မိဘကရုဏာ သေးသေးလေး
သုမောင် (အမှတ် ၄၆၊နိုဝင်ဘာ ၂၉၊၂ဝဝ၅၊ဖတ်စရာဂျာနယ်)
မှတ်မှတ်ရရ ဆရာအောင်ပြည့်ကိုပင် တိုင်တည်ပါရစေ။
ကျွန်တော် အနုပညာနယ်ထဲ ရောက်သဖြင့်
လူသိများ ကျော်ကြားလာသော ကာလတွင်
'မင်္ဂလာ'၊'အမင်္ဂလာ'ကိစ္စ တော်တော်များများသို့ ရောက်
တတ်ပါသည်။
'မင်္ဂလာ'နှင့်'အမင်္ဂလာ'ဟု စကားရိုးကို သုံးလိုက်ရသော်လည်း
ကျွန်တော့်အနေနှင့် မူအလှူမင်္ဂလာဆောင်၊မွေးနေ့မှမဟုတ်၊
ဆေးရုံ လူနာမေး၊အသုဘရှုတို့ကိုလည်း 'မင်္ဂလာ'တစ်ပါး
ဟူ၍ စိတ်စွဲခဲ့ပါသည်။
ထို့သို့ ပလေရာဖြစ်နေသော ကျွန်တော့ကို ဆရာပြည့်က သတိပေးပါသည်။
'ဗလကြီးကို ကားတစ်စီးနဲ့ နေရာတကာတွေ့နေရတယ်'
ဟူ၍ ဖြစ်ပါသည်။လူသိရှင်ကြား မင်းသားဖြစ်နေပြီမို့ နေရာတကာ
လူလုံးပြနေသလို ဖြစ်နေမှာစိုးရိမ်သောကြောင့်
သတိပေးခြင်းသာ ဖြစ်ပါလိမ့်မည်။ မှန်တော့လည်း မှန်ပါသည်။
ကျွန်တော့မှာ သာမန် လူမူရေးလုပ်ကိုင်သည်ထက် နည်းနည်းပို နေတတ်သောကြောင့်ပင်။
ရုပ်ရှင်မင်းသား လူလုံးပြသလိုဖြစ်နေပါသည်။
ဆိုလိုသည်မှာ မိမိနှင့် ပတ်သက်ရင်းနှီးသူများ၏
ကိစ္စများသာမက ကိုယ့်ဘာသာ ရှာကြံဆက်သွယ်ပြီး ကူ
ညီနေတတ်သော သဘောလိုဖြစ်ပါသည်။
ကျွန်တော့်မှာ အထူးသဖြင့် 'သာရေး'ထက် 'နာရေး'
ကို ပို၍ မင်္ဂလာယူသူဖြစ်သည်။
ပြောကြကြေးဆိုလျှင် 'မင်္ဂလာဆောင်'၊အလှူ'စသည်သို့ သွား
ရောက်ရာတွင် ကျွန်တော်က အခကြေးငွေပင် ရပါသေးသည်။
ဆေးရုံနှင့် အသုဘ သွားလျှင်ကား
အိတ်ထဲမှ ထွက်ရပါသည်။
သို့သော်ကျွန်တော်ကတော့ 'နာရေး'ကို ပိုပြီး ဝါသနာပါလေသည်။
ထိုအကျင့်သီလကို ကျွန်တော့်အား သန္ဓေတည်ပေးသူမှာ
မိခင်ကြီး ဒေါ်ခင်ညိုပင် ဖြစ်ပါသည်။
အမေသည် ကျွန်တော်ငယ်စဉ်ကတည်းက 'လူနာမေး''အသုဘရှု'စသည့်
ကိစ္စများတွင် လက်ဆွဲခေါ်သွားတတ်လေသည်။
ထိုအခါ ကျွန်တော်မှာ ထိုအကျင့်သီလအပေါ် အခြေခံပြီး 'ဝါသနာ'တစ်ခု
ရရှိသွားပါတော့သည်။
ကျွန်တော် မှတ်မိနေတာလေးရှိပါသေးသည်။
အမေသည် လူမမာမေးသွားလျှင် ထိုကာယကံ
ရှင်အား ပါဠိလို ရွတ်ဖတ်၍ အားပေးတတ်ခြင်းကိုပင် ဖြစ်သည်။
'ဖုဌဿ လောကဓမ္မေဟိ၊စိတ္တံ္တံယဿ နကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ'
'မကြောက်မရွံ့ မတုန်မလှုပ်နှင့်။မတွေးတော မစိုးရိမ်နှင့်။
မတွေးတော မစိုးရိမ်နှင့်။
ဘာမျှမမက်မောနှင့်။
ငြိမ်းချမ်းသော ဓာတ်ကို မွေးမြူကျင့်'
ဟူ၍ နားလည်ရပါသည်။
