ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Saturday, January 28, 2012

သီတဂူဆရာတော်သြ၀ါဒ

သီတဂူဆရာတော်သြ၀ါဒ
နေရာ-ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း
အချိန်- ၁-၁၂-၂၀၁၁၊ ည ၈ နာရီ
တက်ရောက်နာကြားသူ- အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော်များ၏ ကိုယ်စား မဂဓတက္ကသိုလ်ကျောင်းသားများ။

ရွှေကျင်ဆရာတော်ကြီးသြ၀ါဒအပြီးမှာပဲ သီတဂူဆရာတော်ကြီးက ဆက်လက်ပြီး မဂဓတက္ကသိုလ်ကျောင်းသားများအား သြ၀ါဒ ချီးမြင့်သည်။



အနှစ်ချုပ်
သာသနာပိုင်ဆရာတော်ကြီး၏ သြ၀ါဒမှာ တပ်မတော်နှင့်တိုင်းပြည်ကို စံထားပြီးတော့ သာသနာတော်နှင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ပြောသွားတဲ့စကားဟာ မင်းတို့ ငါတို့အတွက် မှတ်သားဖွယ်၊ မှတ်သားရုံမကဘဲ လိုက်နာဖွယ်ဖြစ်တယ်။

ငါသည် သာသနာအတွက် ဖြစ်ရမည်၊ သာသနာသည် ငါ့အတွက် မဖြစ်ရဘူး။ အဲဒါ သံမှုနှပ်ပြီးတော့ ခေါင်းထဲမှာ စွဲနေအောင် ထားပါ။ ဒို့ဆရာ အနီးစခန်းပြောတာ တစ်ခုရှိတယ်၊
အခု သာသနာပိုင်ဆရာတော်ကြီးပြောတာနဲ့ အဓိပ္ပါယ်တော့ အတူတူပဲ။ ‘‘ သာသနာ့ဝန်ထမ်းဆိုတာ သာသနာတော်ရဲ့ တာဝန်ကို ထမ်းရမှာ၊ သာသနာက မင်းတို့ ငါတို့ကို ထမ်းပြီးတော့ ၀န်လေးမသွားစေနဲ့’’တဲ့ သာသနာရဲ့ တာဝန်ကို ထမ်းရမှာ သာသနာက ဒို့တာဝန်ကို ထမ်းရမှာ မဟုတ်ဘူး။ အဲဒါတော့ ဒို့ဆရာ အနီးစခန်း ပြောသွားတာ။

ဧရာဝတီသက်သေတည်

အဲဒီတော့ ဒီကနေ့ ၅၂၈ ပါးသော အိန္ဒိယပြည်ရောက် မြန်မာပတ်စပို့ကိုင်၍ ကျောင်းတက်ကြသော မြန်မာ့ သံဃာ အားလုံး မွန်ရော ရှမ်းရော ရခိုင်ရော ဗမာရော စသည်ဖြင့် အကုန်လုံးပဲ ငါ ဗမာ (မြန်မာ)လို့ပဲ တမျိုးတည်း သဘောထားတည်။ ပြည်ထောင်စု မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ဒီမြေကြီးအပေါ်မှာ မွေးကြတာ။
မေခနဲ့ မလိခ ၂ခုရဲ့ အထက်နား လိုက်ကြည့်တယ်၊ မြစ်ကလေးတွေ ချောင်းကလေးတွေ အများကြီးပဲ ဟို--တိဗတ်ကုန်မြေထဲကစ ဟို--တရုပ်ပြည်ထဲကစလို့ ဆင်းလာခဲ့တာ၊ ချောင်းငယ်လေးတွေ အများကြီး ပေါင်းပေါင်းပြီးတော့မှ မေခနဲ့ မလိခဆိုတာ မြစ်နှစ်ခု ဖြစ်လာတာ၊ အဲဒီ မြစ်နှစ်ခုဟာလဲ မပေါင်းနိုင်ရင် မစုံနိုင်ရင် ဧရာဝတီမြစ် မဖြစ်ဘူးကွဲ့၊ မေခနဲ့မလိခ ပေါင်းမရရင် ဧရာဝတီမဖြစ်ဘူး။

အဲဒီတော့ မင်းတို့တတွေ ရှမ်းကတမျိုး မွန်တမျိုး ရခိုင်တမျိုး ဗမာတမျိုး ကရင်တမျိုး ချင်းတမျိုး ကယား ကချင်တစ်မျိုး၊ ဒီလို မလုပ်ကြနဲ့။ မေခ မလိခ နာမည် ဖယ်လိုက်ရင် ဒီအထဲမှာ ရေပဲရှိတာ။ မြစ်နှစ်ခုဆုံတဲ့နေရာ မြစ်ဆုံဆိုတဲ့ နေရာမှာ ရောလိုက်ပြီးတော့ ဧရာဝတီထဲ ရောက်တဲ့ အခါမှာ ဧရာဝတီနာမည်ခံပြီးတော့ ဆက်စီးတဲ့အခါမှာ အဲဒီရေတွေကို ဓာတ်ခွဲခန်းထဲယူပြီး မေခနဲ့ မလိခရေ ခွဲကြည့်လို့ ရသေးလား၊ (မရပါဟု-သံဃာများ၏ အသံ)။ Harmony ဆိုတာ အဲဒီလို အားလုံး နှစ်လုံးသားချင်းက ဆက်ပြီးတော့ ပေါင်းနေကြရမှာ။

အဲဒါကြောင့် ဒို့များတော့ ကရင်တမျိုး ကချင်တမျိုး မွန်တမျိုး ရခိုင်တမျိုး ရှမ်းတမျိုး ဆိုတဲ့စိတ်ဓာတ် ရည်ရွယ်ချက် ငယ်ငယ်ကထဲက မရှိခဲ့တာ၊ အခုထိ မရှိတာ၊ နောင်လဲ ရှိမှာ မဟုတ်ဘူး၊ အဲဒီတော့ ဒို့များ တတ်နိုင်သလောက် လှူလာတဲ့ အလှူဒါနဟာ ဗမာနိုင်ငံဖွား ဗမာ့စာသင်သား အားလုံး ဗမာ့သာသနာအတွက် အလုပ်လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ တတ်နိုင်တာလေးတွေ စုပြီးတော့ တစ်နှစ်တစ်ခါ လာလှူတာ။


မသင်ရင် သေပြီ
အဲဒီတော့ ဒီကနေ့ စာသင်သားဆိုတော့ Leaner. As long as we're alive- အသက်ရှင်နေသမျှ ကာလပတ်လုံး We must learn ပဲ၊ သင်နေရမယ်။ As long as we learn-ဒို့တတွေ သင်ယူနေသမျှကာလပတ်လုံးလည်း၊ We are alive- အသက်ရှင်နေကြမှာ။ အသက်ရှင်နေသမျှ ဘာလုပ်ကြရမှာလဲ? သင်ဟု (သံဃာများ ဖြေ)၊ သင်နေသမျှလဲ? ရှင်နေရမယ် (သံဃာများ ဖြေ)။ မသင်ရင်တော့ သေပြီးပဲ၊ အဲဒါကြောင့်သင်ကြ။


