လျှပ်တပြက်သတင်းဂျာနယ်မှတဆင်.ကူးယူဖေါ်ပြပါသည်။
သကြားနည်းနည်းလျော့
မောင်ကိုယု
ကိုရင်မောင်သည် သေမင်းကို အလွန်ကြောက်သူ ဖြစ်သည်။မမယ်မက သေခြင်းတရား၏ မလွန်ဆန်နိုင်ပုံကို တစ်ခါတစ်ရံ ဓမ္မသဘောဖြင့် ပြောဆိုလာတိုင်း နိမိတ်မရှိသော စကားများအဖြစ် မျက်စိပျက်၊ မျက်နှာပျက်ဖြင့် တားမြစ်တတ်သည်။ အထူးသဖြင့် ယခုတစ်လော ကိုရင်မောင့်အဖို့ ပို၍ပင် ချောက်ချားဖွယ် ကြုံလာရ၏ အကြောင်းမှာ...........
သူငယ်ချင်းဖြစ်သူ ဒေါက်တာမြင့်ထွန်းသိန်းသည် ရုတ်တရက် ရှောင်တခင် အသည်းကင်ဆာရောဂါဖြင့် သေဆုံး သွားသောကြောင့်တည်း။ ဒေါက်တာမြင့်ထွန်းသိန်းသည် အသည်း၌ ကင်ဆာရောဂါ စွဲကပ်နေပြီဟု ဆရာဝန်များ၏ စစ်ဆေးတွေ့ရှိချက်အရ အသေအချာသိရှိရပြီးနောက် သုံးလအတွင်း ပြည်သူ့ဆေးရုံကြီးတွင် မျက်စိတမှိတ် လျှပ်တစ်ပြက်၌ ကွယ်လွန် သွားခဲ့ရှာသည်။ အရွယ်မှာ လေးဆယ့်နှစ်နှစ်သာ ရှိသေးသည်။ သွားလေသူကာယကံရှင်မှာ သေမည်ကို သိလျက် ပြုံးမပျက် ရင်ဆိုင်သွားခဲ့သည်။ သူ၏နောက်ဆုံး ဝတ္ထုတစ်ပုဒ်ကို ဆေးရုံပေါ်တွင် တည်ငြိမ်သောလက်ဖြင့် ရေးသွားခဲ့နိုင်သည်။
ကိုရင်မောင် ဝယ်ပေးသော ရေခဲမုန့်ကိုပင် မသေခင်တစ်နေ့က တစ်ဝတစ်ပြဲစားရင်း ''ကျွန်တော်က သူများအသည်းတွေ စားခဲ့တဲ့သူမဟုတ်လား၊ ဒါကြောင့် အခုအသည်း ကင်ဆာရောဂါနဲ့ သေရမှာဗျ'' ဟူ၍လည်းကောင်း။ ''ကင်ဆာဆိုတာ ကိုယ်တွင်းနယ်ချဲ့ အမျိုးအစားတစ်ရပ်ပဲဗျ၊ သူ့လက်တွေက အောက်တိုပတ်ကောင်တွေရဲ့ လက်လိုပဲ၊ ပွားလာပြီး တစ်ကိုယ်လုံးလျှောက်ပျံ့တော့တာပဲ၊ အဲဒီ ကင်ဆာလက်တွေကို ကျွန်တော်တို့က နယ်ချဲု့ဆန့်ကျင်ရေးကြွေးကြော်သံနဲ့ တိုက်ဖျက်ပစ်နိုင်မှရမယ်'' ဟူ၍လည်းကောင်း။
''ကျွန်တော့်အဒေါ်က ကျွန်တော့်ကိုလာကြည့်ရင်း ပရိတ်ကလေးဘာလေးရွတ်ဖို့ တိုက်တွန်းသွားတယ်၊ ဘဝကူးကောင်းအောင်ပေါ့ဗျာ၊ ဟား ဟား ဒါပေမယ့် ရှိပြီးသားဘုရားပရိတ်တွေထဲမှာ ကင်ဆာနှင်တဲ့ပရိတ် မပါတော့ခက်နေတာပေါ့။ ဒါကြောင့် ကင်ဆာပရိတ်တစ်ပုဒ်လောက်တော့ တီထွင်ဖို့ကောင်းပြီ''ဟူ၍ လည်းကောင်း။
