ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Friday, June 4, 2010

အိမ်မက်အလွမ်း

from ရွှေအမြုတေ November 2009

အိမ်မက်အလွမ်း 
နုနုရည်အင်းဝ 

ဘ၀ဆိုတာ အိပ်မက်များစွာနဲ့ ဖွဲ့စည်းထားတာပါပဲ မနုရယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက် စကားကို ကျွန်မ သဘောကျလှပါတယ်။ ကျွန်မနဲ့ သဘောချင်း တူလှပါတယ်။ ပြီးတော့လည်း အိမ်မက်တွေဟာ ၀ထ္ထုတွေနဲ့လည်း တူပြန်ပါသေးတယ်။ စိတ်ကူးယဉ်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ၊ ချစ်သူတွေ၊ မုန်းသူတွေ၊ မျက်ရည်တွေ ဖွဲ့စည်းထားတဲ့ အိမ်မက်ဟာ ၀ထ္ထုတစ်ပုဒ်ပဲ မဟုတ်ပါလား။ အိမ်မက်တွေကို နေ့နေ့ညည ကျွန်မ မက်တတ်တဲ့ အပြင် နိုးနေရင်ကလည်း မက်တတ်တဲ့ အိမ်မက်တွေ ကျွန်မမှာ ရှိပြန်ပါသေးတယ်။

ဒီအိမ်မက်ထဲမှာတော့ ကျွန်မဟာ မနက် လက်ဖက်ရည်သောက်ဖို့ ပြင်ဆင်နေသတဲ့။ ကျွန်မနဲ့ ကျွန်မ ချစ်ခင်ပွန်းတို့ အင်မတန် မက်မောလှတဲ့ မနက် လက်ဖက်ရည်ချိန်ဟာ။ ကျွန်မလက်က နာရီမှာတော့ မနက် ကိုးနာရီ ဖြစ်ပြီး ကျွန်မ ကင်မရာက နာရီမှာတော့ ဘာဖြစ်လို့ ည ကိုးနာရီ ဖြစ်နေရတာလဲ။ ည ကိုးနာရီ အချိန်ဟာ နေရောင်တွေ ၀င်းပလို့။ ချွေးပြိုက်ပြိုက် ကျအောင်လည်း ပူနေတယ်။ ပန်ကာ နှစ်လုံးကို တစ်ပြိုင်နက် ဖွင့်ထားရလောက်အောင် ပူနေတယ်။ ကျွန်မ ဖုန်းအနက်လေးကလည်း အရောင် ပြောင်းနေတယ်။ ဖုန်းနံပါတ်တွေကလည်း အရောင်ပြောင်းနေတယ်။ ဖုန်းနံပါတ်တွေကလည်း မတူပြန်ဘူးတဲ့။ ကျွန်မတို့ လက်ဖက်ရည် သောက်နေကျ စားပွဲဝိုင်း အနိမ့်လေးဟာ အမြင့်ဖြစ်ပြီး ကုလားထိုင် အပြာရောင်တွေနဲ့တဲ့။ ထမင်း ပူပူနွေးနွေးရယ်၊ ငါးပိကြော်ရယ်၊ ငါးနီတူခြောက်ကြော်ရယ်၊ လက်ဖက်ရည်ချိုပေါ့ရယ်၊ ရေနွေးကြမ်းရယ်တို့ကတော့ ကျွန်မတို့ စားနေကျ မနက်စာတွေပဲ။ ဒါပေမယ့် ကျွန်မနဲ့ လက်ဖက်ရည် အတူသောက်ဖို့ အခန်းထဲက ထွက်လာတဲ့ သူကတော့ ဘုရားရှိခိုးပြီး ထွက်လာနေကျ ကျွန်မ ခင်ပွန်း မဟုတ်ဘူး။ မျက်ခုံးတွေ၊ မျက်လုံးတွေကို ဆေးမင်ကြောင် ထိုးထားတဲ့ ဗီယမ်နမ် အမျိုးသမီး တစ်ယောက်တဲ့။ ကျွန်မနဲ့ သူနဲ့ ပြောကြတဲ့ စကားတွေကလည်း မြန်မာလိုလည်း မဟုတ်ဘူးတဲ့။

“စစ်ဆိုတာကို မင်းမကြုံဖူးဘူးနော်။ သိပ်ကြောက်ဖို့ ကောင်းပါတယ်ကွယ်။ လူတွေ အများကြီး သေကြရတယ်။ ဗုံးတွေ ကြားမှာ ကိုယ်လည်း သေတော့မလို အကြိမ်ကြိမ်ပါပဲ။ မြေအောက် ဗုံးခို ကျင်းထဲမှာ စာသင်ခဲ့ရတယ်။ ရက်ပေါင်း များစွာ ထမင်း မစားခဲ့ရဘူး။ ငိုသံတွေ၊ လေယာဉ်ပျံသံတွေ၊ သေနတ်သံတွေ၊ ဗုံးသံတွေ ကြားမှာ ကိုယ်အကြာကြီး နေခဲ့ရတာပေါ့”

