သဘောမှာက ကမ္ဘာသုံး တယောတွေအတိုင်းပါပဲ။

ကမ္ဘာသုံး တယောတွေကို အရွယ်အစားအတိုင်း ငယ်စဉ် ကြီးလိုက် ဗိုင်အိုလင် (Violin)၊ ဗီယိုလာ (Viola)၊ ချယ်လို (Cello) နဲ့ ချယ်လို-ဘေ့ (Cello-Bass) ခေါ် ဘေ့ (Bass) ရယ်လို့ ၄ မျိုး ရှိပါတယ်။

ဗိုင်အိုလင် နဲ့ ဗီယိုလာ ကို မေးစေ့မှာညှပ်ပြီး ထိုးပါတယ်။ ချယ်လို နဲ့ ချယ်လို-ဘေ့ ကို တယော ထိပ်မှာတပ်ထားတဲ့ spike လို့ခေါ်တဲ့ ထောက်တိုင် အပေါ်မှာ ထောင်လိုက် ထောက်ထားပြီး ထိုးပါတယ်။



ချယ်လိုတယောကြီး နဲ့ ပညာရှင် ယိုယိုမား


ချယ်လို-ဘေ့ (Cello-Bass)

ချယ်လို (Cello)

အများသုံး ဗီယိုလာ တယောကို အနေအထား ကိုင်တွယ်ပုံ ပြောင်းလဲ တီထွင်ထားတဲ့ တယောတမျိုးကတော့ ထောင်လိုက် ဗီယိုလာ တယော (Vertical Viola) ဖြစ်ပါတယ်။ သမားရိုးကျ မေးစေ့နဲ့ညှပ်ပြီးထိုးရတာမျိုး မဟုတ်ဘဲ ချယ်လို တယောကြီးလိုပဲ ထောက်တိုင် တပ်ထားပြီး ထောင်လိုက် ထိုးရပါတယ်။


ထောင်လိုက် ဗီယိုလာ
20 inches-vertical Viola (Tom Vohr)

အဲဒီ ထောင်လိုက် ဗီယိုလာ တယောက အရွယ်နည်းနည်း ပိုပြီးကြီးပေမယ်လို့ မြန်မာတယောနဲ့ ပုံသဏ္ဍန်ချင်းကလည်း ခပ်ဆင်ဆင်၊ ထောင်လိုက်ထားပြီး ထိုးပုံရကလည်း တူနေတယ်ဆိုတော့ နှိုင်းယှဉ်ကြည့်လိုက်ချင်ပါတယ်။ ကုလားထိုင်ပေါ်မှာ ထိုင်တာနဲ့ ကြမ်းပြင်ပေါ်မှာထိုင်တာပဲ ကွာခြားပါတယ်။ သဘောချင်းကတော့ ဆင်တူပါတယ်။

မြန်မာတယော ကို ဖန်တီးရာမှာ ဗိုင်အိုလင် နဲ့ ဗီယိုလာ တို့ ရဲ့ပုံသဏ္ဍန်ကို မှီငြမ်းပြုတယ်ပဲ ဆိုဦးတော့ ဆင်တူတယ်လို့ သာ ပြောနိုင် ပါလိမ့်မယ်။ သေသေချာချာယှဉ်ပြီးကြည့်ရင် ကွဲပြား ခြားနားချက်တွေ အများအပြားတွေ့ရပါလိမ့်မယ်။





၁၇ လက္မ ဗီယိုလာ (17 inches Viola)

မန်မာတယော (၁၉ ရာစု)

ဗိုင်အိုလင်၊ ဗီယိုလာ တို့နဲ့ နှိုင်းယှဉ်ကြည့်ပြီးကြည့်လိုက်မယ်ဆိုရင် အချိုးအစားအနေနဲ့ မြန်မာတယောရဲ့ လက်နှိပ်ကွက် လက်တံက ပိုပြီး တိုပါတယ်။ အဲဒါကြောင့် မြန်မာတယော က ကမ္ဘာသုံး တယောတွေရဲ့ ပုံစံကို အတိအကျ ကူးယူထားတဲ့ မူပွားမျိုး မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ တည်ဆောက်တဲ့ ပုံစံကို မှီငြမ်းရုံသာ မှီငြမ်းပြီး မြန်မာ့ဂီတ အတွက် မြန်မာ့ အသံစဉ်ကိုတီးဖို့အသစ်တီထွင် လိုက်တဲ့မြန်မာ့ တူရိယာပါပဲ။