တဝါးဝါးတဟားဟားဖြင့် ရယ်ရယ်မောမော နောက်ပြောင်သွားနိုင်ရှာပေသည်။ မြင့်ထွန်းသိန်းသည် သူ၏ စရိုက်ဝသီအတိုင်း ပြောင်ချော်ချော်ဖြင့် သေမင်းနောက်ကို လိုက်သွားနိုင်သော်လည်း ကြားထဲမှအချောင် တုန်လှုပ်ချောက်ချား နေရသူမှာ ကိုရင်မောင် ဖြစ်သည်။ နေမထိထိုင်မသာ၊ အိပ်မပျော် စားမဝင်ဖြစ်ကာ ဣနြေ္ဒမဲ့ရသူမှာ ကိုရင်မောင်ဖြစ်သည်။ ပို၍ဆိုးသည်ကား ယခုတစ်လော မိမိမိတ်ဆွေ အပေါင်းအသင်း များထဲမှ သီးကင်း ကြွေသလို တဖြုတ်ဖြုတ် ဘဝကြွေကုန်သဖြင့် အိမ်သို့ ယပ်တောင်တစ်ချောင်း ပါလာတိုင်း ကိုရင်မောင့်အဖို့ ရောဂါတွေ တိုးလာတော့သည်။
တစ်ခါတစ်ရံ ရင်ဘတ်က အောင့်သလိုလိုဖြစ်လာ၏။ ဤသို့သောအခါတွင် အဆုတ် ရောဂါဖြစ်ပြီဟု ကိုရင်မောင်စိုးရိမ်လာမိ၏။ ထို့ကြောင့် ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဤသို့မှထူးခြားမှုမရှိ လာသောအခါ ကိုရင်မောင့်သောကအေးငြိမ်းသွားပြီး ပါးစပ်မှ ခေါင်းတိုင်မီးခိုးထွက်သလို ဆေးလိပ်ကို ပြန်သောက်ပြန်သည်။
တစ်ခါတစ်ရံ မိမိစာသင်ရာ ကျောင်းအပေါ်ထပ်သို့ အမှတ်တမဲ့ပြေးတက်မိခြင်းကြောင့် မောပန်းမိ သောအခါ နှလုံးရောဂါ ဖြစ်ပြီဟု ထင်လာပြန်သည်။ လမ်းကိုဖြည်းဖြည်း လျှောက်သည်။ အသက်ထက်တော့ ငွေကို မနှမြောနိုင်ဟု အကြောင်းပြကာ ဘတ်စကားမစီးဘဲ သုံးဘီးကား ငှားစီးသည်။
ဤသို့ဖြင့် စိုးရိမ်မှုသံသရာလည်ကာ နောက်ဆုံး ကိုရင်မောင် ဗိုက်နာလာပြန်သည်။ တစ်ခုသောညနေ ကျောင်းကအပြန်တွင် အမူအရာပျက်ပျက်ဖြင့် ယာဘက်ဗိုက်ကို လက်ဖြင့်နှိပ်ရင်း ရှုံ့ရှုံ့မဲ့မဲ့ ယိုင်နဲ့နဲ့ဖြင့် ပြန်လာသောလင်တော်မောင်ကို မြင်လိုက်ရသော မမယ်မသည် ပျာယာခတ်သွားတော့သည်။
''ဘာဖြစ်လာတာလဲ မောင်၊ မျက်နှာတွေလည်း ညှိုးလို့ပါလား''ဟု အမောတကော မေးလိုက်၏။
ကိုရင်မောင်ကတော့ မချိတရိ ယဲ့ယဲ့ကလေးပြုံးကာ အိပ်ရာပေါ်ပစ်လှဲလိုက်ရင်း
''ဘာဖြစ်ရမလဲ မရယ်၊ အသည်းပေါ့၊ အသည်းစကားပြောလာပြီလေ''
မမယ်မက နားမလည်သေး။ မျက်လုံးအကြောင်သားနှင့် ခြေမကိုင်မိ၊လက်မကိုင်မိ ခုတင်ဘေးတွင် ရပ်လာသည်။
