from ရွှေအမြုတေ February 2010
အမေ ကျွန်တော် သစ္စာပြုပါသည်
နေဇင်လတ်
“မေမေကြီး လေဖြတ်ချင်သလား မသိဘူး”အမေ့ အခန်းထဲ အပြေးအလွှား ၀င်ကြည့်တော့ အမေ့ပါးတစ်ခြမ်း ခပ်ရွဲ့ရွဲ့ဖြစ်နေ၏။ ကမန်းကတန်း ဆေးရုံ ပို့ရသည်။ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းမင်းသစ်နှင့် ပါမောက္ခ ဒေါက်တာဒေါ်မေမြ၀င်းတို့က စေတနာများစွာနှင့် အမေ့ကို ကြည့်ပေးကြသည်။
နောက်ရက်မှာ CT Scan ဆွဲသည်။ အာရုံ ကြောကြီး သုံးခု ပိတ်သွား သည်တဲ့။ အမေ စကား မပြော နိုင်တော့၊ ဘယ်ဘက် တစ်ခြမ်းလုံး လည်း လှုပ်ရှား ၍ မရ၊ ဘမောင်ကို တွေ့တော့ အမေက ငွေ့ငွေ့လေး ကြည့်ရှာသည်၊ တစ်စုံ တစ်ရာ ပြောလိုဟန် ရှိသည်၊ သို့သော် အမေ့ ပါးစပ် က လုံးဝ လှုပ်လို့ မရ။
“အမေ နေကောင်းလား”
မျက်တောင် ခတ်ပြ ရှာသည်။
“အမေ ဘာမှ မပူနဲ့နော်၊ အကောင်းဆုံး ဆေးတွေ ပေးထားတယ်၊ လေးငါးရက်ဆို ဆေးရုံက ဆင်းရမယ် ပြောတယ်”
အမေ အားရှိအောင်သာ ပြောရသည်။ ဘမောင် အသံက မသွက်တတ်ချေ။ အမေ မျက်တောင် မခတ်ပြချေ။ ဘမောင်ကိုသာ ရီဝေစွာ မျက်တောင် မခတ်တမ်း လိုက်ကြည့်နေ၏။ အမေ့ ရီဝေသော အားငယ်သည့် အကြည့် ကိုဘမောင် မမြင်ရက်။ တစ်စုံတစ်ရာ ပြောလို သော်လည်း ပြောမထွက်၊ လှုပ်လို သော်လည်း လှုပ်မသွက်သော အမေ့ အဖြစ်ကို ဘမောင် နင့်စွာ ခံစား ရပါသည်။ စကား မပြောနိုင်သော အမေ မည်သို့ ခံစား နေရ ပါသနည်း။ အမေ့ကို ချစ်သော သားတစ်ယောက်၏ ခံစားမှု ကိုလည်း ကိုယ်ချင်းစာ နိုင်ပါလိမ့်မည်။
ဘမောင်တို့ ဆယ်ကျော်သက်မှာ အဖေ တိမ်းပါး ခဲ့သည်။ ဘမောင်က အကြီးဆုံး၊ အငယ်ဆုံးက ညီမလေး ၀တ်ရည်၊ အလယ်က ညီနှစ်ယောက်၊ စစ်ပြေး ဘ၀ဖြင့် ပညာကို ဆုံးခန်း တိုင်အောင် သင်ကြားခွင့် မရခဲ့ လိုက်သော အမေသည် အဖေ မရှိသည့် နောက် ဘမောင်တို့ မောင်နှမ လေးယောက်ကို လူ့လောက ကြီးတွင် မျက်နှာမငယ် အောင် ကြိုးစား ထားပေး ရှာသည်။ ပညာတွေ ဆုံးခန်းတိုင်အောင် သင်ပေးခဲ့သည်။ ကိုယ် မိဘအရွယ်ပြန်ရောက်သည့် အခါမှ အမေ့ရုန်းကန်လှုပ်ရှား၊ ပင်ပန်း ခဲ့ရမှု တို့ကို