ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, May 30, 2010

မိန်းကလေးလက်ရေးသီရင်

မိန်းကလေးလက်ရေးသီရင်


မောင်ဝဏ္ဏ   

၁။
နာဂစ်မုန်တိုင်း တိုက်တုန်း ခေါင်မိုးတွေ လန်ပြန်ပြီး မိုးယိုလို့ စာအုပ်စာတမ်း စာရွက်တွေကို တော်သလို ကြည့်ပြီး နေရာရွှေ့သိမ်းခဲ့ရပါတယ်။

ဒီနေ့တော့ အဲဒီ စာအုပ်ပုံ အရှုပ်အပွတွေကို ရှင်းနေမိပါသည်။ အလုပ်က မည်မည်ရရ မရှိလို့ပါ။ (အလုပ်လုပ်ရမှာ ပျင်းတာလည်း ပါတာပေါ့လေ) ရေစိုကုန်မှာ စိုးလို့ ပလတ်စတစ် အိတ်နဲ့ စုထည့်ထားတဲ့ စာရွက်စာတမ်း တချို့ကိုလည်း တွေ့ပါတယ်။ အိတ်ကို ဖွင့်ပြီးကြည့်တယ်။ စာရွက်ထပ်တွေ ကြားထဲက ပို့စကတ်တစ်ခု ထွက်လာတယ်။
အရောင်က ခပ်မှိန်မှိန် ဖြစ်နေပါပြီ။ တစ်ဖက်မှာ ခရစ်စမတ်နှစ်ကူး ထင်းရူးပင်ပုံနဲ့။ နောက်တစ်ဖက်ကို လှန်ကြည့်တယ်။ “ပန်းပိတောက်ရွှေဝါ အဖူးအပွင့်တွေနဲ့ အထူးတင့်ပါဘိ၊ တန်ခူးချိန်ခါဝယ်” လို့ ရေးထားတယ်။(အဲဒီ ပို့စကတ် ရောက်လာတုန်းက ခရစ်စမတ် သစ်ပင်နဲ့ ဆရာကြီး ရန်နိုင်ဆွေ ရေးတဲ့ ငယ်ကျွမ်းဆွေ သီချင်းထဲက ပန်းပိတောက်နဲ့ ဘာဆိုင်လို့လဲ ဆိုပြီး တော်ရာ ချောင်ထိုးထားခဲ့တာပါ။) ခုတော့ အဲဒီ ပို့စကတ်ကို ပြန်ကြည့်နေမိတယ်။

လက်ရေးက ခပ်ဝိုင်းဝိုင်းပဲ။ သိပ်လှတဲ့ လက်ရေး မဟုတ်ပေမယ့် အပင့်အရစ်တွေက ကနုတ်ဆန်တယ်။ စာကြောင်းအောက်မှာ လက်မှတ်တို ထိုးထားတယ်။ မင် ရောင်က ခပ်မှိန်မှိန်ဖြစ်နေပြီ ဆိုတော့ ဘယ်သူ့လက်မှတ် ပါလိမ့်လို့စဉ်းစားနေမိတယ်။ လက်မှတ်တိုကလည်း တစ်လုံးတည်း။ တ၀မ်းပူလား၊ သလား၊ ကကြီးလား မကွဲပြားဘူး။ အသတ် တစ်ခုပါတယ်။ ငသတ်လား၊ စသတ်လား၊ နသတ်လား မသေချာဘူး။ လက်ရေးကို မှတ်မိသလို ရှိပေတဲ့ ဘယ်သူဘယ် ၀ါရယ်လို့ တိတိကျကျ မသိဘူး။ လက်မှတ်တိုကိုလည်း မှတ်မိသလိုပါပဲ။ ဒါပေတဲ့ ဘယ်သူမှန်းမှ မသိတာ။ နေ့စွဲ ကိုကြည့်တယ်။

