from February 2010 ပေဖူးလွှာ မှ ..
ထုံတုံတုံ အတတ
ဝင်းဦး
ကန့်ကော်လမ်း ကလေးများပေါ် တစ်ယောက်ထီး လျှောက်ရပေဦးမည်။ ယနေ့ နက်ဖြန် ဆိုသလို တက္ကသိုလ်လည်း ပြန်ဖွင့်တော့မည် ဖြစ်သောကြောင့် ညီမောင်၏ ပင့်ကူ အိမ်ချစ်ဝင်္ကပါကိုလည်း ပြန်၍ ဖွင့်လှစ်ဆန်းသစ်ရပေဦးမည်။
ဝါဆိုဝါခေါင် ရေဖောင်ဖောင်ပြီးသည်မှ တဆောင်းသစ်သစ် ငွေလွှာအစ်ကြီးကို ဖွင့်လှစ်၍ ငွေမှုန်တွေ တလွှင့်လွှင့် ထုတ်ကြဲသည့်ကာလတွင် အသည်းကွဲဇာတ်လမ်းတွေကို မြောက်လေနှင့်အတူ တစ်ကိုယ်တော် သမားတွေ အတွက် တီးတိုးသစ္စာထားပြော ကြားချင်ပါသည်။
ဆုံးပြီးသား ဇာတ်လမ်း တစ်ပုဒ်ပုဒ်ကို ပြန်ပြီးစလျှင် “ရှေးသရော အခါက” ဟု ပဏာမ ပျိုးရသည်ချည်း တွေ့ဖူးပါသည်။ သို့သော် ယခု ဇာတ်လမ်းကား ထိုသို့ စ၍မဖြစ်ပေ။ မသင့်လျော်ပေ။ စပ်အပ်ခြင်းလည်း မရှိပေ။
“ယုန်နှင့် လိပ်ကို ပုံပြဆို ထိုထိုမှတ်ကြရန်”ဟူသောပုံပြင်အစ လင်္ကာသားကို ကြားဖူးသလား အစ်ကိုလေး။
“ထုံတုံတုံအတတ ဂွကျတဲ့ ကိုလူပျို၊ ချစ်ရေးစလို့ သူကမဆို”ဟူသော ခေတ်ပေါ် သီချင်းကို ကြားဖူးသလား အစ်ကိုလေး။ဝါဆိုဝါခေါင် ရေဖောင်ဖောင်ပြီးသည်မှ တဆောင်းသစ်သစ် ငွေလွှာအစ်ကြီးကို ဖွင့်လှစ်၍ ငွေမှုန်တွေ တလွှင့်လွှင့် ထုတ်ကြဲသည့်ကာလတွင် အသည်းကွဲဇာတ်လမ်းတွေကို မြောက်လေနှင့်အတူ တစ်ကိုယ်တော် သမားတွေ အတွက် တီးတိုးသစ္စာထားပြော ကြားချင်ပါသည်။
ဆုံးပြီးသား ဇာတ်လမ်း တစ်ပုဒ်ပုဒ်ကို ပြန်ပြီးစလျှင် “ရှေးသရော အခါက” ဟု ပဏာမ ပျိုးရသည်ချည်း တွေ့ဖူးပါသည်။ သို့သော် ယခု ဇာတ်လမ်းကား ထိုသို့ စ၍မဖြစ်ပေ။ မသင့်လျော်ပေ။ စပ်အပ်ခြင်းလည်း မရှိပေ။
“ယုန်နှင့် လိပ်ကို ပုံပြဆို ထိုထိုမှတ်ကြရန်”ဟူသောပုံပြင်အစ လင်္ကာသားကို ကြားဖူးသလား အစ်ကိုလေး။
ညီမောင်၏ မရိုးမဆန်း ဗရမ်းဗတာ ဇာတ်လမ်း တစ်ပုဒ်ကို ထိုသို့ စချင်ပါ၏။
_ _ _
“ကျောင်းပိတ်ထားတုန်း တို့တစ်တွေနဲ့ လိုက်ပြီး ဟိုနား ဒီနား သီချင်း ဆိုပါဦးလား”
အစ်ကိုလေးသည် ပြည်လမ်း အသံလွှင့်ရုံသစ်ကြီး၌ တစ်နေ့ ဆုံမိကြရာ၌ ညီမောင့်ကို ဤသို့ ရယ်ကာ မောကာ ပြောခဲ့သည်။ အစ်ကိုလေး၏ ညီတော်မောင် ဂီတ လုလင် မောင်ကိုကိုကလည်း “တစ်နှစ်က ရွှေတိဂုံ ဘုရားပေါ် မှာ မင်းလာ ဆိုသွားတယ် မဟုတ်လား။ မိန်းကလေးတွေက အဲဒီလူကို နောက် ဘယ်တော့မှ မခေါ်ပါနဲ့တဲ့ကွ”ဟု ကြားဝင်တောကာ နောက်ပြောင်လေသည်။ အစ်ကိုလေးတို့က ကုန်ပစ္စည်း ကြော်ငြာခန်း အတွက် လာ၍ အသံသွင်းခြင်း ဖြစ်ပြီး ညီမောင်ကမူ မိတ်ဆွေများ ဖြစ်သော “ဂီတနှမ်းဖတ်ချဉ်” အဖွဲ့သားများနှင့် ယောင်ပေါင် လိုက်လာခြင်းဖြစ်သည်။ သည်းခံပါ အစ်ကိုလေး။ အမှန် စင်စစ်က ညီမောင်ကသာလျှင် ထိုသူများ အဖွဲ့ကို ၀ိသုကြုံ လုပ်ကာ လိုက်ပို့ခြင်း ဖြစ်ပါသည်။ ညီမောင် ၀ိသုကြုံ လုပ်သည် ဆိုသည်နှင့် အစ်ကိုလေးက သိပြီး ကျွမ်းကျင် အပြုံးမျိုး ပြလိမ့်မည် ဖြစ်ကြောင်းကိုလည်း ညီမောင် သိပါသည်။ ထို့ပြင် ကြင်စရာ၊ မင်စရာ ခင်ကညာ ကလေး တစ်ယောက်ကို အဖွဲ့တွင်ပါ သေးသည်ဟုလည်း ညီမောင် မျက်လွှာချကာ ခပ်မဆိတ်နေခြင်းဖြင့် ၀န်ခံမိသည်ကိုလည်း အစ်ကိုလေး ရိပ်မိပြီးဖြစ် ကြောင်း ညီမောင် နားလည်ပါသေးသည်။ အညာအ၀ါးအဖြန်း အသန်းတွင် ကမ်းကုန်အောင် တတ်ကျွမ်းပြီး ဖတ်စစ်ကလပ် နံပါတ်ဝမ်း “သမိန်ဗရမ်း” ကလေးပြီပြီ ဖြစ်ပေသော ညီမောင့်ကို အစ်ကိုလေး ခွင့်လွှတ် သည်းခံလိမ့်မည်ဟု ညီမောင် ယုံကြည်ပါသည်။
“ကျောင်းပိတ်ပေမယ့်လို့ အစ်ကိုလေး ညီမောင်က အလုပ်များသားကလား။ ဒါပေမဲ့ ဟဲ ဟဲ အစ်ကိုလေးတို့ ရုပ်ရှင်တွေ ရိုက်နေကြတယ်ဆို ညီမောင် အသံသွင်း ကားတွေမှာ နောက်ခံ ဆိုပေးလို့ မရဘူးလား။ ညီမောင်က ထင်ပေါ် ကျော်ကြားချင်တယ် ခင်ဗျာ အဟဲ”
ညီမောင်က ထိုသို့ ပြက်ချော်ချော် ပြောသောအခါ အစ်ကိုလေးက
