ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, May 30, 2010

လွမ်းတော်မူလို့ စာကိုလွဲတယ်

(2009 December ရွှေအမြုတေ မဂ္ဂဇင်းမှ)
လွမ်းတော်မူလို့ စာကိုလွဲတယ်
မောင်ဝဏ္ဏ   

၁။
တခြား ဆရာ တွေတော့ ကြိုက်မှန်း မသိ မကြိုက်မှန်း မသိလို့ ဒါမျိုးတွေ မရေးပါဘူး။ ခုဟာက ဆရာ မောင်မိုး သူ(ဘကြီးမိုး)မို့ ရေးလိုက်ပါတယ်။ ဒီ စာမရေးခင် အစ်ကိုမိုးသူဆီ ဖုန်းဆက်ပါသေးတယ်။ “လွမ်းတော်မူဖို့ စာကိုစီတယ်” ဆိုတဲ့ စာအုပ်ထဲမှာ တော်တော်လွဲ တဲ့ အလွဲကြီး တွေ့လိုက်ရလို့ပါ။ ဆရာနီ ကိုရဲတို့ လွဲတယ်ဆိုတာ ဘာဟုတ်သေးလဲ။ အစ်ကို မိုးသူလွဲတာမှ “ဟတ်ကိုထိ” သွားတာပဲ။
အစ်ကိုမိုးသူကို ကျွန်တော်က ဒီလို ပြောပါတယ်။

“အစ်ကို... လွမ်းတော်မူဖို့ စာကို စီတယ်မှာ အစ်ကိုတွံ(တွံတေးသိန်းတန်) အကြောင်းရေးတဲ့ ဆောင်းပါးထဲ ဆရာအေး(ဆရာကြီးရွှေပြည်အေး)နဲ့ ပတ်သက်လို့ ရေးတာ မှားနေတယ်ဗျ၊ စာမျက်နှာ ၂၆ နားပန်းဆံ သီချင်းဗျာ”
“ဟုတ်လား... ငါ အမှတ်မှားတာ ဖြစ်လိမ့်မယ်၊ ဘယ်လို လွဲတာလဲ”

“နားပန်းဆံ သီချင်းစာသားထဲမှာ “ရွှေကိုယ်တော် ချောချောလှ တောတောက ကျုပ်တို့ကို” ဆိုတာ မပါဘူးဗျ။ အဲဒီသီချင်းက နပန်းဆံ မဟုတ်ဘူး။ ငုပ်မိသဲတိုင်ကားထဲမှာ အစ်မ မအေးမြင့် ဆိုထားတာ။ မင်းသမီးက သင်းသင်းလဲ့ဗျ ပလေးဘက်ဆိုတာ။ အဲဒါ အစ်ကိုပဲ ဆောင်းပါးရေးပြီး ပြင်လိုက်ပါဗျာ” လို့ ပြောတယ်။ အစ်ကိုမိုးသူက...
“မင်းပဲ ရေးလိုက်ကွာ၊ ငါ မှတ်ဥာဏ်တွေ မကောင်းတော့ဘူး ဆိုတာပါ ထည့်ရေး” တဲ့။ ဒါကြောင့် ရေးပါတယ်။

၂။
နားပန်းဆံ သီချင်းကို ဆရာ ရွှေပြည်အေး ရေးပါတယ်။ အဆိုတော်က (ထပ်ဆင့်၊ ထပ်ဆင့်)အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်ပါ။ စာသားအစက...
“ဒို့များ___ မွေးသော ဌာနကျေး တောရွာက သာလှတို့များ___” နဲ့ စပါတယ်။ ကျွန်တော်တို့လို ဘူဒါးတော် တော်များများ အလွတ်ရတဲ့ သီချင်းပါ။
ခုနပြောတဲ့ “ရွှေကိုယ်တော် ချောချောလှ”ဆိုတာလည်း မူရင်း စာသားနဲ့ လွဲနေပါတယ်။ မူရင်းက “ကိုလူပျို ချောချောလှ”ပါ။ ရုပ်ရှင် သီချင်းပါပဲ။ ဒါရိုက်တာ ဆရာကြီး ဦးချစ်ခင် ရိုက်ခဲ့တဲ့ ငုပ်မိသဲတိုင် ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ မအေးမြင့်က ဆိုပြီး မင်းသမီး(ဒေါ်)သင်းသင်းလဲ့က ပလေးဘက် ဆိုပြပါတယ်။“အဆိုတော် ဆိုပြီးသား သီချင်းကို မင်းသမီးက ပါးစပ်ပေါက် ကိုက်အောင် လိုက်လှုပ်ပြီး ဆိုပြရတာပါပဲ။ (သိကြပြီးသားပါ။)”