၁၂၊ ဧပြီ၊ ၂၀၀၇ တဲ့။ ခရစ်စမတ် နှစ်ကူးကို မရည်ရွယ်ဘဲ မြန်မာနှစ်ကူး သင်္ကြန်ကို ရည်ရွယ်ပြီး အမှတ်တရ ပို့တာ ဖြစ်ပါလိမ့်မယ်။
တံဆိပ်ခေါင်းကို ကြည့်တော့ “ဒွိုက်ရှ်လင်း”တဲ့။ ဂျာမနီ တံဆိပ်ခေါင်း။ ဂျာမနီ က ဘယ်သူများပါလိမ့်။ ကျွန်တော့် လိပ်စာကို အင်္ဂလိပ်လို ရေးထားတယ်။ ပေးပို့သူလိပ်စာ ရှာကြည့်တယ်၊ မတွေ့ဘူး။ ဘယ်သူဘယ်ဝါ ဘယ်ကမှန်း မသိဘဲ ပို့လိုက်တဲ့ ပို့စကတ်။ ခက်တာက လက်ရေးကို တရင်းတနှီး မှတ်မိနေတယ်။ လက်မှတ်တိုကိုလည်း မှတ်မိသလိုပဲ။ ဒါပေတဲ့ ဘယ်သူမှန်း မသိဘူး။ မှတ်ဥာဏ်တွေ ခေါင်းပါး ကုန်ပြီ ထင်ပါရဲ့။ မှတ်ဉာဏ် ကို ဦးနှောက်ရဲ့ အစိတ် အပိုင်း တစ်ခုဆီ သဘာဝ အလျောက် ပို့ပြီး သိမ်းထားသတဲ့။ အကြောင်းတိုက် ဆိုင်မှ ပြန်ပေါ်သတဲ့။ ဒါက သုတေသန ပညာရှင်တွေ ပြောတာ။ ကျွန်တော့်မှာကတော့ မှတ်မိချင်တာ စွတ်မှတ်မိပြီး၊ တချို့ကျတော့ ဘာတစ်ခုမှ ရေရေရာရာ မမှတ်မိတော့ ဘူး။

ပို့စကတ်ကို ပြန်ကြည့်တယ်။ လက်ရေးကို သေသေချာချာ ဖတ်တယ်။ လက်မှတ်တိုကို သေသေချာချာ ကြည့်တယ်။ ဘယ်သူလဲ၊ ဘယ်တုန်းက သိခဲ့တာလဲ။ ရင်းနှီး တာတော့ အသေအချာပဲ။ ရင်းနှီးတာထက်တောင် ပိုဦး မလားပဲ။ မိန်းကလေး လက် ရေးလား။ ဖြစ်နိုင်တယ်။ ဒါဖြင့် ဘယ်သူပါလိမ့်။

ဦးနှောက်နည်းနည်း ခြောက်လာတယ်။ ငါ့နှယ် ဒီအသက် အရွယ် ခေါင်းဖြူ စွယ်ကျိုးကျမှ ပဟေဠိ နန်းတော်တို့၊ ဖြေလိုက်ပါတို့ ဖြေကြည့် နေရသလိုကြီးပါလား။ တော် ဟ။ ကြီးကောင်ကြီးမားနဲ့ ကိုယ့်ဘာသာ ပဟေဠိ ရှာပြီး ကိုယ့်ဘာသာ ဖြေနေတာ မဟုတ်သေးပါဘူး။ ပို့စကတ်ကို စာအုပ် တစ်အုပ်ကြားထဲ ညှပ်ထား လိုက်တယ်။

အဲဒီ ပလတ်စတစ်အိတ် ထဲက စာအုပ်ဟောင်း တစ်အုပ် ပြန်တွေ့ရလို့ ၀မ်းသာ သွားတယ်။ ပို့စကတ် ကိစ္စ မေ့သွားတယ်။
စာအုပ်ဟောင်းက တော်တော်ကြာပြီ။ ဘယ်တုန်းက ၀ယ်ထားမိမှန်း မသိဘူး။ လက်ဆောင် ရတာလား။ စာအုပ်ကတော့ တစ် ချိန်က ကျော်ကြားခဲ့တဲ့ အင်္ဂလိပ် အချစ်ဝတ္ထု။ သူ့ခေတ်နဲ့တော့ သူတွင်ကျယ်ခဲ့တာပေါ့။ ၀တ္ထု စာအုပ်ကို ဟိုလှန် ဒီလှော ဖတ်နေမိတယ်။ အဲဒီ ၀တ္ထုကို မှီးပြီး လုံးချင်း တစ်အုပ်တောင် ရေးဖူးသေးတယ်။ ၀တ္ထုစာအုပ်ကို သာမန်ကာ လျှံကာပဲ ဖတ်ပြီး စာအုပ်ပုံ ပေါ်တင်လိုက်တယ်။ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတဲ့ စာမူဟောင်းတွေ တွေ့ရလို့ သိမ်းလိုက်တယ်။

