ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Thursday, May 6, 2010

သူ့ကျေးဇူး

သူ့ကျေးဇူး
သုမောင် (အတွဲ၉၊အမှတ် ၄၅၊နိုဝင်ဘာ ၈၊၂ဝဝ၅၊ပေါ်ပြူလာဂျာနယ်)

သူ့ကျေးဇူး သိတတ်ပါလို့ လွယ်လွယ်ပြောနေကြပေမဲ့
တကယ်တမ်း ကျေးဇူးသိတတ်ဖို့ အလွန်ခက်ပါတယ်။ လူဆိုတာ ရမှာကို သတိရတတ်ပေမဲ့ ပေးရမှာကို မေ့တတ်တာ သဘာဝပါ။ ဒါကြောင့်ကျေးဇူးသိတတ်ဖို့ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် နှုတ်၏စောင်မခြင်းမျိုးကို ပိုပြီး မေ့သွားတတ်ပါတယ်။ ကိုယ်၏ စောင်မခြင်းမျိုးကတော့
အတော်အတန် ပေါ်နေတာမို့ သတိတရရှိတတ်ပါတယ်။ဒါတောင် ကြာရင်
မေ့ပါတယ်။ ပြုံးဖို့ကောင်းတာက ပိုက်ဆံနဲ့ ကျေးဇူးပြုခံရဖူးတာကိုတော့
တော်ရုံမမေ့ ကြပါဘူး။ ဒါက တစ်နည်းပြောရရင် ကျေးဇူးပြန်ဆပ်လို့လည်း လွယ်လို့ပါပဲ။ သူ့ဆီ က ပိုက်ဆံ ယူဖူးသလား၊ တတ်နိုင်တော့ ပြန်ဆပ်လိုက်။ဒါဆို ပြီးရောပေါ့ ကျေရောပေါ့လို့ သဘောထားတတ်ကြတာကိုး။

တကယ်တော့ သေသေ ချာချာ စဉ်းစားကြည့်ရင် ပိုက်ဆံ ကို ပိုက်ဆံနဲ့ ပြန်ချေတာမှန်ပေမဲ့ (ထားပါတော့၊အတိုးပါပေါင်းပေးပေမဲ့ ) ကျေးဇူး ကြွေး ကတော့ တင်နေမှာပါပဲ။ အချိန်ကာလဆိုတာကို ထည့်တွက်ရင် ပြောပါတယ်။
လူတစ် ယောက် ဟာ လိုအပ်နေချိန် ရမှ ကျေးဇူးကြီးတာပါ။
ပိုက်ဆံမလိုတဲ့အချိန် ပိုက်ဆံနဲ့ ကျေးဇူး ပြုလို့ အပိုပါပဲ။ ပိုက်ဆံလိုနေတဲ့အချိန်မှာ ပိုက်ဆံပေးမှ ကျေးဇူးဆိုတာ ပေါ် လာတာပါ။
အဲ ကိုယ်က ဒါကို ကျေးဇူးပဲ သဘောထားထား၊အကြွေးပဲ သဘောထားထား
တတ်နိုင်လို့ ပြန်ပေး ပြန်ဆပ်တဲ့အခါ ပြန်ရတဲ့သူက
ပိုက်ဆံလိုနေချိန်ဖြစ်ပါမှ ပိုပြီး ကျေး ဇူးတင်ပါလိမ့်မယ်။
နို့မို့ဖြင့် ပိုက်ဆံကြွေးရသင့်လို့ ပြန်ရတယ်ထင်မှာပေါ့။
သူ့ကျေးဇူးသိ တတ်ဖို့ရာမှာ ကာယကံရှင်ကအသိဥာဏ်ပညာကောင်းဖြစ်လေ၊ ကျေးဇူးတင်တတ်လေ၊ ကျေးဇူးဆပ်တတ်လေပါပဲ။
အသိဥာဏ်ဆိုရာမှာ အတန်းပညာကို ပြောတာ မဟုတ် ပါ ဘူး။ လူမှုရေးအသိပညာ။ယဉ်ကျေးမူအသိပညာကို ပြောတာပါ။

ရိုးသားတဲ့ဘဝကို ခံယူထားတဲ့သူတွေဟာ တစ်ပါးရဲ့ကျေးဇူးကို အလွန်သိတတ်တာတွေ့ဖူး ကြပါလိမ့်မယ်။ အနီးစပ်ဆုံးပြောရရင် တောသူတောင်သားတွေဟာ သူတစ်ပါးကျေးဇူးသိတတ်တဲ့နေရာ
ထူးချွန်တယ်ဆိုတာ သေချာပါတယ်။သူရို့ဟာ မိရိုးဖလာကို ယုံကြည်ကြပါတယ်။
သူရို့ဟာ လူမူရေးကို သိပ်ပြီးအလေးထားပါတယ်။
သူရို့ဟာ ဘာသာတရားကို အလွန်ပဲ ကိုင်းရှိုင်း ကြပါတယ်။
ရှေးရှေးကဆိုရင် တောသူတောင်သားတွေဟာ သူတစ်ပါးပေါ်တင်ခဲ့တဲ့
ကျေးဇူးကြွေး (ပိုက်ဆံကြွေးပဲ ဆိုပါစို့ )ကို ကျွန်ခံပြီး ဆပ်ကြတာကြားဖူးကြမှာပါ။