မှတ်စုစာအုပ်လေးနဲ့ သီတဂူဆရာတော်
မှတ်စုစာအုပ်လေးတစ်ခု ဆောင်ထားပြီးတော့ (ဆရာတော် စာအုပ်ကလေး ဖွင့်နေစဉ်) ကြုံရာကြုံရာစာအုပ်တွေကို ဖတ်တိုင်းဖတ်တိုင်း မှတ်ထားပြီး ရေးထားလေ့ရှိတယ်၊ အခုလဲပဲ အစည်းအဝေးကြီးမှာ ၄၆ နိုင်ငံကတက်တဲ့ Global Buddhist Confederation (GBC) ဆိုတဲ့ အစည်းအဝေးကြီးမှာ ဘယ်သူတွေ ဘာပြောတယ်ဆိုတာလေးတွေ မှတ်ဖို့ မှတ်စုစာအုပ်လေးယူထားပြီးတော့ မှတ်ထားတာရှိတယ်။ မှတ်စရာက များများ မရဘူးကွ၊ မှတ်စရာ များများမရဘူးဆိုလို့ရှိရင် အစည်းအဝေးတက်လာတဲ့ လူတွေကို ဘုန်းကြီးတွေကို မင်းတို့ ခန့်မှန်းကြည့်လိုက်တော့ ဟုတ်လား၊။


ဒလိုင်းလားမားပြောသော စကားသုံးခွန်း
တိဗတ်ရဟန်းမင်းကြီး ဒလိုင်းလားမား၊ သူပြောထားတာလေးတွေထဲက ဒို့က ၃ လုံးတော့ သေသေချာချာ မှတ်ထားလိုက်တယ်။

၁။ တစ်လုံးက ဘာလဲဆိုတော့၊ ဗုဒ္ဓစာပေမှာ ပါဠိစာပေဟာ အရင်းအမြစ်ကျဆုံးပဲ။ အဲဒီစကားလုံးထွက်လာနိုင်တဲ့ တိဗက်ဘာသာရေးခေါင်းဆောင်ရဲ့ နှလုံးသားကို မှန်းကြည့်လိုက်၊ Very Honest အလွန်ရိုးသားတဲ့ စိတ်ထားရှိတယ်လို့ ခန့်မှန်းလို့ ရတယ်၊ Tibetan Buddhism ဆိုတာဟာ ဆန်စခရစ် (Sanskrit Buddhism) ပဲ၊ မင်းတို့ အိန္ဒိယပြည်ကြီးမှာ ကျောင်းတက်နေတာဆိုတော့ သင်ပြီးသား ဖြစ်မှာပေါ့၊ ဘုရားသာသနာ နှစ် ၅၀၀ လောက်မှာ ကန္ဓာရတိုင်း ကသ္မီရဒေသ ဒီကနေ့ပြောတော့ ကသျှမီးပေါ့၊ ကနိသျှအင်ပါရာကြီးဟာ ရုရှားပြည် တစ်ခြမ်း အနောက်ဘက် အာဖဂန်နစ္စတန်တို့ ဂရိတို့အထိ ရောက်တယ်၊ မြောက်ဘက်ဆို ရုရှားပြည် တောင်ဘက်ခြမ်း တစ်ခြမ်းလုံးပဲ၊ စတန် (stan)၊ စတန် စတန်ဆိုတဲ့ နာမည်နဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ သိလား? ။ တာဂျစ္စတန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ စတန်စတန် စတန်နဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ? (သံဃာများ တုဏှီ)။ As long as we're alive, we must learn.
အသက်ရှင်သမျှကာလပတ်လုံး သင်နေရမှာ၊ အားလုံး ၇ ခုရှိတယ်။ အဲဒါတွေ အားလုံးက Buddhist Countries တွေချည်းပဲ၊ မင်းတို့ကို ငါပြောမှာက သာသနာ နှစ် ၅၀၀ လောက်မှာ အဲဒီကသျှမီးဒေသ ဟိမ၀န္တာတောင်ခြေမှာ ကနိသျှကဘုရင်ကြီး၏ အထောက်အပံ့နဲ့ သံဂါယနာ တစ်ခုတင်သွားတယ်၊ သံဂါယနာပွဲ ခေါင်းဆောင်းတဲ့သူက အဿဃောသ၊ ၀သုဗန္ဒု၊ ဂိုဏ်းက သဗ္ဗတ္ထိဝါဒဂိုဏ်းက ခေါင်းဆောင်တာ၊ ယောဂစာရ ဂိုဏ်းထဲပါတယ်။ ယောဂစာရ ဂိုဏ်းသည် သဗ္ဗတ္ထိဝါဒဂိုဏ်းထဲက ခွဲထွက်သွားတာ။ အဲဒီ သံဂါယနာတင်ပွဲမှာ သံဃာ ၁၀၀၀ ပါတယ်။

ဘာလုပ်သလဲ တိုတိုပြောရရင် ပါဠိနဲ့ ထိန်းထားတဲ့ ပိဋကတ်ကို သက္ကဋအဖြစ်ပြောင်းတာ၊ အဲဒီမှာ ပြောင်းတာ၊ ပါဠိပိဋကတ်ကို သက္ကဋနဲ့ပြောင်းပြီးတော့ သုတ္တန်ရော အဘိဓမ္မာရော ၀ိနည်းရော အကုန်လုံး အသစ်ပြန်ရေးပြစ်လိုက်တာ၊ သံဂါယနာတင်လိုက်တာ၊ ဘုရားလက်ထက်ကတော့ ရဟန်းတစ်ပါး ပိဋကတ်တော်တွေကို သက္ကတနဲ့ရေးမယ်ဆိုတော့ ဘုရားကတားတာ သိက္ခာပုဒ် မင်းတို့ သိပါတယ်။ ဒါပေမဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်းနဲ့ ယောဂါစာရဂိုဏ်းက ပိဋကတ်ကို အကုန်လုံး သက္ကဋဘာသာနဲ့ ပြန်ရေးပြစ်လိုက်တာ၊ ၀ိဘာသာဆိုပြီးတော့ နာမည်ပြောင်းသွားတယ်၊ အဲဒီလို သက္ကဋဘာသာနဲ့ ရေးထားတဲ့ ကနိသျှကမင်း အထောက်အပံ့နဲ့ အဿဃောသခေါင်းဆောင် တင်တဲ့ သံဂါယနာက သက္ကဋပိဋကတ်ကို Sanskrit Buddhism ကို ဘိက္ခုဗောဓိက တရုပ်ဘာသာပြန်တာ၊ ဘိက္ခုဗောဓိက ဘယ်အရပ်သားလဲ? (သံဃာများ တုဏှီ)၊ As long as you're alive, you must learn. တမီနာရူး (Taminaru)သား၊ တမီးကုလား ဘိက္ခုဗောဓိ၊ သူက အဲဒီဘက်ရောက်ပြီးတော့ အဲဒီသံဂါယနာပိဋကတ်ကို တရုပ်ဘာသာပြန်ပြစ်လိုက်တာ၊ တရုပ်နဲ့တိဘက် ဟိမ၀န္တာကျော်ချသွားတာ ဟိုမြောက်ဘက် ဂျပန်အထိ ရောက်သွားတာ။

အဲဒီလိုတိဗက်ကရလာတဲ့ Buddhism က စင်တင် သံဂါယနာမှ ဖြစ်ပေါ်လာသော သက္ကဋပိဋကတ်ကို ဘိက္ခုဗောဓိက ဘာသာပြန်ပေးတာ၊ ဘာသာပြန်မှ တဆင့် သူတို့ ရရှိကြတာ၊ အဲဒါကြီးကို ဒလိုင်းလားမားဆိုတဲ့ ပုဂ္ဂိုလ်က ကောင်းကောင်းသိတယ်၊ သက္ကဋဘာသာပြန်၊ သက္ကဋမှ တရုပ်၊ တရုပ်ဘာသာမှ တိဗက်ဘာသာပြန်၊ အဲဒီလို အမျိုးအမျိုး ဘာသာပြန်သွားတာကို သူသိတယ်၊ အခု သူဘာပြောလဲ?