(၀တ္ထုဇာတ်လမ်းက ဆရာကြီးသခင်မြသန်းလို့ ထင်ပါတယ်။ မသေချာပါ။)
ဆရာ မောင်မိုးသူ ရေးသလို ဆရာ ရွှေပြည်အေးရဲ့သီချင်းတွေက သံစဉ်တွေ တစ်ဆင့်ပြီး တစ်ဆင့် ထပ်ရင်း တက်တက်ဆိုရတဲ့ သီချင်းပါပဲ။ အဲဒီ ငုပ်မိသဲတိုင် ရုပ်ရှင်နဲ့ သီချင်းကို ကျွန်တော် ကြိုက်လွန်းလို့ (အဲဒီ သီချင်းမျိုး အစ်ကိုစန္ဒရားလှထွတ် လည်း ရေးလေ့ရှိပါတယ်။ “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း”ပေါ့။) ရုပ်ရှင် လေး ငါးခါပြန်ကြည့်ပြီး လိုက်ဆိုထားလို့ အလွတ်ရ နေပါတယ်။ ဆိုရင်း အသက် ရှူဖို့တောင် တော်တော်ကြီး ခက်ပါတယ်။ ခု ပြန်ဆိုကြည့်တာ မောပြီး ဆို ရင်းနား၊ အသက်ဝအောင် မနည်းကြီး ရှူရပါတယ်။ အဲဒီသီချင်းထဲမှာ ဆက် တိုက်ကြီး မနားတမ်းဆိုရတဲ့ အပိုဒ်က...

“သွားအတူတူ လာအတူတူ စား အတူတူ နေအတူတူ အိပ်အတူတူ ထိုင် အတူတူ မခွဲတူ နှစ်ကိုယ် အမြဲမြှူချိုချို အသည်းယူတော့ဆို”
ဆိုတဲ့ အပိုဒ်ပါပဲ။ သီချင်းသံစဉ် မပါဘဲ ဆက်တိုက် ရွတ်ဆိုကြည့်ရင်တောင် တော်တော်မောပါတယ်။ “ရွှံ့ပေါ်ရှဥ့်ပြေး ရှဥ့်မွေး ရွှံ့မလူး”ဆိုတာမျိုး ပါ။ (ရက်ပ်တွေ မပေါ်ခင် ဟို ရှေးပဝေ သဏီကပါ ခင်ဗျာ။)

ကျွန်တော် ရေးနေတာက အစ်ကိုမိုးသူ မှားကြောင်း မဟုတ်ပါဘူး။ အမှတ် မှားသွားတတ်ပါတယ်။ ကျွန်တော်လည်း တစ်ခါတလေ မှားပါတယ်။ “မှားတဲ့ အခါလည်း မှားပေမပေါ့”ဆိုတဲ့ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ရဲ့ ရှံစား၊ ဒိန်းဒေါင် စကားမျိုးပါ။

၃။
ကံကောင်း ထောက်မစွာလို့ပဲ ပြောပါရစေ။ အစ်ကို မိုးသူဆီ ဖုန်းဆက်ပြီး မကြာခင် (၁.၉.၂၀၀၉)နေ့မှာ (တာဝတိံသာက ဆရာအေးက ဆေးကြိမ်လုံးနဲ့ တို့လိုက်လို့ ထင်ပါရဲ့) ဂီတဆရာ ကိုမြင့်အောင်(K.B) ကျွန်တော့်အိမ် ရောက်လာပါတယ်။ သူကလည်း အဲဒီ သီချင်းကို ကြိုက်ပါတယ်။

ဒါနဲ့ ကီးဘုတ်မှာ နှစ်ယောက်သား ထိုင်ပြီး သီချင်းပြန်ဆို အသံပြန်ရှာကြ ပါတယ်။ တီးရ ဆိုရ တော်တော်ခက်တဲ့ သီချင်းပါပဲဗျာ။ နေ့လယ် တစ်နာရီ လောက်ကစပြီး အဲဒီသီချင်း “နုတ်စ်”ကို ပြန်ရေးကြတာ ညနေ လေးနာရီခွဲ ငါးနာရီလောက်ထိ ကြာပါတယ်။ ဒါတောင် အသံ သစ်ရှာတာ မဟုတ်ပါဘူး။ ပြန်ဆိုလိုက်၊ တီးကြည့်လိုက်၊ မှားလိုက်၊ ပြင်လိုက်လုပ် နေတာပါ။ (ကျွန်တော် ကီးဘုတ် မတီးတတ်ပါဘူး၊ ကိုမြင့်အောင်က တီးတာပါ။)

ကျွန်တော်တို့ ပြန်ရှာထားတဲ့ သံစဉ်နဲ့ စာသားကို “ရှားပါး”မို့ ဖော်ပြပါရစေ။ အတိအကျ မှန်တယ်လို့ မယူဆပါနဲ့ ခင်ဗျာ။ အဲဒီသီချင်းကို မြန်မာ့အသံ ဓာတ်ပြား တိုက်မှာ ပြန်ရှာပြီးပြန်ဖွင့်၊ စာသားနဲ့သံစဉ်ကို ကျွမ်းကျင်သူပညာရှင်က ပြန်ရေးမှ အနီးစပ်ဆုံး မှန်ပါလိမ့်မယ်။ (ဘူဒါးတွေ ကြိုက်လိမ့်မယ် ထင်ပါတယ်) အခုတင်ပြတဲ့ ကိုလူပျိုချော သံစဉ်နဲ့ စာသားကို ပြန်ဆိုတေး ဆရာများ ယူသုံးလို့ အမှားအယွင်းတွေ ဖြစ်ကုန်ရင် ကျွန်တော် တာဝန် မယူပါ။ (ပြန်ဆိုချင်သပဆိုရင် မြန်မာ့အသံမှာ ပြန်ရှာစေချင်ပါတယ်။)

