ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Monday, May 17, 2010

စိတ်ကြမ်း မာန်လျှော့ ကျွန်ကန်တော့သည်

စိတ်ကြမ်း မာန်လျှော့ ကျွန်ကန်တော့သည်
(သုမောင်)

သီတင်းကျွတ်ကိုခံစားရပုံလေးတွေ နည်းနည်းပြောချင်လို့ပါ။ငယ်ငယ်တုန်းကတော့ ဗြောက်အိုး
ဖောက်ဖို့၊မီးပန်းလွှတ်ဖို့လောက်သာ စိတ်ဝင်စားခဲ့ပါသည်။အများနည်းတူဆိုပါစို့။မှတ်မှတ်ရရ
တော့ တစ်ခုပဲရှိသည်။ကလေးအတွေးနှင့် ပြောမိပြောရာ စကားဖြစ်တယ်ကိုး။ခုနှယ် ပြန်စဉ်းစား
တော့ရယ်ရလျှင်လည်း ကောင်းမည်လားဟု စဉ်းစားစရာဖြစ်နေသည်။ထိုတုန်းကကျောင်းပင်မနေ
ရသေးသော ပီဘိကလေးဘဝမို့ အစ်ကိုဖြစ်သူ မောင်ဝဏ္ဏကိုကတ်သီးကတ်ဖဲ့ မေးမိခြင်းဖြစ်သည်။



'ကိုကို သင်္ကြန်ကျရင် လူတွေက ရေနဲ့ပက်ပြီး သီတင်းကျွတ်ကျတော့ ဘာဖြစ်လို့ မီးနဲ့ လိုက်မရှို့
ကြတာလဲ'

ထိုတုန်းက အစ်ကိုကြီးသည် ဘာမှပြန်မဖြေဘဲ ရယ်မောနေခဲ့လေသည်။ခုနှယ် ထိုကိစ္စ အစ်ကို
မောင်ဝဏ္ဏနှင့် စကားလက်ဆုံမိတော့ သူက

'မင်းအတွေးကို ငါ တက္ကသိုလ်မှာ ဒဿနိကဗေဒ သင်ရတော့ လောဂျစ်ဆရာနဲ့ အပျင်းပြေ ငြင်း
ဖူးတယ်ကွ' ကျွန်တော့်ကို ရယ်ရယ်မောမော ပြောပါသည်။သည်တစ်ခါ သူရယ်မောပုံက ကျွန်
တော့ကိုစာရေးဆရာတစ်ယောက်အနေနဲ့ တန်းညှိပြီး ဟက်ဟက်ပက်ပက် ရှိနေပြန်ပါသည်။
နောက်တစ်ခု မှတ်မိတာကလည်း အများသူငါ ကလေးတွေလိုပင်ဖြစ်သည်။သီတင်းကျွတ်လျှင်
ကျွန်တော့်မိဘဘိုးဘွားများကို တပည့်သားမြေးများက လာရောက်ကန်တော့ကြသည်။ကိတ်မုန့်၊
အချိုရည်၊သစ်သီး စသည် အလျှံပယ်စားရသည်။ပြီးတော့ ကိုယ့်မိဘများက တစ်ပါးသက်ကြီး
ရွယ်အိုတို့ကို သွားရောက်ကန်တော့သောအခါ ကျွန်တော်တို့လည်း လိုက်ပါပူဇော်ရသည်။ထို
အခါ သက်ကြီးရွယ်အိုများက စာမေးပွဲအောင်ပါစေဟု အပိုဆုပေးတတ်သည်။မုန့်ဖိုး ငါးကျပ်
တစ်ဆယ် စသဖြင့် ပေးကမ်းသည်။ကလေးဆိုတော့ တစ်နေ့မှ မုန့်ဖိုး တစ်မတ်(၂၅ ပြား )ရ
သည်တွင် ငွေငါးကျပ်တစ်ဆယ်သည် ဖြုန်းစရာငွေပင် ဖြစ်တော့သည်။

