ကြက်တူရွေးနှင့် ကျီးကန်း
ပါရဂူ
ပရေမ်ကျမ်
အိန္ဒိယ ၀တ္ထုရေးဆရာကြီး ပရေမ်ကျမ်၏အဆို။
ပရေမ်ကျမ်သည် ဟိန္ဒီစာပေလောက၌ ဘ၀သရုပ်ဖော် ၀တ္ထုစာရေးဆရာအဖြစ်နှင့် ထင်ရှားကျော်ကြားသော အိန္ဒိယစာရေးဆရာကြီး ဖြစ်သည်။ သူ့ကို (၀တ္ထုဘုရင်) ဟုပင်ခေါ်ကြသည်။
တရုတ်ပြည်၌ လူရွှန်း၊ ရုရှ၌ ဂေါ်ကီ၊ အိန္ဒိယ၌ပရေမ်ကျမ် ဟူ၍လည်းနိုင်ငံသုံးနိုင်ငံ ကအအောင်မြင် အကျော်ကြားဆုံး ၀တ္ထုရေးဆရာများ အဖြစ်သတ်မှတ်ထားသော စာရေးဆရာများထဲက တစ်ဦးဖြစ်သည်။ သူ၏၀တ္ထု များထဲက “ဂိုဒန်” လုံးချင်းဝတ္ထုနှင့် ၀တ္ထုတိုအချို့ မြန်မာပြန်ထားသည်။
ပရေမ်ကျမ်၏ အဆိုကို စဉ်းစားကြည့်ကြစို့။ ပရေမ်ကျမ်က ဂုဏ်ရှိသည့်လူများဆင်းရဲသည်ဟု ပြောထားသည်။ “ဂုဏ်” သည်ပါဠိစကား “ဂုဏ” ကို မြန်မာမှုပြုထားသော ပါဠိသက်ဝေါဟာရဖြစ်သည်။ “ဂုဏ” မှလာသောဂုဏ်၏ တိုက်ရိုက်အဓိပ္ပာယ်က အရည်အချင်း။ သို့သော်လည်း ပညာတတ်သည့်လူကိုလည်း ပညာဂုဏ်ရှိသူဟုပြောကြသည်။ ဥစ္စာဓနကြွယ်ဝသောသူကိုလည်း ဓနဂုဏ်ရှိသူဟုပြော ကြသည်။ လှသောလူကိုလည်း လှဂုဏ်မောက်သူဟု ပြောကြသည် အမှန်ကဂုဏ်သည် အဆင်းမဟုတ်ပေ။ အချင်းဖြစ်သည်။ အပေါ် ယံရုပ်ပိုင်းဆိုင်ရာမဟုတ်ပေ။ အတွင်းစိတ်ပိုင်းဆိုင်ရာဖြစ်သည်။ စစ်မှန်သောအလှတရား ဆိုသည်မှာလည်း အပြင်ပိုင်းအလှထက်အ တွင်းပိုင်းစိတ်အလှကို ပြောခြင်းဖြစ်သည်။ စက္ကူပန်းကိုလှသည်၊ ဂုဏ်ရှိသည်ဟုမပြောပေ။ စံပယ်ပန်းနှင့် နှင်းဆီပန်းကိုသာလှသော ပန်း၊ ဂုဏ်ရှိသောပန်းဟု ခေါ်ရမှာဖြစ်သည်။ အဆင်းရော၊ အချင်းပါနှစ်ခုလုံးရှိသော ပန်းများဖြစ်သည်မဟုတ်လား။
ဂုဏ်ရှိသောသူက ဆင်းဆင်းရဲရဲနေရပြီး ဂုဏ်မဲ့သောလူက ချမ်းချမ်းသာသာနေရသည်ဟု ပရေမ်ကျမ်ပြောခြင်းသည် ကြက်တူရွေးက အချုပ်အနှောင်ခံနေရပြီး ကျီးကန်းက လွတ်လွတ်လပ်လပ်နေရသည်ကို ရည်ရွယ်ပြီး ပြောသောစကားဖြစ်သည်။ ပရေမ်ကျမ်၏စကား အရပြောလျှင် ကြက်တူရွေးကဂုဏ်ရှိပြီး ကျီးကန်းကဂုဏ်မဲ့သလို ဖြစ်နေသည်။ ကြက်တူရွေးနှင့် ကျီးကန်းကို ဂုဏ်ရှိဂုဏ်မဲ့ခွဲခြားသည့် နေရာ၌ ကြက်တူရွေးကလှပြီး ကျီးကန်းက မလှသည့်အတွက် လှခြင်းနှင့်မလှခြင်းကို အကြောင်းပြပြီး ဂုဏ်ရှိဂုဏ်မဲ့ဟုသတ်မှတ်ထား ခြင်းဖြစ်လိမ့်မည်။ အမှန်ကလှခြင်းကိုလည်း ဂုဏ်ရှိသည်ဟု