စကား နဲ့ စကားလုံးရဲ့အင်အား
ကောင်းတဲ့စကားလုံးအသုံးအနှုန်းက လူကိုအကျိုးအမြတ်ရစေတယ်၊ ကြီးပြင်းစေတယ်၊ စိတ်လှုပ်ရှားရင်ခုန်စေတယ်။ ဆန့်ကျင်ဖက်ဖြစ်တဲ့ မကောင်းတဲ့စကားအသုံးအနှုန်းက လူကိုဒေါသဖြစ်စေတယ်၊ ရန်ငြိုးဖြစ်စေတယ်၊ တစ်ချိန်တည်းမှာပဲ မကောင်းတဲ့နောက်ဆက်တွဲတွေ ဖြစ်ပေါ်စေတယ်။ စကားလုံးကို နားလည်သူတစ်ယောက်က သင့်လျော်သလို စကားလုံးကို လှလှပပသုံးနိုင်ရုံတင်မက စကားလုံးနဲ့ သူတစ်ပါးအကျိုးကိုစေတနာရှိရှိဆောင်ရွက်နိုင်မှာဖြစ်တယ်။
ချမ်းအေးတဲ့ဆောင်းနေ့တစ်နေ့ လူစည်ကားတဲ့လမ်းမတစ်နေရာမှာ ဟောင်းနွမ်းတဲ့အဝတ်အစားနဲ့ မျက်မမြင်အဘိုးအိုတစ်ဦး တောင်းရမ်းနေခဲ့တယ်။
ညစ်ပတ်တဲ့သူ့ကိုယ်ပေါ်မှာ ပျဉ်ပြားတစ်ချပ် ချိတ်ဆွဲထားတယ်။ အဘိုးအိုက တိုင်တစ်တိုင်ကိုမှီပြီး ချမ်းအေးတဲ့အအေးဒဏ်ကို အန်တုနေခဲ့တယ်။ ဆောင်းလေက အကြင်နာမဲ့စွာ သူ့ကိုယ်ပေါ် တဟူးဟူးဖြတ်တိုက်နေခဲ့တယ်။ မြင်ရသူအဖို့ ရင်နင့်စရာမြင်ကွင်းဖြစ်ခဲ့တယ်။
တစ်နေ့မှာ ဆင်းရဲသားကဗျာဆရာတစ်ဦး အဘိုးအိုရှေ့ဖြတ်လျှောက်မိတယ်။ ကဗျာဆရာက အဘိုးအိုကိုသနားပြီး ပေးကမ်းဖို့ ကိုယ့်အိတ်ကပ်ကို စမ်းကြည့်လိုက်တယ်။ ဒါပေမယ့် အိတ်ကပ်ထဲမှာ တစ်ပြားတစ်ချပ်မှ ရှိမနေခဲ့ဘူး။ ကဗျာဆရာက အဘိုးအိုကို သူလည်းဆင်းရဲတာကြောင့် ဘာမှမပေးနိုင်ကြောင်း ဒါပေမယ့် အဘိုးအိုကိုယ်ပေါ် ချိတ်ဆွဲထားတဲ့ပျဉ်ပြားပေါ်မှာ စာတချို့ရေးပြီး ကူညီခဲ့ချင်ကြောင်းပြောတယ်။
နောက်ပိုင်းမှာ အဘိုးအိုက လမ်းသွားလမ်းလာတွေရဲ့ သနားကရုဏာကိုပိုရခဲ့တယ်။ ဒီလိုနဲ့ အချိန်တွေတဖြေးဖြေး ကုန်လွန်သွားခဲ့တယ်။ တစ်ရက်မှာ ဆင်းရဲသားကဗျာဆရာနဲ့ အဘိုးအိုတို့ ဆုံမိကြပြန်တယ်။ အဘိုးအိုက ကဗျာဆရာကို "ပျဉ်ပြားပေါ်မှာ ဘာတွေရေးပေးခဲ့လို့ လူတွေကအဘိုးကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲကြတာလဲ?" လို့ မေးတော့ ကဗျာဆရာက ပြုံးပြုံးရယ်ရယ်နဲ့ "ပျဉ်ပေါ်မှာ "နွေရောက်တော့မယ်.. ဒါပေမယ့် ငါမမြင်နိုင်ဘူး" လို့ ရေးခဲ့တာပါ" လို့ ပြန်ဖြေတယ်။
စာပေပညာရှင်ရဲ့ စကားအသုံးအနှုန်းက လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်။ ဆင်းရဲသားကဗျာဆရာက အဘိုးအိုရဲ့အားနည်းချက်ကို လှလှပပဖော်ကျူးပြီး လူတွေကို ကရုဏာပိုစေခဲ့တယ်။ ကဗျာဆရာက အဘိုးအိုကို ကူညီနိုင်ခဲ့သလို စကားလုံးရဲ့အင်အားကိုလည်း ထုတ်ဖော်ပြသနိုင်ခဲ့တယ်။ ကလောင်သွားက ဓားသွားထက် ထက်သတဲ့။ ကလောင်သွားနဲ့ လူတစ်ယောက်ကို ခေါင်းမဖော်ဝံ့အောင် သတ်နိုင်သလို လူတစ်ယောက်ကို လမ်းမှန်ရောက်ဖို့လည်း တွန်းတင်နိုင်ပါတယ်။