အံ့သြစရာ။ သူက ကျွန်မ အလွန် စိတ်ဝင်စားခဲ့တဲ့ ဗီယက်နမ် စစ်ပွဲကြားမှာ ကြီးပြင်းခဲ့ရ သူတဲ့။ ခဏနေတော့ တယ်လီဖုန်း မြည်သံ ဆူညံ လာတယ်။ ရုတ်တရက်ဆိုတော့ ဗီယက်နမ် စစ်ပွဲက ဗုံးသံလိုပဲ...။
ကျွန်မနားထောင်လိုက် တော့ “ဟဲလို” တဲ့။
အံ့သြငြိမ်သက်သွား တဲ့ ကျွန်မကို ဟက်ဟက်ပက်ပက် ရယ်မောလိုက်တဲ့ အက်ကွဲကွဲ၊ ရှတတ ဒီအသံကို ကျွန်မ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။

“အခု လာခဲ့မယ်။ စောင့်နေ သိလား။ အခုလာ ခဲ့မယ်”

“တကယ်လား။ ဘယ် လောက်ကြာမှာလဲ။ ပျော် လိုက်တာ”

“အင်း အင်း နှစ်နာရီ ကျော်ကျော်တော့ မောင်းရ မယ်တဲ့”

“ဟာ ကြာတယ်။ အင်းစိန် ဆူးလေ ကားပေါ်တက် လိုက်လာခဲ့။ အဲလောက် မကြာဘူး”

“ဟားဟားဟား။ အင်း ရွာက ချက်ဗလက် ခေါင်းတိုလည်း မှာလို့မရ။ ထွေလာ ကလည်း မရှိ။ ဒီက “ဂရေး ဟောင်း” ဆိုတဲ့ ကားကလည်း အရေး အကြောင်းဆို ခွေးမောင်း သလောက်တောင် ပြေးတာ မဟုတ်ဘူး”

“ကာရန်တွေ၊ ကာရန် တွေ၊ ဒီလို အသံ မကြားရ တာကြာပြီ”

“မကြားရတာ ကြာပြီ ___ လေးရာသီ ___ ရှိပြီ မောင်ရဲ့ ___ မေ့ပါနိုင်အား ___ ရက်စက်လေအားပြီ ___ ရာသီချိန်ဝယ် ___”

“မလုပ်နဲ့၊ မလုပ်နဲ့။ ဒီက တကယ် လွမ်းနေတာ။ ငိုချင်နေတာနော်”

“ဟား ဟား။ သနားစရာ သနားစရာ။ ကဲ စောင့်နေ။ လာခဲ့မယ်”

ခဏ အကြာမှာတော့ ကျွန်မဟာ အမျိုးအမည် မသိတဲ့ သစ်ပင်တစ်ပင် အောက်မှာ ရပ်လို့။ ကျွန်မနားမှာ ရပ်ထားတဲ့ ကားရောင်စုံတွေရဲ့ နံပါတ်တွေကလည်း ဘာတွေ မှန်းလည်း မသိဘူး။ ကျွန်မရဲ့ သ/၄၆၁၁ လေးက ဘယ်မှာလဲ။ ကျွန်မတို့ နှစ်ယောက်ရဲ့ ချွေးနဲ့ မွေးခဲ့ရတဲ့ သနားစရာ ရင်နှစ်သည်းချာ ကားကလေးရေ မင်းဘယ်မှာလဲ။

ရုတ်တရက် ကားလေး တစ်စင်း ကျွန်မနဲ့ မလှမ်း မကမ်းမှာ လာရပ်ပြီး ကားမောင်းတဲ့ လူငယ်လေး တစ်ယောက် ဆင်းလာတယ်။ မျက်မှန်လေးနဲ့ ကျွန်မကို လှိုက်လှိုက်လှဲလှဲ ပြုံးပြ နှုတ်ဆက်တဲ့ လူငယ်လေးဟာ ကျွန်မနဲ့ သိသူလည်း မဟုတ်ပါလား။ ဒါပေမယ့် ခင်မင်စရာ နှစ်လိုဖွယ် လူငယ်လေးကို ကျွန်မ ပြုံးပြ၊ လက်ပြ နှုတ်ဆက် လိုက်မိတုန်းမှာပဲ ကားလေးထဲမှာ နောက်တစ်ယောက်ကို ကျွန်မ မြင်ပြီ။
တကယ်ပဲလား။ ပြန်တွေ့ကြဖို့ ဘယ်လိုမှ မျှော်လင့် မထားတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးဟာ အိပ်မက်ထဲ မှာမို့ ကျွန်မဆီ ရောက်လာ နိုင်လေသလား။