မွန်ရိုးရာ တူရိယာဝိုင်းတွေမှာ ‘ထောင် တယော’ ဆိုတဲ့ ကြိုး ၃ ချောင်း တယော ပါဝင်ပါတယ်။ ဒီကနေ့ မွန်ရိုးရာ တီးဝိုင်းတွေမှာ ‘လခြမ်း ကြေးနောင်’၊ ‘မိကျောင်း’ တူရိယာတွေနဲ့အတူ ‘ထောင် တယော’ ကိုသုံးစွဲနေပါသေးတယ်။ အဲဒီ ထောင်တယော က မြန်မာတယောနဲ့ ပုံစံချင်း အင်မတန်တူပါတယ်။


ရှေးမြန်မာတယောက ကြိုး ၃ ချောင်းရဲ့ အသံညှိပုံ စနစ်ကို တပ်အပ် မပြောနိုင်ပေမယ့် ‘ထောင် တယော’ နဲ့ တူညီနိုင်စရာ အကြောင်းရှိပါတယ်။ ‘ထောင် တယော’မှာ ပါတဲ့ ဘယ်သံ ကနေ ညာသံ ကြိုးသုံးချောင်းကို အက်ဖ်၊ စီ နဲ့ ဂျီ သံတွေ ညှိထားပါတယ်။ မြန်မာ့သံစဉ်ရဲ့ ၅ ပေါက်၊ ၁ ပေါက် သံမှန် နဲ့ ၄ ပေါက် သံတွေဖြစ်ပါတယ်။

ကမ္ဘာသုံး ဗိုင်အိုလင် ရဲ့ ဘယ်သံ ကနေ ညာသံ ကြိုး ၄ ချောင်းကို ဂျီ၊ ဒီ၊ အေ နဲ့ အီး အတိုင်း ညှိထားပါတယ်။  မြန်မာ့သံစဉ်ရဲ့ ၄ ပေါက်၊ ၇ ပေါက်၊ ၃ ပေါက် နဲ့ ၆ ပေါက်သံတွေ ဖြစ်ကြတယ်။ ဗီယိုလာရဲ့ ဘယ်သံ ကနေ ညာသံ ကြိုး ၄ ချောင်းကိုတော့ စီ၊ ဂျီ၊ ဒီ နဲ့ အေ အတိုင်း ညှိထားပါတယ်။ ၁ ပေါက် သံမှန်၊ ၄ ပေါက်၊ ၇ ပေါက် နဲ့ ၃ ပေါက်သံတွေ ဖြစ်ပါတယ်။

ဒီကနေ့  မြန်မာသံ တီးကြတဲ့ ဗိုင်အိုလင် ကိုလည်း ဘယ်သံ ကနေ ညာသံ ကြိုး ၄ ချောင်းကို ၄ ပေါက်၊ ၁ ပေါက် သံမှန်၊ ၄ ပေါက်၊ ၁ ပေါက် သံမှန် ထားပြီး  တီးကြပါတယ်။

ရှေးမြန်မာတယောက ကြိုးသုံးချောင်းကို မြန်မာ့သံစဉ်ရဲ့ ၅ ပေါက်၊ ၁ ပေါက် သံမှန် နဲ့ ၄ ပေါက်သံတွေ အတိုင်း ညှိထားတာ ဆိုရင်တော့  မြန်မာတယောရဲ့ကြိုးညှိပုံက ကမ္ဘာသုံးတယော ဗိုင်အိုလင်၊ ဗီယိုလာ တို့နဲ့ လုံးဝ ခြားနားတယ်လို့ ဆိုရပါမယ်။

မြန်မာရှေးသီချင်းတွေကိုတီးဖို့ရာ မြန်မာ့သံစဉ် အမျိုးမျိုးအတွက် အဆင်ပြေလှပါလိမ့်မယ်။ အဲဒါကြောင့် မြန်မာတယောတွေကို တလက် မကပဲ အတော်တော်များများ လုပ်ခဲ့ကြလိမ့်မယ်လို့လည်း မှန်းဆကြည့်မိပါတယ်။ 