အဲ ဦးနှောက်ထဲမှာတော့ ပို့စကတ် ကိစ္စက ဖျတ်ခနဲ ဖျတ်ခနဲ ရောက်ရောက်လာတယ်။ အရေးထဲ ဘယ်သူ ကများ ပဟေဠိ မေးပြီး အဖြေ ညှိခိုင်းနေပါလိမ့်။ ပို့စကတ်ထဲမှာ နာမည်လေး ဖြစ်ဖြစ် ရေးထည့်လိုက် ပါတော့လား။ လိပ်စာ မရေးချင် နေပေါ့။ မဟုတ်သေးပါဘူး။ အင်းလေ ကျွန်တော် ကိုယ်တိုင်ကလည်း မဟုတ်သေး ပါဘူး။ ညှိုးရော် ဟောင်းနွမ်း နေပြီဖြစ်တဲ့ ပို့စကတ်လေး တစ်ခုနဲ့ ဘာကြောင့်များ စိတ်အလုပ် များချင်ရပါလိမ့်။ စာမူဟောင်းတွေ သိမ်းပြီးတော့ စာရေးမယ် စိတ်ကူး ပြီးကုလားထိုင်မှာ ထိုင်တယ်။ စာကြောင်း တစ်ကြောင်း ဖြစ်အောင် ဘယ်လို စရေးရမှန်း မသိဘူး။ ဘာစာတစ်လုံးမှ ခေါင်းထဲက ထွက်မလာဘူး။ ရူးကြောင်ကြောင် ပို့စကတ် ကိစ္စကပဲ ခေါင်းထဲ လာလာ ဆောင့်နေတယ်။
ဒုက္ခပါပဲ။

“စာရေးလို့မရရင် မရေး နဲ့ပေါ့” လို့ ဆရာသမား တစ်ယောက်က ဆုံးမဖူးတယ်။ ဒါနဲ့ စာရေးဖို့ မကြိုးစားဘဲ စာဖတ်ဖို့ စဉ်းစားတယ်။ စာအုပ်ပုံကို လိုက်ဖွတယ်။ ကျွန်တော့်မှာ စာအုပ်စင် ကောင်းကောင်း မရှိဘူး။ စာအုပ်ပုံတွေပဲ ရှိတယ်။ (ပိဋကတ် မြန်မာပြန်လို စာအုပ်တွေလောက်ပဲ စာအုပ်စင်ဟောင်း တစ်ခုမှာ တင်ထား ပါတယ်။ အဲဒီ ဘုရားစာ တရားစာတွေလည်း မဖတ်ဖြစ်တာ ကြာပါပြီ။ စာအုပ်စင် ဖုန်တက်လို့ မိန်းမက ကြက်မွေးနဲ့ ခါရတာ ခဏခဏ။ နောက် စိတ်မရှည်နိုင်ဘူး ထင်ပါရဲ့။ ပလတ်စတစ် အထူစ တစ်စ ၀ယ်ပြီး တရား စာအုပ်တွေကို ဖုံးထားလိုက် တယ်။) စာအုပ်ပုံတွေထဲ ဖတ်ချင်တဲ့ စာအုပ် တွေ့မလား လိုက်ရှာကြည့်တော့ မတွေ့ဘူး။ ဖြစ်ချင်တော့ ခုန ပို့စကတ်လေး ထည့်ညှပ်ထား တဲ့စာအုပ်ကိုပဲ ပြန်ကိုင်မိ တယ်။ စာအုပ်ကြားမှာ ပို့ စကတ်ကလေးက ပြူတစ်ပြူတစ်။ ဘယ်သူ ပို့လိုက်တဲ့ ပို့ စကတ်ပါလိမ့်။