သူငယ်ချင်းတစ်ယောက်အိမ်မှာ အိမ်ဖော်မိန်းမကြီးတစ်ယောက်ရှိပါတယ်။
အသက်၆ဝ ကျော်လောက်ရှိပါပြီ။ သူဟာ အဲဒီအိမ်ကို ဆယ့်သုံးလေးနှစ်
သမီးတည်းက အိမ်ဖော် အဖြစ် ရောက်နေခဲ့တာပါ။ ရိုင်းရိုင်းပြောကြပါစို့၊
ထမင်းစား ကျွန်ခံသဘောပါပဲ။ ဒါပေမဲ့ ဒီနေ့ထိ အဲဒီအိမ်မှာမြဲနေပါတယ်။
သူငယ်ချင်းရဲ့ တစ်သက်ပဲရှိနေပါပြီ။စကားကြုံလို့ စုံစမ်းလိုက်တော့
သူငယ်ချင်းရဲ့ ဘိုးဘွားတွေနဲ့ အဲဒီမိန်းမကြီးရဲ့ ဘိုးဘွားတွေဟာ တစ်ရွာ တည်းသားတွေပါပဲ။ တိုင်းပြည်ပျက်စဉ်က ခိုးသားဓားပြတွေ
သောင်းကျန်းတော့ သူငယ် ချင်းရဲ့ အဘိုးက အဲဒီမိန်းမကြီးရဲ့
ဘိုးဘွားတွေကို အသက်နဲ့ လဲပြီး တိုက်ခိုက် ကူညီ ခဲ့ပါသတဲ့။ အသက်တော့မသေပါဘူး။ဒီကျေးဇူးကိုထောက်ပြီး အချိန်တန်လို့
သူငယ်ချင်း ရဲ့မိဘတွေ မြို့တက်လာကြတဲ့အခါ စောစောက မိန်းမ
(အဲဒီတုန်းက ဆယ့်သုံးလေး နှစ်သမီး ပေါ့လေ) ကို အိမ်ဖော် ကူဖော်လောက်ဖက်
အဖြစ် မြို့ကို တစ်ခါတည်းထည့် လိုက်တာပါတဲ့။ ဒီကျေးဇူးဆပ်နည်းဟာ လမ်းမှန်သလား၊ မှားသလားတော့ မစဉ်းစားချင် ပါဘူး။ ပြောချင်တာက ရိုးသားတဲ့ တောင်သူလယ်သမားတွေဟာ ရှာကြံပြီး ကျေးဇူးဆပ်တတ်တယ်ဆိုတာပါပဲ။
အဲဒီ မိန်းမကြီးဟာ အခုတော့ သူငယ်ချင်းအိမ်မှာ အိမ်တော်ထိန်းလို ဖြစ်နေပါပြီ။ ရွာလည်း မပြန်တော့ပါဘူး။ငွေရေးကြေးရေးကလွဲရင် သူ့ခြေ၊သူ့လက်ပါပဲ။
သူငယ်ချင်းရဲ့ သားသမီးတွေကိုတောင် သူကထိန်းကျောင်းနေပါပြီ။
ဒါပေမဲ့ တစ်ခါတလေမှာ သူငယ် ချင်းရဲ့ မိဘတွေကို ကျွန်တော်တို့မိသားစုကသွားကန်တော့ကြတဲ့အခါ လမ်းကြုံသဘော မျိုး အဲဒီအမျိုးသမီးကြီးကိုပါကန်တော့ပါတယ်။ဝမ်းသာလွန်းလို့
မျက်ရည်ကလေး တလည် လည်နဲ့ ဆုတွေ ပေးလိုက်တာတစ်လှေကြီးပါပဲ။ ဒါပေမဲ့ဆုတွေပေးပြီးတော့မှ သူပြောလိုက်တဲ့စကားက တော်တော်မချိစရာပါ။
'တို့က တစ်သက်လုံး ကျွန်ဘဝနဲ့နေလာတာ။
ခုလို တကူးတကန့် အကန်တော့ခံရတာ ဘုရားကျေးဇူး၊တရားကျေးဇူး၊သံဃာကျေးဇူး၊မိဘဆရာသမားကျေးဇူးပါပဲကွယ်'

 တဲ့။
ကျွန်တော်တို့မိသားစု သူ့ကိုကန်တော့တာက စောစောကပြောသလို
လမ်းကြုံလို့ပါ။ ပြီးတော့ သူရို့အိမ်ကိုသွားရင် ကျွေးမွေးဧည့်ခံပေးတာကျွန်တော့်သားသမီးတွေကို
ထိန်းကျောင်းပေးတာစတဲ့ ကျေးဇူးကလေးတွေလည်း ရှိလို့ပါ။
ဒါပေမဲ့ သူငယ်ချင်းရဲ့ မိဘများနဲ့ တစ်တန်းတည်း
အကန်တော့ခံလိုက်ရလို့ သူ့ဘဝမှာ အလွန်ရခဲတဲ့
တန်ဖိုး ရလိုက်သလိုခံစားရပုံ ပေါ်ပါတယ်။
ကျွန်တော်သဘောကျတာက အဲသလို အကန် တော့ ခံ
လိုက်ရတာလေးကိုပဲ အနန္တေ္တာ အနန္တငါးပါးကျေးဇူးကြောင့်လို့
သိတတ်နေတာကိုပါပဲ။

တကယ်တော့ သူ့ကို အဲဒီအိမ်မှာ တစ်သက်လုံး အခမဲ့ အိမ်ဖော်အဖြစ် ကျေးဇူးဆပ်ခံခိုင်းလိုက်တာ သူ့မိဘဆိုတာကို ယောင်လို့တောင် ပြစ်မှားပုံ မရပါဘူးဗျာ။

အတွဲ၉၊အမှတ် ၄၅၊နိုဝင်ဘာ ၈၊၂ဝဝ၅၊ပေါ်ပြူလာဂျာနယ်
သုမောင်

မာတိကာ


statistics

web tracker