ဤတော့မှ ကိုရင်မောင်သည် ညင်ညင်သာသာ လေသံမျှဖြင့် အိပ်နေရာမှ ဆက်လက်ရှင်းပြသည်။
''မောင့်အသည်းတော့ ကင်ဆာလား၊ အသည်းကျွမ်းတာလား မသိဘူး၊ တစ်ခုခု တော့ တစ်ခုခုပဲ၊ နာနေတာတော့ သုံးလေးရက်ရှိပြီ၊ မ စိတ်မကောင်းဖြစ်မှာစိုးလို့ မောင်မပြောဘဲနေတာ၊ ဒီနေ့တော့ မခံနိုင်အောင် နာလာတယ်''
မမယ်မသည် ကိုရင်မောင်၏စကားများကြောင့် ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ဖိကာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွား၏။
''ဟာ ဒီလိုနေလို့ဘယ်ဖြစ်မလဲ မောင်ရယ်၊ ဆရာဝန်ပြမှ ဖြစ်မှာပေါ့၊ ဒါပေမယ့် လေနာများဖြစ်နေမလားမသိဘူး၊ လေဆေးလေးသောက်ကြည့်ပါလား မောင်ရယ် ဟင်''
''အို မရာ မောင်ကဆရာဝန်မဟုတ်ပေမယ့် အနာတော်မီကို မတောက်တစ်ခေါက်တော့ ဖတ်ဖူးလေ့လာဖူးပါတယ်၊ အခုနာနေတာက ဟောဒီ ညာဘက်နံရိုးအောက်ကကွ၊ အဲဒါအသည်းရှိတဲ့ နေရာပဲ၊ မောင့်စိတ်ထင်တော့ ရောဂါတောင် ကျွမ်းနေပြီ ထင်တယ်၊ ဟောဒီသုံးရက်အတွင်း အလေးချိန်နှစ်ပေါင် ကျသွားတယ်ကွ၊ မောင်ကျောင်းက ပြန်လာတိုင်း လမ်းဘေးမှာ ဆယ့်ငါးပြားနဲ့ ချိန်ချိန်ကြည့်လာတာ''
''ကဲ ဒီလိုဆို မဖြစ်ဘူးမောင်၊ ကိုနေလင်းဆီ အခုပဲသွားကြရအောင်''
ဤသို့ဖြင့် အင်းမလုပ် အဲမလုပ်ဖြစ်နေသော ကိုရင်မောင်ကို မမယ်မက အတင်းဆွဲ ထူရင်း မရမကဆွဲခေါ်က သုံးဘီးကားစီး၍ ဒေါက်တာနေလင်း၏ 'မြသန္တာ'ဆေးတိုက်ခန်းသို့ ရောက်သွား၏။ ကိုရင်မောင်တို့ ဇနီးမောင်နှံသည် တိုကင်ပြားများဖြင့် တန်းစီ၍စောင့်နေကြသော လူနာများကို ခပ်တည်တည်ပင် ကျော်လွှား၍ ဆရာဝန်တိုက်ခန်းတွင်းသို့ အခန့်သားဝင်သွားကြရာ နောက်မှ ညည်းညူသံ၊ အပြစ်တင်သံ၊ ရန်တွေ့သံများကို အတိုင်းသားကြားနေရ၏
''ကဲ ကဲ လာ၊ ဒီလင်မယား ဘာဖြစ်လာကြတာလဲ'' ဒေါက်တာနေလင်းက ဆီးကြို၍မေးလိုက်သည်။
''ဆရာ့သူငယ်ချင်းကိစ္စပဲ ဆရာ''
မမယ်မက နိဒါန်းပျိုးလိုက်ရာ ကိုရင်မောင်က ဆက်လက်၍ ရှုံမဲ့မဲ့မျက်နှာဖြင့် ဗိုက်ကို လက်နှင့်နှိပ်လိုက်ရင်း
''လစ်ဗာက ဒုက္ခပေးနေပြီထင်တယ် သူငယ်ချင်း၊ စမ်းကြည့်စမ်းပါဦး''ဟု အခြေအနေကို တင်ပြလိုက်သည်။