ဟာ မဟုတ်သေးပါဘူး။ ရုပ်မြင်သံကြား ပဟေဠိခန်းမှာ သွားဖြေလို့ မှန်ရင် တချို့ သောင်းနဲ့ သိန်းနဲ့ချီပြီး ပိုက်ဆံရသတဲ့။ အဲဒါကမှ ဟုတ်တုတ်တုတ် ရှိဦးမယ်။ ဒီပို့စကတ် ပဟေဠိကို စဉ်း စားနေရတာ ပိုက်ဆံလည်း ခြူးတစ်ပြားမှ မရ။ စိတ် အနှောင့်အယှက် ဖြစ်တာပဲ အဖတ်တင်တယ်။ ပို့စကတ်လေး ညှပ်ထားတဲ့ စာအုပ်ကို စာအုပ်ပုံ အောက်ဘက် ထိုးထည့်လိုက်တယ်။ စာဖတ်ချင်စိတ်လည်း ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ မထူးဘူးဆိုပြီး လက်ဖက်ရည်ဆိုင်ဘက် ထွက်ခဲ့မယ်။ လက်ဖက်ရည်ဆိုင်မှာ စကားပြောဖော် ရှိနေမလား မှတ်တယ်။ စကားပြောဘက် တစ်ယောက်မှ မတွေ့ရဘူး။ ဆိုင်မှာ နေကုန်ထိုင်ပြီး ဂဏန်း တွက်နေတဲ့ ငနဲပဲ တွေ့ရတယ်။

သူ့ရှေ့မှာ တောင်ခြစ် မြောက်ခြစ် ဂဏန်းတွေ ပုံနှိပ် ထားတဲ့ ပို့စကတ် အရွယ် စက္ကူ ကတ်ပြား ချထားတယ်။ မျက်စိ အမြန် လွှဲလိုက်ရ တယ်။ လက်ဖက်ရည် တစ်ခွက်ကို ငေါင်တောင်တောင်နဲ့ ထိုင်သောက် နေလိုက်တယ်။ လူငယ်တစ်ယောက် လက်ဖက်ရည် ဆိုင်ထဲဝင်လာတယ်။ ကျွန်တော့်ကို နှုတ်ဆက်ပြီး “ဘဘ ဒီလ ထွက်တဲ့စာအုပ် ဖတ်ကောင်းသားပဲ” လို့ ပြောတယ်။

ကျွန်တော် ပျော်သွားပြီး “အေးကွ၊ အဲဒီ စာအုပ်ထဲက ဘယ်အခန်းကြိုက်လဲ”

“စာရေးဆရာကြီး ဦးအောင်လင်း အကြောင်း ရေးထားတာ ကြိုက်တယ်”

ကျွန်တော်က “အဲဒါ” နဲ့ စပြီး ဆရာဦးအောင် လင်းအကြောင်းတွေ လျှောက်ပြောနေလိုက်တယ်။ (ပို့စကတ်ကို မေ့အောင် လုပ်နေရတာပါ။) လူငယ်က အားနာ ပါးနာ နားထောင် နေပုံရတယ်။ နည်းနည်း လေရှည်သွားတော့ သူ့ သားရေလွယ် အိတ်ပြားကို တပြင်ပြင်လုပ် ပြတယ်။ သွားစရာ ရှိတယ်လို့ အရိပ်အယောင် ပြတာ ပေါ့ဗျာ။ ဒါနဲ့ စကားစကို အလိုက်တသိ သတ်လိုက်ရတယ်။ လူငယ် ခပ်သုတ်သုတ် ထွက်သွားတယ်။

တစ်ယောက်တည်း အူကြောင်ကြောင် ထိုင်နေသေးတယ်။ လက်ဖက်ရည်ဆိုင် နံရံမှာ ကြော်ငြာတစ်ခု ချိတ်ထားတယ်။
ပုံနှိပ်တိုက် တစ်တိုက်က ကြော်ငြာတာ။ လိပ်စာ ကဒ်၊ ဖိတ်စာ၊ ပို့စကတ် ဘာညာ အကုန် ရိုက်ပေးတယ် ဆိုတဲ့ ကြော်ငြာ။ ဒီပို့ စကတ်ကိစ္စက ဘယ်ပြေးပြေး မလွတ်ပါလား။ ပိုက်ဆံ မြန်မြန်ရှင်းပြီး လက်ဖက်ရည် ဆိုင်ထဲက ပြန်ထွက်ခဲ့ရတယ်။ အိမ် မပြန်ချင်သေးဘူး။ လက်ဖက်ရည်ဆိုင်နဲ့ ကပ်လျက်မှာ ရှိတဲ့ သစ်ဆိုင်ထဲ ၀င်လိုက်တယ်။ အမျိုး သမီးလေးတွေက ပျူပျူငှာ ငှာကြိုဆိုပြီး “ဘာအလို ရှိပါသလဲ” စသဖြင့် မေးတယ်။