မြန်မာသာသနာပိုင်ဆရာတော်ကို ဖူးချင်တဲ့ တိဗတ် ဒလိုင်းလားမား
ဒို့တည်းနေတဲ့ ဟိုတယ်ကို သာသနာပိုင်ဆရာတော်ကြီးကို ဖူးတွေ့ချင်ပါတယ်၊ လာအို့သာသနာပိုင်ဆရာတော်နဲ့ မြန်မာပြည်က သာသနာပိုင်ဆရာတော်ကို ဖူးတွေ့ချင်တယ်ဆိုတဲ့ သတင်းကို သူတို့ တိဗက်ဘုန်းတော်ကြီးတွေကနေ တဆင့် ဒို့တပည့် ဒေါက်တာကုမာရဆီကို လာတယ်၊ ဒေါက်တာကုမာရက ငါ့ကိုလာလျှောက်တယ်၊ အေး-ဖူးချင်ရင် ဒို့ရှိတဲ့နေရာလာ၊ ဒို့က တွေ့ချင်လို့ လိုက်ရှာတာ မဟုတ်ဘူး၊ သူတွေ့ချင်ရင် ဒို့ဆီ လာခဲ့၊ ငါက အဲလို ပြောလိုက်တာ။ ဒို့တည်းတဲ့အခန်းထဲလာပြီး အေးအေးဆေးဆေးတွေ့ပြီး နာရီဝက်လောက်ကြာအောင် စကားပြောသွားတယ်၊ ဒို့ကလိုက်တွေ့တာ မဟုတ်ဘူး၊ သူလာတွေ့တာနော်။

အဲတော့ သူပြောတယ်၊ တစ်က ဘာလဲ? ဗုဒ္ဓသာသနာမှာ ပါဠိစာပေသည် အရင်းအမြစ်အကျဆုံးပဲ။ ဘယ်နေ့ ဘယ်နေရာ ဘယ်ချိန်မှာ ပြောတယ်ဆိုတာလေးကို မှတ်ထားလိုက်တယ်။ ပြီးတော့မှ ဆန်စခရစ် (Sanskrit) တို့ တန္တရစ် (Tantric) တို့ကတော့ အပေါ်ယံကသွားကြတာ။ (Sanskrit) တို့ တန္တရစ် (Tantric)၊ ၀ါဇီရာယာနတို့ မဟာယာနတို့ ဟီနယာနတို့ ဒါတွေဟာ so call name ပဲ၊ နာမည်မျှပဲကွ၊ အနှစ်သာရကတော့ သီလ သမာဓိ ပညာပဲ။ ဟော-မှတ်သားစရာ ကောင်းတယ်။


သဘောထားကြီးကြ
အဲတော့ ခုနက ငါပြောတာ မင်းတို့ မေ့သွားပြီလား၊ ဘာမြစ်နဲ့ ဘာမြစ် မပေါင်းရင် ဘာမဖြစ်ဘူးလဲ? (မေခနဲ့မလိခ မြစ် မပေါင်းရင် ဧရာဝတီမြစ် မဖြစ်ဟု သံဃာများ ဖြေ)။ အဲဒါ broad mind သဘောထား ကြီးကြဖို့ပဲ။

သင်ကြားဆိုတာ ဘယ်နေရာက ဘာပဲရရ အကုန်သင်ထား၊ ထေရ၀ါဒနဲ့ မဟာယာန ၀ဇိရာယာန၊ အဲဒါတွေ ဘာပဲပြောပြောပါ၊ သီလ သမာဓိ ပညာသည်သာ အနှစ်သာရပါ။

  ။ နောက်တစ်ခုက ဘာပြောလဲဆိုတော့ အပေါ်ယံ အ၀တ်တွေရဲ့ အရောင်အသွေးတယ်ပဲ။ အင်္ကျီဝတ်တာတွေ ဘောင်းဘီဝတ်တာတွေ၊ အပြာရောင်တွေ အ၀ါရောင်တွေ အနီအရောင်တွေ အညိုရောင်တွေ၊ ခေါင်းဆောင်းတာတွေ ခေါင်းမဆောင်းတာတွေ၊ အဲဒီအပေါ်အယံက အသွင်အပြင်တွေ လျှောက်ပြောတယ်၊ ဒါတွေက Outer-shell အကာတွေပဲ၊ inner-core ၊ အတွင်းပိုင်းက အနှစ်သာရ ဘာလဲ၊ သီလ သမာဓိ ပညာပါပဲ။ သီလ သမာဓိ ပညာဖြင့် အတွင်းပိုင်းကို ငြိမ်းချမ်းအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး ဒီသာသနာမှာ ဘယ်ယာနမှာပဲ နေနေ ဒီပုဂ္ဂိုလ်ရဲ့ဘ၀ဟာ မပြီး မပြည့်စုံဘူးတဲ့၊ သူ့လူတွေကိုလဲ ဒီအတိုင်းပြောတာ၊ အဲဒီတော့ သီလ သမာဓိ ပညာကို မကျင့်ဘဲနဲ့ ဘာယာနတွေပဲ ထောင်ထားထား၊ ဘာအ၀တ်တွေပဲ ၀တ်ထားထား ဒီပုဂ္ဂိုလ်ရဲ့ ဘ၀ဟာ သာသနာတော်ထဲကို ရောက်သည် မမည်ဘူး။ ဒလိုင်းလားမား ပြောတာ၊ မင်းတို့ကို ငါ ဒါလေးပြန်ပြီးတော့ ကမ်းလှမ်းတယ်။
အဲတော့ အဲဒီမှတ်စုလေးတွေကို မှတ်ရင်း မှတ်ရင်းနဲ့ ဘယ်တုန်းကမှတ်ထားမှန်းမသိသော ငါ့မှတ်စုလေးတွေ ငါ့စာအုပ်ထဲမှာ သွားတွေ့တာ၊ အဲဒါလေးတွေ ဖတ်ပြပြီးရင် ဒီကနေ့ည မင်းတို့အတွက် စကားလက်ဆောင်ပေါ့နော်။