ပြန်ပြီး စေ့စေ့ငုငု ကိုယ်ချင်းစာဖြစ်ခဲ့သည်။ ပညာတွေတတ်ခဲ့သော ယောက်ျားတစ် ယောက်၏ ကြိုးစားမှုထက်၊ ပညာမပြည့်စုံခဲ့သော မုဆိုးမတစ်ဦး၏ ကြိုးပမ်းမှုက များစွာ ကြမ်းတမ်း၊ ခက်ထန်ခဲ့ပါလိမ့်မည်။ ပြည့်စုံသော ဘ၀ဖြင့် အလိုမကျသည့် အခါ သားသမီးတို့အပေါ် ဘမောင်တို့ မျက်နှာထားခပ်တင်းတင်း တစ်ခါတစ်ရံ ထားခဲ့ဖူးသည်။ ပြည့်စုံသည်ဟု မဆိုသာသော ဘ၀ဖြင့် ဘမောင်တို့ မောင်နှမလေး ယောက်၏ ဒုက္ခ အဖုံဖုံ အတွက် အမေ့ မျက်နှာထား ပြောင်းဖူးသည်ဟု တစ်ခါမျှမမှတ် သားမိခဲ့။ အမေသည် ဘမောင်တို့ သားသမီးများနှင့် ပတ်သက်လာလျှင် အမြဲတမ်း အပြုံးဖြင့် နေပြ တတ်သူ ဖြစ်သည်။
တစ်ခါမျှ ရင့်ရင့်မာမာ၊ ဆူဆူငေါက်ငေါက် မရှိခဲ့ရှာ၊ တောင်းတိုင်း ပေးတတ် သောအမေ၊ နွဲ့တိုင်းကျတတ်သော အမေ၊ လေးယောက်သား တစ်ယောက်တစ်ပေါက် ကို အမြဲ အပြုံးဖြင့် ဖြည့်ဆည်း ပေးတတ်ရှာသော အမေ ဖြစ်ပါသည်။ အရွယ်ငယ်ငယ် မုဆိုးမဘ၀တွင် ကမ်းလှမ်းသူများရှိသော်လည်း၊ သား သမီး များမျက်နှာ ထောက်၍ ခပ်ရဲရဲ ပယ်ငြင်းခဲ့ပြီး ဘ၀ကို အားမတန်ဘဲ ရုန်းကန်ဖြတ်ကျော် ခဲ့သောအမေလည်း ဖြစ်သည်။ ဘမောင်တို့ကို အမေ မွေးရကျိုး၊ ကျွေးရကျိုး နပ် သည်၊ မနပ်သည်တော့ မသိ။ ဘမောင်တို့အတွက် အမေသည် တော်ရကျိုးတော့ တိုင်းထက် လွန်ကျော်အောင် “နပ်”ရပါသည်။
ညဥ့်နက်သန်းခေါင်မှ ပြန်လာတတ်သော ဘမောင်အတွက် အိပ်မှုန်စုံမွှားဖြင့် အမေ အပြုံးမပျက် တံခါးဖွင့်ပေးတတ်သလို၊ အပေါင်းအသင်းများ၍ လောင်းကစား ခုံမင်သော ညီအငယ်အတွက်လည်း အမေသည် တိုးတိုးတိတ်တိတ် ကြိတ်၍ကြိတ်၍ ထုတ်ပေးတတ်၏။ ပညာရေးအားနည်းသော သူ့သမီးငယ်အတွက်လည်း အမေသည် ပူပန်မှုများစွာဖြင့် စိုးရိမ်တကြီး ရှိတတ်ပြန်သည်။ ဟင်းကောင်းစားတတ်ပြီး အပျော့ ဆွဲ-ဆွဲတတ်သော သူ့သားအလတ်အတွက်လည်း အမေက မမောတမ်းဖြည့်ဆည်း ပေးတတ်ပြန်သည်။
လေးယောက်၊ လေးမျိုးသော သဘာဝ ရှိသည့် သားသမီးတို့ကို လူလားမြောက်ရန် အမေ မုဆိုးမကြီးသည် အပြုံးတစ်ချက်မပျက်၊ အမျက်တစ်စက် မပြဘဲ ဘ၀၏ လေဒဏ်၊ လှိုင်းဒဏ်တို့ကို ကြံ့ကြံ့ခံရင်း ပြုစုပျိုးထောင်ပေးခဲ့ပါ၏။ အမေ့ ဒုက္ခ နည်းသည် မဟုတ်။ သားသမီးတို့ အပေါ် တော်ရုံ မေတ္တာဖြင့် ဤဒုက္ခမျိုးကို ရင်မဆိုင်နိုင်။