မြန်မာတယော က လက်နှိပ်ကွက် လက်တံ နဲ့ တယော ကြိုးတွေ

တယောကြိုးတွေက မြန်မာစောင်းကောက် ရဲ့ စောင်းကြိုးတွေလိုပဲ ကျစ်ထားတဲ့ ပိုးကြိုးတွေ နဲ့လုပ်ပါတယ်။ တယော ဘိုးတံ က ကြိုးတွေကိုလည်း ပိုးကြိုးနဲ့လုပ်တာပါပဲ။ သော့သီးတွေနဲ့ သော့သီးအိမ်ကတော့ ကမ္ဘာသုံး တယောတွေနဲ့ ဆင်တူပါတယ်။ တယောခေါင်းကတော့ ကနေတဲ့ဟန်နဲ့ မကိုဋ်ဆောင်း ကိန္နရာရုပ် ဖြစ်နိုင်ပါတယ်။

မြန်မာတယောက တယောခေါင်း နဲ့ သော့သီးတွေ
ပွတ်လုံး ထိုးထားတဲ့ ထောက်တံက ထူးခြားပါတယ်။ ထောက်တံအပေါ်မှာ တယောကို  လှည့်ပြီး ကစားနိုင်တော့ တယောကြိုး သုံးချောင်းစလုံး အစွက် အဖက် လက်ကွက်တွေကို ဖန်တီးနိုင်ပါတယ်။


မြန်မာတယောက ထောက်တံ

တယောကြိုးတင်ခုံ ကလည်း ထူးခြားပါတယ်။ တယောကြိုးတွေကို နေရာမရွေ့အောင် ဖန်တီးထားပုံက အင်မတန် ပညာသား ပါပါတယ်။



မြန်မာတယော က တယောကြိုးတွေနဲ့ ကြိုးတင်ခုံ

ကမ္ဘာသုံး တယော က တယောကြိုးတွေနဲ့ ကြိုးတင်ခုံ (Bridge)


မြန်မာတယော ပညာရှင် နဲ့ မြန်မာတယော


တယော၊ ပတ္တလား၊ ပလွေ ပညာရှင်တွေနဲ့ ရှေးက မြန်မာ့ရိုးရာ တီးဝိုင်း

ဒုတိယ ကမ္ဘာစစ်ကြီးပြီးခါစ ၁၉၄၆ ခုနှစ် ပတ်ဝန်းကျင်လောက်တုန်းက မန္တလေးမြို့ လမ်းဘေးမှာ မြန်မာတယောကြီးကို ထိုးပြီး သီချင်းဆိုလေ့ရှိတဲ့ တယောပညာရှင်ကြီး ‘ဘိုးကျန်’ ဆိုတာ ရှိခဲ့ပါတယ်။ ၁၉၅၆-၅၇ လောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဘိုးကျန် ကို ကိုယ်တိုင် ကိုယ်ကျတွေ့လိုက် ရ ဖူးတဲ့ ပန်းချီ၊ ဒါရိုက်တာ ဦးဝင်းဖေ က ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်၊ ၀င်းဖေလွယ်အိတ် ကဏ္ဍမှာ ပြောပါတယ်။

အဲဒီအချိန်တုန်းက အသက် ၈ဝ လောက်ရှိနေပြီဖြစ်တဲ့ ဘိုးကျန် က မျက်စိလည်း မမြင်ရှာတော့ပါ။ နားဆင်သူ ပရိသတ် ကပေးကမ်း ထောက်ပံ့တဲ့ ငွေကြေးကလေးတွေကို လက်ခံပြီး စားရရှာတဲ့ ဘိုးကျန် ကို မန္တလေးမြို့ အာဠ၀ီ၊ စီ လမ်း အတိုင်း ဆင်းသွားရတဲ့  သင်္ချိုင်းတော်တံတားအနောက်ပိုင်း ကျူးကျော် ရပ်ကွက်ကလေး တခုမှာ မြေးမိန်းကလေးတွေ က စောင့်ရှောက် ထားခဲ့ကြတယ်။