သင်ကြားရုံမျှနဲ့မပြည့်စုံ
အသက်ရှင်နေသမျှ ဘာလုပ်ကြရမှာလဲ? (သင်နေရမှာ- သံဃာများ ဖြေ)၊ သင်နေသမျှ ဘာဖြစ်ကြမှာလဲ? (အသက်ရှင်နေရမှာ-သံဃာများ ဖြေ)။ သင်နေရင်တော့ အသက်ရှင်နေအုန်းမှာ မသင်ရင်တော့- သေမှာ။ အားလုံး သေအောင် မခေါ်ကြပါနဲ့အုန်း။ (သံဃာများ ရယ်သံ)။ သင်ကြားကြအုန်းပေါ့ ဟုတ်လား။ သာသနာတော်အတွက် သင်ကြားကြရမှာနော်၊ အဲဒီတော့ မှတ်တမ်းလေးတွေ ငါ့ဘာငါ ကြုံသလိုရေးထားတာ မနဲ ပြန်ဖတ်ယူရတယ်၊ Learning alone would not make a man to be a wise. ဘာတဲ့လဲ? (ရဟန်းအချို့ဖြေ၊ မရှင်လင်း)။ သင်ကြားနေရုံမျှနဲ့၊ ဆရာတော်ကြီးမိန့်ကြားသွားတာ ပရိယတ်နဲ့ ပဋိပတ်ပဲမဟုတ်လား၊ သင်ကြားတာ ပရိယတ်၊ ပရိယတ်တစ်ခုတည်းကို သင်ကြားရုံမျှဖြင့် မင်းတို့ငါတို့ ဘာမဖြစ်နိုင်ဘူးလဲ? (ပညာရှိ မဖြစ်နိုင်-သံဃာများ ဖြေ)။ would not be a man to be a wise. ပညာရှိမဖြစ်နိုင်ဘူး။ သင်နေရုံနဲ့ ဘယ်လောက်ပဲ သင်သင် ပညာရှိ တကယ် မဖြစ်သေးဘူး၊ သင်တယ်ဆိုတာ ဘာလုပ်တာလဲ? Collection of information ပဲမဟုတ်လား၊ reading and collecting many books ဒီလို မဟုတ်လား၊ စာအုပ်တွေဖတ်ပြီး ဟိုကဖတ် ဒီကဖတ် အကြောင်းအရာတွေကို စုတာပဲ မဟုတ်လား၊ Ph.D ဆိုလို့ရှိရင် စုတယ်လေ၊ ဟိုစာအုပ်က ဖတ်၊ ဒီစာအုပ်ကဖတ် သူများရေးပြီးသားတွေ စု၊ စုပြီးတော့ ပြန်စီတယ်လေ၊ အဲဒါ ဒို့ professor ဒေါက်တာ ခင်မောင်ညွှန့်က ပြောတယ်၊ ‘‘ခိုးချတဲ့ စာစု ကျမ်းကြီး ဖြစ်မှာပဲ’’တဲ့။ (ရယ်သံ) သူများစာတွေ ခိုးချပြီးတော့ ကိုယ့်စာ လုပ်တာပဲ။ ဒေါက်တာ ခင်မောင်ညွှန့်က ဒို့တက္ကသိုလ်မှာ Ph.Dနှင့် M.A ကျောင်းသားတွေကို စာသင်ရင်းနဲ့ အဲဒါ ပြောတာ။

အဲဒီတော့ ဒီမှာ Learning alone would not make a man to be a wise. သင်ကြားနေရုံမျှဖြင့်တော့ မင်းတို့ ငါတို့ ပညာရှိ တစ်ယောက် မဖြစ်နိုင်။ သင်ရင် ဒို့ဘာရလဲဆိုတော့။ Just collection of knowledge ပေါ့။ Knowledge နဲ့ Wisdom မတူဘူးနော်၊ Knowledge ကို ဒို့က ဗဟုသုတလို့ ပြောရမှာ၊ Wisdom ကို ဘာပြောလဲ၊ ပညာလို့ပြောတယ်၊ ဗဟုသုတဆိုတာ ဟိုဟာဖတ်တာ ဒီဟာဖတ်တာ ဟိုဟာကြည့်တာ ဒီဟာကြည့်တာ၊ နဲနဲနဲ့ သိတယ်၊ အရေးကြီးတာက Knowledge comes but wisdom lingers. အဲဒီလို စာတွေ အများကြီး ဖတ်ဖတ်ပြီးတော့ မှတ်မှတ်ထားလို့ရှိရင်တော့ general knowledge ဗဟုသုတတွေတော့ ရမှာပေါ့၊ wisdom lingers ပညာကတော့ မလာသေးဘူး၊ ရဖို့ ကြာလိမ့်အုန်းမယ်။

ကျောင်းသားကျောင်းဆောင် သြ၀ါဒ အခမ်းအနား


တတ်သည့်ပညာနဲ့ကိုယ်နဲ့တစ်သားတည်း
ဟေ့-who learns the rules and wisdom ပညာတွေ နည်းစနစ်တွေ အချက်အလက်တွေ အများကြီးသင်ထားတယ်၊
without confirming to them and this life. အဲဒီ သင်ကြားထားတာတွေ လူနဲ့ တစ်ထပ်တည်း ဖြစ်အောင် မလုပ်နိုင်သေးဘူးဆိုရင်။ In the life a man who plot his filed but does not sow လယ်သာ ထွန်းတက်ပြီး လက်မစိုက်တတ်တဲ့သူနဲ့ တူတယ်၊ သင်ကြားထားလို့ မှတ်သားထားလို့ စာတွေ တတ်ထားတယ်၊ အများကြီးကို ဖတ်ထားတယ်၊

တကိုယ်လုံး encyclopedia ကြီးလိုကို ဖြစ်နေတာ။ Britannica encyclopedia ကို မျိုထားသလိုပဲ။ ဟိုဟာလဲ သိတယ် ဒါလဲသိတယ်၊ အဲဒီတတ်ထားတဲ့ စာတွေ ပညာတွေ ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ တစ်ထပ်တည်းဖြစ်အောင် မကျင့်နိုင်သေးသမျှတော့ အဲဒီပုဂ္ဂိုလ်ဟာ ဘာနဲ့တူလဲ?

လယ်ကို ထွန်ရုံသာ ထွန်ပြီးတော့ မစိုက်ပျိုးတဲ့ လယ်သမားလို ဖြစ်မယ်။ ကြားလား အားလုံး လယ်ကို ထွန်လဲ ထွန်ကြပါ၊ စိုက်လည်း စိုက်ပျိုးကြပါ၊ To think is easy. တွေးတာတော့ လွယ်တာပေါ့၊ To act is hard. လုပ်ဖို့ကတော့ ခက်လိမ့်မယ်၊ Ph.D အောင်ရင် ငါ ဘာတွေ လုပ်လိုက်မယ်ပေါ့လေ၊ တွေးတော့ တွေးတယ်၊ တကယ်လုပ်ရင်တော့ သိပ်တော့ မလွယ်ဘူး။