အဖေ စီးပွားပျက်တုန်းက တွန့်ဆုတ်ခြင်း အလျှင်းမဲ့စွာ အမေက သူ့ရွှေတွေ ထုတ်ပေးခဲ့သည်။
“အမေ မနှမြောဘူးလား”
“ဘာတတ်နိုင်မှာလဲ သားရယ်၊ ဘ၀ဆိုတာ သည်လိုပဲပေါ့”
“ဘ၀”ဟူသော စာလုံးနှစ်လုံးကို ဘမောင်တစ်သက်တွင် မှတ်မှတ်ထင်ထင် အမေ့ထံမှ စတင် ကြားဖူးခဲ့ခြင်း ဖြစ်သည်။
အဖေဆုံးတော့ အမေ့ မျက်ရည်တို့ အတောမသတ် တသွင်သွင် စီးဆင်း ၏။ ဘမောင်တို့မောင်နှမတွေ အမေ့ နားရောက်လာလျှင် ကပျာကယာ မျက် ရည်သုတ်တတ်သော အမေ့ မျက်ဝန်းတို့တွင် မျက်ရည်စ အနည်းငယ် ကိုမျှသာ တွေ့တတ်သည်။ သားသမီးတွေ ပို၍ အားငယ်မည်ကို မလိုလားသော အမေ သည် သူကျချင်သော မျက်ရည်တို့ကိုပင် ကျခွင့်မပေးခဲ့။
အမေသည် ဘမောင်တို့ အတွက် ဤသို့သော အမေ ဖြစ်ချေသည်။
လူလားမြောက်၍ လုပ်ငန်းခွင်ထဲ ၀င်ကြသည့်အခါ ဘမောင်တို့ တစ်နယ် တစ်ကျေး ဖြစ်ကုန်ကြသည်။ အမေ သည် သူ၏အငယ်ဆုံးသမီးနှင့်နေဖြစ်ခဲ့ ရှာ၏။ တော်ရုံ ဖုန်းမဆက်၊ ပြန်မလာရှာ တတ်သော ဘမောင်နှင့် တွေ့သည့်အခါ “သားကြီးရယ်၊ ဖုန်းလေး ဘာလေး လောက်တော့လည်း ဆက်ဦးမှပေါ့။ ဖျားသလား၊ နာသလား၊ အမေ စိတ်ပူ နေလိုက်ရတာ ပင်ပန်းလွန်းတယ်”
ထိုသို့ အမေက ကရုဏာဖြင့် ပြောတတ်ရှာသည်။ အမေ့ မေတ္တာသည် ဘမောင်တို့၏ အသက်အရွယ်နှင့် သိပ်အချိုး မကျလှချေ။ ရင်ခွင်ထဲ၊ ပုခက်ထဲ တုန်းကအရွယ်ကဲ့သို့ပင် အမေ့ ကရုဏာက အမြဲလန်းဆန်းလျက်ရှိနေပါသည်။ ဈေးကွက် စီးပွားရေးတွင် ကိုယ် စားလှယ်လုပ်ငန်းများရ၍ ဘမောင်တို့ အတော်ကြီး အဆင်တပြေဖြစ်ခဲ့သည်။ အမေ့ကို တစ်စုံတစ်ရာဖြင့် ကန်တော့ ဖြစ်၏။ “သား မင်းပဲပြန်ယူသွားပါ။ အမေက အသက်ကြီးပြီ။ လုပ်ငန်းရှင်တွေ ငွေလိုတတ်တယ်ကြားတယ်၊ လိုရင် ပြောဦး၊ အားမနာနဲ့” အရွယ်ရောက် အိမ်ထောင်ကွဲ ဟူသည် အမေ့ ဒဿနတွင် မရှိ၊ လူပျိုနှင့် အိမ်ထောင်ကွဲကို အမေခွဲ၍လည်းမမြင်။ အမေသည် တပ်မက်မှုလည်း အလျှင်း မရှိ။ ဘာလိုချင်ပါသည်ကို မပြောဖူးခဲ့။ ပေးဆပ်ခြင်း တစ်ခုတည်းဖြင့် ရှင်သန်သူ ဖြစ်သည်။ အရွယ်ရောက်၊ အတောင် စုံသူကိုပင် အိုကြီးအိုမ အမေက ဖြည့်ဆည်းချင်ရှာနေသူ ဖြစ်သည်။