မမှတ်သင့်ပေ။ မလှခြင်းကိုလည်း ဂုဏ်မဲ့သည်ဟူ၍ မမှတ်သင့်ပေ။ လှပြီး ဂုဏ်မရှိသူများလည်းရှိသည်။ မလှဘဲနှင့်လည်း ဂုဏ်ရှိသူများရှိသည်။ ကျမ်းဂန်များတွင် ကြက်တူရွေးဂုဏ်ကိုဖော်ခြင်း မျိုးမတွေ့ရဘဲ ကျီးကန်းဂုဏ်ဖော်ပြထားခြင်းကိုသာ တွေ့ရသည်။ “ဂုယှေ မေထုနံ” စသည်ဖြင့် ကျီးကန်းဂုဏ်ပုဒ်ကို ထုတ်ပြထားသည်။ ကျီးကန်းများ သည် အဖော်အပေါင်းနှင့် နေကြသည်။ အစားအစာတွေ့သောအခါလည်း အဖော်အပေါင်းကို အသံပြုပြီးမှစားကြသည်။ ရန်သူကိုဆန့် ကျင်သည့်နေရာ၌လည်း တစ်စုတစ်ဝေးတညီတညွှတ်တည်း ဆန့်ကျင်ကြသည်။ မေထုန်ကိစ္စများ၌လည်း အလွန်လျှို့ ၀ှက်ကြသည်။ ကျီးကန်း မေထုန်အမှုပြုသည်ကို ဘယ်သူမှမမြင်မတွေ့ရပေ။ ကြက်တူရွေးနှင့်စာလျှင် ကျီးကန်းကဂုဏ်ရှိသူ ဖြစ်မနေဘူးလား။
ယင်းအခြေခံ ပြောရလျှင် ဂုဏ်ရှိသည့်လူက ဂုဏ်မရှိသူထက် လွတ်လတ်လပ်လပ် နေရသည်ဟုဆိုလိုသည့် အဓိပ္ပာယ်ရောက်မသွား ပေဘူးလား။ အမှန်က ဂုဏ်ရှိမှု၊ မရှိမှုသည် မလွတ်လပ်မှုနှင့် ထိုမျှလောက်မပက်သက်ပေ။ ကြက်တူရွေးဘာကြောင့် အချုပ်ခံနေရသ နည်း။ ကြက်တူရွေးကို လွယ်လွယ်ကူကူဖမ်း၍ရသည်။ အစာမက်လုံးပေးပြီး ဖမ်းလိုက်လျှင် ပိုက်ကွန်ထဲ အလွယ်တကူဝင်လာသည်။ လှောင်အိမ်ထဲ ထည့်ထားသည့် အခါ၌လည်း လွတ်လပ်ဖို့မကြိုးစားပေ။ လူတွေစကားပြောသလို ပြောတတ်အောင်သင်လိုက်သေး သည်။ “ရွှေခဲကြက်တူရွေး” ဟု မြှောက်ပြောသည်ကို နားဝင်ပီယံဖြစ်နေသည်။
ဂုဏ်မဲ့သူဟု အထင်ခံနေရသော ကျီးကန်းကိုမူ လွယ်လွယ်ကူကူနှင့် ဖမ်း၍လည်းမရပေ။ ကြက်တူရွေးလို မလှသည့်အတွက်ဖမ်းပြီး မွေးလိုသည့်စိတ်လည်း မရှိကြပေ။ ကျီးကန်းများသည် အစာစားရင်းနှင့်လည်း မျက်လုံးကရန်သူလာမလာ အမြဲအကဲခတ်ကြည့်နေ သည်။ ယင်းအခြေအနေအရ အဖမ်းခံရခြင်း၊ အချုပ်ခံရခြင်း၊ အနှောင်အဖွဲ့ခံရခြင်းများသည် ဂုဏ်ရှိဂုဏ်မဲ့နှင့် ပက်သက်နေသည်။ ကြက်တူရွေးက လှောင်အိမ်ထဲ၌ပျော်နေပြီး ကျီးကန်းက လှောင်အိမ်ထဲဝင်ဖို့ စိတ်မကူးပေ။
သာသနာ့သမိုင်း၌ “တောင်ဖီလာ” နှင့် “ရွှေဥမင်” ခေါ်ဆရာတော်နှစ်ပါးရှိသည်။ ယင်းဆရာတော်နှစ်ပါးလုံး စာတတ်ပေတတ်ကျမ်းပြု ဆရာတော်များဖြစ်သည်။ သို့သော်လည်း ယင်းတို့၏ပင်ကိုစိတ်အရ တောင်ဖီလာဆရာတော်က လွတ်လွတ်လပ်လပ်မနေဘဲ ရွှေဥမင် ဆရာတော်က သာလွန်မင်းတရားကြီး ကိုးကွယ်သော ရာဇဂုရုဆရာတော်ဖြစ်ပြီး ရွှေဥမင်ဆရာတော်က ကပ္ပိယတယောက်နှင့် တကိုယ် တည်း စစ်ကိုင်းတောင်ရိုးမှာနေသော ဆရာတော်ဖြစ်သည်။
