ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Monday, May 17, 2010

သက်ကြီးစကား

သက်ကြီးစကား
(သုမောင်)

သက်ကြီးစကားလို့ ဆိုလိုက်တာနဲ့ 'သက်ကြီးစကား သက်ငယ်ကြား'ဆိုတဲ့ စကားပုံကို ပြေးပြီး ကြားသိကြပါလိမ့်မယ်။ကျွန်တော်ကလည်း လူကြီးသူမတို့ ပြောကြားခဲ့ကြတဲ့ စကားတချို့ကို ပြန်
ပြောမှာပါပဲ။ဒါပေမဲ့ စကားပုံထဲကလို အများအတွက် ကောင်းရာကောင်းကျိုး ညွှန်တဲ့ စကားမျိုး
တော့မဟုတ်ပါဘူး။မကောင်းရာကို ညွှန်တာလည်း မဟုတ်ပြန်ဘူး။စဉ်းစားစရာကောင်းတဲ့ အတွေး
စကားတွေပါတဲ့ စကားတွေပါ။တစ်နည်းအားဖြင့်ကျွန်တော်တို့ အနုပညာသည်တွေ မှတ်သားသင့်
တဲ့ စကားမျိုးတွေ။မှတ်သားသင့်တယ်လို့ပဲ ကျွန်တော်က ဆိုတာနော်။သိမ်းဆည်းထားရမယ်၊ပြန်ပြီး
အသုံးချမယ်လို့ မဆိုလိုပါဘူး။လိုလျှင် သုံးနိုင်သလို အယူအဆမတူကြရင်လည်းကန့်ကွက်နိုင်ပါ
သည်။

ဒီလိုပါပဲ။တစ်ခါက ကျွန်တော်ဟာ အင်းစိန်အကျဉ်းထောင်ကို ထောင်ဝင်စာတွေ့ဖို့ ခဏခဏ
ရောက်ရပါတယ်။ကိုယ့်ကိစ္စနဲ့ကိုယ်မို့ တခြားအပရိကတွေ လမ်းကြုံတောင် မလုပ်နိုင်ပါဘူး။
တစ်နေ့တော့ အင်းစိန်သွားခါးနီမှာ ကျွန်တော့်ဇနီးက သူဝှက်ထားတဲ့ အရက်ပုလင်းတစ်လုံး
ထုတ်ထားပါတယ်။ဒီတုန်းက အရက်ပြတ်နေချိန်မို့ ဇနီးသည်က ရဲရဲတင်းတင်းထုတ်လာတာပါ။
အရက်အမျိုးအစားက'အိုးဘရန်ဒီ'ပါ။ဒီမှာတွင် ကျွန်တော့်မှာဖျတ်ဆိုသတိရသွားပါရဲ့။'ဆရာကြီး
သော်တာဆွေ'ကိုပါပဲ။ဆရာကြီးက 'ဘရန်ဒီ တစ်ပုလင်း'ဆိုတဲ့ ဟာသဝတ္တုလေးနဲ့စပြီးစာရေး
ဆရာဖြစ်တာကိုး။ခုသွားမှာကလည်း အင်းစိန်။ဦးလေးဆွေကအင်းစိန်မှာ နေရှာတာပါ။ဒါနဲ့ အဲ
ဒီပုလင်းလေး အေးဘုံဆီကတောင်းပြီး အင်းစိန်ဘက် ထွက်လာခဲ့ပါတယ်။

အင်းစိန် ထောင်ဝင်စာတွေ့ပြီး ပြန်တော့ ဦးလေးဆွေအိမ် ဝင်ပါတယ်။ကျွန်တော်ရောက်သွားတော့
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဦးလေးဆွေက'အရက်'ချက်နေပါတယ်။မှတ်မိသေးတယ်။လုံချည်က ခါးအောက်ကျွတ်လို့တင်ပါးကြီးပေါ်လို့။ဒါဆို သေချာပါပြီ။ဆရာသော်တာဆွေ ဘိုင်ကျနေပြီ။

