စကားလေး တစ်ခွန်း
လူ့ဘ၀တစ်ခုကို လူတစ်ယောက်၊ ကိစ္စတစ်ခု ဒါမှမဟုတ် စကားလေးတစ်ခွန်းနဲ့ အကျိုးသက်ရောက်နိုင်တယ်။ အသုံးဝင်တဲ့ စကားလေးတစ်ခွန်းဟာ စကားပေါင်း ထောင်ပေါင်း များစွာကို အောင်မြင်နိုင်တယ်။ စကားတစ်ခွန်း ကြောင့် ဘ၀ပြောင်းသွားရတဲ့ ဥပမာတွေ ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးကြမှာပါ။
အမေရိကန်က ပညာရေးအရာရှိ နာမည်ကြီး ဟောပြောသူ Andrew Carnegie ငယ်ရွယ်စဉ်အခါက အလွန်ဆိုး၊ အလွန်ပေသော ကလေးတစ်ဦးဖြစ်သည်။ သူ(၉)နှစ် အရွယ်တွင် ဖခင်က နောက်မိန်းမ ယူလိုက်သည်။ မိထွေးနှင့် သူ့အား မိတ်ဆက်ပေးရာတွင် ဖခင်က “ကိုယ့်ကို ခေါင်းကိုက်အောင် အမြဲလုပ်တာ ဒီလူဆိုးပေါ့.. သူ့ကို ကောင်းကောင်းသင်ရလိမ့်မယ်။ ခင့်ကိုတောင် မနက်ကျရင် ခဲနဲ့ထုနေမလား...ဘယ်လို အဆိုးတွေလုပ်ဦးမလဲ မပြောနိုင်ဘူး။
ဖခင်စကားအဆုံးတွင် မိထွေးက ပြုံးပြီး သူ့ခေါင်းကို ပွတ်သပ်ကာ “မှားနေပြီ....သူဟာ လူဆိုးလုံးလုံးတော့ မဟုတ်နိုင်သေးဘူး။ ဥာဏ်ကောင်းပြီး သူ့ဥာဏ်ကို ဘယ်မှာအသုံးချ ရမယ်မှန်း မသိသေးတဲ့ ကလေးငယ် တစ်ယောက်ပဲဖြစ်ရမယ်” မိထွေးထံမှ မထင်မှတ်သော စကားကို သူကြားလိုက်မိသည်။ ထိုစကားလေးတစ်ခွန်းဖြင့် မိထွေးနှင့် သူ့ကြားတွင် သံယောဇဉ်များ အထပ်ထပ် ရစ်နှောင်ခဲ့သည်။ ထိုစကားလေး တစ်ခွန်းဖြင့် ရှေ့သို့ဆက်တက်ရန် ခွန်အားများ သူရခဲ့သည်။ ထိုစကားတစ်ခွန်းလေးဖြင့် လူအများကို အောင်မြင်သည့် လမ်းသို့ ရောက်အောင် သူကူညီနိုင်ခဲ့သည်။
စကားတစ်ခွန်း ပြောရတာလွယ်ပါတယ်။ ဒါပေမယ့် အဲဒီစကားတစ်ခွန်းကို တစ်ဖက်လူ ခံစားမိအောင်၊ အသုံးဝင်အောင် ပြောတတ်ရမယ်။ စိတ်ဓာတ်ကျပြီး စိတ်ညစ်စိတ်ပျက်နေတဲ့ လူတစ်ယောက်အတွက် လမ်းညွှန်ဟောပြောပေးမယ့်ဆရာ မလိုပါဘူး။ တခါတလေ ရိုးရိုးလေးလို့ ထင်တဲ့ စကားတစ်ခွန်းဟာ တစ်ဖက် လူကို ခွန်အားတွေ ဖြစ်စေတတ်တယ်။ စကားကောင်းတစ်ခွန်းနဲ့ အမြင့်ကို ပျံတက်ချင်တဲ့ စိတ်ဓာတ်တွေ အတွက် လူတိုင်း အမြဲပြောသင့်တာက.....
(၁) တစ်ပါးသူ နာပျော်စေမယ့်စကား
(၂) အားပေးစကား
(၃) ချီးမွမ်းစကား
(၄) စိတ်ပါလက်ပါနဲ့ ပြောတဲ့စကား
အဆိုးအကောင်း ဒွန်တွဲနေတဲ့ သဘာဝမို့ စကားကောင်းကို များများပြောပြီး စကားဆိုးကို နည်းနည်းပဲ ပြောသင့်တယ်။ ပေါ့ပေါ့တန်တန်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံးကို ပျက်သုန်းစေတတ်တယ်။ ဒါကြောင့် မိတ်ကောင်း ဆွေကောင်းတွေ၊ အလုပ်ကောင်း အကိုင်ကောင်းတွေ မပျက်ဆီးစေချင်ရင်တော့ အရိုးမရှိတဲ့ လျှာကို လူတွေက ဦးနှောက်နဲ့ ထိန်းချုပ်တတ်ရမယ်။