''ကဲ ဒါဖြင့်ကြွ၊ ခုတင်ပေါ်ကို''
လူနာခုတင်ပေါ်သို့ ကိုရင်မောင်တက်ပြီးနောက် ဒူးနှစ်ဘက်ကိုကွေးစေကာ ဒေါက်တာ နေလင်းသည် နားကျပ်ဖြင့်တစ်မျိုး၊ လက်နှင့်တစ်မျိုး ကိုရင်မောင်အား အမျိုးမျိုးစမ်းသပ်၏။ ထို့နောက်မိမိစားပွဲပေါ်သို့ ပြန်လာကာ ငြိမ်သက်၍ စဉ်းစားနေ၏။
ကိုရင်မောင်ကမူ ခုတင်ပေါ်က ဆင်းလာပြီးနောက် မမယ်မ၏ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်ကာ လင်မယားနှစ်ယောက် တုတ်တုတ်မျှမလှုပ်ပဲ တရားသူကြီး၏ စီရင်ချက်ကို နားစွင့်နေသောတရားခံကဲ့သို့ ဒေါက်တာနေလင်း၏မျက်နှာကိုသာ စူးစိုက်ကြည့်နေကြ၏
''ကျွန်တော်တော့ ဘာမှစမ်းလို့မတွေ့ဘူး'' ဒေါက်တာနေလင်းထံမှ စကားသံ ထွက်လာသောအခါတွင်မူ လင်မယားနှစ်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
''ကိုယ်တော့ တကယ်နာနေတာပဲ သူငယ်ချင်း''
''အေး အဲဒါကိုကျွန်တော်စဉ်းစားနေတာပေါ့၊ ဒါမျိုးက ခက်သားပဲ၊ သာမန်လက်နဲ့ စမ်းသပ်လို့ မရနိုင်တာလည်းရှိတယ်၊ လစ်ဗာရောဂါ ဆိုတာက အမျိုးမျိုးရှိတယ်၊ အကောင်း ဆုံးစိတ်အေးရအောင် စပယ်ရှယ်လစ်နဲ့ပြပါလားဗျာ၊ ကျွန်တော်လိုက်ပို့ပေးမယ်''
''ဘယ်သူနဲ့ပြရင်ကောင်းမလဲ''
''ကျွန်တော့်ဆရာရှိတယ် ဖစ်စီရှင်ပဲ၊ ကျောင်းတုန်းက ကျွန်တော်နဲ့ရင်းနှီးပါတယ်၊ မဂိုလမ်းမှာ ဆေးခန်းဖွင့်ထားတယ်၊ ဒေါက်တာဦးသာဂေါင်လေ၊ ခင်ဗျားတို့လည်း ကြားဖူးမှာပေါ့''
''သိတယ် သိတယ်၊ နာမည်ကြီးပဲ၊ ဆရာပဲပြဖို့စီစဉ်ပေးပါနော်'' မမယ်မက ဝင်ထောက်လိုက်သည်။
''ကောင်းပါပြီဗျာ၊ ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပါ့မယ်'' ဒေါက်တာနေလင်း၏ ကိုယ်တိုင်ကိုယ်ကြပ် လိုက်လံမိတ်ဆက် ပြသပေးမှုကြောင့် သမားတော်ကြီး ဒေါက်တာဦးသာဂေါင်နှင့် ကိုရင်မောင်သည် ရှောရှောရှုရှု စမ်းသပ်ခွင့် ရခဲ့သည်။ သမားတော်ကြီးက ဒေါက်တာနေလင်းမှတဆင့် သွေး၊ဆီး၊ဝမ်းများကို စစ်ဆေးရန် လည်းကောင်း၊ အသည်းကို အနုမြူရောင်ခြည်ဖြင့် ဓာတ်ပုံရိုက်ရန် လည်းကောင်း၊ ထို့ပြင် ရင်ဘတ်နှင့် သရက်ရွက်တို့ကို ဆေးအမျိုးမျိုးသွင်း၍ ဓာတ်မှန်ရိုက်ရန် အတွက်လည်းကောင်း၊ ညွှန်ကြားစာ တစ်ထပ်ကြီး ပေးလိုက်သည်။