အိမ်က သမံတလင်းပေါ် လျှာထိုးခင်းဖို့ စဉ်းစား ထားတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါကြောင့် လျှာထိုး ပြားဈေးမေးတယ်။ ဆယ်ပေ ပတ်လည် ဘယ်လောက်ကျ မလဲပေါ့။ ပျဉ်းကတိုး တစ်တန် ရှစ်သိန်းဆိုပါလား။ ပျဉ်းကတိုး လျှာထိုးပြားဖိုးချည်းပဲ ဆယ်ပေပတ်လည်ကို တစ်သိန်းနီးပါး ကျမယ်တဲ့။ ဆင့်တို့၊ တန်းတို့ပါ ပေါင်းလိုက် ရင် နောက်ထပ် သုံးသောင်း လောက်ကျမယ်ဆိုပဲ။ ဘာဖြစ်ဖြစ်လေ စိတ်က ခဏ တစ်ဖြုတ်တော့ လျှာထိုး ပြားခင်းဖို့ကိစ္စကို စဉ်းစားနေ မိသပေါ့။ (ပို့စကတ်ကို မေ့ ထားချင်တာ။) အရေးထဲ မိုးက ရွာပြန်သေး။

သစ်ဆိုင်မှာ မိုးခိုရင်း ခဏ ထိုင်နေလိုက်တယ်။ မိုးစက် မိုးပေါက်တွေက ဖြူရော် ရော်တွေ။ “မိုးဖြူမစဲ၊ မိုး မည်းမရွာ” ဆိုတဲ့ ရှေးစကားကို အမှတ်ရတယ်။ အင်း ပညာရှင်တွေ ပြောတဲ့ အကြောင်း တိုက်ဆိုင်မှ ဦးနှောက် မှတ်ဥာဏ်ထဲ သိမ်းထားတဲ့ အမှတ်သညာက ပြန်ပေါ်တယ်ဆိုတာ ဟုတ်မှာပါပဲ။ သစ်ဆိုင်ထဲ ထိုင်ပြီး မိုးရွာတာကို ဇိမ်ခံကြည့်နေ လိုက်တယ်။ မိုးပေါက်မိုး စက်တွေကို ဇိမ်ခံပြီး မကြည့်ရတာ ကြာလှပြီပဲ။

မိုးက စွေပြီး ရွာနေတယ်။ တော်တော်နဲ့ တိတ်မယ် မထင်ဘူး။ ဘတ်စ်ကားဂိတ်ကို လှမ်းကြည့်မိတယ်။
ကားစောင့်နေတဲ့လူ နည်းတယ်။ သစ်ဆိုင်နဲ့ ကားမှတ်တိုင်က နီးတယ်။ မှတ်တိုင် အမိုးအောက်ကို ရောက်အောင်သွားရင် မိုးမိလှ နည်းနည်းပေါ့။

သစ်ဆိုင်မှာ ထိုင်ပြီး ငေါင်နေမယ့် အစား ကားမှတ်တိုင် အမိုးအောက် သွားပြီး ဟို ငေးဒီငေး ငေးရတာ တော်လိမ့်မယ်။ မှတ်တိုင်အမိုး အောက်ကို ခပ်သုတ်သုတ် ပြေးလျှောက်လိုက်တယ်။ ခေါင်းကို မိုးမစိုအောင် လက်နဲ့ ကာထားရသေးတယ်။ (နှာစေးချောင်းဆိုး ဖြစ်ရင် ဒုက္ခ၊ အသက်က မငယ်တော့ဘူးလေ။) ကားမှတ်တိုင် အမိုးအောက်မှာ ခဏ ရပ်နေတယ်။ စာပို့ လုလင်က မိုးထဲ ရေထဲ စက်ဘီး စီးသွားတယ်။ သူ့ဆီမှာ ပို့စကတ် ပို့ဖို့များ ပါလေသလား။

ဟာ ဒီပို့စကတ်ကလည်း ခေါင်းထဲကပဲ မထွက်နိုင်ဘူး။ မှတ်တိုင် အမိုးအောက်မှာ မိုးခိုရင်း ကားစောင့်နေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက် တယ်။ တစ်စုံတစ်ရာကို တိုင်ပင်နေပုံပါပဲ။ နားစွန်နားဖျား ကြားမိတာက “အဲဒါတွေ မမှတ်မိတော့ဘူး” တဲ့။
အင်း ဟုတ်သားပဲ။ တချို့ ကိစ္စတွေကို မမှတ်မိ နိုင်တော့ဘူးလို့ ကိုယ့်စိတ် ကိုယ်ဖြေနေလိုက်ရတယ်။