ဘိုးကျန် က အသက်ကလည်းကြီး၊ ဒုက္ခိတလည်းဖြစ်နေရှာတာ သက်သက်ကြောင့်တော့ လမ်းဘေးမှာ တီးမှုတ်နေခဲ့ရတာ မဟုတ်နိုင်ပါ။ ပန်းရံကံကျွေး လုပ်ကိုင်စားကြတဲ့ မြေးမိန်းကလေးတွေရဲ့ အထောက်အပံ့ နဲ့နေနိုင်ခဲ့ပေမယ်လို့ဂီတကို စွဲစွဲလမ်းလမ်း ဖြစ်နေတာကြောင့် အဆို၊ အတီး ၀ါသနာကို မစွန့်လွှတ်နိုင်ပဲ လမ်းဘေးမှာ တီးမှုတ်နေခဲ့တဲ့ပုံပါ။ ဂီတ၀ါသနာရှင်တွေက အိမ်မှာခေါ်ထားပြီး ပြုစုရင် လည်း မနေနိုင်၊ မပျော်နိုင်ဘူးလို့ ကြားရဖူးပါတယ်။

ဘိုးကျန် ရဲ့ လက်စွဲ တူရိယာတွေက မြန်မာတယော၊ ပလွေ၊ စည်းနဲ့ဝါးတို့ဖြစ်ကြတယ်။ စည်းနဲ့ဝါး ကိုတော့ ခြေဖျားနှစ်ဖက်နဲ့ တီးလို့ရအောင် တီထွင်ထားပါတယ်။ ညာဘက်ခြေထောက်က စည်း၊ ဘယ်ခြေက ၀ါးကိုတီးပါတယ်။ သီချင်းဆိုရင်း၊ တီးမှုတ်ရင်းနဲ့ စည်းချက်တွေကို အမျိုးမျိုးကစားပြီး တီးပါသတဲ့။ မြိုင်ထ၊ ရှစ်ဆယ်ပေါ် တေးထပ်၊ ဇော်ဂျီ တီးလုံး၊ မြန်မာ ဇာတ်သဘင်သံဆန်းတွေ ပလွေနဲ့မှုတ်တော့ ပလွေကို ပါးစပ်နဲ့ရော နှာခေါင်းနဲ့ပါ မှုတ်ပါတယ်။ တယောထိုးတဲ့အခါမှာတော့ ယမုံနာ၊ သောင်းသောင်းညံ စတဲ့ မြန်မာရှေးသီချင်းကြီးတွေ ကို ဆိုတီး တီးလေ့ရှိပါတယ်။ တဦးထည်းနဲ့ ဂီတသံ လေးမျိုးကို ဖန်တီးနိုင်တဲ့ တကယ့်ပညာရှင်ကြီးပါပဲ။

၁၉၅ဝ ခုနှစ် စောစောပိုင်းမှာ အထက်မြန်မာနိုင်ငံ ဓါတ်ပုံအသင်း ဓါတ်ပုံဆရာတွေက  ဘိုးကျန် ရဲ့ ပုံကို ဓါတ်ပုံ အမျိုးအမျိုး ရိုက်ပြီး ဓါတ်ပုံပြပွဲ ပြိုင်ပွဲတွေ လုပ်ခဲ့ကြသေးတယ်။ ရုပ်ရှင်ပိုစတာ ပန်းချီဆရာကြီး ဦးဘကြင် ကလည်း ဘိုးကျန် ရဲ့ ပုံတူ ပိုစတာပုံကြီးကို ဆွဲပြီး ပြပွဲမှာ ပြခဲ့ပါသေးတယ်။ အဲဒါကြောင့် ဘိုးကျန် နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ အများကြီး ကျန်ခဲ့နိုင်စရာရှိပါတယ်။