သို့သော် စမ်းသပ်နေစဉ်အတွင်း သမားတော်ကြီးသည် ကိုရင်မောင်၏ပြောဆိုတင်ပြ ချက်များကိုဂရုစိုက်၍ နားထောင်ပုံလည်းမရ၊ ဟုတ်တိပတ်တိ စကားတစ်ခွန်းမှလည်း မပြော၊ ရောဂါအခြေအနေကိုလည်း ရှင်းလင်းမပြဘဲ ဆေးညွှန်းစာတစ်ထပ်ကြီးကိုသာ ရေးပေးလိုက်ပြီး လွှတ်လိုက်သဖြင့် ကိုရင်မောင်သည် အောင့်သက်သက်ဖြင့် အခန်းပြင်သို့ ထွက်လာရသည်။ အပြင်မှ သိလိုဇောဖြင့် စောင့်နေသော မမယ်မကို ပခုံးသာတွန့်ပြလိုက်သည်။
''ဘယ်လိုလဲ သူငယ်ချင်းရ၊ မောင်ရင်တို့ဆရာ တေမိဆရာဝန်လားကွ၊ မေးလို့လည်း မဖြေ၊ ဘာမှလည်းမပြော၊ လူကို လူမထင်သလိုပဲကွာ''
ကိုရင်မောင်၏ မကျေမနပ် အရေးဆိုသံကြားရသောအခါ ဒေါက်တာနေလင်းသည် ပြုံးပြုံးရယ်ရယ်ဖြင့်
''ဒီလိုဗျ ကိုရင်မောင်ရ၊ ကျောင်းမှာ ကျွန်တော်တို့ကိုလက်ချာပေးကတည်းက မှာထားဖူးတယ်၊ လူနာကိုဘယ်တော့မှ စကားများများမပြောနဲ့တဲ့၊ အပိုလည်းတစ်ခွန်းမှ မပြောနဲ့တဲ့၊ ဘာကြောင့်လည်းဆိုရင် လူနာဟာ ဆရာဝန်ရဲ့စကားကို အရေးတကြီးထား တတ်တယ်၊ အပိုပြောရင်လည်း လွဲကုန်လိမ့်မယ်၊ များများပြောရင်လည်း သူတို့နားလည်မှာ မဟုတ်ဘူး၊ အဲဒီလိုသူ့စကားအတိုင်း သူကျင့်သုံးတာ ဖြစ်ပါလိမ့်မယ်၊ အခုသူ ခင်ဗျားကို စစ်ဆေးဖို့ အကုန်လုံး ပေးလိုက်တာပဲ၊ ဒါတွေစစ်ဆေးပြီးရင် ခင်ဗျားခန္ဓာကိုယ်အတွင်းမှာ ရောဂါမှန်သမျှ အကုန်ပေါ်မှာပဲ၊ ရှိရင်ပေါ့လေ''
ထိုရက်မှစ၍ ကိုရင်မောင်သည် ဆေးခွင့်ဆယ်ရက်ယူကာ ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ သွေးစစ်ရာ၊ဆီးစစ်ရာ၊ဓာတ်မှန်ရိုက်ရာဌာနပေါင်း များစွာသို့လည်းကောင်း၊ ဌာနပေါင်းစုံကို အခေါက်ခေါက် အခါခါ သွားရပြီးနောက် ဆေးမှတ်တမ်း တစ်ပွေ့တစ်ပိုက်ကြီးကို ရရှိလာကာ သမားတော်ကြီး ဒေါက်တာဦးသာဂေါင်ထံ သွားရပြန်သည်။