၂။
မိုးစဲသွားတော့ အိမ်ကို ပြန်တယ်။ ညနေ ငါးနာရီ ကျော်ပြီ။ မိုးတိတ်တော့ နေရောင်က တိမ်ကြားကိုဖောက် ပြီး ထွန်းလာတယ်။ တိမ်တောက်တဲ့ အချိန်ဟာ တော် တော်လှတာပါပဲ။ သစ်ပင်တွေ ရေစိုနေတယ်။ နေရောင် အိုအိုက ရေစိုလောကကို ဖြန်း ထားတော့ လှလိုက်တဲ့ဖြစ်ခြင်း။

နေညိုချိန် တိမ်တောက်တဲ့ အလှအပ သဘာဝကို ဇိမ်ခံ မကြည့်မိတာ ကြာပေါ့။ အိမ်နောက်ဘက်ထွက်ပြီး နေရောင် ဆမ်းထားတဲ့ သစ်ပင် ပန်းမန်တွေကို အရသာခံပြီး ကြည့်နေမိတယ်။ ခြံဝင်း အပြင်ဘက် လမ်းသွယ်ထဲမှာ အလုပ်က ဆင်းလာတဲ့ မိန်းမပျိုလေးတွေကို တွေ့ရတယ်။ သူ့ နည်းနဲ့သူ လှကြတာချည်းပါ ပဲ။

နေညိုချိန် တိမ်တောက်ရင် အရုပ်ဆိုးမတောင် လှသတဲ့။ ဟာ သတိရပြီ။ ဟုတ်တယ်။ ပို့စကတ် ပို့လိုက်တာ “ခင်ကြည် ကြည်” ပဲ။ သူက အသားညို တယ်။ “ကုလားမ”လို့ ခေါ်ခဲ့ ကြတယ်။ သူတို့ မောင်နှမ တွေထဲမှာ အသားညိုတာဆို လို့ သူတစ်ယောက်တည်း ရှိတယ်။ သူ့အစ်ကို၊ အစ်မ၊ ညီမတွေ အားလုံး အသားဖြူတယ်။ ငယ်ငယ်က သူ့ကို “ကုလားမလှလည်း မလှဘူး” လို့ ကျီစယ်ခဲ့တယ်။ ဒီတော့ သူက “နေညိုချိန် တိမ်တောက်ရင် လှပါတယ်ဟယ်” လို့ အားငယ်သံနဲ့ ပြောလေ့ရှိ တယ်။ တကယ်လည်း ဟုတ် ပါတယ်။ ခုလို နေညိုညို တိမ်တောက်ချိန် တစ်ညနေမှာ သူ့အလှကို ကျွန်တော်စပြီး အသိအမှတ် ပြုလိုက်တယ်။
“နင်က အသားညိုချော ပါဟာ” လို့ ပြောခဲ့တယ်။

၃။
ကျွန်တော်နဲ့ သူနဲ့ ကြိုက်သွားကြတယ်။ (ချစ်တာလည်း ဖြစ်နိုင်ပါတယ်။) မှတ်မိပြန်တော့လည်း အစီအစဉ်တကျ မှတ်မိတယ်။ အတိုချုပ်ကတော့ သူ တခြား တစ်ယောက်ကို တွက်ကိန်း တစ်ခုနဲ့ လက်ထပ်လိုက်တယ်။ ကျွန်တော်က ကျန်ရစ်။ သူရွေးချယ်တဲ့ လူက ငွေကြေး အဆင်ပြေတယ်။ ပညာတတ်တယ်၊ ခန့်ချော ချောတယ်။ အဲဒီတုန်းက နိုင်ငံခြား သွားပြီး အလုပ်လုပ်ရင် အဆင်ပြေတယ်လို့ ယူဆကြတယ်။ (ခုလည်း အဲသလို ထင်ကြတုန်းပါပဲလေ။)
သူ့ခင်ပွန်းလောင်းက နိုင်ငံခြားမှာ အလုပ်ရဖို့ သေချာတယ်။ သူလက်ထပ်ခါနီး ကျွန်တော့်ဆီ စာတစ်စောင် ရေးတယ်။ တစ်သက်မှာ တစ်ခါပဲ ရေးတဲ့စာပါ။ (ခုနပို့စကတ်က လွဲလို့ပေါ့။)