တက္ကသိုလ်တည်ထောင်လိုစိတ်
ငါ Ph.D ဘယ်တက္ကသိုလ်ကမှ မအောင်ခဲ့ဘူး၊ ဒါပေမဲ့ တက္ကသိုလ်တည်ထောင်ချင်တဲ့ စိတ်က တော်တော် ဖြစ်တယ်။ ဖြစ်ချင်ဆုံးနှစ်ကို ငါပြောရမယ်ဆိုရင် ၁၉၆၂။ ၁၉၆၂ ဆိုတာ မင်းတို့ သိလား၊ နိုင်ငံတော်ရဲ့ အကြီးအကျယ် ပြောင်းတဲ့နှစ်လေ။ ဓမ္မာစရိယအောင်တာ ၁၉၆၁ ကွ၊ ၁၉၆၂ မှာ ကမ္ဘာအေး သံဃာ့တက္ကသိုလ်သွားတာ၊ သံဃာ့တက္ကသိုလ် ဧပြီလ စာရင်းသွင်းထားတယ်၊ အဲ ဆောရီး ဖေဖော်ဝါရီလကထဲက စာရင်းသွင်းထားတယ်၊ မတ်လကျတော့ ဘာဖြစ်လဲ? ၆၂ မတ်လ ၂ ရက်နေ့ ဘာဖြစ်တာလဲ? ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းတာလေ။ အာဏာသိမ်းတော့ ပါလီမန် ဒီမိုကရေစီအစိုးရကို တည်ဆောက်ခဲ့တဲ့၊ ဦးနုတို့လက်ထက်က တည်ထောင်ခဲ့တဲ့ ဓမ္မာစရိယ အဒ်ဥပဒေ၊ ပါဠိပထမပြန် အဒ်ဥပဒေ၊ ၀ိနိစ္ဆယအဒ်ဥပဒေ၊ အဒ်တွေ အများကြီးပဲ၊ ဗုဒ္ဓသာသနာအဖွဲ့ အဒ်ဥပဒေ၊ ပါဠိတက္ကသိုလ် အဒ်ဥပဒေ။
နောက်ပြီး ကမ္ဘာအေးမှာ ရှိသေးတယ်၊ International Institute for Advanced Buddhist Study ဆိုပြီးတော့၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိတယ်၊ အဲဒီအောက်မှာ သံဃာ့တက္ကသိုလ်ရှိတယ်၊ အဲဒါတွေ အကုန်ဖျက်ပြစ်တာ။ ကျောင်းစဖွင့်မှာက မေ၊ ကဆုန်လပြည့်ကျော် ဂျွန်လဆန်းလောက်မှ စဖွင့်တာ၊ မတ်လမှာ သာသနာနှင့်ဆိုင်တဲ့ အဒ်တွ ဥပဒေတွေ အကုန်လုံး ပျက်ကုန်ပြီမဟုတ်လား။ အဲတော့ ငါ ဘာနဲ့တူလဲဆိုတော့ သေမည့်နေ့ စစ်ထဲလိုက်သလို ဖြစ်သွားတယ်၊ (သံဃာများ ရယ်သံ)။ အဲဒီနေ့ သံဃာ့တက္ကသိုလ် ကျောင်းစ တက်ရတာကွ။

ဘာ့ကြောင့် သံဃာ့တက္ကသိုလ်တက်လဲ ဆိုတော့--

၁။ ကမ္ဘာအရပ်ရပ်မှာ သာသနာ၊ ခရစ်ယာန်ဘုန်းကြီးတွေ ကမ္ဘာအရပ်ရပ်က ဒို့တိုင်းပြည် လာလုပ်ကြတာ အများကြီးပဲ။ ဒို့တိုင်းပြည်က ဘုန်းကြီးတွေ ကမ္ဘာလှည့်ပြီးတော့ ခရစ်ယာန်တွေလို ဘယ်သူတွေများလုပ်ကြသလို ရှားရှားပါးပါး ရှာဖွေကြည့်တော့ အရှင်သေဋ္ဌိလပဲတွေ့တယ်၊ နောက် အရှင်အရိယဓမ္မဆိုတဲ့ တောင်တွင်းကြီးက ဆရာတော်တစ်ပါးတွေ့တယ်၊ ပြင်သစ်မှာ ကားတိုက်လို့ ကွယ်လွန်တော်မူရှာတယ်၊ နောက်တစ်ခုက သီဟိုဠ်ကျွန်းမှာ ဘုန်းကြီးထောင်တဲ့ တက္ကသိုလ်တွေ အများကြီးရှိတယ် အိန္ဒိယမှာလဲ တက္ကသိုလ်တွေ အများကြီးရှိတယ်၊ ဒို့တိုင်းပြည်မှာ ဘုန်းကြီးထောင်တဲ့ တက္ကသိုလ်မရှိဘူးကွ၊ ငါလဲပဲ တက္ကသိုလ်တော့ ထောင်ဦးမယ်ဆိုပြီး အဲဒီကထဲက စိတ်ကလေး ဖြစ်လာတာ။ ၁၉၆၂ ခုနှစ်က စိတ်ကူးဟာ ၆၃-၆၄-၆၅ ဘယ်နှစ်နှစ်လောက် စိတ်ကူးယူရလဲ မင်းတို့ စဉ်းစားကြည့်။ ငါ စစ်ကိုင်း တက္ကသိုလ်ထောင်တာ အခုမှ ၁၅ နှစ်လောက်ရှိသေးတယ်။


လူစွမ်းကောင်းဆိုတာ
အဲတော့ ဘုရားလောင်းရဲ့ ဘုရားဖြစ်ဖို့ ဆုပန်တာတွေရဲ့ ရှေ့နားက စိန္တိတံ သတ္တသံဟိတံ စာလေး ဒို့ ရထားဖူးတယ်နော်၊ ကြံစီတွေးတော့ခဲ့တာ ဘယ်လောက်ကြာလဲ? သိပ်ကြာတဲ့ပေါ့ကွာ။ အဲဒီမှာ To think is easy. တွေးတာတော့ လွယ်တာပေါ့၊ To act is hard. လုပ်တဲ့အခါမှာတော့ ခက်တယ်တဲ့။ အဲဒါကို ကြောက်ရင် မင်းတို့ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး၊ To act according to one’s thinking is hard. အတွေးနဲ့ အလုပ် တစ်ထပ်တည်းဖြစ်အောင် လုပ်ဖို့ဆိုတာကတော့ ခက်ခဲဆုံးပဲတဲ့။ တွေးထားတဲ့အတိုင်း တစ်ထပ်တည်းကျအောင် လုပ်ဖို့ဆိုတာ ကမ္ဘာမှာ အခက်ဆုံးပဲ။ အခက်ဆုံးအလုပ်ကို လုပ်နိုင်ရင် မင်းတို့ လူစွမ်းကောင်းပဲ။ အဲဒါသိစေချင်ပါတယ်။

Sitagu International Buddhist Academy (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ဒို့ ၃ ခုတော့ အခု လုပ်ထားပြီးပြီ၊
အဲဒီတော့ Learning is not merely acquisition of information.
သင်ကြားနေတယ်ဆိုတာဟာ အချက်အလက် စုဆောင်းနေရုံမျှမဟုတ်ဘူး၊

Learning is lifelong continuous process. သင်ကြားတယ်ဆိုတဲ့ ကိစ္စဟာ အသက်ရှင်နေသမျှကာလပတ်လုံး ဆက်ပြီးအလုပ်လုပ်နေရမှာ၊ အဲဒါလေး မမေ့ကြနဲ့။ သင်ကြားနေတဲ့ဆိုတာနဲ့ တပြိုင်နက်ထဲမှာ တစ်သက်လုံး အလုပ် လုပ်နေရမယ်။