သူဘယ်တော့မှ မပတ်ဖူးတဲ့ ကားခါးပတ်ကို ကြိုးစားပမ်းစား ဖြုတ်ပြီး ကားပေါ်က ဆင်းလိုက်တဲ့ အခါ ကျွန်မ ကလည်း သူ့ဆီ ပြေးသွားတဲ့ အခါမှာတော့ သူဟာ ကျွန်မရဲ့ ချစ်မိတ်ဆွေကြီးမှန်း အလွန်တရာ သေချာ သွားပါပြီ။ ကုတ်အင်္ကျီ အနက်၊ အင်္ကျီအဖြူ၊ ဘောင်းဘီ မီးခိုး ပြာ၊ ရှုးဖိနပ်အနက်၊ ခြေအိတ် အဖြူတို့ဟာ ဘယ်နှရက် ၀တ်ထားတယ်လို့ မှန်းလို့ မရနိုင်အောင် တွန့်လိမ် ကြေမွလို့။

ဗိုက်ငေါငေါ ပေါ်မှာ မဆံ့မပြဲ ပတ်ထားတဲ့ ခါးပတ် အောက်ကနေ အင်္ကျီအဖြူက ထွက်လို့။ ဘောင်းဘီ ဇစ်က ပြုတ်လို့။ ဒီလို ဖရိုဖရဲ ဖြစ်က တတ်ဆန်း ပုံစံဟာ ကျွန်မ ချစ်မိတ်ဆွေကြီးက လွဲလို့ ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။ သူ့မူပိုင်ဟန်ကို အစဉ် အလာမပျက် ထိန်းသိမ်း ထားတဲ့ ကျွန်မ ချစ်မိတ်ဆွေ ကြီးဟာ လွယ်အိတ်တော့ လွယ်ထားဆဲ။ လက်ကြားမှာလည်း ဆေးလိပ်တိုက ရှိဆဲ။ ဒါပေမယ့် မာဘိုရို စီးကရက်တို၊ ရွှေပြည်စိုး ဆေးပေါ့လိပ် တိုတော့ မဟုတ်ရှာဘူး။

ငွေရောင် ဆံပင်တွေနဲ့ သွားတု ဖြူဖြူ ညီညီလေးတွေ အစီအရီနဲ့ ပြုံးမြနေတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးဟာ ကျွန်မ လက်ကို တင်းတင်း ကျပ်ကျပ် ဆုပ်ပြီး ၀မ်းသာ နေရင်းက ဘာဖြစ်လို့ မျက်ရည် လည်နေရသလဲ။ ခဏနေတော့ ကျွန်မတို့ဟာ ကျွန်မ အခန်းလေးထဲက ထမင်းစား စားပွဲမှာ ၀ိုင်းထိုင်ကြရင်း စကားတွေကို မရပ်မနား ပြောကြလို့၊ ကျွန်မ မိတ်ဆွေကြီးက ရွှေပြည်စိုးတွေကို ရတနာတွေလို ပွေ့ပိုက်ထားရင်း ရွှေပြည်စိုး တစ်လိပ်ကို အငမ်းမရ ဖွာရှိုက်လို့၊ ရေနွေးကြမ်း ခွက်ကို ရှေ့ချလို့ ဆိုဖာပေါ် မထိုင်ချင်ဘူးတဲ့။ ဒီစားပွဲနဲ့ ကုလားထိုင်မှာ ထိုင်ရတာက လက်ဖက် ရည်ဆိုင် ထိုင်ရတာနဲ့ တူသတဲ့။

“သိလား။ ချန်ဂီလေဆိပ် ဆိုတာ အကြီးကြီးပဲ။ ကိုယ့်တစ်သက် ဒီလောက် ကြီးကျယ်တဲ့ လေဆိပ်မျိုး မြင်မှ မမြင်ဖူးဘဲ။ ကြောက် လိုက်တာ။ ရင်တွေ တထိတ်ထိတ်နဲ့ ကံအား လျော်စွာဗျာ ကိုယ့်ကို သိတဲ့ လူတစ်ယောက်နဲ့ သွားတွေ့တယ်။ ဒါပေမယ့် သူကလည်း တခြား တစ်နေရာ သွားရမှာ ဆိုတော့ တာဝန်ရှိတဲ့ ကလေးမလေး တစ်ယောက်နဲ့ အပ်ပေးသွားတယ်။ ကလေးမလေး ခေါ်ရာနောက် တကောက်ကောက်ပေါ့။ သူက ဒေါက်ဖိနပ်လေး တောက်တောက်၊ တောက်တောက်နဲ့သွား၊ ကိုယ်က နောက်ကလိုက်၊ ဆေးလိပ် သောက်ချင် လိုက်တာကလည်း အရမ်းပဲ။ မသောက်ရဘူး။ နောက်တော့ ကလေးမလေးက ဒီမှာ ထိုင်နေတဲ့။ အပေါ့ အပါး သွားဖို့ နေရာတွေ ဘာတွေ ပြပေးတယ်။ အဲဒါနဲ့ အိမ်သာ ၀င်တော့မှ ဒုက္ခက ရောက်တော့တာပဲ။ ဘယ်လိုမှ ဘောင်းဘီဇစ်ကို မဖြုတ်တတ်ဘူး။ သူများတပ်ပေး လိုက်တာလေ။ သိတယ် မဟုတ်လား”