အယ်ဒီတာနှင့် စာစီဆရာခင်ဗျာ...
စာသားနဲ့ သံစဉ်ကို တိတိကျကျ ဖြစ်အောင် စီပေးဖို့ တောင်းပန်ပါတယ်။ လွဲပြီးရင်း လွဲရင်းဖြစ်မှာ စိုးလို့ပါ။ စာစီရခက်ရင် လက်ရေးလှလှနဲ့ ကူး၊ ဖလင်ဆွဲပြီး ပုံနှိပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ လက်ရေးမူကိုယ်၌က လွဲရင် ကျွန်တော့် အပြစ်ပါ။
နည်းနည်းတော့ ပင်ပန်းမှာပေါ့လေ။ ဒါပေတဲ့ စာဖတ်သူကို လေးစားတဲ့ အနေနဲ့ ကူညီစေချင်ပါတယ်။
လေးစားတဲ့
မောင်ဝဏ္ဏ

(အဲသလို အသံထပ် ထပ်ဆင့်ရင်း သံစဉ်တက် တက်သွားတဲ့ ဆရာကြီး ရွှေပြည်အေးရဲ့သီချင်းတွေ ရှိပါသေးတယ်။ အခြေအနေ ပေးရင် ရေးပါဦးမယ်။ ဥပမာ “မြစ်ကြီးဧရာဝတီ”ပေါ့။)

ကိုလူပျိုချော
ဆရာရွှေပြည်အေးရေးသည်
(စာသား)
(ကိုလူပျို ချောချောလှ တောတောက ကျုပ်တို့ကို___ ညှို့နေသလား___ တို့တစ်တွေများ___ လူမြင်မြင်ချင်းချင်းပဲ အတွင်းအသည်းက လှိုက်လှိုက်ဖို___ ကြိုက်သလိုတအား ___ ငိုက်ကိုသွား ___ မောင်ခေါ်ရာ စိုက်စိုက်နဲ့လိုက်ခဲ့မယ့် တောကပျို ___ အထုပ်ကလေးပိုက်လို့ ဘယ်ဆီကို စိုက်လိုက်မယ်အစ်ကို ___ လို့ ___ )၂

တော့် ကိုလူပျို ___ မြို့သားကြီးကို တို့လိုများ တစ်ဖက်သတ်နဲ့ ချစ်မှာလား တစ်သက်အပ်မယ့် မေတ္တာထား သွားအတူတူ လာအတူတူ စားအတူတူ နေအတူတူ အိပ်အတူတူ ထိုင်အတူတူ မခွဲတူနှစ်ကိုယ် အမြဲမြှူချိုချို အသည်း ယူတော့ဆို
(သဘောရိုး ___ မနောရိုး ___ တောသူဓလေ့တစ်မျိုး)၂

(မြို့သူလိုလည်း မချွဲဘူး အစ်ကို ___ ဟင့် ___ ဟင့် ___ ချစ်လာရင်ရှင်း ___ ဘွင်းဘွင်းဆို ရှင့် ___ ရှင့် စိတ်မှာမျိုသိပ် ကြိတ်စရာမလို ___ အို ___ နည်းနည်းဖြစ်ဖြစ် ချစ်ချစ်ချစ်ပါအစ်ကို)၂
(မြို့သားရာ ___ ပျို့အနားလာတော့ ___ မြေကန်သင်းမှာ ___ ခြေဆင်း ကာချော့ ___)၂ နုံးသူမှာ ဖုံး ဖုံးကာ ဖိ ဖိလို့ မျို ___ ဘာဂလိုတို အုံ့ပုံးပူမို့ ___ကိုလူပျို ချောချောလှ တောတောက ကျုပ်တို့ကို___ ညှို့နေသလား ___ တို့တစ်တွေများ ___ လူမြင်မြင်ချင်းချင်းပဲ အတွင်းအသည်းက လှိုက်လှိုက်ဖို___ ကြိုက်သလိုတအား ___ ငိုက်ကိုသွား ___ မောင်ခေါ်ရာ စိုက်စိုက်နဲ့လိုက်ခဲ့မယ့် တောကပျို ___ အထုပ်ကလေးပိုက်လို့ ဘယ်ဆီကို စိုက်လိုက်မယ်အစ်ကို ___ လို့ ___



မောင်ဝဏ္ဏ
(2009 December ရွှေအမြုတေ မဂ္ဂဇင်းမှ)

မာတိကာ


statistics

web tracker