ကျွန်တော်က လာရင်းကိစ္စပြောရင်း ဘရန်ဒီတစ်ပုလင်းနဲ့ ထိုင်ကန်တော့တော့ ဝမ်းသာရှာတယ်။
ငါ မသောက်ရတာ ကြာပြီလို့ ပြောတယ်။နင်နဲ့ နှစ်ယောက်ချရအောင်ဆိုလို့ ဖြတ်ထားကြောင်း
ပြောရပါတယ်။'အေးပြန်သောက်ရင် ပြော၊ငါ ကျေးဇူးပြန်ဆပ်မတဲ့ (မကွယ်လွန်ခင် သမီးနဲ့သ
မက်က ခေါ်ပြုစုထားရင်း ပြည်ထောင်စုရိပ်သာတိုက်ခန်းမှာ ပုလင်းမျိုးစုံခြံရံပြီး နေရတဲ့အခါ
ဖုန်းလှမ်းဆက်သေးတယ်၊ကျေးဇူးဆပ်မလို့တဲ့။အဲဒီတုန်းကလည်း ကျွန်တော်က ပြတ်နေတာ
နဲ့ကြုံလို့ မသွားဖြစ်ခဲ့ဘူး။မှတ်မှတ်ရရ ဦးလေးနဲ့ တစ်ခါမှ အရက်အတူ မသောက်ဖူးဘူး။အဖေ့
သူငယ်ချင်းမို့ ရှိန်တာလည်း ပါပါတယ်)။ဒါနဲ့ ကျွန်တော်လည်း လေဖြတ်နေတဲ့ အဒေါ်ဒေါ်မေ
အခန်းတက်ပြီး သတင်းမေးပါတယ်။ဒီမှာ သတိထားမိတာက ဦးလေးဆွေရဲ့ အိမ်မှာ စာအုပ်စင်
မရှိတာပါပဲ။စာအုပ်စင်မှ မဟုတ်။စာအုပ်ပုံတောင် မတွေ့ရပါဘူး။စာရေးစားပွဲလေးနဲ့ ကုလားထိုင်
တစ်လုံး ရေးလက်စစာမူ စာရွက်တွေပဲ တွေ့ပါတယ်။

'ဦးလေး စာအုပ်စင်မရှိဘူးလား'

'ဟ စာအုပ်မှ မရှိတာကွ' (ဘောက်ဆတ်ဆတ်ကြီး )

'ဟာ ဦးလေး ဒါလောက် စာတွေရေးနေတာ မဂ္ဂ္ဂဇင်းစာအုပ်တွေဘယ်သွားထားသလဲ'

'ရောင်းတန်ရောင်း လှူတန်လှူပေါ့ကွ'

'ဗျာ'

'ဖတ်စရာမှ မရှိတာကွ'

သည်စကား ရုတ်တရက် ကြားလိုက်ရတော့ ကျဉ်ခနဲဖြစ်သွားရပါတယ်။စာရေးဆရာမှန်ရင် စာအုပ်စင်တော့ ရှိသင့်တယ် မဟုတ်လား။ခုတော့ ဘုဆတ်ဆတ် ဘောက်ကျကျကြီး (ဦးလေး
ဆွေက ဟာသဝိဇ္ဇာဆိုပေမဲ့ ဘုဆတ်ဆတ်စကားပဲ ပြောပါတယ်။စာပေဟောပြောပွဲတွေမှာလည်း
ပရိသတ်က ရယ်ချင်လို့ စောင့်နေတာ ပွဲသာပြီးသွားရော ၊မရယ်ရလို့ရယ်ရတယ်ဖြစ် ကျန်ရစ်
သေး )။

ဦးလေးအပေါ် စိတ်ခိုးခုလုဖြစ်နေတဲ့ ကျွန်တော်ဟာ ခုနှယ်ခါမှာတော့ သဘောပေါက်နေပါပြီ။
'ဖတ်စရာမှ မရှိဘဲကွ'ဆိုတာ သူ့အတွက်ပြောတယ် ဆိုလိုတာက ဦးလေးဟာ
စာတွေဘယ်လောက်ဖတ်ပြီးခဲ့ပြီဆိုတာ ပေါ်လွင်နေပါတယ်။ဖတ်ပြီးသမျှကိုလည်းခေါင်းထဲအ
သည်းထဲ မှတ်ထားပြီးသား ဖြစ်နေပြီဆိုတာ သေချာနေပါတယ်။တကယ်လို့ ဦးလေးဟာ သူများ
တကာ စာရေးဆရာတွေလို ဧည့်ခန်းစာဖတ်ခန်း သတ်သတ်ရှိရင် စာအုပ်တွေ အလှဆင်ထားမှာ
သေချာပါတယ်။ဦးလေး ဘယ်လောက်စာဖတ်ခဲ့တယ်ဆိုတာ ဦးလေးရဲ့ စာပေတွေကြည့်ရင် သိ
နိုင်ပါတယ်။အင်္ဂလိပ်လို စမ်းမလား၊ပါဠိလည်း ကျွမ်းသလား မပြောပါနဲ့တော့။အထူးသဖြင့် အရက်တွေ ဒီလောက်သောက်ခဲ့တာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေကို နေ့စွဲ
နဲ့တကွ မှတ်မိနေတာဟာ ဦးလေးရဲ့ မှတ်ဥာဏ်၊တစ်နည်းအားဖြင့် စာအုပ်စင်ကြီးပဲမဟုတ်လား
(ဟိုစကားက ဖျတ်ခနဲ စကားအဖြစ်ပြောတာပါ)။