ကျွန်မမှာ ဟက်ဟက် ပက်ပက် ရယ်မောရင်းက မိတ်ဆွေကြီးကို သနား ရပြန်တယ်။ နောက်တစ်ခဏ အကြာမှာတော့ ကျွန်မ နားထဲမှာ ကားစက်သံက တ၀ူးဝူး ဆူညံနေတယ်။ ကျွန်မရဲ့ ၄၆၁၁ လေးဟာ ဘာလို့ ဒါလောက် ဆူညံနေပါလိမ့်။ သူ နေမကောင်း ဖြစ်ပြန်ပြီလား။ တကယ်တော့ နေမကောင်း ဖြစ်ပြီဆိုရင် သူသိပ်ကို မနေသာလွန်းမှ ပြောရှာတာပါ။ ကျွန်မမှာ ပိုက်ဆံ မရှိမှန်း သိရင် သူအမြဲကြိတ်မှိတ်နေရှာ တာပါ။

ဟင် ကျွန်မ ကားလေးလည်း မဟုတ်ဘူးရယ်။ ဒီ ကားလေးက တူးဒိုးလေး။ ကျွန်မက နောက်ခန်းမှာ၊ ရှေ့ခန်းက ကားမောင်းသူဘေးမှာ ကျွန်မ ချစ်မိတ်ဆွေကြီး၊ ကားမောင်းတဲ့ သူကလည်း ကျွန်မချစ်ခင်ပွန်း မဟုတ်ပါလား။ အော် ချစ်စရာ လူငယ် လေးပဲ။ ကျွန်မတို့ ဘယ်ကို သွားနေကြတာပါလိမ့်။ လမ်း ဘေးဝဲယာမှာ တစ်မျှော် တစ်ခေါ် ပြောင်းခင်းတွေနဲ့ ကောင်းကင်က ပြာလဲ့လို့။

“___ချစ်ခင်ကြတဲ့ ___ အားလုံးမိတ်ဆွေ ___ နေ့တိုင်းပဲ ___ သတိရတယ် လေ___”
ဟင် ကိုသုမောင်နဲ့ မြို့မ တီးဝိုင်းက ဘယ်လိုလုပ် ကျွန်မတို့ ကားပေါ်ပါလာတာလဲ။ မိုးဇော်ဗိုလ်လေးလည်း ပါတယ်။ ကျွန်မ ချစ်မိတ်ဆွေ ကြီးက မျက်လုံးအစုံကို မှိတ ပြီး ခေါင်းတယမ်းယမ်းနဲ့။
“ဟာ ကောင်းလိုက်တာ ပျော်စရာကြီးပါလား။ ကောင်းလိုက်တာ”နဲ့ လုပ်ပြီ။

“___ တစ်ခါတလေ ___ မျှော်မှန်း ___ လွမ်း စိတ်တဝေေ၀ ___ ပြန်ချင် ဇောတွေ ___ ရောက်ချင် ဇောနဲ့ ___ စိတ်စောလို့သာ နေ___ ခါတော်ရောက်ချိန် ___နီးလို့လာပြီလေ___”
“___နီးလို့လာပြီလေ ___”
“___ ဒေါ်ဒေါ် ___ မမ ___ နှမတို့ရေ”
“___ အသည်းစွဲ ___ ချစ်မိတ်ဆွေ ___ ခေတ္တခွဲ လို့နေ ___”
“___ ခေတ္တ___ ခွဲ လို့နေ___”
“___မြို့မနဲ့ ___ အတူတကွ ___ လိုက်ပါ နိုင်စေ ___”
“အောင်စည်ယွန်းသံ ___ ကြားရင်ဖြင့် ___ ပြည်တော်ဝင်မယ်လေ”

ကျွန်မတို့ နှစ်ယောက်ရဲ့ သီချင်း လိုက်အော်သံနဲ့ လက်ခုပ်သံဟာ မြို့မတီးဝိုင်းနဲ့ ကိုသုမောင် အသံကိုတောင် လွှမ်းသွားမယ်နဲ့ တူရဲ့။
အလို ပျော်လိုက်တာ ဆိုပြီး လက်ခုပ်သံ စည်းချက် လိုက်နေတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်စတွေနဲ့ပါလား...။
“ဟိုးတောင်ပေါ်___ ဟိုတောင်ပေါ်ရိုးဆီက___ မြူခိုးတွေလွင်___မိုးရွာမယ် __ မထင်မိပါလို့___”

ကိုသုမောင်ရေ၊ ငိုချင်ရက် လက်တို့တွေလို လွမ်းပေရော့လို့များ တမင် လုပ်နေ တော့သလား။ ဟို အဝေး ဆီမှာ တကယ့်ကို မှိုင်းပြာ မှုန်ဝေလို့။ ကားကလေးက တံတား တစ်ခုပေါ် ရောက်လေပြီ။ မြစ်တစ်စင်းကို ကျွန်မတို့ ဖြတ်မလို့ပါလား။
“အစ်မရေ....ဒါ... မစ္စစပီမြစ်လေ”