ဗုဒ္ဓရှင်တော်ရဲ့ဘ၀ကို ပြန်သုံးသပ်ရင်-- အလုပ်လုပ်ရင်း ဘ၀ခရီးဆုံးသွားတာပဲ၊ နောက်ဆုံး ဗုဒ္ဓရှင်တော်ရဲ့ ဆောင်ရွက်ချက်ဟာ သုဘဒ္ဒဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဘ၀ခရီးထဲကနေ ကယ်သွားသေးတယ် မဟုတ်လား၊ အဲဒါကြောင့် တပည့်တွေအားလုံး As long as we live, we must learn. As long as we learn, we must live. အဲဒီတော့ Learning ဆိုတဲ့ ဥစ္စာကို အနဲ့ငယ် detail လေး ပြောရမယ်ဆိုရင် Learning ထဲမှာ ဘာပါလဲ၊ Idea ပါတယ်၊ ဘာပါလဲ? (သံဃာများ ဖြေသံ)၊ ကျက်မှတ်ထားရုံနဲ့ မပြီးဘူး၊ ခုနက ဒလိုင်းလားမား ဆရာကြီးပြောတဲ့ စကားဟာနော်၊ နောက်ဆုံး ပြောသွားတာ ဘာလဲ? အ--ဲ နောက်ဆုံး ပြောသွားတဲ့ စကား တစ်လုံးကျန်သေးတယ်။


ငြိမ်းချမ်းရေးဆိုတာ

၃။ ကမ္ဘာ့ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး ပြောနေကြတယ်။

everyone is talking world peace but they don’t have any peace within their heart, any minimum amount of peace within their heart.

ကမ္ဘာလုံးငြိမ်းချမ်းရေးလုပ်မည်ဆိုတဲ့ လူတွေရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းရေးလေးဟာ နဲနဲလေးမှတောင် မရှိဘူး။

Without individual peace, we would not contribute the peace to the world.
မိမိကိုယ်တွင်း ငြိမ်းချမ်းရေးမရှိဘဲ တကမ္ဘာလုံး ငြိမ်းချမ်းရေး ဘယ်လိုလုပ် လုပ်ပေးနိုင်မှာလဲ၊ အဲလိုမို့လား၊ အဲဒါပါပဲ၊ အဲတော့ မင်းတို့နှလုံးသားထဲမှာ Knowledge လောက်နဲ့ ကျေနပ်မနေကြနဲ့၊ ဘာလုပ်ရမလဲ? Wisdom အထိ လုပ်ရမယ်၊ wisdom ဆိုလို့ရှိရင် ဘယ်လိုလုပ်ရမလဲဆိုတော့ လယ်ကို ထွန်လဲထွန်ပါ စိုက်လဲစိုက်ပါ။ ထွန်တာလဲ ခက်ပါတယ်၊ စိုက်တာလဲ ခက်ပါတယ်၊ ခက်တဲ့ အလုပ်ကို လုပ်နိုင်တဲ့သူသည် ဘာတဲ့လဲ? လူစွမ်းကောင်း၊ အဲတော့ Idea ဟုတ်လား၊ ဒလိုင်းလားမား ပြောတဲ့ စကားသည်ပင် မင်းတို့ ငါတို့အတွက် Idea ပဲ။


Idea မှ Action
သင်ကြားနေရုံမျှဖြင့် မင်းတို့ ငါတို့နှလုံးသားထဲ peace ကို ဘယ်လိုလုပ် ရမလဲ၊ သင်ရုံနဲ့တော့ peace မရဘူး၊ ဘယ်တော့မှ ရလဲ? ကျင့်မှရတယ်၊ အဲတော့ ဒို့သာသနာပိုင်ဆရာတော်ကြီး ခုနက ပြောသွားတယ်၊ နံပါတ် ၁- Idea၊ အဲဒီ Idea ကို Idea အတိုင်း မထားနဲ့၊ Action ဖြစ်အောင်လုပ်၊ အဲဒီ Action က မိမိရဲ့ Attitude ကို ပြောင်းနိုင်တာ။

ဝိသာခ ဆိုတဲ့ သူဌေး မြတ်စွားဘုရားကျောင်းတော် သွားပြီး တရားနာတယ်၊ တရားနာပြီးလို့ ပြန်လာတယ်၊ အိမ်ပေါက်ကနေ ဓမ္မဒိန္နာက ဆီးကြိုတယ်လေ၊ အလှပြင်ပြီးတော့ မိန်းမက ယောက်ျားကို ဆီးကြိုတာလေ၊ ပွေ့တောမလိုလို၊ ဖတ်တော့မလိုလို၊ နမ်းရှုပ်တော့မလိုလို ဒီလို မဟုတ်လား၊ ဟိုလူက ဘယ်လိုပြန်လာလဲ သိလား? မျက်လွှာချပြီး ခေါင်းငိုက်စိုက်ကျလို့ အိမ်ဘက်လဲ မကြည့်ဘူး၊ မိန်းမက ဆီးကြိုတာလဲ သူ Welcome မလုပ်တော့ဘူး၊ ဘာဖြစ်သွားတာလဲ? Attitude ပြောင်းသွားတာ၊ ဘုရားထံမှာ သင်ရုံသာ သင်လာတာ မဟုတ်ဘူး၊ နာရုံသာ နာလာတာမဟုတ်ဘူး၊ wisdom ကို နှလုံးသားထဲမှာ ထည့်ပြီးပြီလေ။ အနာဂါမိမဂ်နှင့် ယှဉ်သော wisdom မဟုတ်လားကွ၊ မှန်ပါဘုရား.(သံဃာများအသံ)။ ဘာနဲ့ဘာကို ပယ်လိုက်လဲ? (သံဃာဖြေသံ)၊ ကာမရာဂနှင့်ဗျာပါဒကို အနာဂါမိမဂ်က ပယ်ပြီးပြီဆိုတော့ မိန်းမက ဖတ်ရမ်း နမ်းရှုပ်မလို့ လုပ်တာ၊ သူက ဒါကို လက်မခံဘူး၊ Attitude က ပြောင်းသွားပြီ။

