ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Friday, April 23, 2010

မြစ်ပြင်ပေါ်မှာ

ဂျူး

ဇွန်လ၏ ညနေခင်းတစ်ခု ဖြစ်သဖြင့် ဧရာဝတီဖြစ်ရေသည် မြင့်တတ်စပြုနေပြီ။ မိုးနည်းပါးသော ပုဂံညောင်ဦးဒေသတွင် ဇွန်လသည် ပူပြင်းခြောက်သွေ့ဆဲဖြစ်၏။ သို့သော် မိုးရိပ် လေရိပ်တော့ ဆင်စပြုပြီ။ တစ်ခါတစ်ခါ မိုးသက်လေပြင်းများကြောင့် လှိုင်းထန်လေထန်တတ်သော အချိန်ဖြစ်သည်။ ထိုနေ့ညနေက ဧရာဝတီဖြစ်ရေပြင်၌ လှိုင်းကြီးခဲ့သည်။ ညောင်ဥိးသူဖြစ်သည့်အတိုင်း
ကျွန်မသည် အနယ်နယ်အရပ်ရပ်မှ သူငယ်ချင်းများ.. မိတ်ဆွေများ.. ပုဂံသို့ ဘုရားဖူးလာတိုင်း ပုဂံဘုရားများသို့ လိုက်ပို့ရှင်းပြပေးနေကျ ဖြစ်သည်။ .. .. .. .. .. .. ထိုရက်ကတော့ ကျွန်မ လိုက်ပို့ရှင်းပြရသည့် ဧည့်သည်မှာ ကျွန်မ၏ ချစ်သူဖြစ်နေသည်။ ထို့ကြောင့် သူသွားချင်သည့် ဘုရားများသို့ မြင်းလှည်းဖြင့် တစ်မျိုါ်.. စက်ဘီးဖြင့်တစ်မျိုး ကျွန်မ လိုက်ပြခဲ့ပါသည်။ သူက ညောင်ဦးဘက်က ဘုရားများသို့ ရောက်ဖူးချင်သည် ဟု အဆိုပြုလာသည်။ ညောင်ဦး ဘုရားများအနက် ဘုရားဖူးများရောက်နေကျမှာေ ရွှစည်းခုံဘုရားသာဖြစ်သည်။ သူကတော့ သကျမုနိ၊ ကုန်းတော်ကြီး ဘုရား.. ကျောက်ဂူဥမင်တို့ကို ရောက်ချင်သည်ဟု ဆိုပါသည်။ သူပြောသည့် ဘုရားများသည် ညောင်ဦးကမ်းပါးနားတွင် စီတန်းလျက် တည်ရှီသဖြင့် .. ထို့ပြင် ကားလမ်းဖြင့် သွားဖို့လည်း ခက်ခဲလှသဖြင့် ကျွန်မက ရေလမ်းကို ရွေးချယ်စေပါသည်.. စက်တပ်မော်တော်လေးတစ်စင်းငှားပြီး ကျွန်မနှင့် မြို့ခံ သူငယ်ချင်းတစ်ယောက် အဖော်ခေါ်ကာ သူ့ကို စိတ်ပါလက်ပါ ကျွန်မလိုက်ပို့ပေးခဲ့သည်။ သူက သမိုင်းအဓိကဖြင့် ကျောင်းတက်နေသည့် ဝိဇ္ဇာကျောင်းသား.. ကျွန်မက ရူပဗေဒအဓိကဖြင့် ကျောင်းတတ်နေသည့် သိပ္ပံကျောင်းသူ.. သို့သော် ရှေးဟောင်း ပုဂံဘုရားများ အကြောင်း ဆွေးနွေးပြောဆိုရာတွင်တော့ ကျွန်မနှင့် သူ အသိပညာနှင့် စိတ်ဝင်စားမှုချင်း တော်တော် နီးစပ်စွာ ဖလှယ်နိုင်ကြပါသည်။ မော်တော်ပေါ်တွင် ဘုရားတွေ အကြောင်း.. ဘုရင်တွေအကြောင်း ရောက်တတ်ရာရာ ပြောဆိုရင်း သူနှင့်ကျွန်မ တလှည့်စီဓာတ်ပုံရိုက်လျက် ပျော်ရွှင်ခဲ့ကြသည်။ .. .. ကမ်းစပ်မှာ မော်တော်ကိုရပ်လျက် သဲချောင်းကလေး ရှိရာသို့ ကုန်းမြင့် ဆင်ခြေလျောအတိုင်း ကျွန်မတို့ ဖြတ်သွားရသည်။ ရေမရှိသော သဲချောင်းကလေးကိုရောက်တော့ ထိုသဲပြင်များအတိုင်း ချောင်းတစ်လျှောက် ခရီးဆက်ကြရသည်။ ဘေးပတ်ဝန်းကျင်သည် ငှက်မည်သံပင်မကြားရအောင်တိတ်ဆိတ်လျက်.. ချောင်းရိုးတစ်ဖက်တစ်ချက်ရှိ သစ်ပင်များထံမှ သစ်ရွက်စိမ်းရနံ့စိုစိုကို အားရပါးရ ရှူရှိုက်လျက် ကျွန်မတို့၏ ရယ်မောသံများ သည် တောင်ကမ်းပါးယံများအထိ လွင့်ပျံနေခဲ့ဖူးပါသည်။ ဥမင်မှ အပြန် ထွင် ကုန်းတော်ကြီးဘုရားအနီး မော်တော်ကိုခဏ ရပ်စေပြီး ကျွန်မတို့ ဘုရားရှိရာ ကုန်းမြေဆီသို့ တက်ကြရပြန်သည်။ နယ်မြေမကျွမ်းကျင်သောကြောင့် မကြာခဏ ဆူးစူးလျက် တအားအားအော်နေခဲ့ရသည့် သူ့ကိုကြည့်ကာ ကျွန်မသူငယ်ချင်းက ရယ်မောနိုင်ခဲ့သော်လည်း ကျွန်မက မရယ်မောနိုင်ခဲ့ပါ.. သူ့ခြေထောက်မှာ စူးနေသည့် ထနောင်းဆူးနှင့် ကန္တာရဆူးတို့ကို ကျွန်မ မကြာခဏ နှုတ်ပေးရ၏။.. ''နောက်တခါကျရင် ကိုယ့်နောက်က နေ ကိုယ်ခြေလှမ်းအတိုင်း လိုက်လှမ်းကွာ.. မဟုတ်ရင် ဆူးထပ်စူးနေဦးမယ်.. ကြားလား..'' သူက ကျေကျေနပ်နပ် ခေါင်းညိတ်ကာ သဘောတူခဲ့သည်။ အပြန်ခရီးတွင် သကျမုနိဘုရားသို့အသွား လမ်း၌ သူဆူးမစူးမီ ကျွန်မ အရင် ဆူးစူးသွား၏။ ကျွန်မကတော့ ဆူးစူးတာ ရိးုးနေပြီ ဟုသည့် မျက်နှာပေးဖြင့် အောင့်အည်းမျိုသိပ်ကာ နာကျင်မှုကို တင်းခံခဲ့ရသည်။ ''အံ့ရာ.. ငါပဲ ရှေ့ကသွားမယ်.. နင် ငါ့နောက်ကပဲလိုက်.. '' သူကစိတ်မကောင်းဟန်ဖြင့် ညည်းညည်းညူညူပြောတော့ ကျွန်မ ကျေနပ်စွာပြုံးနေခဲ့မိသည်။ ကျွန်မတောင်ကုန်းမှ အဆင်းတွင် ကျောက်စရစ်ခဲများဖြင့် ခြေချော်ကျလုနီးနီးဖြစ်နေသည်ကို ယခုထိ ကျွန်မ သတိရနေသေးသည်။ ''ကိုမိုး. .