အရွယ်ကလေးရလာတော့ သီတင်းကျွတ်သည် မိမိ၏လုပ်မြဲကိုင်မြဲဘဝထဲမှ နည်းနည်းဖဲကြဉ်
လာပါသည်။ဆီမီးပူဇော်ခြင်းလောက်သာဂရုစိုက်ရသည်။အထူးသဖြင့် သီတင်းကျွတ်(ပွင့်လင်း
ရာသီ )အလှူမင်္ဂလာပွဲများတွင် တေးသီချင်းဆိုရင် အခကြေးငွေ ရှာရသည်သာ ပျော်စရာအလုပ်
ဖြစ်ခဲ့ပါသည်။သားသမီးတွေ ရခါစလည်း ထိုထိုစီးပွားရေးကိစ္စများနှင့်သာ လုံးချာလည်ခဲ့၏။
ပြီးတော့ စကောစကအရွယ်မို့ ကိုယ်က ကန်တော့ရသောအလုပ်လည်း ပါးလျားသည်။အကန်
တော့ခံဖို့လည်း သိပ်ပြီးအခြေအနေ မပေးသေးပေ။တကယ်တော့မူ သက်ကြီးရွယ်အိုများကိုဦးချ
ကန်တော့ခြင်းသည်ပင် ကလေးငယ်တွေနှင့် အရွယ်လွန်သူတို့ကြားတွင်သာ ရှိအပ်သော (ကိုယ်
ထိလက်ရောက် )ယဉ်ကျေးမူဟု မသိစိတ်က ထင်နေပုံလည်းရသည်။ဆိုကြပါစို့ အရွယ်နုစဉ်က
သီတင်းကျွတ်များသည် ကျွန်တော့ဘဝတွင် မည်မည်ရရ မရှိနိုင်ခဲ့ရိုး အမှန်ပါ။ဆိုလိုတာက ရိုး
ရာယဉ်ကျေးမူကိစ္စများနှင့် ပတ်သက်၍သာ ဖြစ်ပါသည်။ပြီးခဲ့သည့် လေးငါးနှစ်လောက်ကစ
ပြီး ရိပ်ခနဲဆိုသလို၊ဒိတ်ခနဲ ဖြစ်ခဲ့ရလေသည်။ကိုယ့်မိသားစုထဲကရော၊ဆွေမျိုးသားချင်းထဲကပါ
ကလေးသူငယ်များ လာရောက်ကန်တော့ကြခြင်းကြောင့်ဖြစ်သည်။ငါ အသက်ကြီးသွားပြီးပဲ
ဟူ၍ သံဝေဂတရား ရသွားလို့တော့ မဟုတ်ပါ။စောစောကပြောသလို တကူးတကန့်ကန်တော့
ခြင်းကိစ္စကို အရေးတယူမရှိခဲ့သဖြင့် အနေရအထိုင်ရ ခက်သလိုခံစားရသောကြောင့်ဖြစ်သည်။
ဝန်ခံရလျှင် မိမိကသာ ကန်တော့နေကျမို့အကန်တော့ခံရခြင်းအပေါ် ရှက်ရွံ့ခြင်းလည်း ပါပါသည်။အကန်တော့ ခံလောက်ရဲ့ လားဟု မိမိကိုယ်ကိုဆန်းစစ်ရခြင်းမှာ အပင်းပန်းဆုံးပင်။
အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်က လူရွေးပြီး ကန်တော့တတ်ခဲ့သည့်အတွက်ကြောင့်ပင်။ဂါ
ရဝတရား မရှိ၍ မဟုတ်ပါ။တစ်နှစ် တစ်ခါ သီတင်းကျွတ်မှာ သီးသန့်ကန်တော့ဖို့ဆိုတာ လူစုံ
တက်စုံ မဖြစ်နိုင်ချေ။လူရွေးရပါသည်။ပြီးတော့ ကျွန်တော်က သက်ကြီးရွယ်အိုးများနှင့်ကြုံလျှင်
(နေရာထိုင်ခင်း အဆင်ပြေပါက )အမြဲလိုလို ဝပ်ချကန်တော့တတ်သူမဟုတ်လား။ထို့အတွက်
နှစ်ဦးနျစ်ဖက် အဆင်ပြေသည်။အနေလည်း မကျုံ့ပါ။ကန်တော့ပစ္စည်း ဗန်းလည်း မလိုပါ။
တကန်တက ဆုပေး ဆုယူလည်း မရှိပါ။သတ်သတ်မှတ်မှတ် မဟုတ်သဖြင့် ဝတ္တ္တရားကျေ
မဖြစ်တော့ပါ။စိတ်လို လက်ရ သဘောဆောင်သည်ဟု ကျွန်တော်ထင်သည် (ဤအတွေးသည်
ကျွန်တော့် တစ်ကိုယ်ရေကိစ္စပါ။နောင်လာနောက်သား လူငယ်များကအသေမှတ်ယူခြင်း မပြု
ကြပါနှင့်။တတ်နိုင်လျှင် တကူးတကန့်လည်း ကန်တော့ပါ။ကြုံသလိုလည်း ဝတ်ပြုပါ)။