ချစ်စဖွယ် လူငယ်လေး ရဲ့ အသံ။ ဘာရယ်၊ ဒါ မစ္စစပီမြစ်၊ ဟုတ်လား။
“မစ္စစပီမြစ် မဟုတ်ပါဘူးကွ။ ဒါ...ဒုဋ္ဌ၀တီမြစ်၊ အင်းဝ တူအရီး သုံးဖော်ရဲ့ ဒုဋ္ဌ၀တီမြစ်” ဒါက ကျွန်မ ချစ်မိတ်ဆွေကြီးရဲ့ အသံ။
“ဟုတ်တယ်၊ ဟုတ် တယ်။ ဒါ...ကျွန်မတို့ ဒုဋ္ဌ၀တီမြစ်”
ဒါက ကျွန်မရဲ့ အားရ ပါးရ ထောက်ခံတဲ့ အသံ။

“ကဲဟေ့၊ ဟိုရှေ့မှာ လမင်းတစ်ရာတို့ အိမ်တို့၊ အင်းဝဂုဏ်ရည် ပုံနှိပ်တိုက် တို့ကို ရောက်တော့မယ်လေ”

“ဟုတ်တယ်၊ ဟုတ် တယ်။ ဟိုမှာလေ..ကျွန်မ တို့အိမ်၊ ကျွန်မ အဘွားကို တွေ့ရတော့မယ်”
လူငယ်လေးက ကျွန်မ တို့ကိုကြည့်ပြီး ချစ်စဖွယ် ပြုံးရယ်ရင်း ခေါင်းကို ယမ်းသည်။

“ပြန်ကသာ___ ရှေ့ နောက်တွေး___တရေးရေး ပေါ်လာ___”

လွမ်းစရာ ကောင်းလိုက်တဲ့ အသံလေး။ ဟင် ကျွန်မတို့ ကားပေါ်မှာ ဟေမာနေ၀င်းလေးလည်း ပါလာတာကိုး။

“အစ်မရေ၊ ဒါ...သမ္မတရီဂင်ရဲ့ မွေးရပ် ဇာတိလေ။ ဒစ်ဆွန် (Dixon))တဲ့”

ဟောတော်၊ ဘယ်နှယ့် ကျွန်မတို့ အိမ်ကိုတော့ မရောက်ဘဲ ရီဂင်ရဲ့ မွေးရပ်မြေကို ရောက်လာရတာလဲ။ ပြောင်းခင်းတွေ ကြားထဲက ရွာလေး တစ်ရွာကနေ သမ္မတ တစ်ယောက်ကို မွေးဖွားပေးသတဲ့လား။ ဆရာ သိပ္ပံမောင်ဝရဲ့ “ဆရာစောကျောင်း” ကို ကျွန်မ သတိရလိုက်တာ။
“အင်း...ခဏနေရင် “ဆရာစောကျောင်း”ကို ရောက် တော့မယ် သိလား”

“ဆရာစော ကျောင်း ဟုတ်လား”

“ဟုတ်ပါ့ဗျာ။ ဆရာစောရဲ့ ဘုန်းကြီးကျောင်းလေ”

ကျွန်မ သိပ်နားမလည်ဘဲနဲ့ ဆရာစော ကျောင်းကို ရောက်သွားတယ်။ လှပ သေသပ်ပြီး ချစ်စရာ ကောင်းတဲ့ အိမ်လေး တစ်အိမ်ပါ။ ဘုန်းကြီး ကျောင်းလည်း မဟုတ်ပါဘူး။ ပြီးတော့ ဆရာစော ဆိုတာ ကျွန်မရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးပဲ။ ဒါပေမယ့် သူ့ကို အိမ်မှာလည်း မတွေ့ရဘူး။ ကျွန်မ ချစ်မိတ်ဆွေကြီးရဲ့ မရပ်မနား စကားသံတွေဟာ ကျွန်မနားထဲမှာ ဆူညံနေတယ်။ ပြီးတော့ ညင်သာတဲ့ ကားစက်သံ။
တစ်ဝူးဝူး မြည်နေတတ်တဲ့ ချစ်စဖွယ် လူငယ်လေးရဲ့ တူးဒိုး ကားလေးပေါ်ကနေ ကျွန်မတို့ ဘယ်လို လုပ်ပြီး စက်သံ ညင်သာတဲ့ ဖိုးဒိုး ကားလေးပေါ်ကို ရောက်သွားရပြန်တာလဲ မသိပါဘူး။ ကားမောင်းသူကလည်း ပြောင်းသွားပြန်ပြီ။ ချစ်စဖွယ် လူငယ်လေးက ကျွန်မနဲ့ အတူ ကားနောက်ခန်းမှာ။ ကျွန်မရဲ့ ချစ်မိတ်ဆွေကြီးကတော့ ကားရှေ့ခန်းမှာ။ သူ့အစဉ် အလာကို ထိန်းသိမ်းရင်း ငိုက်မျဉ်းလိုက်ပါလို့။