ဤတစ်ခါတော့မူ သမားတော်ကြီး ဆေးခန်းအတွင်းသို့ မမယ်မပါ လိုက်လာခဲ့၏ သမားတော်ကြီးသည် ကိုရင်မောင်က ခပ်ရို့ရို့ တင်ပြလိုက်သော ဆေးမှတ်တမ်းများကို စကားတစ်ခွန်းမျှမပြောဘဲ တုံဏှိဘာဝေဖြင့် ကြည့်ရှုစစ်ဆေးပြီးနောက် သူ၏ အမည်နှင့် ဘွဲ့တပြုံကြီး ရိုက်နှိပ်ထားသော စားရေးစက္ကူတစ်ရွက်ပေါ်တွင် ဖတ်၍မရသော အင်္ဂလိပ်စာ တစ်ကြောင်းကို ရေးခြစ်ကာ ကိုရင်မောင်အား လှမ်းပေးလိုက်သည်။
ပြီးနောက် ''ဒါကို ဆရာနေလင်းကို ပြလိုက်ပါ။ သူကြည့်လုပ်လိမ့်မယ်၊ အပြင်မှာ ဆယ့်ခြောက်ကျပ်ပေးခဲ့''ဟုပြောရင်း မျက်နှာလွှဲသွားသည်။
ကိုရင်မောင်ကမူ မရဲတရဲဖြင့် ''ကျွန်တော့်မှာ ဘာရောဂါရှိလဲဆရာ'' ဟုလှမ်းမေးလိုက်သည်။
''ဆရာနေလင်းပြောလိမ့်မယ်၊ သူဆီသာ သွားပါလေ'' ကိုရင်မောင်သည် ဆရာဝန်၏ ငေါက်ဆတ်ဆတ် ပြောလိုက်မှုကြောင့် မိမိမေးလိုသော နောက်ထပ်မေးခွန်းတစ်ခုကို မဆက်ရဲဖြစ်သွားတော့သည်။ သို့သော်ရောက်တုန်း ပေါက်တုန်း စမ်းသပ်ခဆယ်ခြောက်ကျပ် ပေးရမယ့်အတူတူ မေးသင့်တာကိုတော့ အရဲစွန့်၍ မေးလိုက်ဦးမည်ဟု စိတ်ကိုတင်းကာ
''ဆရာ တစ်ခုမေးပါရစေ၊ ကျွန်တော်က လက်ဖက်ရည်သိပ်ကြိုက်တယ်ဆရာ၊ အဲဒါ ကျွန်တော့်ရောဂါနဲ့ တည့်ပါ့မလား သိချင်တယ်ဆရာ''
သမားတော်ကြီးသည် ကိုရင်မောင်အား တစ်ချက်စိုက်ကြည့်ကာ မပြောချင်ပြောချင်ဖြင့် ''သောက်တော့သောက်ပေါ့၊ အဲ သကြားတော့ နည်းနည်းလျှော့သောက်၊ ဒါပဲ၊ ကဲ သွားတော့''
အပြင်သို့ရောက်သောအခါ ကိုရင်မောင်တို့ဇနီးမောင်နှံသည် သမားတော်ကြီး၏ စကားတစ်ခွန်းကြောင့် အတော်ပင် တုန်လှုပ်ခြောက်ချား သွားတော့သည်။
''မရေ သေချာပြီကွ၊ မောင်တော့ ဆီးချိုရောဂါရှိနေပြီ''
''ဟုတ်တယ်နော်မောင်၊ သကြားလျှော့သောက်ခိုင်း ကတည်းက ဆီးချိုရောဂါရှိတယ် ဆိုတာ သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ၊ ဒေါက်တာနေလင်းဆီ အခုပဲသွားလိုက်တာ ကောင်းမယ်ထင်တယ်''
''အေး သွားကြစို့၊ ရောဂါဆိုတာ စောစောသိ စောစောကုတာကောင်းတယ်''
ဒေါက်တာနေလင်းသည် သမားတော်ကြီး ဒေါက်တာဦးသာဂေါင်၏ ဆေးလက်မှတ်ကို သေသေချာချာ ဖတ်ကြည့်ပြီးနောက်