“ငါ့ညီနဲ့ ကိုက်မထင်ပါဘူးကွာ။ မင်းကလည်း သီချင်းဆိုမှပဲ ထင်ပေါ် ကျော် ကြားတော့မတဲ့လား တကတဲ” ဟု ကျိန်းစပ်စပ် ကလေး ပြောပါသည်။ ညီမောင့်အကြောင်း နောဧက နောကျေနေသော မောင်ကိုကိုကမူ “အစ်ကိုလေးရာ ၀င်းအောင် အကြောင်းများ မသိတာလိုက်လို့၊ နေရာတကာ မြှော့သွေးစမ်းချင်နေတဲ့ အကောင်။ မေရယ် အနား လာကွယ်၊ အဝေးကြီးမသွားနဲ့ နော်အော့ ဟော်ဟော်ဆိုတဲ့ သီချင်းမျိုးနဲ့ တစ်မျိုးတစ်ဖုံ စစ်မျက်နှာသစ် ဖွင့်ချင်လို့ ဖြစ်မှာပေါ့”ဟု အဖွင့်ကျမ်း ရှင်းတမ်းထုတ်သည်။ ဟုတ်ရာ မှန်ရာကို ဆို၍ ညီမောင် ကျွဲမြီး တိုရပါသည်။
ထိုအခါတွင်“ဟ ၀င်းအောင်က ဘယ်လိုလဲ။အတွယ် အတာ မရသေးဘူးလား”ဟု အစ်ကိုလေး ကောက်ကာ ငင်ကာ မေးပါသည်။
“နေမြဲပဲပေါ့ အစ်ကိုလေးရဲ့”
“မင်းက ရွေးလွန်းတယ် ထင်ပါရဲ့။ သြော် အေး ငါ့နှယ် မေ့လိုက်တာ မင်းမှာက ကျောင်းသားပဲ ရှိသေးတာကိုး”
အားလုံး ရယ်ကြပါသည်။ ပြီးနောက် အစ်ကိုလေးတို့လည်း ညီမောင့်ကို နှုတ်ဆက်ကာ အသံလွှင့်ရုံမှ ထွက်ခွာ သွားကြပါသည်။ မသွားမီ “ငါ့ညီက သိပ်စွန်တော့ ငသိုင်း များဟင်းဟုန်သလို ဖြစ်နေတယ်နဲ့ တူတယ်။ ခုကတည်းက ဘ၀ကြင်ဖော် ရည်မှန်း ထားချင်ရင်လည်း ရေပေါ် လျှပ်တိုက် မပြေးနေနဲ့၊ ၊ကျောက် ဆူးချလိုက်တော့”ဟု သတိပေး သွားလေသည်။ ညီမောင့်မှာ ပြုံးရပါ၏။
ညီမောင်ကား တက္ကသိုလ် ကျောင်းသားကြီး ဖြစ်၏။ တက္ကသိုလ် ကျောင်းသားဟု ဆိုပေသော်လည်း အများ တကာနှင့် မတူ ဘီအေဘီအယ်လ် ဘာညာနှင့် အမြီးတွေ တသီတတန်းကြီး ရှိသော တက္ကသိုလ် ကျောင်းသားကြီး ဖြစ်ပါသည်။ လောလောဆယ် ဆယ်ညီမောင် မဟာဝိဇ္ဇာတန်းကို တက်၍နေ၏။ တက္ကသိုလ် သံသရာတွင် ကျင်လည်ခဲ့သည် နှစ်များကား မနည်းပြီ။ ရှေ့ဆက်၍ ကျင်လည်ရန်လည်း နည်းလမ်းများ ရှာဖွေထားသူ ဖြစ်ပါသည်။ တက္ကသိုလ်ကို ညီမောင်စွန့်ခွာ သွားလိုသည့် ဆန္ဒလည်း မရှိပေ။ ညီမောင်သည် ဘ၀၌ အတော်ကလေး ပြည့်စုံ ကုံလုံ ကြွယ်ဝသူ ဖြစ်ပါ သည်။ ချမ်းသာသော မိဘမှ ဆင်းသက်သူဖြစ်ပြီး အချော အလှထွတ်ခေါင် ဖုန်းမောင်မောင်ဟု မဆိုနိုင်သော်လည်း သူ့အတန်းအစား တွင်တော့ ထိပ်ဆုံးကပဲ ဟူ၍ကား ခပ်ကြွားကြွား ဆိုနိုင်ပါသည်။ ညီမောင် သရဖူ ဆောင်းသည်ကား ခေတ် စကားနှင့် ပြောရလျှင် “ဏှာ” နှင့်“အာ”တွင် ဖြစ်ပါ၏။ညီမောင်သည် မြာဧကရာဇ် တစ်ပါးဟုအမည်တွင်သူ ဖြစ်ပါသည်။ လျှာကုဋေ ပိုင်ရှင်ဟုလည်း အပြောကောင်း အဆိုကောင်း ကိုအောင်မောင်း အဖြစ် သတင်းကြီး သူဖြစ်ပါသည်။ သို့ရာတွင် ညီမောင်၏ ဘ၀အစစ်အမှန် သနစ်ဧကန်ကိုကား ညီမောင့်ကို အထင်ကြီးနေ သူများ မသိကြပါချေ။
ထိုနေ့က အသံလွှင့်ရုံတွင် အစ်ကိုလေးတို့နှင့် တွေ့စဉ်က ညီမောင်၏ လတ်တလော အဖြစ်ကို အစ်ကိုလေး တို့ တစ်စေ့တစမျှ မသိသောကြောင့် သာလျှင် ယင်းကဲ့သို့ နောက်ကြ ပြောင်ကြခြင်းဖြစ်ပါသည်။ ညီမောင့်ကို တစ်ဖြစ် မလဲသေးသည့် ချစ်သဲကလေးပင်ဟု အစ်ကိုလေးတို့ ယူဆ နေပုံရ သည်။ အစ်ကိုလေးတို့ သာမက အခြားရှိရှိသမျှသော ညီမောင်၏ အပေါင်းအသင်းများကလည်း “၀င်းအောင်တစ်ယောက် ဒီအတိုင်းပဲ သွားမှာပါ”ဟု တထစ်ချ မှတ်ယူထားကြပါသည်။ ရှိပါစေတော့ အစ်ကိုလေးရေ ရှိပါစေတော့။
ညီမောင် ဖွင့်ဆိုချင်သည်ကား ညီမောင်၏ ကြည့်လိုက်လျှင် ၀င်းမှည့်မှည့်၊ စားလိုက်လျှင်တော့ ယွင်းအဲ့အဲ့ ဖြစ်လေသော ကျီးအာသီးဘ၀၏ တစ်ကဏ္ဍကလေးမှ ဇာတ်ကြောင်းပင် ဖြစ်ပါသည်။ ညီမောင် ဇာတ်ကြောင်း လှန်လိုမိသည့် အကြောင်းရင်း ခံကား “ရေပေါ်လျှပ်တိုက် ပြေးမနေနဲ့၊ ကျောက်ဆူးချ လိုက်တော့”ဟူသော အစ်ကိုလေး၏ သတိပေး စကားပင် ဖြစ်ပါချေသည်။ ကျောက်ဆူးချ လိုက်ချင်သမှ အရမ်းပဲပေါ့ အစ်ကိုလေးရေ။
ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိ ကံသာလျှင် အမိ ကံသာလျှင် အဖဟုသာ ဆိုရပါတော့မည်။
ဇာတ်စကားနှင့် ထပ်မနား ပြောရလျှင်တော့  ဆွေများသခင် ရွှေနားဆင်ပေတော့လို့ . .