ရှေ့ကဖယ်နော်.. ကိုယ်ချော်ကျလာရင် ယူ့ကို တိုက်မိပြီး နှစ်ယောက်လုံး လဲကျသွားလိမ့်မယ်.. ဖယ်..'' ''ငါရှေ့က ခံထားတော့ နင်အကျ သက်သာတာပေါ့ဟာ.. ငါတမင် နင့်ရှေ့က နေပေးတာ အံ့ရဲ့.. ရဲရဲသာဆင်းခဲ့.. ငါရှိတယ်'' ထိုအခါ ကျွန်မ စိတ်ကြည်နူး ချမ်းမြေ့သွားသော်လည်း သူမသိအောင် ဟန်ဆောင်ချင်သေးသည်.. ''ဟား.. ဟား.. လုံးဝ မယုံဘူးနော်.. ခြေချော်ကျသွားရင် ယူက ဘေးကို ချက်ချင်းရှောင်ပစ်လိုက်မှာ မဟုတ်လား.. '' ကျွန်မတို့ တဟား..ဟား.. ရယ်မောခဲ့ကြသည်.. ကျွန်မ ခြေချော်မကျခဲ့ပါ.. ထို့ကြောင့် သူ ကျွန်မကို ဆီး မဖမ်းဘဲဘေးရှောင်တိမ်းပစ်မည်.. မပစ်မည်ကို ကျွန်မ မသိနိုင်ခဲ့ပါ.. .. အပြန်ခရီးတွင် မော်တော်သည် ကျွန်မအားစိုးရိမ် သောက ရောက်အောင် ဖန်တီးပေးလိုက်ပါသည်။ ဟိုဘက် သည်ဘက်က တောင်ကမ်းပါးယံများ.. မိုးရေ တိုက်စားသောကြောင့် ဒေါင်လိုက် ကွဲပြတ်နေသော မြေလွှာများ.. လိုဏ်ခေါင်းသဖွယ်ဖြစ်နေသော လူတစ်ကိုယ်ဝင်သာစရာ ဂူများ စသည်တို့ကို ကျွန်မတို့ ငေးမောလျက် ဖြစ်ပြင်ကိုဖြစ်တိုက်လာသော ကြမ်းတမ်းသည့်လေကို မျက်နှာမော့ ခံယူလျက်.. မော်တော်စက်သံကို နားထောင်လျက်.. ကျွန်မတို့ စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောလာကြသည်။.. ထိုအချိန်မှာပင် မော်တော် စက်သံ ရုတ်တရတ် ရပ်သွားခြင်းစြဖ်သည်။ သူက ခေါင်းထောင်ကြည့်ကာ 'ဘာဖြစ်တာလဲ' ဟုလှမ်းမေးသည်။ ''စက်ရပ်သွားတာ.. မကြာဘူးအစ်ကို.. ခဏလေးပါ'' မော်တော် မှ အလုပ်သမားလေးနှစ်ယောက် စက်ပြန်နိုးဖို့ ကြိုးစားစဉ်မှာ လေသည် မော်တော်ကို အရှီန်ပြင်းစွာ တိုက်ခတ်လျက် ရှိသည်။ ရေလှိုင်းတို့သည် ရေလယ်တွင် ငြိမ်သက်သွားသော မော်တော်အား ဝုန်းခနဲ ဝုန်းခနဲ လာ၍ တွန်းတိုက်လေသည်။ မော်တော်သည် ကမ်းနှင့် နီးနီးအနေအထားမှ တဖြည်းဖြည်း ချာလည်လည်ကာ မြစ်လယ်သို့ ရောက်သွားလေသည်။ ရေလှိုင်းတိုကသည် မော်တော်အား အလျားလိုက် တွန်းလိမ့်နေသောကြောင့် မော်တော်က ဟိုဘက် သည်ဘက် ယိမ်းယိုင်ကာ လှိုင်းအတိုင်း