“ကျွန်တော်က ဒေါက်တာသက်ပါ။ မန္တလေးသား ခင်ဗျ”

အညာသားမှန်း မပြောဘဲ သိသာတဲ့ ကားမောင်းသူကို ကျွန်မ ပြုံးမိသည်။ သူ့ကို မြင်ကတည်းက မန္တလေးကလား၊ ရွှေဘိုကလား၊ မြင်းခြံကလား၊ တစ်နယ်နယ်ကဆိုတာ ကျွန်မ သိနေတယ်။ ရွှေဘိုသားလို့တောင် ထင်တာ။ ဘာပြုလို့လဲ ဆိုတော့ ကျွန်မ အစ်ကိုကြီး ဒါရိုက်တာ ကြည်စိုးထွန်းတို့လို သပြေသီးမှည့်ရောင် အသား အရေနဲ့ကိုး။

“ကျွန်တော်တို့ မြန်မာတွေ၊ ကိုယ့်မြေ ကိုယ့်လူမျိုးကို ခင်တွယ်တတ်လွန်း တယ်လို့ ကျွန်တော် ထင်တယ်ဗျာ။ ကိုယ့်ရေမြေနဲ့ ခွဲခွာ ကြည့်တော့မှ ဘယ်လောက်ချစ်မှန်း သိတော့ တာ။ သူများ မြေပေါ်မှာ ရောက်ပြီး တစ်ပတ်လောက်လည်း ကြာရော ကျွန်တော် ဘယ့်နှယ့် ဖြစ်မှန်း မသိဘူး။ ဟောဒီ ရင်ညွှန့်ကြီးထဲက နာလာအောင်ကို လွမ်းတာဗျာ။ အိမ်ပြန်ချင်တာဗျာ။ ဒါ ကျွန်တော့်ဘေးမှာ မိန်းမရော၊ သားသမီးတွေရော ရှိနေတာနော်။ မဟုတ်သေးပါဘူးလေ ဆိုပြီး ကိုယ့်စိတ်ကို ဖြေတယ်။ နောက်တော့ဗျာ၊ ဟောဒီ ရင်ညွန့်ကြီးထဲက ဝေဒနာကို ဘယ်လိုမှ မခံ နိုင်တဲ့ အဆုံး ကျွန်တော် တစ်ယောက်တည်း လေယာဉ် ရုံးကို သွားတာဗျ၊ သိလား။ မိသားစုကို ကျွန်တော်ထား ခဲ့တော့မလို့နော်။ ဒါပေမယ့်ဗျာ ကိုယ်က ရောက်ခါစ ဘာမှနားမလည် မသိတော့ ကျွန်တော် ရောက်သွားတဲ့ လေယာဉ်ရုံးက ကာလကတ္တား သွားမယ့် လေယာဉ်တဲ့။ အင်း..ဒါ...လွန်ခဲ့တဲ့... ဆယ်နှစ်ကပေါ့လေ။ ခုတော့လည်း အသည်းက မာသွား ပါပြီ။ မာရတော့ တာပေါ့လေ။ ဒါပေမယ့် ကျွန်တော့်ကို ပျော်တယ် ထင်သလား။ ကျွန်တော့်မှာ အားလုံးပြည့် စုံပါတယ်။ ဒါပေမယ့် ရင်ထဲမှာ တစ်ခုခု အမြဲတမ်း လိုနေတယ်”

“ဟုတ်တာပေါ့ ဆရာရယ်။ ကျွန်မလည်း အဲဒီ ဝေဒနာကို ခံစားဖူးတာပေါ့။ ကျွန်မလေ တကယ့်ကို နားမလည်နိုင်ဘူး။ ရင်ဝမှာ ဆို့ နင့် တင်းကျပ်ပြီး အလိုလို ငိုချင်နေတော့တာနော်။ တကယ်တော့ ရင်ဝမှာ အလွမ်းခဲ ဆို့နေတာ ဆရာရဲ့။ ကိုယ့် ရေမြေကို လွမ်းတဲ့ အလွမ်းခဲ။ ကျွန်မ သူငယ်ချင်းတစ် ယောက် ပြောဖူးတယ်။ သူများ မြေပေါ်မှာ တစ်ပတ်လောက် ကြာရင် ကျွန်မတို့လို ဖြစ်ပြီး တစ်လကြာတော့ တခြား သူတွေကို ကိုယ့်ဆီက ကိုယ့်သူငယ်ချင်း မိတ်ဆွေလို့ ထင်ယောင် ထင်မှား ဖြစ်သတဲ့။ လိုက်ကို ခေါ်မိတာ တဲ့၊ သူပြောတာ မှန်တယ်။ ကျွန်မလေ သူများ မြေပေါ်က စိမ်းညို့ညို့ သစ်ပင်အုပ်တွေ ကို အဝေးက ကြည့်ပြီး မန်ကျည်းပင်တွေလို့ တကယ် ထင်တာ။ ကျွန်မ ခင်ပွန်းနဲ့ ဖုန်းလည်း ပြောရရော သူ့ အသံကြားတာနဲ့ ဘာမပြော ညာမပြော၊ ငိုချ ပစ်လိုက်တာ။ ကျွန်မ ခင်ပွန်းက စိတ်ပူ ပြီး အတင်း မေးတော့မှ ဗလုံး ဗထွေးနဲ့ ကျွန်မက ဘာပြော တယ်မှတ်လဲ။ “မန်ကျည်း ပင်တွေလည်း မဟုတ်ဘူး” တဲ့။