_ _ _
“ကိုယ် ဒီပြဇာတ်မှာ မပါချင်ပါဘူးကွာ။ မဟုတ်တာဘဲ။ လူရယ်စရာ ဖြစ်နေမှဖြင့်”
ညီမောင်၏ အခန်းဖော် တက္ကသိုလ် နည်းပြဆရာကလေး ကြည်လွင်က ညည်းညည်းညူညူဖြင့် ငြင်းဆန်၏။ ညီမောင်မှာ လူတောထဲ တိုးရမည်ဆိုလျှင် မရွံ့မရဲ ဖြစ်နိုင်လွန်းလှသော သူငယ်ချင်းကို စိတ်တို မိပါသည်။ ကြည်လွင်သည် ညီမောင်နှင့် ရန်ကုန်တက္ကသိုလ်သို့ အတူတူရောက်ပြီး တစ်လျှောက်လုံး တတွဲတွဲ စာ သင်ခဲ့ကြသူ ဖြစ်၏။ ကျောင်းသားဘ၀က ပြုံးပြနှုတ်ဆက်ရုံမှအပ ရင်းရင်းနှီးနှီး သိပ်မရှိခဲ့သော်လည်း ဒီဂရီ ရပြီး သူက ကျူတာလုပ်ပြီး ညီမောင်က ဂုဏ်ထူးတွေ ဘီအယ်လ်တွေ အမ်အေတွေ ဆက်တက်သော အခါ၌ မကြံစည်ဘဲနှင့် တစ်ခန်းထဲ အတူနေဘက်များဖြစ်လာကြ၏။ထိုအခါ၌ တစ်ယောက်အကြောင်း တစ်ယောက် သိတန်သလောက် သိလာကြသဖြင့် ပိုမို ခင်မင်ရင်းနှီးခဲ့ပါသည်။ ရင်းနှီးမယ့်သာ ရင်းနှီးပေသော်လည်း အသွင်ချင်း စရိုက်ချင်း တူညီကြသူ များကား မဟုတ်ပေ။
ကြည်လွင်သည် အထက်အညာ မုံရွာက မိရိုးဖလာ မြန်မာစစ်စစ် မူဟန်ကျင့်တွေ အပြည့်ရှိသော မိဘများမှ ဆင်းသက်သူဖြစ်သည့် အလျောက် သိမ်မွေ့၏။ ကျစ်လျစ်၏။ အနေအထိုင် ပိပြားသည်။ စကား နည်းသည့် အပြင် ရှက်တတ် ရွံ့တတ်သူလည်း ဖြစ်ပေသေးသည်။ ကျောင်းသားကြီးများ ဘာသာဘာဝ ပွေကြပြုကြ ခြင်း၌လည်း မပါ။ ရည်းစားသနာ ထားခြင်း၌လည်း စိတ်မ၀င်စားသူ ဖြစ်ပါသည်။ရုပ် ရေရူပကာယအားဖြင့်မူ ကျားယားပီသ၍ ကြည့်ကောင်းသူဖြစ်၏။ ကြည့်ကောင်းသည်ဆိုရာ၌ ညှက်ညှက် သေးသေး ပေါင်ဒါအဖွေးသားနှင့် လူဗလံကလေး မဟုတ်။ရင်အုပ် ကျယ်သည်။ ခါးကျင်သည်။ တင် ကျစ်သည်ဟူသော ကိုယ်ခန္ဓာ သန်စွမ်းမှုနှင့် နဖူးကျယ် မေးကား ပြတ်သားသော မျက်ခုန်း မျက်သားများ ရှိသူဖြစ်၏။ ခြုံ၍ဆိုရလျှင် နှစ်လိုဖွယ်ရာသော အဆင်းကို ဆောင်သူဖြစ်ပါသည်။ သို့သော်လည်း လူအေးမို့ ထင်ပေါ်ခြင်း မရှိ။
ညီမောင်ကား ကိုယ့်ကိုယ်ကို ဖော်သူတော် ကာလနဂါးကလေး ဖြစ်ပေ၍ မုသား အိပ်မက်တွေ အလယ်၌ နစ်မျော အိပ်မောကျနေခဲ့သူ ဖြစ်ပါသည်။ နှုတ်စအာစ သွက်သည်နှင့် အမျှ အလှအပကို အရေ ခြုံတတ်သူ ဖြစ်ပေရကား အများက လိပ်ပြာကဝေ လူတေလေဟု ကင်ပွန်းတပ်ခြင်း ခံရသူ ဖြစ်ပါသည်။ ကြည်လွင်နှင့် နှိုင်းစာလျှင် ဆန့်ကျင်ဘက်ဆီ ရပ်တည်နေသူဖြစ်ပါ၏။
“အို ကိုယ့်ဆရာကလည်း အနုပညာ အသင်းက ဆရာတွေကိုပဲ ဒီပြဇာတ်ကို တာဝန် ပေးခဲ့တဲ့ ဥစ္စာ။ ပြီးတော့ ဇာတ်နဲ့ လိုက်တာကလည်း ကိုယ့်ဆရာနဲ့ ကိုယ်ပဲရှိတာ လုပ်မှာပေါ့။မင်းသမီးက ဥပစာတန်းက “အိ” လေ”
အိဟု ဆိုလိုက်သည်နှင့် ကြည်လွင်က ခေါင်းမော်ကြည့်လေသည်။ အဘယ်ကြောင့် ခေါင်းမော်ကြည့် ရသနည်းဆို သည်ကို ညီမောင် သိပါ၏။ တစ်လောက “အိ”အကြောင်းနှင့် ပတ်သက်၍ ကြည်လွင် မဟတဟ ပြောဖူး၏။ ကြည်လွင်သည် အိအပေါ် စိတ်ဝင် စားဟန်ရမှန်း ထိုကတည်းက ညီမောင် သိမိပါသည်။ လှတာ မြင်လျှင် ကြင်လိုသည်မှာ ဓမ္မတာဖြစ်လေ၍ ညီမောင် ပြုံးခဲ့ရ၏။ယခု “အိ”အကြောင်း ဆိုပေရာတွင် ကြည်လွင် ပြုံးတစ်မျက်နှာ အဖြစ် ပြောင်းလဲ သွားသည်မှာ ဆန်းသည်ဟု မဆိုသာတော့ချေ။
“အိ”
“ဟုတ်တယ်လေ အိပါတယ်ဗျ”
“ဟာဗျာ ကျွန်တော်က ရှက်တတ်တယ်ဗျ။ ပိုဆိုး နေပါဦးမယ်။သူတို့ကလည်း တစ်ခါမှ စင်ပေါ် မတက်ဖူးတဲ့ လူတွေကိုမှ ရွေးခိုင်းရသလားတဲ့ဗျာ”
ညီမောင်သည် မချိုမချဉ် ဖြစ်၍နေသော ကြည်လွင်ကို နောက်ထပ် မပြောတော့ဘဲ ထိုနေ့က ထိုမျှနှင့် စခန်းသိမ်း လိုက်ပါသည်။ ညီမောင်၏ ၀မ်းထဲ၌ စာကလေး ဗေဒင်ထက် သာသော ပုဏ္ဏားကလေး ရှိလေသည်။ ထိုပုဏ္ဏားကလေးက “ကြည်လွင် သဘောတူမှာပါ” ဟု ညီမောင့်ကိုပြော၍ ခပ်မဆိတ် နေလိုက်ခြင်း ဖြစ်သည်။ မှန်ပေသည်။ အနုပညာ အသင်းက “ဒွေးညီနောင်” ပြဇာတ်တိုက်သော နေ့၌ ကြည် လွင်ကြီး ပြုံးဖြီးဖြီးနှင့် ပါ၍ လာသတည်း။