တစ်ခုတော့ရှိတယ်။'ဖတ်စရာမှ မရှိဘဲကွ'ဆိုတဲ့ စာကားကို တော်ရုံ စာရေးဆရာတွေ ပြောခွင့်မရှိ
ဘူး။ဦးလေး စာဖတ်တယ် မဖတ်ဘူးဆိုတာ ကိုယ်တွေ့လေးယှဉ်ပြီး ပြောပါ့မယ်။ဦးလေးဟာ သံ
ယောဇဉ်ကြောင့်လည်း ပါပါလိမ့်မယ်။ဟို ချောင်ကြိုချောင်ကြားက ကျွန်တော့်စာတိုပေစလေးတွေ
ကို ကမ္ဘ့ာစာပေနယ်ရဲ့ အဆုံးအဖြတ်နဲ့ သုံးသပ်ခဲ့တာမနည်းပါဘူး။'ဂျူး'၊ချစ်ဦးညို'တို့လည်း စာ
ရေးစမှာ ဦးလေး သုံးသပ်ခဲ့တာတွေ ရှိပါတယ်။
အံ့သြစရာကောင်းတာလေး ပြောချင်ပါသေးတယ်။ဆရာသော်တာဆွေနဲ့ ဆရာသာဓုဟာ အလွန်
ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။အဖေ့ကို ဆရာဆွေက 'မသာဓု'ခေါ်ပြီး အဖေက ဆရာဆွေကို'တော်
ရာခွေ'တဲ့။အရက်ကိစ္စကလွဲရင် သိပ်ချစ်ကြပါတယ်။ဘောက်ဆတ်ဆတ် ဘုကျကျပြောတတ်တာ၊
အရောင်အသွေးမရှိတဲ့ စာတွေ ရေးတာ၊လူတန်းစားအမြင်ရှိတာ တော်တော်တူကြပါတယ်။ဘယ်
လောက်ထိ သွားပြီးတူသလဲဆိုရင် စောစောကပြောတဲ့ 'ဖတ်စရာမှ မရှိဘဲကွ'ဆိုတဲ့ စကားမှာပါ
သွားတူနေတာပါ။ကျွန်တော်ဟာ အဖေနဲ့ အတူနေတာပါ။အဖေဆုံးတော့ ကျွန်တော့်လက်ပေါ်မှာ
ပါ။အဖေဟာ သူ့စာမူပါတဲ့ (ကျွန်တော့်စာမူပါတဲ့ )မဂ္ဂဇင်းဆိုရင် မဝယ်ပါဘူး။မဖတ်ပါဘူး။လက်
ဆောင်ရရခြင်းလည်း ဟိုလှန်ဒီလှန်နဲ့ စာအုပ်ပုံပေါ် ပစ်တင်လိုက်တာပါပဲ။ဒီလိုပြောလိုက်လို့ စာအုပ်
စာပေမမြတ်နိုးဘူး မပြောပါနဲ့။တစ်အိမ်လုံး ရှုပ်ပွနေမှ နေသာထိုင်သာရှိသလိုနေခဲ့တာပါ။မယုံမ
ရှိပါနဲ့။