“ကျွန်တော်က ဆရာတို့ အစ်မတို့ထက် ဆိုးတယ်။ လေယာဉ်ပျံပေါ်မှာတင် ၀မ်းနည်း ပက်လက်ဖြစ်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်တာ။ ဘေးက လူတွေက အံ့ အားတွေ သင့်ကြလို့။ ဘာဖြစ်ပါလိမ့်ပေါ့”

ကျွန်မတို့ သုံးယောက် ဘာတွေပြောပြော ကျွန်မ ချစ်မိတ်ဆွေကြီးကတော့ ငိုက်မျဉ်းလိုက်ပါဆဲ။ သူရော၊ ဘယ်နှရက်မြောက်မှာ ဘာတွေကို ဘယ်လိုလွမ်းပြီး ဘယ်ချောင်လေးမှာများ ကြိတ်ငိုခဲ့ပါလိမ့်။ အို ... ကျွန်မ အိပ်မက် ပန်းချီကားဟာ ဖျတ်ခနဲ ပြောင်းလဲသွား ပြန်ပါပြီ။ ကျွန်မတို့ဟာ မန္တလေးပေါက်မြိုင် ဘုန်းကြီးကျောင်းမှာ ထမင်း ၀ိုင်းဖွဲ့စားလို့ နေကြပြန်သတဲ့။ မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေလည်း ပါသတဲ့။ ပြီးတော့ ကျွန်မနဲ့ အကြာကြီး ကွဲကွာနေတဲ့ အင်မတန် ဟင်းချက်ကောင်းတဲ့ ချစ်သူငယ်ချင်း စန္ဒရားဆရာက ကျွန်မ ဘေးမှာတဲ့။ ဟင်းတွေကို ဟိုတုန်းကလိုပဲ ကျွန်မ ပန်းကန်ပြားထဲကို အတင်း ထည့်ပေးနေပြီး ရှက်စနိုး မျက်နှာကြီးနဲ့။

“သူနဲ့ငါ ပြန်တွေ့ပြီ” တဲ့။

“တကယ်လား၊ တကယ်လား” နဲ့ ကျွန်မက ၀မ်းသာအားရ ထအော်တော့

“အော် ဟုတ်ပါတယ်ဆိုမှ၊ လူချင်းတော့ မတွေ့ရသေး ဘူး။ ဖုန်းနဲ့ပေါ့”ဆိုပြီး မျက်နှာကြီးက နူးညံ့သွား လိုက်တာများ။

“စက်တင်ဘာ နှစ်ဆယ့် ခြောက်ရက်ဆိုရင် သူနဲ့ ငါရဲ့ ချစ်သူသက်တမ်း နှစ်ဆယ့် ခြောက်နှစ်ပြည့်ပြီ သိလား။ ငါတကယ် မထင်ပါဘူး။ ဒီ လို ပြန်ဆုံ ရလိမ့်မယ်လို့။ ပြီး တော့ သူဒီလောက် အကြာ ကီးလည်း ငါ့ကို စောင့်နေလိမ့်မယ် မထင်ဘူး။ ငါ့ ဘက်ကတော့ ရှင်းတယ်လေ။ ငါ့ရင်ထဲမှာ တစ်သက်လုံး သူတစ်ယောက်တည်းပဲ ဘယ်လိုကြောင့်ပဲ ကွဲကွာ သွားသွား ငါဘယ်သူ့ကိုမှလည်း ချစ်မှာလည်း မဟုတ်ဘူး။ လက်ထပ်မှာလည်း မဟုတ်ဘူး။ မကြာသေးဘူး။ ဟိုတစ်လောလေးကမှ ငါက ငါ့ကိစ္စနဲ့ စင်ကာပူက သူငယ်ချင်းတစ်ယောက်ဆီကို ဖုန်းဆက်တာ။ သူက အဲဒီအိမ်မှာ ခဏလာလည်ရင်းနဲ့ ဖုန်းကိုင်တဲ့ သူက သူဖြစ်နေတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကွဲ သွားပေမယ့် သူ့အသံကို ငါချက်ချင်း သိသလို ငါ့အသံ ကို လည်း သူချက်ချင်း သိတယ်”