အနုပညာအသင်းက “ပြဇာတ်ပဒေသာ”ဖြင့် နှစ်ပတ်လည်ပွဲ ကျင်းပလေရာတွင် ညီမောင်တို့ နည်းပြ ဆရာနှင့် ကျောင်းသားကြီးများကို ဤ “ဒွေးညီနောင်” ဇာတ်က ခိုင်းသည်မှာ ရယ်ဖွယ်ရာပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လှောင်ပြောင် သရော်ခြင်းလည်း မည်ပါပေသည်။ ဇာတ်လမ်းမှာ ကျောင်းသူ သစ်ကလေး တစ်ယောက်ကို ကျူတာ ဆရာနှစ်ယောက်က ပြိုင်ပိုးပန်းသည့် ဇာတ်လမ်း ဖြစ်သည်။ ဇာတ်လမ်း၌ မည်သူမှ မရ။ ဇာတ်လိုက်မင်းသမီး ကလေးသည် ဘီအေအောင်သည်အထိ ဖြေပြီး ကျောင်းသားသစ်ကလေးနှင့် စွန်သွားသည့် ဇာတ်လမ်းဖြင့် လှည့်ထား၏။
ကြည်လွင်သည် “အိ” ကို ထိရ ကိုင်ရသည့် အခန်း၌ မထိရဲ မကိုင်ရဲဖြင့် ဒါရိုက်တာ၏ အအော်ခံရသည်။ သို့ဒါရိုက်တာ အော်လေ ကြည်လွင်က တုန်ချိချိဖြစ်လေနှင့် မှားသထက် မှား၍ လာလေရာ ညီမောင်က ကြည်လွင်ကို လက်တို့ကာ တစ်ဒေါင့်သို့ ခေါ်သွားပြီး ညီမောင့်ကို အတုယူရန် တိုးတိုးတိတ်တိတ် ကျိတ်သင်ရ၏။ သို့တိုင် “သတိထားပါ ညီလေးရာ မစိုးရိမ်ပါနဲ့”ဟူသော အခန်း၌ ညီမောင်၏ လက်ကို ကိုင်၍ ထားသော ကြည်လွင်၏ လက်မှာ တဆတ်ဆတ် တုန်၍ နေပေသေးသည်။
“အိ” ကမူ ခေတ်ရှေ့ကို မာရသွန် နှုန်းထားနှင့် ပြေးနေသူ မိန်းကလေးဖြစ်လေရာ မီးရောင်အောက် ကိုဝင်၍ လူပြက်တွေနှင့်တွဲရသည့်အလုပ်ကို ကြိုးကျနေသည့် မင်းသမီး အလား တည်တည်ငြိမ်ငြိမ်နှင့် ဣနြေ္ဒမပျက် လုပ်ကိုင်သွား နိုင်ပေသည်။ ညီမောင်ကိုမူ အိက “ကိုဝင်းအောင်ဟာ ဘာပဲလုပ်လုပ် ရဲရဲတင်းတင်း ရှိတယ်နော်။ အိက ဖျတ်ဖျတ်လတ်လတ်လူမှ ကြိုက်တာ” ဟု အနှောင့်မလွတ် အသွားမလွတ် ဗလွတ်ရွတ်တ ပြောတတ်ပါသည်။ ညီမောင်မှာ စိန်လက်စွပ် ၀တ်ချင်သကဲ့သို့ ဖြစ်သွားရပါ၏။
ပြဇာတ် တိုက်သည်မှာ သီတင်း နှစ်ပတ်ခန့် ကြာမြင့်လေသည်။
ညီမောင်နှင့် အိကား တစ်နေ့ထက် တစ်နေ့ ရင်းနှီးသထက် ရင်းနှီးခဲ့ပါသည်။ “ကလိုက်ကြပါဦးစို့ နှမလေးရေ” “ကြိုးစားလိုက်ပါ ညီမလေးရေ” ဟုပင် အချီအချ စကြ နောက်ကြတတ်ပါသည်။ အိကို ညီမောင်က လက်ကလေး ကိုင်နမ်းရသည့် အခန်းကျရင် “အမယ်လေးဗျာ ကြောင်ချီးနံ့ နံလိုက်တာ” ဟု ညီမောင်က အော်တတ်ပါသည်။ ထိုအခါ အိက ညီမောင်၏ ကျောပြင်ကို သူ့လက်ကလေး နုနုဖြင့် ဗျောတင်ထုလေသည်။ အတွင်းစိတ်က လှုံ့ဆော်လေသလား မသိ၊ ဖျတ်ခနဲ ကြည်လွင့်ဘက် လှည့်ကြည့် လိုက်သော အခါ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသည်ကို တွေ့ရသည်ကများ၏။
အထက်က ဆိုခဲ့သည့်အတိုင်း ညီမောင်ကား ပြင်ပပုံ ပန်းသဏ္ဍာန်နှင့် ဟန်ပန်မှာ စံတင်လောက်သူ ဖြစ်ပေရာ ဘေးကြည့် ပရိသတ်က ညီမောင်နှင့်အိ ငြိကြပြီဟု ယိုးစွပ် ကြလေသည်။ သို့ဆိုလေ ကြည်လွင်မှာ မျက်နှာမည်းကြီးနှင့် ဖြစ်နေသည်ကို တွေ့ရလေသည်။ သို့သော်ချစ်ကြသည် ဆိုသည့် အကြောင်း၏ သောင်းပြောင်းထွေလာ မရေမရာကို တစ်ချိန်သောအခါက အစ်ကိုလေးနှင့် နှီးနှော တိုင်ပင်ခဲ့ဖူးသည် ထင်ပါသည် အစ်ကိုလေး။ ထိုစဉ်က အစ်ကိုလေးက ညီမောင့်ကို အချစ်ဆိုတာ ဒါပဲလို့ ဘယ်သူမှ တိတိကျကျ မပြောနိုင်တဲ့နောက် အစ်ကိုလေးလည်း ဘယ်လိုလုပ် ကောက်နှုတ် ချက်ချနိုင်ပါမလဲကွာ။ အချစ်စိတ် ဘယ်က စပေါ်တယ်။ ဘယ်အချိန်မှာ ပေါ်တယ်။ဘယ်တော့ ကုန်ဆုံးသွားတယ်ဆို တာလည်း ပြောဖို့ ခက်သကွာ။ မိုးကြိုး ဘယ်အချိန်မှာ ထစ်လိမ့်မလဲ လျှပ်စီး ဘယ်အချိန်မှာ ပြက်လိမ့်မလဲလို့ အကဲခတ်ရ ခက်သလိုပေါ့” ဟု ဝေ့လည်ကြောင်ပတ် ဖြေခဲ့သည်ဟု ညီမောင် စွပ်စွဲခဲ့မိပါသည်။ ယခုမှ ညီမောင်မှာ သည်းအုံညှာ တစ်ဝိုက်တွင် အချစ်မိုးကလေးများ တစ်ပြိုက် နှစ်ပြိုက် ရွာသွန်းစ ပြုပြီဖြစ်သဖြင့် အစ်ကိုလေး၏ စကားမှန်ကြောင်း သိပါရသည် အစ်ကိုလေး။
ပြောပါရစေတော့ အစ်ကိုလေးရေ . . .