နိမ့်ဆင်းလိုက် မြင့်တတ်လိုက်ဖြစ်လာသည်။ ကျွန်မသည် မကြောက်သလို ဟန်ဆောင်၍ ပြုံးနေရသော်လည်း ရင်ထဲမှာ တဒိတ်ဒိတ် ခုန်ကာ စိုးရိမ်ပူပန်လှပြီ.. လှိုင်းတချက်ပုတ်လိုက်ရုံဖြင့် မော်တော် တိမ်းမှောက်သွားနိုင်သည်။ ကျွန်မ၏သူငယ်ချင်းက ရေအနည်းအပါးကူးတတ်သည်။ ကျွန်မကတော့ ရေထဲရောက်သွားလျှင် ပလုံခနဲ မြုပ်သွားဖို့ သိပ်အချိန်ကြာမည် မထင်ပါ။ .. .. ဘာကြောင့်မှန်းမသိ.. ထိုသို့သောအခြေအနေတွင် ကျွန်မသည် ယခင်က ကြုံဖူးသမျှ မြစ်၏ အန္တရယ်များနှင့် ကြားဖူးသမျှ မော်တော်သဘောင်္တိမ်းမှောက်ခြင်း အသက်သေဆုံးခြင်း ဘေးဒုက္ခများကိုသာ မြင်ယောင် ကြားယောင်လျက် ထိတ်လန့်လာလေသည်။ ဤထိတ်လန့် ခံစားချက်မျိုး ကျွန်မ မကြာခဏ ခံစားခဲ့ရ ဖူးသော်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် ကျွန်မအတွက် အသစ်ဖြစ်နေ၏။ သည်တစ်ခါမှာတော့ ကျမအတွက် ကြောက်ရွံ့တုန်လှုပ်မှုအပြင် မျှော်လင့်ချက်ကလေးတစ်ခုပါ ပိုလာသည်။ ကျမအနားတွင် ကျမချစ်သူရှိနေသားပဲ ဟူသော မျှော်လင့်ချက်ကလေးဖြစ်သည်။ ထိုမျှော်လင့်ချက်ကြေင့်ပင် ကျွန်မသည် ဘေးအန္တရယ်နှင့်ရင်ဆိုင်နေလျက်က စိတ်သက်သာရမှုကလေး အနည်းငယ်ကိုပါ ခံစားနေရသည်။ သူကျမအနားမှာ ရှိသည်။ သူရေကူးတတ်သည်။ တစ်ခုခု အန္တရယ်ကြုံလျှင် သူသည် သူ့ချစ်သူအတွက် အသက်ကို စွန့် ရင်ဆိုင်လိမ့်မည်။ တစ်ချီတွင် ကြီးမားသော လှိုင်းတစ်ခုက ကျမနောက်ကျောဆီမှ ဝုန်းခနဲ ခုန်တက်လာသည်။ မော်တော်သည် ကျမနှင့်အတူ ရှေ့သို့ ငိုက်ကျလျက် တိမ်းစောင်းသွားပြီး ရေလှိုင်းများ မော်တော်ထဲ ခုန်ဝင်ကာ ကျမကိုယ်မှာ ရေရွှဲစိုသွားပါသည်။ ကျမသည် အားခနဲ အော်ဟစ်လျက် မော်တော်ဝမ်းထဲသို့ ဒူးထောက်လျက်ကျသွားသည်။ ရယ်သံသဲ့သဲ့ကြားရသဖြင့် ကျမမော့ကြည့်လိုက်တော့ သူသည် ကျမရှိရာသို့ ယိုင်ထိုး ယိုင်ထိုး လှမ်းလာရင်း ရယ်မောနေသည်ကို မြင်လိုက်ရပါသည်။ ကြည့်စမ်း.. ကျမက သေမလောက်ကြောက်ရွံ့နေသည့်အချိန်တွင် သူက ရယ်မောနေနိုင်သတဲ့လား.. ''စွန့်စားရတာ ကြိုက်တယ်ဆို