ကြည့်ပါဦး။ လွမ်းစရာ ကောင်းလိုက်တဲ့ အချစ် ၀တ္ထု ကလေး။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်က ရန်ကုန် တက္ကသိုလ် အနုပညာ အသင်း ရဲ့ တက္ကသိုလ် ကျောင်းသား စန္ဒရား ဆရာလေးနဲ့ ကျောင်းသူလေး တစ်ဦးရဲ့ မပြီးနိုင် သေးတဲ့ လွမ်းမောစရာ ဇာတ်လမ်းကလေး။
“အခု ငါပိုက်ဆံစုနေ တယ်။ သူရှိရာကို လိုက်သွားဖို့”

“ဟာ ဘာလို့ ပိုက်ဆံ စုနေတာလဲ။ ချက်ချင်းလိုက် သွားရမယ့်ဟာကို မြန်မြန် လိုက်၊ မြန်မြန်လိုက်၊ ကြားလား”

“အေးပါ”

“ဘာအေးပါလဲ။ ပိုက်ဆံတွေကို အရက် သောက်ပစ် နေတယ် မဟုတ်လား။ ကျွန်မကို ကတိပေး။ သူ့ဆီကို အမြန်ဆုံး လိုက်သွားပါ့မယ် လို့ ။ အရက်ကိုလည်း လျှော့ပါမယ်လို့။ ပြောတာကြား လား”

“အေးပါ၊ အမလေး။ ငါ့နှမလေးရဲ့ ဒီလို ငေါက်သံ ငမ်းသံ မကြားရတာ ကြာလှပြီ။ အရသာ ရှိလိုက်တာ”

ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ၀မ်းနည်းဝမ်းသာ၊ ရယ်မောသံ မဆုံးခင် မှာဘဲ အိပ်မက် ပန်းချီဟာ အလွန်တရာ လျင်မြန်စွာ ပြောင်းလဲ သွားပြန်ပါပေါ့ လား။ ကျွန်မက ကားနောက်ခန်းမှာ ဒေါက်တာသက်နဲ့။ ချစ်စရာ လူငယ်ကလေးက ကားစက် နိုးနေပြီ။ အို နေပါဦး။ ကျွန်မတို့ ဘယ်ကို သွားဦးမှာလဲ။ ကျွန်မ ချစ်မိတ်ဆွေကြီးနဲ့ ကျွန်မ သူငယ်ချင်း ကျွန်မ ခေါ်ခဲ့ချင်တယ်။ တခြား သူငယ်ချင်းတွေနဲ့လည်း စကား ပြောလို့ မ၀သေးဘူး။ ဗြုန်းခနဲဆို ကျွန်မဘေးက ကားမှန်ကို ကပျာကရာ ချပြီး ခေါ်မယ်လုပ်တော့ သူတို့က “ကဲ... သွားတော့ နော်” ဟင့်အင်း၊ ကျွန်မနဲ့ လိုက်ခဲ့ပါ။ ကျွန်မ သူငယ်ချင်းက ကားထဲကို ကိုင်းကိုင်းပြီး တစ်ခုခုပြောတယ်။ ဘာပြောတာပါလိမ့်။

“ငါလေ၊ တစ်ကိုယ်ရေ တစ်ကာယ ဆိုတော့ အလုပ် မလုပ်တာ ကြာပြီ။ သူငယ်ချင်းတွေနဲ့ ဒီလိုပဲ နေတာ။
အခု ငါအလုပ် ပြန်ဆင်းမယ် သိလား၊ ငါ နင်လိုချင်တာလေးတွေ ၀ယ်ပေးချင်လို့၊ ဘာတွေ လိုချင်လဲ ငါ့ကို ပြော”

သူ ကျွန်မကို ငိုအောင် လုပ်ပြီ။ ကျွန်မ ချစ်မိတ်ဆွေ ကြီးက ရွှေပြည်စိုး ဆေးလိပ်တိုကို လက်ကြားမှာ အကြောင်း မဲ့ခါနေရင်း ကျွန်မမျက်ရည် တွေကို မမြင်ရက်သလို မျက်နှာလွှဲလို့။ သူတို့ နှစ်ယောက်ရဲ့ လက်တွေကို ကျွန်မက တင်းတင်းကျပ်ကျပ် ဆုပ်ထားမိတယ်။ ကားစက်သံက တ၀ူးဝူး မြည် လာပြန်ပြီ။ ခဏနေပါဦး၊ ဒေါက်တာသက်ရဲ့။ ဗြုန်း ဆို၊ ဆုပ်ထားတဲ့ ကျွန်မတို့ လက်တွေ ပြုတ်ထွက်သွား ခဲ့ပြီ။ ကားကလေးက မြား ကလေးလို ပြေးလို့။ သူတို့က ကျွန်မနဲ့ တဖြည်းဖြည်း ဝေးလို့ ကျန်ခဲ့ပေါ့။ အိပ်မက်ဆိုတာ ဒီလို ချည်းပါပဲလေ။ သြော်... မျက်ရည်လူးတဲ့ တစ်ခုသော အိပ်မက်ကနေ ကျွန်မ တစ်ယောက် နိုးရပြန်ဦးတော့မယ်။



နုနုရည်အင်းဝ

မာတိကာ


statistics

web tracker