အဲတော့ ဆိုလိုချင်တာက ပညာတတ်ရင် အမူအရာတွေ attitude တွေ ဘာဖြစ်သွားလဲ? ပြောင်းသွားတယ်။ ဘယ်လိုပြောင်းသွားလဲ? Stability ပေါ့၊ ဘ၀က တည်ငြိမ်ပြီးတော့ ဣနြေ္ဒရသွားတယ်၊ တစ် Idea နှစ် Action သုံး attitude လေးကတော့ way-နည်းလမ်းတွေ၊ Idea ရပြီ Action ရှိပြီ၊ Attitude ရှိပြီ၊ ဘာလုပ်မလဲ? အဲဒီအထဲ နည်းလမ်းရှာ၊ How to establish a University? How to establish a fundamental Buddhist School? Primary School in Villages? ပေါ့။ ဟုတ်လား၊ ရွာတွေမှာ ဗုဒ္ဓဘာသာ အခြေခံကျောင်းတွေ ဘယ်လို တည်ထောင်မလဲ? ကြည့်လေ ခရစ်ယာန်တွေ ဘယ်လိုလုပ်လဲ? အစ္စလာမ်တွေ ဘယ်လိုလုပ်လဲ? ဟိန္ဒူတွေ ဘယ်လိုလုပ်လဲ? နည်းနော်၊ Way of life ကို အဲဒီမှာ ရှာရမယ်။
အဲဒါကြောင့် Idea ရမယ်၊ အဲဒီ Idea ကို action ဖြစ်အောင် သရုပ်ဖော်ရမယ်၊ အဲမှာ နည်းလမ်းတွေရမယ်၊ မိမိရဲ့ဝဘကလဲ ပညာတွေ တက်လာလေလေ ဘ၀ရဲ့ အမူရာအရာတွေကလဲ ငြိမ်သွားမယ်။ အိန္ဒိယမှာ မာစတာ (Master) သင်တုန်းကလဲ ဘိုင်စကယ်လေးနဲ့ ဂျုတ်ဂျုတ်နဲ့သွား၊ Ph.D ရပြီးတော့ မြန်မာပြည်ပြန်သွား ဘိုင်စကယ်လေးနဲ့ဆိုတော့ ဟန်မကျသေးဘူး။ အဲလိုအဲလို ဘ၀က attitude တွေ အကုန်ပြောင်းပြစ်ရမှာ။
နောက်ပြီးတော့ မင်းတို့ ငါတို့မှာ Initiative power ရှိရမည်။ လုပ်နိုင်စွမ်းရှိရမည်၊ အဲဒီသင်ကြားတဲ့ အထဲက Initiative power တွေ ရအောင် လုပ်ယူရမှာ။ Initiative power ရှိလာလို့ရှိရင် နောက်ထက် Creative power တကယ်လုပ်သည်။ အဲဒါပါပဲ။ Idea, Acts, Attitude, way, Initiative power, Creative power. လုပ်နိုင်စွမ်းလဲရှိတယ်၊ Creative power တကယ်လဲ လုပ်လိုက်ကြပြီ။


Ph.D inflation မဖြစ်အောင်
ဒီကနေ့ ဒို့လှူတဲ့ ၁၀၀ ကို အလှူခံတဲ့ ရဟန်းတော် သီလရှင်တွေ ၅၂၈ ပါးပဲ အကုန်လုံး Ph.D အောင်ကြည့်စမ်းပါ၊ စိတ်မဆိုးနဲ့ Ph.D inflation ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ အဲဒီတော့ inflation မဖြစ်အောင် Idea ရအောင်သင်၊ Action မြောက်အောင် လုပ်၊ Attitude တွေပြောင်း၊ way of action- လုပ်ရမည့် နည်းလမ်းတွေရှာ၊ Initiative power ကို ရအောင် စုဆောင်း၊ ပြီးတော့ တကယ် တိုင်းပြည်နဲ့ နိုင်ငံ သာသနာကို မင်းတို့ Creat လုပ်ပါ။ ဘာလုပ်မလဲ? တောက Primary school လေးကို International school ဖြစ်အောင် မင်းတို့ ဘယ်လို creat လုပ်မလဲ? Creative power ရအောင် ဆက်ကြိုးစားရမည်။ အဲဒါ ပြောချင်တာပဲနော်။


နိဂုံး
အဲတော့ ငါ့မှတ်စုလေးတွေ အကုန်မဖတ်ပါဘူးကွာ၊ ဒီတော့၊ နိဂုံးတော့ ငါဘာပြောမလဲဆိုတော့၊ They say that if you want to change society, if you want to change country ပေါ့၊ if you want to change Sasana လား အများကြီးပဲ။ if you want to change Myanmar education system. ပြောင်းချင်တယ်ဆိုတာတွေ မြန်မာပြည်မှာ သိပ်ပြောနေကြတယ်လေ၊ ပြောင်းချင်တယ် ပြောင်းချင်တယ် သိပ်ပြောတယ်၊ နိုင်ငံရေးမပြောပါဘူး၊ ဘာပြောင်းချင်တာလဲ? ပါဠိပထမပြန် စာမေးပွဲထဲမှာ အင်္ဂလိပ်စာ ထည့်သင်ရင်ကောင်းမယ်၊ ခေတ်မီမီစနစ်အတိုင်း၊ change သိပ်လုပ်ချင်တယ်။


အိုဘာမားရဲ့ Changing
အမေရိကန်သမ္မတ အိုဘားမားလေ သူပေါ်လစီက တစ်လုံးတည်း၊ We need to change. ရွေးကောက်ပွဲဝင် ဟာ--အမေရိကန် စီးပွားရေးစနစ်၊ အလုပ်လက်မဲ့စနစ်၊ George export စနစ်၊ George export စနစ်ဆိုတာ သိလား? စက်ရုံ အလုပ်ရုံတွေ အကုန်လုံး နိုင်ငံခြား ရောင်းစားပြစ်တာလေ၊ တရုပ်ပြည်က အကုန်ဝယ်သွားတယ်၊ မင်းတို့သိလား? (မသိပါဘုရား-သံဃာများဖြေသံ)။ အမေရိကန်က စက်ရုံအလုပ်ရုံ အကြီးကြီးတွေ အကုန်လုံး ၈၀ ရာခိုင်နှုံး တရုပ်ပြည်ရောက်သွားတာ။ အဲဒါ George export ခေါ်တယ်။ အဲတော့ ဘာဖြစ်ကုန်လဲ? စက်ရုံတစ်ရုံ တစ်ရုံရဲ့ အလုပ်သမားအရေအတွက် ဘယ်လောက်ရှိမလဲနော်၊ စက်ရုံကြီးတွေ တရုပ်ပြည်ထဲ ပြောင်းသွားရော၊ စက်ရုံတစ်ရုံမှာ အလုပ်သမား ၁၀၀၀ (တစ်ထောင်) ရှိတယ်ထား၊ တရုပ်တစ်ထောင် အလုပ်ရသွားပြီး အမေရိကန် ၁၀၀၀ ဘာဖြစ်သွားလဲ? အလုပ်လက်မဲ့ဖြစ် (သံဃာများ ဖြေ)၊ အဲဒါပဲကွနော်။ သူကတော့ ဟုတ်မလားဆိုပြီး လုပ်လိုက်တာ သူ့တိုင်းပြည် အလုပ်လက်မဲ့ကြီး ဖြစ်သွားတာ။ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တော့ အဲဒီအလုပ်လက်မဲ့တွေကို ဘယ်လို ထမင်းကျွေးမလဲ? ဒို့တိုင်းပြည်လို မဟုတ်ဘူး၊ ကိုယ့်ဘာသာ ရှာစား တောင်းစား၊ ဟိုမှာ အဲလိုမဟုတ်ဘူး၊ အလုပ်လက်မဲ့အတွက် အလုပ်လုပ်နေတဲ့သူတွေဆီက အခွန်ကောက်ပြီး ထမင်းကျွေးတာ၊ Social security system ဆိုတာ ဟိုမှာ တော်တော်စနစ်တကျ လုပ်ထားတာ။ အလုပ်မလုပ်တဲ့ လူတွေရဲ့ ထမင်းကို ဘယ်သူက ရှာပေးရလဲ? (အလုပ်လုပ်တဲ့သူက ရှာပေး-သံဃာများဖြေသံ)။ အလုပ်လုပ်တဲ့သူတွေက ရှာပေးတာ၊ အလုပ်လုပ်တဲ့သူတွေအပေါ်မှာ အခွန်ထုပ်က အခွန်က ၂ဆ ၃ဆ တက်မသွားဘူးလား။ အလုပ်လက်မဲ့ များလာလေလေ အခွန်တွေတက်လာလေလေ ဒီလို ဖြစ်ကုန်တာ။ အဲတော့ အမေရိကန် စီးပွားရေးကျဆိုတာ အဲဒါကွ။ ငါဟာ စီးပွားရေးသမား နိုင်ငံရေးသမားတော့ မဟုတ်ဘူး Learn ကွနော် သင်ထားတာ၊ လျှောက်ကြည့်ထားတာ ဘာဖြစ်ကုန်ပြီလဲ။
အဲဒီတော့ တရုပ်ပြည် စက်ရုံကြီးသွားထောင်တော့ မြေကြီးဘယ်ကရလဲ? တရုပ်ဆီက ၀ယ်ရတာပဲ မဟုတ်လား? ချက်ချင်းမ၀ယ်နိုင်တော့ အကြွေး၊ ချက်ချင်း ပိုက်ဆံပေးမ၀ယ်နိုင်တော့ အကြွေး၊ ဒီစက်ရုံတွေက အမေရိကန်စက်ရုံတွေ တရုပ်မှာထောင်တော့ အမေရိကန်စက်ရုံတွေ အပေါ်မှာ တရုပ်က အခွန်ထုပ် မကောက်ဘဲ နေမလား? အခွန်ထုပ်ကိုလဲ ပေးရအုန်းမယ်၊ မြေကြီးလဲ ဘာဖြစ်လဲ အကြွေး၊ အကြွေးဆိုတော့ အတိုးကော မတက်ဘူးလား? အမေရိကန်အပေါ်မှာ တရုပ်အကြွးဟာ ဒေါ်လာ ၁၅ Trillion တရုပ်အကြွေးက အမေရိကန်အပေါ်ရောက်နေပြီ၊ လောကကြီးက ပြောင်းပြန်ကြီးဖြစ်သွားပြီ။

အဲဒါကြောင့် မင်းတို့ ငါတို့တတွေ သူ့ရဲ့ စလောဂန် (slogan) လေး ဘာတဲ့လဲ we need to change. အမေရိကန်က ပြောင်းပြစ်မယ်၊ ပြောင်းမယ်ဆိုတဲ့ကောင်က ဘာပြောင်းလဲ? အဖြူသမ္မတကနေ အမည်းသမ္မတဖြစ်တာ၊ ဒါပဲပြောင်းတာ၊ ကျန်တာ ဘာမှ မပြောင်းဘူး၊ အီရန် အီရက် အာဖဂန် တိုက်မြဲတိုက်မြဲပဲ၊ ကျူးကျော်မြဲ ကျူးကျော်မြဲပဲ၊


ဒီအတိုင်းပါပဲဒီအတိုင်းပဲ
အဲဒီတော့ မင်းတို့ငါတို့တတွေ ခေတ်မီ ပညာတွေ သင်ပြီးတော့ နိုင်ငံတော်ရဲ့ ကျေးလက်ပညာရေး စနစ်တွေ၊ ပါဠိပထမပြန်ပညာရေး စနစ်တွေ၊ High school, Primary School, College, University ပညာရေးစနစ်တွေကို ပြောင်းမယ်လို့ဆိုရင် You want to change society လူ့အဖွဲ့အစည်းကြီးကို မင်းတို့ ပြောင်းချင်တယ်ဆိုရင်၊ You have to change yourself first. မင်းတို့ ငါတို့ ကိုယ်တိုင် ရှေးဦးစွာ ပြောင်းရမယ်၊ သူများကို ပြောင်းမယ်ကြံရင် ကိုယ်ကိုယ်တိုင် ဘာလုပ်ရမလဲ? ပြောင်းပါ။ ကိုယ်ကတော့ ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (သီချင်းလေသံဖြင့် ဆိုပြ)။ ကောင်းလေးတွေ ဆိုတဲ့ သီချင်းလေ ငါတခါတခါ ဆိုပြတယ်။
မန္တလေးက တရားပွဲအပြန် ၁၀-၁၁ ခွဲလောက် ပြန်လာတယ်၊ တခါတလေ မိုးလေးက ဖွဲဖွဲနဲ့ ဓာတ်မီးတိုင်အောက်မှာ ကောင်လေးတွေ ဂီတာတီးနေတာ၊ ကောင်းလေး ၄-၅ ယောက် ဂီတာတီးနေတာ၊ ဘိန်းမူးနေတဲ့ ကောင်လေးတွေပါ၊ ဖြည်းဖြည်း ကားလျှော့မောင်းခိုင်းတယ်၊ ဟေး-မော်တော်ကားမောင်းတဲ့ သူ ၀င်းဇော် လျှော့ကွာ လျှော့ကွာ၊ ဓာတ်တိုင်နားကျ ဖြည်းဖြည်းလေး မောင်းတာ၊ မှန်တံခါးလေးဖွင့်ကြည့်လိုက်တော့--ဟာ--သီတဂူဆရာတော်ကြီးဟေ့ဆိုပြီး အကုန် ကုန်းဦးချတယ်၊ ဟေ့ကောင်တွေ ဆက်တီးကွာ- ငါ နားထောင်ချင်လို့ပါ၊ အားပါးတရ တီးတယ်ဟေ့ ဆရာတော်က မြောက်ပေးတယ်ဆိုတော့၊ ဘာတီးတယ်အောင့်မေ့လဲ? ဘာပဲ ပြောပြော--ဒီအတိုင်းပဲ၊ (သံဃာများ ရယ်သံ)၊ ပါပဲလုပ်လုပ် ဒီအတိုင်းပဲ--ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (သံဃာများ ရယ်သံ)။ ပထမပြန်အောင်လဲ ဒီအတိုင်းပဲ-ဓမ္မာစရိယအောင်လဲ ဒီအတိုင်းပဲ၊ Ph.D အောင်လဲ ဒီအတိုင်းပဲ၊ ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (ရယ်သံ)။
အေး---နိုင်ငံတော်ကို ပြောင်းချင်ရင် မင်းတို့ကိုယ်တိုင် အရင်ပြောင်းကြပါကွာ၊ Learning into Action. Learning into Practice. ဟုတ်လား၊ သင်ကြားခြင်းမှ ကျင့်သုံးခြင်းသို့၊ အဲဒါပြောပြီးတော့ ဒို့များရဲ့စကားလက်ဆောင် ဒီမှာ နဂုံးချုပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။


(သာဓု သံများ)

ထို့နောက် မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွန့်ညွန့်အေးက တက္ကသိုလ်အသီးသီးရှိ ရဟန်း သီလရှင် ၅၂၈ ပါး၏ ကိုယ်စားလှယ်များအား အမေရိကန်ဒေါ်လာ ၅ သောင်း ၂ ထောင် ၈ ရာ (၅၂၈၀၀) တိတိကို လှူဒါန်းပြီး ရေစက်ချ အမျှဝေသည်။

ဝန်ခံချက်။ ။ အသံဖိုင်မှ စားသားအဖြစ် သီတဂူစတား တည်းဖြတ်သည်၊ အသံဖိုင်မှ ကူးယူရသဖြင့် သက်ပုံ ၀ါကျနှင့် အထူးသဖြင့် အင်္ဂလိပ်စာများ အမှား ပါနေပါက စာရေးသူ၏ အမှားသာ ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၁၂-၂၀၁၁

မာတိကာ


statistics

web tracker