ထိုသို့နားလည်ရန် အကြောင်းများလည်း (၃၈ )ဖြာ
မင်္ဂလာတရားတော် မြန်မာဘာသာပြန်ကို ပန်းချီဆရာတစ်ဦး
ထံတွင် မှန်ပေါင်တပ်နံရံကတ်ပြားကြီး(၄)ခု
အမေ အပ်နှံထားခဲ့ပါသည်။ကျွန်တော်တို့ညီအကို
လေးယောက် အိမ်ထောင်ကျလျှင်
အသီးသီး ပေးလိုက်ရန် ဖြစ်ပါသည်။
ထိုအထဲတွင် နောက်ဆုံးမင်္ဂလာလေးပါး မြန်မာပြန်မှာ
အထက်ပါအတိုင်းဖြစ်သောကြောင့်ပင်။သည်တော့မှ လူမမာ
မေး သွားတိုင်း ထိုသို့ ပါဌိဘာသာဖြင့်
အမေ ရွတ်ဖတ်အားပေးကြောင်း သဘောပေါက်ရပါသည်။
ကျွန်တော်တို့ နေမကောင်းဖြစ်လျှင်လည်း ထိုပါဌိကို အမေ ရွတ်ဖတ်သရဇ္ဈယ်တတ်ပါသည်။
အဖေသာဓုကတော့ တစ်မျိုးဖြစ်ပါသည်။
အဖေသည် ကျွန်တော်မှတ်မိသလောက်'မင်္ဂလာ'ပွဲ
များ လုံးဝမသွားခဲ့ပေ။
'အသုဘ'စသည်ကိုလည်း အလွန်မှ သွားလာခဲပေသည်။
ဆေးရုံ စသည့်လူမမာမေးကိစ္စများတွင်လည်း
ကျွန်တော်နှင့်သာလွဲ၍ အကူအညီ ပေးတန်သည်ကို ပေးပါသည်။
ရယ်စရာပြောရဦးမည်။ ဂီတလုလင် ဦးကိုကို ဆေးရုံတက်ရသောအခါ အဖေက 'စာတို'ကလေးတစ်စောင်ရေးပြီး ကျွန်တော့်အား လူမမာမေး လွှတ်ပါသည်။ ထူးခြားသည်မှာ ထိုစဉ်က အဖေသည် ဆေးရုံပေါ်မှာပင် ဆရာ ဦးမောင်ကိုကိုနှင့် ဟိုဘက်ခန်း သည်ဘက်ခန်း တက်နေခြင်းဖြစ်သည်။
ဤသို့အားဖြင့် 'နာရေး'ကိစ္စများတွင် အမေ့ဘက်ကအစွဲဖြင့်ကျွန်တော် သီလမြဲခဲ့သည် မှန်သော်လည်း မထင်မှတ်သည့် ဦးနှောက်ထောင့်ကွေးတစ်နေရာတွင်
စွဲစွဲထင်ထင်ရှိနေတာ တစ်ခုရှိနေပြန်ပါသည်။
နုနယ်သော ကလေးငယ်တို့၏ဦးနှောက်နှင့် နှလုံးသားတွင်
တစ်ခါတစ်ရံမှတ်မှတ်သားသား စွဲလမ်းသွားတတ်တာကလေးတွေ ရှိမှန်းသိကြပါလိမ့်မည်။
ကျွန်တော့်တွင်လည်းထိုအစွဲကလေးတစ်ခု ရှိနေခဲ့ပြန်ပါသည်။
'အသုဘ'ပို့ခြင်း ကိစ္စပင် ဖြစ်ပါသည်။
ထိုကိစ္စကတော့ အဖေသာဓုနှင့် တိုက်ရိုက်ပတ်သက်ပြန်ပါသည်။
ကျွန်တော်ငယ်စဉ် ကျောင်းနေစ ကာလဖြစ်ပါသည်။
တစ်နေ့တွင်ကျွန်တော်သည် အဖေနှင့် အတူ
မြို့ထဲဘက်သို့ လိုက်ခဲ့ပါသည်။
အဖေမော်တော်ကားဖြင့် အပြင်ထွက်လျှင် ကျွန်တော်က အမြဲပဲ
လိုက်ချင်တတ်သူဖြစ်ပါသည်။
ထိုနေ့က အဖေနှင့် ကျွန်တော် သင်္ဃန်းကျွန်းခြံမှ ထွက်ခဲ့ကြရာ 'တာမွေလေး'နား ရောက်သောအခါ နေပူကျဲကျဲကြီးထဲတွင် အသုဘချသွားတာနှင့် ကြုံပါသည်။
ကုလားအသုဘ ဖြစ်ပါသည်။
ဘင်ခရာတီးဝိုင်းအသေးစားလေးပါနေတာ မှတ်မိပါသည်။
'ချစ်စရာကောင်းသူလေးရယ်မောင့်စိတ်ထဲမှာ စွဲလမ်းတယ်'
ဟူသော တေးသွားကို တီးခတ်နေကြပါသည်။