အဆန်စိတ်ကြီးသော အမေ။
ဖြည့်ဆည်းခြင်းဖြင့် ရှင်သန်သော အမေ။
ပေးဆပ်ခြင်းများစွာဖြင့် သူ့ဘ၀ကို ထုဆစ်နေသော အမေ။
ကိုယ်က လင့်ခရုဇာစီးပြီး အမေ့ကို အားဆေးလောက်ဖြင့် ကန်တော့ခဲ့သော ဘမောင်ကို အမေက အပြုံးများစွာဖြင့် ဆုတွေ တစ်ထမ်းကြီး ပေးတတ်သလို၊ နယ်ခြား နိုင်ငံတစ်ခုက သူ့သားပို့ပေးသော ငွေစတချို့ကိုလည်း ရွှေဝယ်ပေး ပြီး သီးခြား သိမ်းပေးထားတတ်သော အမေ ဖြစ်သည်။
“အမေ့အတွက် ဘာမှမလိုပါဘူး၊ အမေရှိသေးတာကို သိတတ်တာတစ်ခု နဲ့ပဲ ကျေနပ်နေပါပြီ”
အမေ့စကားတွင် ဟန်ဆောင်မှု၊ ဖုံးကွယ်မှု၊ ဖြေသိမ့်မှု အလျှင်းမပါ။သန့်သောစကား၊ ရိုးသောစကား၊ စင်း သောစကားများသာ ဖြစ်သည်။
ဘမောင်တို့အရွယ်ရ၊ သားသမီး တွေကိုယ်စီဖြစ်လာသောအခါ အမေ့ ရင်ငွေ့လှုံခဲ့ရစဉ်ကို ပြန်ပြောင်းအမှတ်ရမိ သည်။ ကိုယ့်သားသမီးတွေ ကိုယ့် အပေါ်တုံ့ပြန်မှုနှင့် အမေ့အပေါ် ဘမောင် တို့လေးယောက်သား တုံ့ပြန်မှုတို့ကို တွေးမိလာသည်။
“ရေသည် မြင့်ရာမှနိမ့်ရာသို့ အမြဲ စီးဆင်း၏”တဲ့။
အချို့က ဤသို့ခံယူကြသည်။
မေတ္တာသည် ရေမဟုတ်၊ သိတတ် မှုသည်လည်း ရေမဟုတ်၊ ကျေးဇူး တရားသည် ကမ္ဘာ့ဆွဲအားနှင့် လားလား မှ မဆိုင်။
မွေးကျေးဇူး၊ ကျွေးကျေးဇူးတို့ အပေါ် စာနာမှု၊ တုံ့ပြန်မှုတို့သည် သိ တတ်မှု၊ နားလည်နိုင်မှုနှင့်သာ ဆိုင်ပါ သည်။ အမေသည် အရွယ်ရလာပြီဖြစ် ၏။ မုဆိုးမဘ၀ဖြင့် သားသမီး လေး ယောက်တို့အပေါ် အပြုံးမပျက်၊ တစ် ချက် မငြူစူဘဲ လောကဓံတရားကို အပြုံးဖြင့် ရင်ဆိုင်ကျွေးမွေးခဲ့သော အမေ့အတွက် ဘမောင်တို့ တစ်စုံတစ်ရာ ကျေးဇူးပေးဆပ်နိုင်ခဲ့ပါပြီလား၊ အမေ့ နို့တစ်လုံးဖိုး အသာထား၊ အမေ့နို့ တစ် စက်ဖိုးမျှရော သိတတ်မှုတွေရှိခဲ့ပါပြီ လား။
တချို့ကား ဆန္ဒရှိသော်လည်း အခြေအနေမပေး။ တချို့ကား အခြေအနေ ပေးသော်လည်း ဆန္ဒမရှိ။ တချို့ကား ဆန္ဒလည်းမရှိ၊ အခြေ အနေလည်း မပေး။