စကားပြန်ဆက်ရရင် အဖေလည်း စာအလွန်ဖတ်ခဲ့တာပါပဲ။မျက်စိတစ်ဖက်ကွယ်တော့ မှန်ဘီလူး
နဲ့ ဖတ်ပါတယ်။ကွယ်လွန်ခါနီးဖတ်သွားတာကတော့ အဆုတ်ရောဂါနဲ့ပတ်သက်တဲ့ ဆေးစာအုပ်
တွေပါပဲ။ဟုတ်ပါ့။ဆုံးတော့ 'အဆုတ်ကင်ဆာ'နဲ့ပါ။

နော့ပေမဲ့ အဖေဟာ လူငယ်လက်သစ်စာရေးဆရာတွေကို သိပ်ဂရုစိုက်ပါတယ်။ဥပမာပြောရရင်
ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ မြင့်ဆောင်ဟာ ရှုမဝမဂ္ဂဇင်းမှာ ဝတ္ထုစာမူ ကလောင်သွေးပါ
တယ်။(ချစ်ကိုယ်တွေ့ )ဆိုတဲ့ ကဏ္ဍဆိုတာက လူငယ်လက်သစ်လေးတွေကလောင်သွေးရင်း
(အဲ ရည်းစားစကားပြောတဲ့ )ကဏ္ဍပါ။အဖေဟာမြင့်ဆောင်ရဲ့ စာမူလေးကို ဘယ်တုန်းက ဖတ်
ထားလဲ မသိပါဘူး။တစ်နေ့တော့ အဖေ့ရဲ့ ရှုမဝမဂ္ဂဇင်းကို ကောက်လှန်ရာမှာ မြင့်ဆောင်ရဲ့ စာ
မူထဲက 'မိုနာလီဇာ'နဲ့ သူ့ချစ်သူကို နှိပ်တဲ့ စာသား ပါပါတယ်။အဲဒီမှာ ပန်းချီဆရာ'လီယိုနာဒို
ဒါဗင်ချီ 'ဆိုပြီး ပါပါတယ်။ဒီနေရာမှာ အဖေဟာ 'ချီ'ဆိုတဲ့စာလုံးအောက်မှာ မင်နီသားပြီး'စီ'လို့
ပြင်ပေးထားတာ တွေ့ရပါတယ်။ဒါဟာ သူစာဖတ်ရုံမက စာတစ်လုံးကိုတောင် ဂရုစိုက်တယ်ဆို
တာ ပေါ်လွင်နေတာပါပဲ။အဖေဟာ လူငယ်လက်တက်တွေကို ဘယ်လောက်ဂရုစိုက်သလဲဆိုရင်
'ဆရာအောင်လင်း'၊'ကေသီပန် ဦးခင်ဇော်'စတဲ့ စာရေးဆရာတွေကို တက္ကသိုလ်တက်ရင်း စာရေး
ဖို့ လက်ဖက်ရည်ဖိုး စသည်ဖြင့် ပေးပြီးပညာသင်စေပါတယ်။အဖေက တက္ကသိုလ်မှ မတက်ခဲ့
ရဘဲကိုး။အဖေဟာလူငယ်တွေကို သိပ်အားကိုးတယ်။သိပ်ဖြစ်စေချင်တာပါ။'ဂီတစာဆို ကိုစောညိန်း ဆိုတာ တစ်ချိန်က ဟိုးလေးတကျော်ကျော်ပေါ့.သူငယ်ငယ်က အဖေ့ရဲ့ ပဒေသာ
မဂ္ဂဇင်းမှာ ကလောင်သွေးပါတယ်။ကလောင်ပေါက်စဆိုတော့ အောင်ခြေသိမ်း အကုန်လုပ်ရတာ
ပေါ့။သူက အားရင် တယောလေးထိုးထိုးနေတတ်လို့ အဖေက အားပေးတယ်။တယောထိုး၊အလွန်
ကောင်းတာကိုး။တစ်နေ့တော့ ဆရာကိုစောညိန်းက အဖေ့ကို သူ ဂီတတီးဝိုင်းလေးတစ်ခု ထူ
ထောင်မယ့်အကြောင်း ပြောပါတယ်။ဒီတော့ အဖေက သူဖွဲ့မယ့်အဖွဲ့နာမည်ကိုမေးပါတယ်။ဆရာ
ကိုစောညိန်းက 'ဂီတနက်သန်'လို့လည်းပြောလိုက်ရော (အဖေ ပြန်ပြောတဲ့အတိုင်း ပြောပါ့မယ်)
'သူ့ကို အဖေသိပ်အထင်ကြီးသွားတယ် သားရယ်။ဘူမိနက်သန်ကို 'ဂီတနက်သန်'လို့ နာမည်
ယူလိုက်တာလေးကိုက မောင်စောညိန်းမှာ စာပေဂီတ အနုပညာအား ဘယ်လောက်ကောင်းတယ်
ဆိုတာ ချက်ချင်း ဖေဖေ ဆုံးဖြတ်လိုက်တယ်။အဲ အဲဒီနေ့ကစပြီးဖေဖေတို့၊တင့်တယ်သို့၊သော်တာ
ဆွေတို့ဟာ မောင်စောညိန်းကို ဗာဟီရကိစ္စတွေ လုံးဝမလုပ်ခိုင်းတော့ဘဲ စာရေး၊ဂီတဖန်းဆင်း
ဆိုပြီး နေရာပေးခဲ့တော့တာပါပဲ'