''အိုကေပဲ ကိုရင်မောင်၊ ခင်ဗျားမှာ ဘာရောဂါမှမရှိဘူး၊ အထွေထွေအားနည်းချက်လို့ ရေးထားတယ်၊ အားဆေးထိုးလို့ ညွှန်ထားတယ်၊ ကျွန်တော့်ဆီ နေ့တိုင်း လာထိုးပေါ့ဗျာ''
''ဟ သူငယ်ချင်းရ၊ သေသေချာချာကြည့်ပါဦး၊ ဆရာက သကြားလျှော့သောက်လို့ မှာလိုက်တယ်၊ ဆေးမှတ်တမ်းမှာ ဆီးချိုရောဂါတွေ့လို့ သူမှာလိုက်တာဖြစ်မယ်''
''ဘယ်မလဲ ဆေးမှတ်တမ်းတွေ ပြပါဦး''
ကိုရင်မောင်ထုတ်ပေးသော စာရွက်တစ်ထပ်ကြီးကို ဒေါက်တာနေလင်းက သေသေချာချာ ဖတ်ကြည့်သည်။ အထူးသဖြင့် ဆီးစစ်ထားသော စာရွက်ကို ဂရုတစိုက် ဖတ်ကြည့်သည်။
''ဆီးမှာလည်း ဘာမှမပါဘူးဗျ၊ ရှူးဂါးရှိတယ်လို့ ဖော်ပြမထားဘူး၊ ခင်ဗျားမှာ ဆီးချိုမရှိပါဘူး''
''ကဲ ဒါဖြင့် ဘာဖြစ်လို့ သကြားလျှော့သောက်ခိုင်းတာလဲ''
''အဲ အဲဒါပြဿနာပဲ၊ ကျွန်တော့ဆရာကလည်း စကားအပိုပြောတဲ့လူမဟုတ်၊ သူ့ဝါဒကိုက လူနာကို စကားအပိုမပြောရဘူးလို့ မှာထားတော့ ဒါစဉ်းစားစရာပဲ''
''ကြည့်လုပ်ပါဦး သူငယ်ချင်းရာ၊ ကိုယ်တော့ ရှင်းရှင်းလင်းလင်း ဖြစ်ချင်တယ်''
ဒေါက်တာနေလင်းသည် အတန်ကြာ ငိုင်တွေ၍ စဉ်းစားနေလိုက်ပြီး ''ကဲ ဒီလိုလုပ်၊ မနက်ဖြန်ဆေးရုံကြီး သွားပြီး သူ့ဝါဒ်မှာ ကျွန်တော် သွားမေးလိုက်မယ်၊ ခင်ဗျား ဆေးမှတ်တမ်းတွေထားခဲ့၊ ဒီညတော့ စိတ်အေးအေးထားပြီး ပြန်ပါဗျာ၊ မနက်ဖြန် အဖြေသိရမှာပေါ့''
ကိုရင်မောင်တို့ဇနီးမောင်နှံသည် ညစ်ညူးရှုပ်ထွေးသော စိတ်တို့ဖြင့် အိမ်သို့ပြန်သွားကြလေသည်။ ထိုညအဖို့ ကိုရင်မောင်သည် သူသောက်နေကျ လက်ဖက်ရည်ကိုပင် စွန့်စွန့်စားစား မသောက်ဘဲ နေလိုက်၏။ အလေ့အကျင့်ဖြစ်နေသော မမယ်မက လက်ဖက်ရည်ဖျော်ပြီး ပက်လက်ကုလားထိုင်တွင် တွေဝေငေးမောနေသော ကိုရင်မောင်ရှေ့သို့လာချမိရာ ကိုရင်မောင်သည် မမယ်မအား ရန်လိုသော မျက်နှာဖြင့်ကြည့်ကာ
''မောင့်ကို သေကြောင်းကြံတာလား မ''ဟု ကြိမ်းမောင်းအော်ဟစ်လိုက်သဖြင့် မမယ်မခမျာ လက်ဖက်ရည်ပန်းကန်ကို မီးဖိုခန်းသို့ သယ်ဆောင်သွားရသည်။