တနေ့ တောင်ဖီလာဆရာတော် ရွှေစက်တော်ကအပြန် ရွှေဥမင်ဆရာတော်နှင့်တွေ့သောအခါ တောင်ဖီလာဆရာတော်က “အရှင်ဘုရား၊ တပါးတည်းနေတာ မကြောက်ဘူးလား” ဟုမေးသည့်အခါ ရွှေဥမင်ဆရာတော်က “ကြောက်လို့ တကိုယ်တည်းနေတာ” ဟု ပြန်ပြော သည်။ တောင်ဖီလာဆရာတော်သည် ရွှေဥမင်ဆရာတော်ပြောသော “ကြောက်လို့” သည် သံသရာဘေးကို ကြောက်ခြင်းဖြစ်သည်ဆို သည့်အကြောင်း သိသွားသောကြောင့် သတိသံဝေဂရသွားပြီးအပြန်၌ သာလွန်မင်းတရားကြီး ဆောက်လုပ်လှူဒါန်းသော လေးထပ် ကျောင်းကြီးကို မ၀င်တော့ဘဲ မင်းဝံတောင်ရိုးတောထဲ တန်းဝင်သွားသည်။ တောင်ဖီလာဆရာတော်သည် စောစောပိုင်းကမင်းဆရာအ ဖြစ်ခံယူပြီး မလွတ်လပ်သော ဘ၀နှင့်နေလာခဲ့သည်။ လွတ်လွတ်လပ်လပ်နေသော ရွှေဥမင်ဆရာတော်နှင့်တွေ့ပြီးသည့် နောက်ကျ တော့မှ ရွှေဥမင်ဆရာတော်၏ လွပ်လပ်ရေးစိတ်ဓာတ် ကူးစက်သွားသလားမသိ၊ နောက်ပိုင်းဘ၀၌ နှောင်ကြိုးမဲ့ဘ၀နှင့် နေသွားသူဖြစ် လာသည်။
ကျဂပ်စီခေါ် တရုတ်ပညာရှင်ကြီး တစ်ဦးရှိသည်။ ကျဂပ်စီသည်တောထဲ၌သာ တကိုယ်တည်းအနေများသည်။ တစ်နေ့သောအခါ၌ တရုတ်ဘုရင်က ကျဂပ်စီ၏ ပညာဂုဏ်ကြားရသည့်အတွက် အမတ်တဦးကိုစေလွှတ်ပြီး ဘုရင့်အချီးအမြောက်ခံယူဖို့ ခေါ်ခိုင်းသည်။ ကျဂပ်စီသည် လွတ်လွတ်လပ်လပ်နေချင်သော ပုဂ္ဂိုလ်ဖြစ်သည်။ ဘုရင့်အချီးအမြောက်ခံယူလျှင် ဘုရင်၏ စည်းကမ်းသတ်မှတ်ချက် ဘောင်အတွင်း၌ လွတ်လွတ်လပ်လပ်နေရမှာ မဟုတ်ဟုပိုင်းဖြတ်ပြီး အမတ်ခေါ်ရာလိုက်မသွားဘဲ တောအတွင်း၌ အညတြဘ၀နှင့် လွတ်လွတ်လပ်လပ်စိတ်ချမ်းသာ ကိုယ်ချမ်းသာ တစ်သက်လုံးနေသွားသည်။ လွတ်လပ်မှု၊ အချုပ်အချယ်ခံရမှုသည် ဂုဏ်ရှိ၊ ဂုဏ်မဲ့ နှင့်မဆိုင်ပေ။ ပင်ကိုယ်စိတ်နှင့်သာဆိုင်သည်။ ဂုဏ်ရှိသော်လည်း အနှောင်အဖွဲ့ထဲ တိုးဝင်ချင်သူကမူ အနှောင်အဖွဲ့ထဲ၌သာပျော်နေ လိမ့်မည်။ ဂုဏ်ရှိရှိမရှိရှိ အနှောင်အဖွဲ့နှင့် ကင်းကင်းရှင်းရှင်းနေချင်သည့် လူကမူလွပ်လပ်မှုကို ရင်ဝယ်ပိုက်ပြီး နေသွားလိမ့်မည်။
ပါရဂူ
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၇)၊ အောက်တိုဘာလ၊ ၂၀၀၉