ဒီလို ကျွန်တော်က ပြန်ရေးပြလို့ ဆရာညိန်းရဲ့ပရိသတ်က ခွင့်လွတ်စေချင်ပါတယ်။ကျွန်တော်
လည်း ဆရာ့ပရိသတ်ပါ။ဆိုလိုတာက တစ်ခေတ်တစ်ခါကဆိုရင် ကလောင်သက် နုသူတွေဟာ
ကလောင်သက် ရင့်သူကြီးတွေအပါးမှာ လိုလေသေးမရှိ ပြုစုခဲ့ကြတာကို ညွှန်းတာပါ။

နောက်တစ်ယောက်ရှိပါသေးတယ်။ဆရာ 'ဗဂျီအောင်စိုး 'ပါ။ကျွန်တော် စက်မူလက်မူကျောင်း
တက်တော့ ဦးလေးအောင်စိုးဆီမှာကောက်ကြောင်းဆွဲပန်းချီ လေ့လာပါတယ်။ဦးလေးက
'ကိုဗလကြီးကပန်းချီထက် ဒီဇိုင်းကို ပိုလိုက်စားသင့်တယ်။ကျောင်းက သင်လာတာလည်း စက်
မူပုံဆွဲ ဟုတ်လား'ဆိုပြီး မျဉ်းကြောင်းတွေ၊ဝလုံးတွေ၊အစက်တွေနဲ့ ပတ်သက်တဲ့ ပန်းချီသဘော
တွေ သင်ပေးခဲ့ပါတယ်။စိတ်ပါလက်ပါကိုသင်တာပါ။အဲ ဒါပေမဲ့ ထူးခြားတာက တခြားပန်းချီ
ဆရာကြီးတွေနဲ့စကားဝိုင်းဖွဲ့ကြရင်တော့ (ကန်တော့ပါရဲ့ )'အနုပညာတွေ လာမပြောကြနဲ့ဗျာ'ဆို
ပြီး စကားကို ခါထုတ်ပစ်တတ်တာပါပဲ။နော့မဟုတ်ရင်လည်း မကြားချင်ဟန်ဆောင်နေပါတော့
တယ်။ဥပမာ 'တော်ဖလီ'ဆိုတဲ့ ပညာရပ်စကားပါလာရင် 'ဘာ ကော်ဖီ၊ဟုတ်လား'၊ရေနွား'ဆိုရင်
'ရေခဲမုန့်'စသဖြင့် သူစားချင်းတဲ့ အစားအစာတွေကိုပဲ ကြားနေတတ်တော့တာပါ။မကြားချင်ဟန်
ဆောင်တာပါ။သူဟာ ပန်းချီအကြောင်းကို 'ရိုးရာ'ကနေ'ခေတ်ပေါ်'အထိ လုံးစေ့ပတ်စေ့ သိနေသူ
မဟုတ်လား။ဒီတော့လည်းကြာတော့ ပန်းချီဆိုတာကို မကြားချင်တော့ဘူးပေါ့။ပြောရရင် 'ဆရာ
သော်တာဆွေ'တို့ 'ဆရာသာဓု'တို့လိုပါပဲ။အင်း သူလည်းအဖေတို့နဲ့ သူငယ်ချင်းတွေပဲဟာကိုလေ။

အမှတ်၁၇၊သြဂုတ်၁၊၂ဝဝ၈၊တော်ဝင်ပန်းဂျာနယ်

ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ

မာတိကာ


statistics

web tracker