ဒေါက်တာနေလင်းသည် ဆေးရုံအတွင်း လှည့်ပတ်၍ လူနာစစ်ဆေးနေသည့် သမားတော်ကြီး ဒေါက်တာဦးသာဂေါင်ကို စိတ်ရှည်စွာ စောင့်စားနေရသည်။ မိမိအဖို့ တစ်ဘက်တွင် သူငယ်ချင်း၏ စိုးရိမ်ကြောင့်ကြမှုက ရှိနေသည်။ ဤမှာတစ်ဘက်တွင် ဆရာတစ်ယေက်ကို မေးစမ်းရမည်ဖြစ်သဖြင့် ကျောင်းသားတစ်ဦး၏ အလေ့အကျင့်အရ ရွံ့တွန့်တွန့်ဖြစ်နေသည်။ မေးရမည့်ကိစ္စကလည်း ရောဂါနှင့် ပတ်သက်နေသဖြင့် တစ်စုံတစ်ခု ချွတ်ချော်တိမ်းပါး အမေးမှားသွားပါက ဆူပူရှုတ်ချခြင်း၊ အထင်သေးခြင်း ခံရပေဦးမည်။ ဤသို့ တအုံအုံတနွေးနွေးဖြင့် စောင့်နေရာ နောက်ပါ အလုပ်သင်ဆရာဝန်များ တစ်သိုက်တမြုံကြီးနှင့် ဒေါက်တာနေလင်း ရပ်စောင့်နေရာသို့ သမားတော်ကြီး ရောက်လာသည်။
ဒေါက်တာနေလင်းက မရဲတရဲဖြင့် လှမ်းနှုတ်ဆက်လိုက်ရင်း
''ဆရာ ဆရာ့ဆီ ကျွန်တော်လိုက်ပို့ခဲ့တဲ့လူနာက သူဆီးချိုရောဂါရှိတယ် ဆိုပြီး ပြောနေတယ်ဆရာ''
သမားတော်ကြီးက ဒေါက်တာနေလင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက်
''ငါ ဘာရေးပေးလိုက်လဲ''ဟု လှမ်းမေးလိုက်ရာ
''အားဆေးထိုးပေးဖို့ဘဲ ရေးလိုက်ပါတယ်''
''ယူရင်းမှာကော ဘာရေးထားလဲ''
''ဘာမှမပါဘူးဆရာ၊ နိုးရှူးဂါးပဲ''
''အဲဒီတော့''
''ဒါပေမယ့်ဆရာ၊ ဆရာက သူ့ကို လက်ဖက်ရည်သောက်ရင် သကြားလျှော့သောက်ဖို့ မှာလိုက်တာကို စွဲစွဲလန်းလန်း ဖြစ်နေတယ်''
သမားတော်ကြီးသည် သဘောပေါက်လာဟန်ဖြင့် ခေါင်းတညိတ်ညိတ်ပြုရင်း
''သြော် ဒါကိုလား၊ ဖြစ်မှဖြစ်ရလေကွယ်၊ သကြားနည်းနည်း လျှော့သောက် ခိုင်းတာက ချိုမှာစိုးလို့ကွ၊ သိပြီလား၊ လူနာက မေးနေတော့ ငါကလည်း ပြောစရာမရှိတာနဲ့ ပြောလိုက်ရတာ၊ ခက်တာပဲ''
ပညာရှိတို့၏ ပြုံးခြင်းဖြင့် ပြုံး၍ထွက်သွားသော ဆရာဝန်၏နောက်ကျောကို ငေးကြည့်ကာ ဒေါက်တာနေလင်းသည် ရယ်ရအခက်၊ငိုရအခက်ဖြစ်ရင်း ကျန်ရစ်ခဲ့သည်။သမားတော်ကြီးနောက်မှ ပါလာသော အလုပ်သင်ဆရာဝန်မလေးတစ်ဦးက မချိုမချဉ်မျက်နှာဖြင့် သရော်သလိုလို ဒေါက်တာနေလင်းအား လှမ်း၍ လှည့်ကြည့်လိုက်ရာ ဒေါက်တာနေလင်းသည် မခံချင်သောစိတ်ဖြင့် ဘုကြည့်ပြန်ကြည့် လိုက်ပြီးနောက် ဆရာဝန်တို့၏ စရိုက်ကို မဖျောက်ဖျက်နိုင်သည့် အထိမ်းအမှတ်အဖြစ် လျှာထုတ်ပြလိုက် လေသည်။