အခြေအနေ ပေးသော်လည်း ဆန္ဒ မရှိလျှင် ထိုသောသားသည် “သား မည်မဟုတ်” နိုင်၊ ထို့ထက် မိုက်သော သားသည်ပင် ထိုမျှမမိုက်။
ဝမ်းစပ်ရသော သားနှင့် မွေးရကျိုး နပ်သောသားတို့တွင် ဖြစ်နိုင်လျှင် မွေးရ ကျိုးနပ်သောသားမျိုးသာ ဖြစ်သင့်ကြ သည်။ ဘမောင်တို့အပေါ် ယူခဲ့ရရှာ သော အမေ့တာဝန်သည် ကြီးမားလှ၏။ ပညာရေး၊ စာရိတ္တ၊ လူတစ်လုံး သူတစ်လုံး ဖြစ်ပါ့မလားစသဖြင့် ပူပန်မှု တွေဖြင့်ယူခဲ့ရသော တာဝန်မျိုးဖြစ် သည်။ ကိုယ့်အလှည့်ကျ ဤတာဝန်များ ရှိသည် မဟုတ်၊ ပူပန်မှု အလျှင်းမရှိရဘဲ “သိတတ်မှု” လေးတစ်ခုမျှဖြင့်သာ နှမ်း ဖြူး ကျေးဇူးဆပ်နေရခြင်း ဖြစ်သည်။ ထိုသော သိတတ်မှုလေးကိုမျှ ကောင်းစွာ စိတ်မထားနိုင်ခဲ့လျှင်။
အမေ့အသက် ရှစ်ဆယ်ကျော်ပြီ။ ကြွက်သားတို့ မထိန်းနိုင်တော့၍ ဆီး၊ ၀မ်းသွားသည်ကိုလည်း မသိတော့။ ပါးစပ် လှုပ်မရ၍ အစာကို နှာခေါင်း ပိုက်တစ်ချောင်းဖြင့် ဖြည့်ဆည်းနေရ သည်။ ဆီးမထိန်းနိုင်တော့၍ ဆီးပိုက် တစ်ချောင်းလည်း တပ်ထားရသည်။ ပေးသင့်သောဆေးတို့ကိုတော့ အပြည့် အ၀ ပေးထားနိုင်၏။ နေ့၊ ည ကြမျန တို့ဖြင့် မပြတ်ရှိစေသည်။ မနက် ရုံး မသွားမီ တစ်ကြိမ်၊ ညနေရုံးပြန် တစ်ကြိမ် အမေ့ထံ ဘမောင် တစ်နေ့ နှစ်ကြိမ်ဝင်သည်။
တတ်သလောက်မှတ်သလောက် အာရုံပြု၍ ၀န်းကျင်နှင့် ဆေးရုံတွင်း ၀န်ထမ်းများ၊ လူနာများကို မေတ္တာပို့ဖြစ်၏။ အမေ့အတွက်လည်း ဆုတောင်း ပေး၏။ ညီနှင့် ညီမလေး ကလည်း တစ်ယောက် မဟုတ် တစ်ယောက် အမေ့ အနား နေပေး၏။
“အမေ နေလို့ကောင်းရင် လက်ညှိုးထောင်”
စကား မပြောနိုင်သော အမေ့ကို လှုပ်ရှားမှုရရန် ညီမလေးက ဘေးက ပြောပေးသည်။ လှုပ်ရသော ညာဘက် လက်ညှိုးလေးကို အားယူ၍ အမေ ထောင်ပြရှာသည်။ သားသမီးတို့ကို စိတ်ချမ်းသာစေလို၍ ကြိုးစား ထောင်ပြ ရှာသည်လား မသိပါ။ အမေသည် သူ့ ဒုက္ခ၊ သူ့ဝေဒနာတွေထက် သားသမီးတို့ စိတ်ချမ်းသာစေခြင်းကို ဦးစားပေး တတ်သူ ဖြစ်သည်။