ထို့နေ့မှာ အစမ်း ကပြသည့် နေ့တစ်နေ့ဖြစ်ပါသည်။ ပရိသတ် မပါသော်လည်း ကိုယ့်လူစုနှင့်ကိုယ် ကြည့်ရှု ဝေဖန်သည့်ပွဲမို့ အလန့်တထိတ်ဖြင့် ကျွန်တော်တို့ ကပြကြရပါသည်။ ညီမောင်ပင်လျှင် တုန်တုန်ရီရီဖြစ် လေသော် ကြည်လွင် အဖို့ကား ပြောစရာမရှိတော့ပေ။ “အိ” လက်ကိုကိုင်သော သူ့လက်မှာ နတ်ပူး သကဲ့သို့ပင် ဖြစ်နေကြောင်းကို ညီမောင် တွေ့ရပါသည်။

မကြာချေ ညီမောင် အလှည့်သို့ ရောက်၍ လာ၏။
ညီမောင်နှင့် အိတို့ လှေခါးထိပ်မှ နေပြီး စုံတွဲဆင်း လာကာ အောက်ထပ်၌ စောင့်နေသော ကြည်လွင်ကို လာတွေ့ရန် အခန်း၌ ဖြစ်၏။ ကားလိပ် မဖွင့်မီ ညီမောင်နှင့် အိတို့သည် လှေခါးထိပ်တွင် တက်၍ နေကြရ၏။ ညီမောင်နှင့် အိတို့သည် ထိုအချိန်ကျမှပင် နှစ်ယောက်တည်း ဆုံတွေ့ ကြရ ၏။ ယခင် ဇာတ်တိုက်စဉ်က လူသူအများ ရှေ့တွင် ဖြစ်ပါသည်။ ယခုမူ မရှောင်သာတဲ့ လမ်းမြှောင်ကြား အသည်းတယား ဖြစ်ရမည့် ကိန်းနှင့် ကြုံတွေ့နေရသည်၌ ညီမောင်မှာ စောစောက ကြည်လွင် တုန်သကဲ့သို့ တဆတ်ဆတ် တုန်၍ နေပါသည်။
လှေခါးကျဉ်းကျဉ်း ကလေးထိပ်တွင် နှစ်ဦးသားယှဉ်၍ ရပ်နေရာ၌ အိထံမှ ထွက်ပေါ်လာသော ရေမွေးနံ့ ကလေးများသည် ညီမောင်၏ စိတ်အာရုံကို ထွေပြားစေပါသည်။ အိ၌ ရေမွှေး အပြင်ပင် ကိုယ်က ချိုမြသော ကိုယ်ရနံ့ ကလေးတစ်မျိုး ရှိသည်ကိုလည်း ညီမောင် သတိထားမိပါ၏။ ညီမောင်သည် တဒိန်းဒိန်းခုန် နေသော ကိုယ်နှလုံးသားရှိရာ ရင်ညွန့်ကို လက်တစ်ဖက်ဖြင့် အသာ ဖိထားရ၏။ မိန်းမတွေနှင့် နှစ်ကိုယ်ချင်း တွေ့သည့် အခါတိုင်း ညီမောင် ဤသို့ ဖြစ်သည်ချည်း ဖြစ်ပါသည်။ လူရှေ့တွင် သတ္တိရှိ၍ လူ့နောက်ကွယ် ကျမှ သတ္တိဗလာ ဖြစ်တတ်သော ညီမောင်၏ စိတ်မျိုးကား ဆိုးသလား ကောင်းသလား မခွဲခြားတတ်ပါ။
ညီမောင်သည် အိ၏ ဆွဲအားကို မခံနိုင်တော့ သဖြင်ြ အိ၏ လက်မောင်း အိအိ ကလေးများကို လက်နှစ်ဖက် နှင့် ဆုပ်ကိုင်လိုက်ပါသည်။ အိသည် ငြိမ်၍ နေပါ၏။
“အိ”
အိသည် မထူးဘဲ နေမိပါ၏။
ညီမောင့်မှာမူ အူကြောင်ကြာင် ကြီးဖြစ်နေရပါသည်။ ရှေ့လည်း မဆက်တတ်ချေ။ ဖိုးစွံကြီးဝင်းအောင် ပွဲလယ်တင့်သောဝင်းအောင် ပါတီပွဲတွေမှာ ဇက်ရဲလက်ရဲရှိသည် ဟု နာမည်ကြီးသောဝင်းအောင် . . . ၀င်းအောင်ဆိုသည့် ညီမောင်မှာ ပိတ်ကားနောက်ကွယ်ကျလေသော် မဟန်သည့်အလုပ် နန်းဇာတိရုပ် ပေါ်ပါလေတော့သည်။ ညီမောင်သည် အိ၏ လက်မောင်း နှစ်ဖက်ကို ကိုင်ထားသည်မှပို၍ ရှေ့တဆင့် မတက်ရဲချေ။ နှုတ်ကလည်း “ချစ်ပါသည် နှမသယ်” ဟူသော သစ္စာထားမျိုးကို မပြောရဲပါ အစ်ကိုလေး . . .။
သို့နှင့် ကားလိပ်ဖွင့်၏။ ညီမောင်တို့လည်း ဆင်း၍လာ ကြ၏။
ကြည်လွင်က ညီမောင် ၏ မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ကာ အကဲခတ်ပါသည်။ သူ့သဘော ဘယ်လို ရှိသည်ကို ညီမောင် ချက်ကနဲသိလိုက်ပါသည်။ညီမောင်တော့ ကွဲပြီ ကွဲပြီဟု သူတစ်ထစ်ချ တွက်နေပြီဖြစ်၏။ ဇာတ်လမ်းသဘောအရ ကြည်လွင်သည် ညီမောင်တို့ကို လှေခါးခြေရင်းတွင် လာရောက်၍ နှုတ်ဆက်ကာ ပြုံးမဲ့မဲ့နှင့် စကားနာထိုးရမည်ဖြစ်၏။ သို့သော် လှေခါးမှ ဆင်းအလာတွင် ညီမောင်က တစ်ဖက်သား မခံချင်အောင် ပြုမူတတ်သူ ဖြစ်သည့်အတိုင်း မျက်စိတစ်ဖက် မှိတ်ပြမိရာ မူလက ညီမောင့် အပေါ် ရှိရင်းစွဲ အထင်ကြီးမှုသည် ကြည်လွင်၏ ရင်ထဲတွင် မဆန့်မပြဲ ဖြစ်လာပုံရသည်ထင့်။ ကြည်လွင်သည် စကားတွေ မှားပြီး ငိုမလို ရယ်မလိုကြီးဖြစ်၍ နေပါလေသည်။ အပျက်အပျက်နှင့် ကြည်လွင် အိအပေါ် တကယ် သစ္စာမိုးတွေ စွေနေပုံရပါသည်။ မတတ်နိုင်ပေ။
ဇာတ်လမ်းအတိုင်းပင် ကြည်လွင်လည်း စိတ်ဆိုးမာန်ဆိုးနှင့် လှေခါးမှ ပြေးတက် သွားရ၏။ အိကလည်း အထင်လွဲသွားသော ကြည်လွင်ကို ရှင်းပြရန် လိုက်တက်ပြေးရ၏။ ညီမောင်မှာ ရင်မော နေမိပါသည်။ ထိုနေ့က ဝေဖန်သူ ပရိသတ်က သြဘာပေးသည် ထင်သည်။
_ _ _
သင်းရနံ့ ထုံထုံမွှေး ကန့်ကော်လမ်းကလေးတွင် လမ်းလျှောက်ကြစဉ်က ဖြစ်ပါသည်။လဲ့လဲ့ဝင်းဝင်းကြီး သာ၍ နေသော လပြည့်ဝန်းကြီး၏ အလင်းရောင်ကြောင့် ကံ့ကော်ဝတ်မှုန်တို့ လေထဲတွင် ပျံဝဲနေ ကြသည်ကိုပင် မြင်ရယောင်ရှိသည်။ ၀န်းကျင်ဆိတ်ငြိမ် ရာသီချိန် ဖြစ်ပေရကား “ကြည်နူးဖွယ်”သီချင်းကို တိုးတိုး ညည်းရင်း ညီမောင်တို့ အင်းဝလမ်းတွင် လမ်းလျှောက်ကြပါသည်။