စာအဆုံးပိုဒ်က “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မယ်ကွယ်” တဲ့။ ပြီးတော့ လက်မှတ်တို။ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင် ၀တ္ထု လျှမ်းလျှမ်းတောက် နေတဲ့ အချိန်ကပေါ့။ သူက ဆရာဘုန်းရဲ့ စာသားကို ယူထားတော့ ကျွန်တော်ကလည်း ဦးပုညရဲ့ စာသားကို ယူပြီး သူ့ဆီ ပို့စကတ်တစ်စောင် ပို့လိုက်တယ်။

“မိန်းမဆိုး အမုန်းသည် ဘ၀ သည်မျှနှင့် တုံးစေတော့”

နွေခေါင်ခေါင် သစ်ခြောက်ပင် တစ်ပင်ရဲ့ပုံနဲ့ ပို့စကတ် ပို့ခဲ့တယ်။ အဲဒါ နှစ်ပေါင်း အဲ ... လေးဆယ်ကျော်ကြာမှ သူက ပို့စကတ်လေး ပြန်ပို့လိုက်တယ်။ ငယ်ကျွမ်းဆွေ သီချင်းစာသား အသွားအပြန် စာတွေက အဆက်အစပ် မရှိသလိုနဲ့ တကယ်တမ်းကျတော့ အချိတ်အဆက်က ပြည့်ပြည့်စုံစုံပါပဲ။
“သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်”

“မိန်းမဆိုးအမုန်း သည်ဘ၀ သည်မျှနှင့် တုံးစေတော့”
အနှစ် လေးဆယ်ကျော် ကြာမှ ဆက်လိုက်တဲ့ အနုသယကြိုးက ငယ်ကျွမ်းဆွေ သီချင်းစာသား။
(ပန်းပိတောက်ရွှေဝါ အဖူးအပွင့်တွေနဲ့... ငယ်ကျွမ်းဆွေရယ်)
မိန်းမတွေရဲ့ ရင်ထဲမှာ ဘာရှိပါလိမ့်။ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ “နှစ်ချို့ အဆိပ်”လား။

၎။
အိမ်ထဲ ပြန်ဝင်တယ်။ စာအုပ်ပုံထဲ ပြန်ရှာတယ်။ ပို့ စကတ် အနွမ်းလေးကို တစိမ့်စိမ့် ကြည့်မိတယ်။
“အချိန်တွေ ကုန်နှောင်း အောက်မေ့လို့ မျှော်နေသူ မယ်___ရော်ကာရမ်း တမ်းတ မပြေတော့တယ်___ ငယ် ကျွမ်းဆွေရယ်___” ဆိုတဲ့ သီချင်းသံက ဦးနှောက် မှတ်ဥာဏ်မှာ တိတိ ကျကျ ပေါ်လာတယ်။ သံစဉ်တွေကိုပါ မှတ်မိလာတယ်။ သူ့ရင်ထဲမှာ ရှိတာ နှစ်ချို့ အဆိပ်လား။ ဒါမှမဟုတ် နှစ်ချို့သံယောဇဉ်လား။ ကျွန်တော့် ရင်ထဲမှာကော ဘာရှိလဲ။ ဘာမှ မရှိတော့တာ မဟုတ်ဘူး ထင်ပါတယ်။ နှစ်ချို့ အနုသယလား။

နံရံမှာ စိပ်ပုတီးတစ်ကုံး ချိတ်ထားတယ်။ ကျွန်တော် ပုတီး မစိပ်တာ ကြာလှပြီမို့ စိပ်ပုတီးခမျာလည်း ၀င်းဝင်း လက်လက် မဟုတ်တော့ဘူး။ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေ ရှာပြီ။ ဒီည ပုတီး စိပ်ဦးမှ။
“သမုဒယကြောင့် ဒုက္ခ ဖြစ်၏”
“သူငယ်ချင်းလို့ပဲ။ မိန်း မဆိုးအမုန်း။ ငယ်ကျွမ်းဆွေ”
အနိစ္စ၊ ဒုက္ခ၊ ပို့စကတ်၊ အဲ... အနတ္တ။

မောင်ဝဏ္ဏ
(၂၀၁၀ January ရွှေအမြုတေ မဂ္ဂဇင်းမှ)


မာတိကာ


statistics

web tracker