မပြောနိုင်ရှာသော အမေသည် ဘမောင်ကိုရီဝေစွာ မျက်တောင်မခတ် ကြည့်နေရှာသည်။ အမေ ပြောချင် သည်တို့ကို ဘမောင် အဓိပ္ပာယ်မဖော် တတ်။ ဘမောင် အာရုံပြု မေတ္တာ ပို့နေသည်ကို မျက်တောင်မခတ် ကြည့်နေ တတ်သလို အမေ့ဘေးတွင် ထိုင်၍ အားပေးလျှင်လည်း မျက်လုံးမရွေ့ ကြည့်နေတတ်ပြန်၏။
အမေ့အကြည့်သည် အင်အားမရှိ၊ ရီဝေနေ၏။ ခပ်ငွေ့ငွေ့မျှသာနှင့် အားငယ် ရှာသည်ထင်သည်။ ဆေးရုံတွင်ပင် ရက် ၄၀ ကျော်ကြာခဲ့သော အမေသည် ထူးခြားစွာ တိုးတက် မလာတတ်သေး။ အကောင်းဆုံးပြုစုနိုင်သည်မှ လွဲ၍ ဘမောင် ပို၍မတတ်နိုင်၊ သတ္တ၀ါတို့ သည် “ကံ” စီမံရာဖြစ်သည်။ သို့သော် “သစ္စာ”သည် အစွမ်းထက်သည်ဟု မှတ်သားဖူး၏။ ကြိုးစားကြည့်သင့် သည်ဟု ဘမောင် ထင်သည်။
အမေ့ ဘေးနားက ခုံမှာ ဘမောင် ထိုင်လိုက်သည်။ အမေ့ လက်ကိုကိုင်၍ အာရုံပြု၏။ စိတ်ကို အတတ်နိုင်ဆုံး သန့်ရှင်းစွာ ထား၍ အနန္တသတ္တ၀ါ အားလုံးကို မေတ္တာ ပို့လိုက်သည်။ ရင်ထဲမှ လှိုက်လှဲစွာ၊ လေးနက်စွာ၊ ဖြူစင်စွာဖြင့် “ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတည်းဟူသော အနန္တဂိုဏ်း ၀င်တို့၏ ကျေးဇူးတော်ကို အကြွင်းမရှိ ယုံကြည်သူဖြစ်ပါ၏၊ အထူးအားဖြင့် မိခင်ကြီး၏ ကျေးဇူးကို အလေးအနက် ခံယူ သူလည်း ဖြစ်ပါသည်။ ထိုကျေးဇူး ကို ဤဘ၀၊ ဤအချိန်တွင် ပြင်းပြစွာ ပြန်လည် ပေးဆပ်လိုပါ၏။ ဤမှန်ကန် လေးနက်သော သစ္စာ စကားကြောင့် မိခင်ကြီး၏ကျန်းမာရေး အမြန်ပြန် ကောင်းမွန်ကာ၊ မိခင်ကြီးရှည်နိုင်သော အသက်တို့ကို မိမိ၏ ကျန်သော အသက်မှ နုတ်လျော့ စွန့်လွှတ် ပူဇော် ကျေးဇူးဆပ် နိုင် ရပါ စေသား” ဆုံးသည်နှင့် ရင်ထဲမှ လှိုက်တက်လာ၏။ ၀မ်းသာပီတိတို့ဖြင့် လှိုက်တက်လာခြင်း ဖြစ်သည်။ မတူသော ပီတိတို့ကို ခံစားဖြစ်ရသည်။ ပြင်းပြသောဆန္ဒတို့ ဖြည့်တင်းခံရသလို ကျေနပ်မိသည်။ ကိုယ့်မျက်လုံးကိုယ် ဖြည်းဖြည်းချင်း ဖွင့်ဖြစ်လိုက်သည်။ ကိုင်ထားသော အမေ့လက်က ဘမောင် ကို ခပ်တင်းတင်း ဆုပ်လိုက်သည်ကို ဦးစွာ သတိထားမိသည်။ မပီကလာ ပီကလာ အမေ့အသံကို ဗလုံးဗထွေး ခပ်သဲ့သဲ့ စတင်ကြားလိုက်ရ၏။
“သား... ကြီး... အိမ်... ပြန် တော့...လေ။ နောက်ကျ...နေပြီ”
နေဇင်လတ်