ကြည်လွင်ကား ပင်ကိုယ်က စကားနည်းရသည့်အထဲ စိတ်လှုပ်ရှားမှု မုန်တိုင်းတို့၏ ရိုက်ခတ်ခြင်း ခံရသည်ကြောင့် သံပတ်ပေးထားသည့် စက်ရုပ်ကဲ့သို့ လှုပ်မယ့်သာ လှုပ်နေရသည်။ အသက်မပါ သကဲ့သို့ ရှိသည်ကို တွေ့ရသည်။ ညီမောင်ကား ထုံးစံအတိုင်း စကားတွေ ဖောင်ဖွဲ့အောင် ပြော၍နေပါ၏။ ကြည်လွင်က စည်းလိုက်သကဲ့သို့ “အင်း” ချည်းလိုက်၍ နေလေသည်။
ညီမောင်တို့သည် အဓိပတိလမ်းဆုံရှိ အုတ်ခုံပေါ်တွင် ထိုင်လိုက် ကြပါသည်။ သို့ထိုင်လိုက်ခါမှပင် အောင့်အည်း ထားသမျှတွေကို“ဟင်း” ကနဲ သက်ပြင်းတစ်ချက်ဖြင့် ကြည်လွင် ဖြေဖျောက်လိုက်သံအား ညီမောင် ကြားရပါသည်။ ထို့ကြောင့်
“ဘာဖြစ်နေသလဲ ကိုယ့်ဆရာ ရဲ့”
သိလျက်နှင့် တမင်မေး ရ၏။
“မဖြစ်ပါဘူး”
လူအလူနကြီးကို ညီမောင် နောက်ပြောင်လိုသည့် ဆန္ဒ ပေါ်လာပါသည်။
“ကိုယ့်ဆရာ အိကို ချစ် နေသလား”
ကြည်လွင်သည် ညီမောင့်ကို ဆတ်ကနဲ လှည့်ကြည့်ပြီး “အလိုဗျာ ကျားသားမိုးကြိုး” ဟု ဆို၏။
“ကိုယ့်ဆရာ အိကို တကယ်ပဲ ချစ်နေသလား၊ မချစ်ဘူးလားဆိုတာ ကျွန်တော် မျိုးကြီး သိချင်တယ်”
ဘိန်းစကားတစ်လုံး ပစ်ဖမ်း လိုက်သောအခါ ကြည်လွင်သည် “ဘာဖြစ်လို့လဲဗျ” ဟု ညောင်စာစာ အသံဖြင့် မေးလေသည်။
“အင်”
ကြည်လွင်က “တအင်အင်” ဖြစ်နေသောကြောင့် ညီမောင်လည်း “ဟိုနေ့ည အစမ်းကပြတုန်းက အိနဲ့ ကျွန်တော်မျိုးကြီးနဲ့ ထိမလို ငြိမလို ဖြစ်မိကြတယ်ဗျ။ကိုယ့်ဆရာက“တကယ်” ဖြစ်နေရင်တော့”ဟု မထိတထိ စကြည့်လိုက်ပါသည်။
“အမယ်လေးဗျာ သနားသဖြင့် ရှောင်ပေးမယ် ဆိုပါတော့ မလိုပါဘူး”
ညီမောင်လည်း အောင့်ထားရသမျှ မနေနိုင်တော့ဘဲ “တဟားဟား” အော်ရယ် လိုက်မိတော့ကာ “အလကား နောက်တာပါဗျာ”ဟု ဆို လိုက်ရပါသည်။
ထိုညက ကျောင်းဆောင် ပြန်ရောက်ပြီး အိပ်ရာဝင်ကြရာတွင် ညီမောင်က ကြည်လွင်ထက် အစောကြီး အိပ်ပျော်ခဲ့၏။ တရေးနိုး၍ ကြည်လွင်၏ ကုတင်ခေါင်းရင်း မီးတိုင် မီးလင်းနေသည်ကို တွေ့ရသဖြင့် အသာကဲ ကြည့်မိရာ ပီမိုးနင်း၏ “အချစ်လမ်းညွှန်” ကို သဲသဲမဲမဲကြီး ဖတ်နေသော ကြည်လွင်ကို တွေ့ရပါသည်။
သို့နှင့် ညီမောင်တို့၏ တစ်ပိုင်းပြဇာတ် ပါဝင်သော အနုပညာအသင်း၏ ပဒေသာကပွဲကြီးလည်း ချောမောစွာ ပြီးမြောက်သွားပါ၏။ ညီမောင်တို့၏ “ဒွေးညီနောင်” ပြဇာတ်လည်း တက္ကသိုလ်လောက၌ အတော်ကလေး ရေပန်းစား၍ သွားပေသည်။ “အိ” ကို အလှဧကရီကလေးဟု ဘွဲ့ပေး၍ ညီမောင့်ကို “ကြောင်သိုး” ဟုဆိုပေကာ ကြည်လွင်ကိုမူ “လူအ” ဟု သမုတ်ကြပါ သည်။
ကပွဲပြီးသွားသော်လည်း ညီမောင်နှင့် အိတို့၏ ဆက်ဆံ ရေးကား တန့်ရပ်မသွားဘဲ ယခင်ကကဲ့သို့ ရှိမြဲတိုင်း ရှိပါသည်။ “အိ”သည် မော်လမြိုင်သူကလေး တစ်ယောက် ဖြစ်သောကြောင့် ထွေးထွေးအိအိ တစ်တစ် ရစ်ရစ်ကလေး လှသူ ဖြစ်ပါသည်။“ရွှေမြိုင်ကအစား” ဟု နာမည်ကြီးပေသော်လည်း စကားအရာ၌ အိသည် လိမ္မာလွန်းလှပါသည်။ ညီမောင်၏ အထူးထူးအသွယ်သွယ် စကားပရိယာယ်တို့ကို ကောင်းစွာ ခုခံကာကွယ် တတ်သူဖြစ်ပါသည်။ သို့သော်လည်း ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူ ဖြစ်ပေရကား ညီမောင်၏ လူရှေ့ သူရှေ့ ချစ်ပြီးကြိုက်ပြီးလေဟန် ပိုင်စိုးပိုင်နင်းလေသံ တို့ကိုမူ တစ်ရံတဆစ်မျှ ကန့်ကွက်ခြင်းမရှိဘဲ ရယ်ကျဲကျဲ နေမြဲ တိုင်းနေတတ်သည်ကို တွေ့ရပါ၏။ တိမ်မယောင်နှင့်နက်၊ လွယ်မယောင်နှင့်ခက်၍ နေသော “အိ”နှင့်ကျမှ ညီမောင်မှာလည်း နေမထိ ထိုင်မထိ မချိတယိများပင် ဖြစ်ရပါသည်။

သို့ရာတွင် ခက်သည်ကား နှစ်ကိုယ်ချင်းတွေ့မှ လူရှေ့သူရှေ့တွင် အထင်ကြီးအောင် ဒေါင်တင်ထားသော ဟန်ကြိုးတို့ လျော့တိ လျော့ခွေဖြစ်ပြီး မလုပ်တတ် မကိုင်တတ်၊ မပြောတတ် မဆိုတတ် ဖြစ်သောကြောင့် “အိ”က အခွင့်အရေးများ ပေးပေသော်လည်း ညီမောင့်မှာ မိမိအပြစ်နှင့်မိမိ မဟာလာဘ်ကြီးများနှင့် လွဲခဲ့ ရပါသည်။ ယင်းသည့်အတွက် လူပျင်း၊လူဖျင်းတို့၏ ဆင်ခြေအတိုင်း “ပဗ္ဗတတောင်ခြေသိန္နေ တဖြေးဖြေး ပဲပေါ့” ဟူသော စကားနှင့် ကျေနပ်နှစ်သိမ့်ကာ နေလိုက်ရပါသည်။
“၀င်းအောင်တို့ကတော့“အချစ်” ဆိုတဲ့ အကြောင်းမှာ နောဧက နောကျေနေပါပြီဗျ။ မိန်းမတစ်ယောက်ကို အချစ်စစ် အချစ်မှန်နဲ့ ချစ်လို့လည်း မရတော့ပါဘူး။ ရှင်းရှင်းပြောရရင် သာယာမှု ရှာတာပဲရှိတယ်။ မိန်းမများ ဘယ်တော့မှ ယူဖို့လည်း စိတ်မကူးတော့ဘူး။ အဲ ပွေဖို့တော့ ၀န်မလေးဘူး ပေါ့ဗျာ။ ရော့ပတ္တမြား ရော့နဂါး ဆိုရင်တော့ အဲဗားရဲဒီပဲပေါ့”