သည်ကနေ့တော့ အဖေ့သူငယ်ချင်းဟာသပညာရှင်ကြီးတစ်ယောက်အိမ် အလည်ရောက်ပါသည်။
ဦးလေးသိန်းဆိုပါစို့။ဟာသစာပေလည်း ရေးပါသည်။ကာတွန်းလည်း ဆွဲပါသည်။ဦးလေးသိန်း
အိမ်သို့ စာပေအလုပ်ကိစ္စတစ်ခုဖြင့် ရောက်လာခြင်းသာဖြစ်သည်။ဦးလေးက ကျန်းမာရေးမ
ကောင်းသဖြင့် ဘီးတပ်ကုလားထိုင်ဖြင့် နေရပါသည်။အလုပ်ကိစ္စပြီးတော့ရှေးဟောင်းနှောင်း
ဖြစ်တွေ ကျွန်တော့်အဖေ(သူ့ သူငယ်ချင်း )အကြောင်း တွေသာ များပါသည်။ဘာရယ်တော့
မဟုတ်ပါဘူး။ကျွန်တော် စကားပြောလျှင် ဟာသနှောနှင့် ပြောတတ်သည့်မို့ဦးလေးသိန်းက ရယ်ပါသည်။အဖေ ခွကျပုံများ ပြောသောအခါ ဦးလေးသည် သူတို့၏ဘဝဆီသို့ရီဝေဝေလှမ်း
ပြန်ကြည့်ရင်း အားရပါးရ(အားတော့ သိပ်မရှိလှ )ဟုရယ်မောပါသည်။

ပြန်ခါနီးတော့ နှုတ်ဆက်ရင်း ကန်တော့ဖို့ ကျွန်တော် ကြိုးစားပါသေးသည်။သို့သော် ဦးလေးသိန်း ငယ်မူငယ်သွေးကြွနေပုံကို သတိထားမိသဖြင့်အရွယ်လွန်ခြင်းကို သတိပြန်ရသွား
စိုးသောကြောင့် ကြမ်းပေိုင်ပြီး ဦးချခြင်း မပြုတော့ပါ။ကျွန်တော် လက်အုပ်ဖြင့် ချီဆုပ်ပြီး
မတ်တတ်အနေ ကန်တော့လိုက်ရပါသည်။ထိုအခါ ဦလေးသိန်းကလည်း အလိုက်သင့်စကား
ကို ဆိုပါသည်။

'ကျွန်တော် တော်တော်နေကောင်းသွားတယ်ဗျာ'ဟု သူ့ရင်ဘတ်ကလေးပုတ်ပြပြီး ရိုးသားစွာ
ပြောပါသည်။ကြည်နူးပီတိ ဖြစ်လိုက်ရတာလေ။

ဘာရယ်မဟုတ်ဘဲ ရှေးဟောင်းနှောင်းဖြစ် ဟာသတွေကို ကျွန်တော်ပြောမိခဲ့သည်မှာ ဟာသ
သမားဦးလေးအတွက် သီတင်းကျွတ် အကောင်းဆုံးပစ္စည်းဖြင့် ကန်တော့ခြင်း ဖြစ်သွားသည်မ
ဟုတ်ပါလား။

'အင်း ငါ အသက်ကြီးရင် အဲသလို ရှေးဟောင်းနှောင်းဖြစ်ဟာသနဲ့ ကန်တော့ခံချင်လိုက်တာ'ဟု
လည်း တွေးမိပါသည်။

အတွဲ၎၊အမှတ်၄၅၊နိုဝင်ဘာ၇၊၂ဝဝဝ၊ပေါ်ပြုလာဂျာနယ်
(ခေါင်းစီးကို ရှင်မဟာရဌသာရ၏ ကိုးခန်းပျို့မှ ယူပါသည် )

မာတိကာ


statistics

web tracker