အံ့ရဲ့.. ခုကြိုက်နိုင်သေးလား'' ဒါသူရယ်မောစရာလား။ သူ ကျမအနားမှာ ဝင်ထိုင်ကာ ကျမကို ဆွဲထူတော့ ကျမသူ့ကို စိမ်းစိမ်း ကြည့်မိသည်း သူ့မျက်လုံးများတွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင် လုံးဝမရှိပါ။ ''ကိုမိုး.. ယူမကြောက်ဘူးပေါ့'' သူက ပုခုံးတွန့်၏။ ''မကြောက်ပါဘူး။ မော်တော်မှောက်ရင် ကမ်းစပ်ကို ရေကူးသွားမှာပေါ့။ မော်တော်အောက်မှာ ပိမသွားဖို့ဘဲ အရေးကြီးတာပါ'' ''ဒါပေမယ့် ကိုယ်ရေမကူးတတ်ဘူးလေ '' သူအံ့သြသလို မျက်လုံးပြူးသွား၏။ သို့သော် ချက်ချင်းပင် ပြုံးရယ်လိုက်သည်။ ''ဘာမှ မကြောက်ပါနဲ့။ မော်တော်ဘာမှ မဖြစ်ပါဘူး။ ဖြစ်ရင်လည်း ပျဉ်ချပ်တို့ ဘာတို့ တစ်ခုခုသာ တွယ်ထား။ ဘယ်တော့မှ ရေမနစ်ဘူး။ ကြောက်လန့်တကြားဖြစ်ရင်သာ ရေနစ်တာ။ သိလား အံ့။'' ထိုစဉ်ခဏ ကျမစိတ်သက်သာရာရအောင်ပင် မော်တော်စက်သံကို ပြန်ကြားလိုက်ရသည်။ မော်တော်စက်၏ ဆူညံ့သောအသံကို သည်တစ်ခါတော့ သာယာလှသည်ဟု ထင်မိသည်။ ''ကဲ.. ဒီမှာပဲ ငြိမ်ငြိမ်ထိုင်နေနော် အံ့'' မော်တော်သည် မြစ်လယ်မှာ လှိုင်းဒဏ်ဖြင့်လူးလိမ့်နေရာမှ ပြန်လည်တည့်မတ်သွားသည်။ ထို့နောက် စက်သံ တဒီဒီဖြင့် ရေပေါ်မှာ စတင်ပြေးလွှားစပြုလေသည်။ တစ်ချက် တစ်ချက် လှိုင်းဒဏ်ကြောင့် ခုန်ခုန်သွားသေးသော်လည်း မော်တော်သည် ရေပေါ်မှာ သူ့လမ်းကြောင်းနှင့်သူ ပြေးလွှားလျက်ရှိသည်။ သူက ကျမအနားမှ ခွာဖို့ ခြေလှမ်းပြင်ပြန်သည်။ ကျမ သူ့လက်မောင်းကို ဖျက်ခနဲ ဖမ်းဆွဲထားလိုက်၏။ ''ကိုမိုး.. ဒီအနားမှာပဲနေ'' ခပ်တိုးတိုးပြောတော့ သူက ခေါင်းတစ်ချက် ကုတ်လိုက်သည်။ ''မော်တော်ဘာမှ မဇြစ်တော့ဘူးလေ အံ့။ အခုပဲ ကမ်းကပ်တော့မှာ'' သူ့မျက်နှာမှာ စောစောကလည်း ပူပင်ရိပ်မရှိ၊ အခုလည်း သည်အတိုင်းပင်ဖြစ်သည်။ ''ကိုမိုး.. တကယ်လို့ မော်တော်မှောက်သွားပြီ ဆိုပါတော့.. ကိုမိုး ဘာလုပ်မလဲဟင်'' ကျမခပ်တိုးတိုးမေးတော့ သူကျမကို ငုံ့ကြည့်ပြီးပြုံးသည်။ ''ကမ်းစပ်ကို ကူးပြေးမှာပေါ့ အံ့ရဲ့'' ကျမရင်ထဲမှာ ကျင်ခနဲ နာသွားပါသည်။ ''ကိုယ့်ကို မကယ်ဘဲ တစ်ယောက်တည်း ကူးပြေးမယ်.. ဟုတ်လား'' ထိုအခါကျမှ သူက ပြုံးရယ်၍ ကျမကို နှစ်သိမ့်သည်။ ''ဟာ.. အေး.. ဆောရီး အံ့ရာ။ ငါက နင်ရေမကူးတတ်တာ မေ့သွားလို့ပါ။ တကယ် ရေနစ်ပြီ ဆိုရင် နင့်ကို ငါတွဲပြီး ကူးပြေးမှာပါ'' အခုစကားပြောနေချိန်မှာပင် ကျမ ရေမကူးတတ်ကြောင်းသူမေ့နေပါက အသက်အန္တရယ် နှင့် ရင်ဆိုင်ရသည့် အချိန်တွင် ကြောက်လန့်တကြား သူပို၍မေ့မှာ သေချာပါသည်။ ကျမ သူ့မျက်လုံးများကို စေ့စေ့စပ်စပ် ကြည့်မိတော့ ကျမမြင်တွေ့ချင်သည့် လေးနက်မှု၊ ကြင်နာမှု၊ အရေးတကြီး ဂရုစိုက်မှု တို့ကို လုံးဝ မတွေ့ရဘဲ ရှိနေသည်။ ကျမတွေ့ရသည်က ဘာကိုမှ အလေးအနက်မထားသည့် ပေါ့တန်သော အပြုံးနှင့် ရယ်မောသည့် မျက်လုံးများသာဖြစ်သည်။ ကျမသည် ကျမချစ်သူအပေါ် ပထမဦးဆုံးအကြိမ် သံသယဝင်မိသည်။ ရုပ်ရှင်တွေ ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးကို အသက်အန္တရယ်ကြားမှ သွား ရောက်ရင်ဆိုင်ကာ ကယ်တင်ပေးသည့် အဖြစ်များကို ကျမ အလွန်အားကျ ကျေနပ်ခဲ့ဖူးသည်။ တကယ့်အဖြစ်မှန်မှာတော့ ကျမ အဲသည်လို မျှော်လင့်၍် ရနိုင်ပါ့မလား။ ''ရေနစ်တဲ့လူကို ဆယ်ရင်း ရေကူးရတာ လွယ်ပါ့မလား.. ကိုမိုး.. ဟင်..'' ကျွန်မအလေးအနက် မေးမိတော့ သူက ပုခုံးတွန့်၏ ''သိပ်တော့ မလွယ်ဘူး အံ့ရဲ့.. ငါကလေးတစ်ယောက် ရေနစ်တာကို ဆယ်ဖူးတယ်.. ဟား.. အရမ်းပင်ပန်းတာပဲ.. ငါဖြင့် . ငါပါေ သပြီလို့အောက်မေ့တာပဲ.. လှိုင်းလုံးတွေက ကမ်းနဲ့ ဝေးအောင် တွန်းတွန်းပို့နေတာကိုး.. ဒါတောင် ကလေးက ရှစ်နှစ် .. ကိုးနှစ်အရွယ်ဗျ.. ဒါပေမဲ့ ကမ်းပေါ်ရောက်တော့ ငါသတိလစ်လုမတတ် မောနေပြီ.. သူများအသက်ကယ်တယ်ဆိုတာ နာမည်တော့ ကောင်းပါရဲ့ အံ့ရယ်.. လူကတော့ သေလုမျောပါးပဲ..'' ကျမသူ့ကို မယုံသင်္ကာဖြင့်ကြည့်မိသည်။ ''ကိုယ်ရေနစ်ရင် ယူတကယ် ဆယ်မှာလား.. ဟင်'' ''ဖြစ်ရလေ အံ့လည်းရေနစ်မှာမဟုတ်ဘုး.. မော်တော်လည်း အခု ဘာမှ ဖြစ်တာမဟုတ်ဘူး.. ဘာတွေလာမေးနေတာလဲ..'' ''ဟင့်အင်း.. အံ့မေးတာကို ဖြေ.. ယူဆယ်မှာလား.. မဆယ်ဘူးလား..'' သူမျက်မှောင်ကြုတ်ကာ ရယ်လေသည်။ ''ဆယ်ဖို့ အခြေအနေပေးရင် ဆယ်မှာပေါ့ အံ့ရဲ့.. ငါနဲ့ နင်နဲ့ အဝေးကြီးမှာလည်း မဟုတ်ဘူး.. မော်တော်လို.. လှေလို ပစ္စည်းကြီးမျိုးနဲ့လည်း ခြားမနေဘူး.. နင့်ကိုလည်း မြင်နေရတယ် ဆိုရင် ငါ ဆယ်မှာပေါ့ဟာ'' ''အခြေအနေမပေးရင် ဒီအတိုင်း ပစ်ထားမှာပေါ့.. ဟုတ်လား'' ကျွန်မ ပြုံးဖို့ကြိုးစားလျက် မပြုံးနိုင်တော့ဘဲ အသံမတုန်အောင်သာ ကြိုးစားထိန်းချုပ်လိုက်ရသည်။ ''ယူက ကိုယ့်အတွက် အသက်မစွန့် နိုင်ဘူးပေါ့'' သူသည် ပထမတော့ ရယ်မောတော့မလိုဘဲ.. သို့သော် ကျွန်မအား တအံ့တသြ ကြည့်ပြီးနောက် မရယ်မောတော့ဘဲ ခေါင်းတယမ်းယမ်းဖြစ်နေသည်။ ''အံ့.. ဒါတကယ်ဖြစ်နေတာ မဟုတ်ဘူး လေ အံ့.. နင်လည်း ဘာမှ မဖြစ်ဘဲနဲ့ ..'' ကျွန်မသည် သူ့ကို စူးစိုက်စွာ ကြည့်ရာက ရုတ်တရတ် မျက်နှာလွှဲပစ်လိုက်မိသည်။ သို့သော် မော်တော်စက်ပျက် နေစဉ်တုန်းက သူ့မျက်လုံးတွင် ကျွန်မ မြင်လိုက်ပြီးပြီပဲ.. အဖြေကို ကျွန်မ သိပြီးပြီလေ.. သူသည် ကျွန်မအကြောင်းကို အစဉ်သဖြင့် ခေါင်းထဲတည့်ထားသူမဟုတ်.. ကျွန်မရေမကူးတတ်ပါလား ဟု သတိရမည့်သူမဟုတ်.. ကျွန်မအတွက် သူ့ကိုယ်သူ ဆင်းရဲဒုက္ခတွင်းသို့ ဆင်းသက်မည့်သူမဟုတ် .. ကျွန်မ လိုအပ်သမျှ အရာရာကို ဖြည့်ဆည်းပေးဖို့ လေးနက်သူမဟုတ် .. နက်မှောင်သော သူ့မျက်ဝန်းများသည် ရယ်ရွှင်စရာကိုသာ လိုက်ရှာနေမည့် မျက်ဝန်းမျိုး.. အန္တရယ် ကြုံလျှင် ကိုယ်လွတ်ရုန်းပြေးမည့် မျက်ဝန်းမျိုးပါ.. သေချာပါသည်။ သူသည် ကျွန်မအတွက် အသက်စွန့်မည့် ဟန် တစ်စက်မျှ မရှိပါ.. ''အံ့.. ရေနစ်တဲ့အကြောင်းကြီး တွေးနေတုန်းလား..'' သူက ကျွန်မ၏ လက်ဖျားများကို လူအလစ်တွင် ဖျက်ခနဲ ထွေးဆုပ်၍ ခပ်ပြုံးပြုံး မေးသည်။ ကျွန်မ ခေါင်းယမ်းကာ တစ်ချက် ရယ်မောမိသည်။ ထို့နောက် သူ့လက်ထဲမှ ကျွန်မလက်ကို မသိမသာ ဖြည်ယူလိုက်ရသည်။ သူ့လက်အထိတွင်ကျွန်မ ဟိုယခင်ကလို