ကြည်လွင်နှင့် စကား စပ်မိလျှင်သော်လည်းကောင်း၊ အခြား မိတ်ဆွေ သူငယ်ချင်း များနှင့် စကားဖောင်ဖွဲ့ မိကြလျှင်သော် လည်းကောင်း၊ ယင်းသို့ မလျှော့ရေးချ မလျှော့ထဲက စကားမျိုးကိုကား ပြောဆဲ ပြောမြဲပင် ရှိပါသည်။ ထို အပြောမျိုး ထိုသဘောမျိုး ကြောင့်လည်း “၀င်းအောင်” ဟူ၍ နာမည်ကြီးခဲ့သည် ဖြစ်ရ ကား ညီမောင် လက်သုံး စကားအဖြစ်မှ မစွန့် ပယ်နိုင်ခဲ့ပါပေ။
ညီမောင်ကဲ့သို့သော လူစားမျိုးမှာ အကယ်သတန္တု စေ့စေ့ငုငု သတ္တုချကြည့်လိုက်လျှင် နတ်ဝင်သည်များနှင့် တူပါပေ၏။ အကယ် မရှိသော နတ်နှင့် အခြားတစ်ပါး သူကို လှဲ့ခြောက်ရန် ကြံစည်ရင်းက တစ်စထက်တစ်စ ကိုယ်ဖန်တီးသော နတ်ကိုပင် ကိုယ် အစစ်ထင်မှတ်ပြီး အဟုတ် တတယ် ကိုးကွယ်လာ သူကဲ့ သို့ညီမောင်တို့ တစ်ထပ်တည်းတူ၍ နေပါသည်။ ညီမောင်သည် ဟန်ဆောင် တတ်၏။ ကြာသော် ထိုဟန်ဆောင်မှုကိုပင် ကိုယ့်ပင် ကိုယ်ဟန်ကြီးထင်ပြီး စိတ်ကြီးဝင်၍နေသူ ဖြစ်ပါသည်။ ဟန်ဟူသော အရေခွံကို ခွာလေသော် အဆံချည်း ကျန်ပေသည်တကား။
_ _ _
“အင်ဟင် မင်းဇာတ် လမ်းကလည်း အရူးအိပ်မက် လို ကဘောက်တိ ကဘောက် ချာကြီးပါလား” ဟူ၍ အစ်ကိုလေး မှတ်ချက် ချချင်နေပါလိမ့်မည်။
မှန်ပါသည် အစ်ကိုလေး။
ညီမောင်၏ အဖြစ်မှာလည်း ကဘောက်ထိ ကဘောက်ချာ ဖြစ်ကတတ် ဆန်းနိုင်လွန်းလှပါသည်။
တစ်နေ့သော အခါတွင် ညီမောင်သည် ဘ၀ဇာတ် ဆရာက ကျိန်ဒဏ်ခတ်ခြင်းကို ခပ်မြက်မြက်ကလေး ခံစား လိုက်ရပါသည်။ ရုတ်တရက် ကျလာသော ကျိန်ဒဏ်မျိုးမို့ ညီမောင်မှာ အံ့အားကြီးများ သင့်ရပါသည်။ ရယ်လည်း ရယ်မောမိပါသည်။ ပြီးမှ မျက်ရည်စက်လက် ထွက်ရသည်ပေါ့ အစ်ကိုလေး။
စာမေးပွဲများ စတင်တော့မည် ဖြစ်၍ ညီမောင်တို့လည်း အသီးသီးအသက အသက ခြေငြိမ်စပြုလာကြ ပါသည်။ ညီမောင်က ခြေငြိမ်ခါမှပင် ကြည်လွင်က တစ် စခန်း ထပါ၏။ အဝေရာနံ့ သင်းသင်းကလေးကို အာခံတွင်းတွင် မျိုဆို့ကာ ပြန်လာတတ်သော ကြည်လွင် ဖြစ်၍ နေပါ၏။ ညီမောင်က အံ့သြတကြီး နှင့် အကြောင်းကို မေးသောအခါ ကြည်လွင်သည် ခေါင်းကိုသာ ခါရမ်းပြပါသည်။ ဖိုးလူအကြီး အသည်းဝေဒနာ ခံစားပြီဖြစ်၏။ အဘယ်သူသည် တရားခံနည်း။
“အိကြောင့်လားဗျ”
သောက်၍ ပြန်လာဖန် များသောအခါ ညီမောင်က ကြည်လွင်ကို မေးရ၏။ ကြည်လွင်သည် ဦးမင်းကျော် မျက်လုံးများနှင့် ညီမောင့်ကို ပြန်ကြည့်ပြီး မဖြေဘဲနေလေသည်။ ကျူတာပေါက်စဖြစ်၍ အနေအထိုင် ဆင်ခြင်ရန် ညီမောင်က သတိပေးသော အခါ၌ မျက်ရည်လည်ရွဲနှင့် ခေါင်းညိတ်ပြလေသည်။ သို့သော် အကြောင်းရင်း ကိုကား ဖွင့်ဟ မတိုင်ပင်ချေ။ ဤတွင် ညီမောင်၏ ၀မ်းထဲမှ ပုဏ္ဏားကလေးက “အိကြောင့်ပါဗျာ အိကြောင့်ပါ” ဟု ညီမောင်ကို ပြောပြပြန်ပါသည်။ ကြည်လွင်သည် အိ၏ အချစ်ကိုများ သွား၍ တောင်းခံလေသလား။ အိက ငြင်းဆန်၍ နင်းကန် အရက်သောက်ခြင်း ဖြစ်လေသလား။ ဖိုးလူကို အိက လှည့်ပတ်မပြောဘဲ တုံးတိကြီး မဖြစ်နိုင်ကြောင်း ပြောလွတ်လိုက်၍ ခမျာတွင် အသည်းမှာ နာကျင်သော ဝေဒနာကို ခံစားရသည် ဖြစ်ပေမည်။ ကြည်လွင့် အတွက် ညီမောင် မသက်မသာ ဖြစ်ရပါသည်။ ညီမောင်တို့ ကျတော့လည်း မလယ်ရှုပ်မို့ တစ်မျိုး ကြည်လွင် ကျတော့လည်း ထုံလွန်း အလွန်း၍မို့ တစ်မျိုး လောကတွင် အဆင်မပြေတာတွေ ချည်းတွေ့ကြ ကြုံကြရပါသည်။ မည်သို့ပင်ဖြစ်စေ ညီမောင်တို့ ကဲ့သို့သော ရှစ်စပ်ကလယ်သူများအဖို့ အသည်း ဝေဒနာကို သာမန်ကာလျှံကာ အဖြစ် ထားရှိနိုင်သော်လည်း ရိုးရိုး အအကြီး ကြည်လွင်တို့ အဖို့ လူမမာ မခံချိ ဖြစ်စရာပင်ဖြစ်၏။ တတ်တဲ့ပညာ မနေသာဆို သလို ဆေးကုပေးရန် တာဝန်မှာ ညီမောင့်တွင် ရှိ၍ လာ၏။
ညီမောင်သည် နောက်တစ်နေ့တွင်ပင် “အိ” ရှိသော အဆောင်ကို မြန်းခဲ့၏။ အိက “စာမေးပွဲပြီးမှ လာလည်မယ် ဆိုပြီး အခုဘာဖြစ်လို့ လာရတာလဲ ကိုဝင်းအောင်ရဲ့” ဟု ပြုံးစစ မေး၏။
“အရေးတကြီး ကိစ္စ ရှိလို့ပါ အိရာ”
အိသည် ညီမောင့်ကို အကဲခတ်သလို တစ်ချက် ကြည့်လိုက်ပြီးမှ “ဆိုစမ်းပါဦး” ဟု သံမှန်နှင့် ထောက်လိုက်၏။
“ကြည်လွင့် ကိစ္စပေါ့ အိရာ”
အိသည် မျက်လွှာကို ချထားလိုက်ကာ သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ ညီမောင်ကလည်း အခွင့်သာပြီဖြစ်၍ လည်ချောင်းတစ်ချက် ရှင်း လိုက်ရ၏။ ပြီးမှ . . .