ဒါရိုက်တာကြီး ရှုမ၀ ဦးကျော် ရိုက်ကူးသွားခဲ့တဲ့ ‘အပယ်ရတနာ’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်ပို့ သရုပ်ဆောင်ကြီး ဦးကြည်မောင်က ပုဂံမြို့ အပယ်ရတနာ ဘုရားရှေ့မှာ တောင်းရမ်း စားသောက်ရရှာတဲ့ တယော ဦးကျန် အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်သွားခဲ့ပါတယ်။ သရုပ်ဆောင် ရှုမ၀ စမ်းစမ်းအေး ကလည်း မြေးမကလေး မိအေး အဖြစ် ပီပြင်လှပါတယ်။ ဘယ်လောက် ပီပြင်သလဲဆိုရင် ‘အပယ်ရတနာ’ နဲ့အတူ တယောထိုးနေတဲ့ ဦးကျန်၊ သီချင်းဆိုနေတဲ့ မိအေး တို့ရဲ့ပုံရိပ်တွေက ဒီကနေ့အထိ ရင်ထဲမှာ စွဲပြီး ကျန်နေရစ်ခဲ့ပါသေးတယ်။ တကယ်ရှိခဲ့တဲ့ ဘိုးကျန် နဲ့ သူ့ရဲ့ မြန်မာတယောကြီးကို ရှုမ၀ ဦးကျော် က ပုံတူကူးယူပြီး အပယ်ရတနာ ရုပ်ရှင်ကား ထဲက ဇာတ်ရုပ် တယော ဦးကျန် အဖြစ် ဖန်တီးခဲ့တယ်လို့တွေးဆ မိပါတယ်။

ဘိုးကျန် ကွယ်လွန်တော့ မန္တလေး ပန်တျာ နဲ့ အကကျောင်း ကျောင်းအုပ်ကြီး ဦးစိန်ညွန့်က ဘိုးကျန် ရဲ့မြန်မာတယောကြီး ကို မြန်မာအနုပညာပြတိုက်အတွက် အစိုးရကိုယ်စား ၀ယ်ယူသွားခဲ့ပါတယ်။ ဒီကနေ့အထိ မြန်မာ့အနုပညာပြတိုက်ထဲမှာ ဘိုးကျန် ရဲ့  မြန်မာ တယောကြီးကို နောက်ခံ သမိုင်းကြောင်းနဲ့အတူ ဆက်လက် ထိန်းသိမ်းထားရှိနေဆဲပဲ လို့ယုံကြည်ရပါတယ်။

လက်ဖျားသံနှော မြန်မာတယောပညာရှင်ကြီး ဘိုးကျန် ရဲ့  မြန်မာတယောကြီးကို လေ့လာဖို့နဲ့ ဘိုးကျန်ရဲ့ ဓါတ်ပုံတွေကို ရရှိနိုင်ဖို့တောင်မှ ဒီစာရေးနေချိန်မှာ လက်လှမ်းမမီနိုင်သေးပါ။ ဓါတ်ပုံဆရာကြီး Peter Adolphe Kliner က ၁၈၇၅ ခုနှစ် နဲ့ ၁၈၉ဝ ခုနှစ်တွေ အတွင်းလောက်မှာ ရိုက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ရှေးခေတ် ဓါတ်ပုံဟောင်းနှစ်ပုံထဲမှာ မြန်မာတယောရှင်တဦး ပါဝင်နေပါတယ်။  ဘိုးကျန် ငယ်ငယ်တုန်းကပုံများ ဖြစ်လေရော့သလား လို့ တွေးမိချင်စရာပါ။


လက်ဖျားသံနှော မြန်မာတယောရှင်


အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁)     မြန်မာစာပေသမိုင်း (ဦးဘေမောင်တင်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်)
(၂)     မြန်မာ့မဟာဂီတ (လူထုဒေါ်အမာ၊ ဇွန်လ၊ ၁၉၈၉)
(၃)     တယော၊ ပလွေ ဘိုးကျန် (၀င်းဖေလွယ်အိတ်၊ ပန်းချီ၊ ဒါရိုက်တာ-ဦးဝင်းဖေ၊ ဘီဘီစီ မြန်မာပိုင်း
         အသံလွှင့်ဌာန)
         http://www.bbc.co.uk/burmese/programmes/2011/01/110122_winpe_123.shtml
         http://www.bbc.co.uk/burmese/programmes/2011/01/110129_winpe_124.shtml
 (၄)    http://orgs.usd.edu/nmm/EasternAsia
 (၅)    http://www.museumfire.com/mon.pdf
 (၆)    www.wikipedia.org



မာတိကာ


statistics

web tracker