ရင်ခုန်စွာ မကြည်နူးမိသည်မှာ ဘာကြောင့်လဲ.. အန္တရယ်ကြုံတွေ့လိုက်ရလို့.. ကျွန်မ၏ ကြောက်ရွံ့တုန်လှုပ်သွားမှုကြောင့်ပဲလား.. ဒါဖြစ်ရော ဖြစ်သင့်ပါရဲ့လား.. မော်တော်စက်ရပ်သွားရခြင်း.. လှိုင်းလေထန်ကာ မော်တော် ယိမ်းထိုးလှုပ်ခါခြင်း.. ၄င်းတို့သည် ကျွန်မချစ်သူနှင့် ကျွန်မအကြားရှိ နွေးထွေးချစ်ခင်မှုကို အေးစက်စိမ်းကားအောင် ဘယ်လောက်အထိ အကျိုးသက်ရောက်စေနိုင်မှာပါလိမ့်.. ''ဟား.. နောက်ဆုံးတော့ ဘေးမသီ ရန်မခဘဲ ပြန်ရောက်ပြီပေါ့.. နင်တော့မသိဘူး.. ငါဖြင့် ဆာလိုက်တာ အံ့ရာ'' ကမ်းပါးမှာ ကပ်မိသောအခါ သူသည် ပေါ့ပါးရွှင်ပျသွား၏။ ကျွန်မသည် ထုံပေပေခြေလှမ်းများဖြင့် မော်တော်မှ ဆင်းရန် ဟန်ပြင်မိသည်။ ကျွန်မသည် ဘာကိုမှ မခံစားနိုင်သလို အူကြောင်ကြောင်ကြိးဖြစ်နေခဲ့၏.. သူကမ်းစပ်ကို ခုန်ဆင်းပြီးနောက် ကျွန်မခုန်ဆင်းရန် သူ့လက်ကို ကမ်းပေးလိုက်ပါသည်။ စောစောတုန်းဆီက သူ့လက်များကို ကျွန်မ အားကိုးတကြီး ဆုပ်ကိုင်ပြီး သူ့ခွန်အားအပေါ် ယုံကြည်စိတ်ချစွာ ခဏခဏ ဆင်းခဲ့ဖူးသည်။ ကြည်နုးပျော် ရွင်ခဲ့ဖူးသည်။ ကျေနပ်နှစ်သိမ့်ခဲ့ဖူးသည်။ ယခုအခါ သူ့လက်သည် ကျွန်မအား မည်သည့်ခွန်အားကိုမျှ မပေးတော့ချေ။ သို့သော် ထိုလက်ကိုပင် ဟန်မပျက် ဆုပ်ကိုင်၍ကျွန်မ သဲပြင်ကမ်းစပ်သို့ ခုန်ဆင်းချလိုက်သည်။ ကျွန်မရင်ထဲမှာ အတွေးတစ်ခုတည်း ရှိ၏။ ကျွန်မ ရေကူးသင်မှ ဖြစ်မည်။



တောင်းပန်ချက်

"အပြင်မှာ စာအုပ်ကို ကော်ပီဆွဲပြီး ရောင်းစားတာမျိုးမဟုတ်ပဲ တကယ်ဖတ်ချင်တဲ့သူတွေအတွက် လက်အညောင်းခံ အချိန်ကုန်ခံရိုက်ပေး ခြင်း ။ ဖြန့်ဝေခြင်းကို စာရေး ဆရာ ကြီး။ ဆရာမကြီး များ ခွင့်လွှတ်နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ရ၊ိုက် တင် ပေး ကြ သော မြန်မာ ကျူးပစ် နှင်. နေးတစ်မြန်မာ မှ ညီအကို မောင်နှမ များ ဝေမျှ သော စာ ချစ် သူ များ အား လုံး ကို ကျေး ဇူးတင်ပါတယ်ခင်ဗျား ” လင်းထက်မြန်မာ

မာတိကာ


statistics

web tracker