“ကြည်လွင် အသည်း ဝေဒနာကို အရက်နဲ့ ကုနေတယ်။

သူက ဖွင့်မပြောပေမယ့် ကိုယ်ကတော့ အိကြောင့်လို့ ထင်တယ်။ အိက မဖြစ်နိုင်ဘူးလို့ ပြောလိုက်မှာပဲ မဟုတ်လား အိ။ သူ့ကို မချစ် နိုင်တာကတော့ မဆန်းပါဘူး။ ဒါပေမယ့် ခမျာက အသည်း သားနုသေးတော့ နားဝမှာ အခံရခက်ပြီး အသည်း အက်တယ်နဲ့ တူတယ် အဲဒါကြောင့်”
“နေပါဦး ကိုဝင်းအောင်”
ညီမောင်၏ စကားထက် ပိုင်းကို လမ်းခုလပ်တွင် “အိ” က၀င်၍ ထိုးဖြတ်လိုက်သဖြင့် ညီမောင်လည်း “အိ”ကို နားမလည်သဖြင့် ကြောင်ငေးငေးကြီး ကြည့်လိုက်ပါသည်။
“ကိုဝင်းအောင်ကို ကိုကြည်လွင်က ဘာပြောသလဲ”
အိသည် ယခင်ကကဲ့သို့ ကြောင်စီစီ ဖြဲစပ်စပ်ကလေး မဟုတ်တော့ဘဲ တည်ငြိမ်စွာ မေးသဖြင့် “ဘာမှတော့ မပြော ပါဘူး အိ” ဟု အမှန်အတိုင်း ဖြေကြားလိုက်ရ၏။ ထိုအခါ အိသည် ညီမောင်မျက်နှာကို စေ့စေ့စပ်စပ် အကဲခတ်၍နေ လေသည်။ ညီမောင့်မှာ အိ၏ အမူအရာကို ပို၍ပို၍ နားမလည်နိုင်အောင် ဖြစ်ရသဖြင့် အောင့်သိ အောင့်သက်ဖြစ်၍ နေပါသည်။ အိသည် အတန် ကြာ မျက်လွှာမချဘဲ ညီမောင့်ကို ကြည့်၏။ ညီမောင်လည်း စိတ်တိုတိုနှင့် ပြန်၍ ဘုကြည့် ကြည့်မိပါသည်။
အိ၏မျက်နှာသည် တည်ငြိမ်ရာမှ တဖြေးဖြေး ရယ်ရှိန်ပြေး၍လာကာ သန္တာသွေးပွင့်လွှာချပ်ကလေးများကို ဖွင့်ဟကာ ခပ်ဆဆကလေး ရယ်ပစ်လိုက်၏။ ပြီးမှ ညီမောင် မမျှော်လင့်သော စကားများကို ဆိုလိုက်ပါသည် အစ်ကိုလေး ရေ။
“ကိုကြည်လွင်ဟာ အတော်ခက်တယ် ကိုဝင်းအောင်ရဲ့၊ ဟို ဒွေးညီနောင် ပြဇာတ်ကရတဲ့ ညကပဲ လှေခါး ထိပ်ပေါ်မှာ သူကချစ်ရေးဆိုလို့ အိကပဲ အင်းလို့ပြောခဲ့ပြီးပြီ။ ကိုယ်တော်ချောက “အင်း” တစ်လုံးနဲ့ မကျေနပ်သေးခင် စေ့စပ်ကြောင်းလမ်းဖို့ချည်း ပြောနေတယ်။ အိကလည်း ဥပစာအောင်ပြီးမှ လုပ်မယ်လို့ တင်းခံခဲ့တာ။ အဲဒါကြောင့် သူ စိတ်ညစ်ပြီး အရက်သောက်တာပါ ကိုဝင်းအောင်ရာ။ ဒီလိုတော့ ဆန္ဒမပြနဲ့ မရဘူးလို့။ အိက အရက်သမားကိုဆို မကြိုက်ဘူးလို့ အဲဒီလူကြီးကို ပြောလိုက်စမ်းပါ ကိုဝင်းအောင်ရယ်။ အိ အချစ်ကို ယုံစမ်းပါလို့” တဲ့ဗျ။
_ _ _
ယခုတော့ သူတို့ စေ့စပ်ကြောင်းလမ်းခြင်းများလည်း သတင်းစာထဲမှာပါပြီးတာ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါ သည် အစ်ကိုလေး။
လှေသူကြီးမင်း ညီမောင် မှာလည်း မကွဲဘူး မကွဲဘူးနှင့် အသည်းတွေ ကျိတ်ကွဲကာ အတော်ကလေး အလူးအလှိမ့် ခံလိုက်ရပါသည်။ ဒါကိုပင် အချို့က “၀င်းအောင်က ကြည်လွင့်ဘက် လှည့်ထိုး ပေးလိုက်တာပါ” ဟု တစ်လွဲတချော် တွေးကာ ပြောကြပါသေးသည်။ ရယ်ဖွယ်ရာပင် ကောင်းလှပါသည်။
အဘယ်ကြောင့် ညီမောင် ကျန်ရစ်ဖြစ်ရသည် ကို ဆန်း စစ်ကြည့်ပါရလျှင် . . .
ညီမောင်ကဲ့သို့ (Public Display)လူရှေ့တွင် မြာစွံ သည်ဟု ထင်မှတ်ခံရအောင် အပြုအမူမျိုး များများလုပ် သူသည် တကယ်တော့ မိမိမစွမ်းခြင်းကို အများမသိအောင် ဟန်ဆောင်မှုများနှင့် ဖုံးဖိထားကြသူ များဖြစ်ပါသည်။ တကယ်တမ်း ကောက်ရိုးပုံဘေး အေးသာတို့နှင့် တွေ့ကြလျှင် ညီမောင်တို့သည် ဘယ် ခြေလှမ်းရမည်မှန်း မသိသူတွေသာ ဖြစ်ကြပါသည်။ ထို့ပြင် စိတ်တစ်ဝက်ကလည်း တစ်ပါးသူကို အထင်သေး တတ်ကြပါ သေးသည်။
ကြည်လွင်တို့ကား ထုံပါ၏။ အပါ၏။ နပါ၏။ မိမိ ကိုယ်ကို မိမိထုံမှန်း၊ အမှန်း၊ နမှန်းသိ၍လည်း ခမျာများသည် ချစ်သူက ပြန်ချစ်လာအောင် အချိန်ရှိသရွေ့ ကျိတ်ကာ ကြံဆရသည်။ ရဲဆေး တင်ကြရသည်။ လိုလျှင် ကြံဆ နည်းလမ်းရဆိုသည့် အတိုင်း ကြောက်သည့် ရွံ့သည့်ကြားက သူတို့တွေ နည်းလမ်းရကြ၏။ မထင်ဘဲနှင့် ဆင်ကဲဖြစ်ကြ၏။
ယခုမှ ညီမောင် အတွေး ပေါက်လိုက်ပါသည်။ သို့သော် ကိစ္စကား လွန်လေပြီ။
အစ်ကိုလေးတို့နှင့် အသံလွှင့်ရုံတွင် တွေ့တုန်းကမူ “အိ” နှင့် ဇာတ်လမ်းသည် ညီမောင့် အတွက် စခန်းသိမ်း သွားပြီ ဖြစ်ပါသည်။ သို့ရာတွင် ညီမောင်သည် ဟိုပင်သည်ပင် ကူးတတ်သော မျောက်လွဲကျော် ဖြစ် ပေရကား ညီမောင်ဝိသုကြုံ အဖြစ် လိုက်ပို့သော “ဂီတနှမ်းပတ်ချဉ်” အဖွဲ့မှ အဆိုတော် ညိုပြာညက် ကလေးနှင့် ဘာကလိုလိုဖြစ်၍ နေပြီဖြစ် ပါသည်။
သို့သော်လည်း ထိုအဖွဲ့ တွင်ပင် ထုံသလို အသလိုနှင့် အရယူမည့် ကြည်လွင်တို့ ကဲ့သို့သော စန္ဒရား ဆရာကလေး တစ်ယောက်ပါ၍ နေပါ၏။ ညီမောင့်မှာ မချင့်မရဲ လိပ်ခဲ တင်းတင်း ဘ၀က မကျွတ်နိုင်သေးပါ။ ကံ့ကော်လမ်းကလေး များပေါ် တစ်ယောက်တည်း လျှောက်ရ ပေဦးမည် အစ်ကိုလေးရေ။ ယနေ့ နက်ဖြန် ဆိုသလို တက္ကသိုလ်လည်း ပြန်ဖွင့်တော့မည် ဖြစ်သောကြောင့် ညီမောင်၏ ပင့်ကူအိမ် ချစ်ဝင်္ကပါကိုလည်း ပြန်၍ ဖွင့်လှစ် ဆန်းစစ်ရပေဦးမည်။
ရေပေါ်လျှပ်တိုက် မပြေးဘဲ ကျောက်ဆူး ချချင်ပြီလား အစ်ကိုလေးရေ . . .
ဟော ရေးရင်ကပင် လမ်းတစ်ဖက် လက်ဖက်ရည် ဆိုင်ရေဒီယိုမှ သီချင်းတစ်ပုဒ် လာ၍နေသည်။
“ထုံတုံတုံ အတတ ဂွကျတဲ့ ကိုလူပျို၊ ချစ်ရေးစလို့ ချစ်ရေးစလို့ သူက မဆို” တဲ့။
သည်တွင် ညီမောင့်မှာ ငယ်စဉ်က သင်ကြားခဲ့ရသည့် ပုံပြင်မှ လင်္ကာအစ ကလေးကို သွားသတိရ မိပါသည်။
“ယုန်နှင့် လိပ်ကို ပုံပြဆို ထိုထို မှတ်ကြရန်” တဲ့။