အလောင်းမှာ 'ကလေးငယ်'ဖြစ်ပါသည်။တစ်မျက်နှာလုံးနနွင်းတွေ လိမ်းထားပါသည်။
လိုက်ပါပို့ဆောင်ကြသူများမှာလည်း ခြေကျင်ဖြစ်ပါသည်။
အသုဘအလောင်းကိုလည်း လမ်းလျှောက်ရင်း ထမ်းသယ်သွားနေပါ
သည်။ အဖေသည် ဘာမပြောညာမပြောနှင့် အသုဘလူတန်းရှေ့တွင်
ကားကို ထိုးရပ်လိုက်ပြီး
'ကိုင်း ကိုင်း အလောင်းနဲ့ မိသားစု ကားပေါ်တက်၊နေ သိပ်ပူတယ်'
ဟုပြောရင်း ကားနောက်ခန်းတံခါးကို ဖွင့်ပေးလိုက်ရာ အသုဘရှင်များအလွန်ဝမ်းသာသွားကြပါသည်။
အဖေ့ကားက စာအုပ်ထုပ်တွေဘာတွေတင်သော နောက်ဖွင့် 'ဗင်'ကားဖြစ်ပါသည်။ကလေးအလောင်းကို ကိုယ့်ကားပေါ် တင်ခေါ် သွားတာ ဒါ ပထမဆုံးအကြိမ် ကျွန်တော့်အတွေ့အကြုံဖြစ်ပါတော့သည်။ တာမွေသင်္ချိုင်းသို့ ပို့ပေးပါသည်။ပထမတွင် ညမအိပ်ရဲဘဲကြောက်နေခဲ့သော်လည်း ရက်ပိုင်းကြာ သောအခါ ကုလားမိသားစုများက မုန့်အချိုများဖြင့် အဖေ့ကို လာကန်တော့
ကြလျှင်၊မုန့်တွေ စားရသဖြင့် ကျွန်တော် ပျော်သွားပါသည်။
ထိုအကျင့်သီလသေးသေးကလေး စွဲနေသောကြောင့် ပင် ဖြစ်ပါလိမ့်မည်။ ကျွန်တော်သည် အသုဘကြုံတိုင်း အိမ်ကမော်တော်ကားကို အသုဘပို့သူများ စီးနင်းနိုင်ရန်ကူုညီတတ်နေပါတော့သည်။ နှလုံးသား ထောင့်ကွေးတွင် အမြစ်တွယ်နေသော ဖခင်ကြီး၏ ကရုဏာသေးသေးကလေး
ဖြစ်ပါလိမ့်မည်။
တစ်ခါတစ်ရံတွင်တော့ 'မင်းသား ကျော်သူ'နှင့် စကားစပ်ရပါသေးသည်။
'ညီလေးရေ၊ကိုယ့်အဖေသာရှိရင် မင်းနဲ့လက်တွဲဖြစ်မှာကွ'
မှန်ပါသည်။စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု၏ ပင်ကို ဝါသနာမှာ မော်တော်ကားပြင်ခြင်း မဟုတ်လား။
နာရေးအသင်းက ကားတွေကို အဖေဒိုင်ခံပြင်နေမှာ မြင်ယောင်မိပါသေးသည်။
အမေ၏ မေတ္တ္တာအမွေ၊အဖေ၏ ကရုဏာအမွေတို့ကြောင့်
ကျွန်တော် သေလျှင် အသုဘ လှပေလိမ့်မည်ဟု ရိုးရိုးပဲတွေးမိပါသည်။
လတ်တလောအထိလည်း ဆေးရုံပေါင်းစုံတက်ခဲ့သော ကျွန်တော့်မှာ
ဆရာဝန်၊သူနာပြု စသော ကျန်းမာရေးစောင့်ရှောက်သူ၊
သူတော်ကောင်းများနှင့်သာကြုံဆုံနေရပါသေးသည်။
တစ်ခုတော့ ပြောစရာရှိသည်။ဆေးရုံတက်ဖူးလေသမျှ
ကျွန်တော့်အားလူနာမေးလာသူ အလွန်နည်းပါးခြင်းဖြစ်ပါသည်။
ဒါကိုတော့ ပြုခဲ့ဖူးသော ကုသိုလ်နှင့် ထေ၍ မရသေးပေ။
အကြောင်းမှာ ကျွန်တော် ဆေးရုံတက်ရတိုင်း
'အရက်'နှင့် ပတ်သက်နေသော အကုသိုလ်ကြောင့်ပင်
ဖြစ်ပါလိမ့်မည်။
သုမောင်
အမှတ် ၄၆၊နိုဝင်ဘာ ၂၉၊၂ဝဝ၅၊ဖတ်စရာဂျာနယ်