ငါးမရ ရေချိုးပြန်ပါမည်
မောင်လွမ်းဏီ
မောင်လွမ်းဏီ
“ရွှေဘ ဘယ်သွားလဲ မိလုံး”
ကိုညိုဒင် ငါးမျှားတံများကို အိမ်အဖီဘေးတွင်ထောင်ရင်း မလုံးကို မေးလိုက်သည်။ မလုံးက မကြားဟန်ဖြင့် မီးခိုးအူနေသည့် မီးဖိုကို မီးပြောင်းနှင့် တဟူးဟူး မှုတ်နေသည်။
“ငါမေးတာလည်း ဖြေစမ်းအုန်းဟ မိလုံး”
မလုံး တချက်မော့ကြည့်ပြီး ထမင်းအိုးဖုံးဖြင့် မီးဖိုကို ယပ်ခပ်နေပြန်သည်။ မီးခိုးမွှန်၍ ကျလာသည့် မျက်ရည်ပူတို့ကို ထမီအနားနှင့် ကောက်ပွတ် လိုက်ရင်း -
“ထုံးစံအတိုင်းပဲ ကိုညိုဒင်။ တော့်သားအကြောင်း တော်က ကျုပ်ထက်ပိုသိမှာပေါ့။ တောက်ခုံမှာလား။ ဂေါ်လီလှိမ့်တဲ့နေရာ မှာလား တော်သွားရှာကြည့်။ ခုတလော အိမ်မှာကို ကပ်တယ်မရှိဘူး”
ကိုညိုဒင့် မျက်ထောက်နီက မလုံးမီးဖိုထဲက မီးတောက်နှင့်အပြိုင်။ မျှား၍ရလာသော ငါးဇင်ရိုင်း တထုပ်ကို ထမင်းစားပွဲပေါ် ပစ်တင်လိုက်ခါ လုံကွင်း အဟောင်းတထည်ကို ပုခုံးပေါ်တင်ပြီး လမ်းထိပ်ထွက်လာခဲ့သည်။

အလည်လွန်နေသလား။ ဈေးပိုင်းဘက်မှာ ရန်သွားဖြစ်နေလား။ လားပေါင်းများစွာဖြင့် ကိုညိုဒင် နည်းနည်း စိတ်ပူ လာသည်။ ဒီကောင့်ကို ပြောရ ငေါက်ရတာလည်း အခက်သား။ စိတ်က ကြီးကြီးကောင်။ တခါက သူ့ အမေမိလုံး ဆူတာကို ကောက်ပြီး ဓာတ်တော်ကုန်းစေတီပေါ် တက်အိပ်နေလို့ ကိုညိုဒင်တို့ ဓာတ်မီးဆွဲ ရှာခဲ့ရပြီးပြီ။ “မင်းနဲ့ ပြဿနာတက်လို့လား” လို့ မိလုံးကို မမေးမိခဲ့မိတာကိုပဲ နောင်တရချင်ချင်။ ရွှေဘက ခုဆို ရှစ်နှစ်ထဲဝင်ပြီမဟုတ်လား။ ပြာသိုဖွား။ ကိုညိုဒင် ခေါင်း ငိုက်စိုက်နှင့် အိမ်ဘက် ပြန်လှည့်လာခဲ့သည်။ ခွေးမသား တွေ့လို့ကတော့ ကောင်းကောင်းတွယ် ပေးလိုက်ဦးမည်ဟု စိတ်ထဲမှာ ကြိမ်းဝါးနေမိပြန်သည်။
တလမ်းလုံး ကိုညိုဒင် စဉ်းစားလာသည်။ မတွေးတတ်အောင်လည်း ဖြစ်နေ၏။ ဒီကောင် ငါ့မပြောပဲ ဘယ်ကိုမှ မသွားတတ် မလာတတ်ပါဘူး။ လောင်းကစားတွေ ဘာတွေလည်း စိတ်ဝင်စားတဲ့ကောင် မဟုတ်။ ရပ်ကွက်ထဲက ခလေးတွေ သရေကွင်း ပစ်တာဖြစ်ဖြစ်၊ မျောက်ပန်းလှန်တာဖြစ်ဖြစ် ကစားရင်တောင် ၀ိုင်းဘေးက ထိုင်ကြည့်တဲ့ကောင်မဟုတ်။ ဗွီဒီယို ရုံကလည်း ညမှ ပြတာဆိုတော့ကိုညိုဒင် စဉ်းစားရ တော်တော် ကျပ်နေသည်။ တွေ့သေးတာပေါ့ကွာလို့ ညည်းရင်း တောက် တချက်ကို ခပ်ပြင်းပြင်းခေါက်မိသည်။
“ညိုဒင်... ဟေ့ကောင် ညိုဒင် ဘာဖြစ်နေတာလဲဟ၊ မင်းဥစ္စာကလည်း သောက်ခွက်ကြီး ပုတ်သိုးနေလိုက်တာ ခွန်နှရက် နေလို့ မှ ပေါ်တဲ့ ရေထဲက မသာလိုပဲ။ လာစမ်းပါ။ ခုမှ တို့ ၀ိုင်းစတာ”
ငပျော့အိမ်ထဲမှ သိန်းဆောင် အော်ခေါ်သဖြင့် စိတ်မပါ လက်မပါဖြင့် ကိုညိုဒင် ၀ိုင်းထဲဝင်ထိုင်လိုက်သည်။
“ငပျော့ ရွှေဘတွေ့မိလား”
“ကြည့်မနေအားပေါင် ကိုညိုဒင်ရာ။ မိုးကျခါစ ရှိသေး ထင်းတွေက ထိုင်းတယ်ဟ။ မီးကိုကောင်းကောင်းမတက်ဘူး။ မီးမတက်တော့ မီးတောက်အရက်ကလည်း တစက်ချင်း အထွက်နှေး။ လကြေးပေးဖို့တောင် ဆိုင်းပါဦးလို့ နယ်ထိန်းကို
မျက်နှာချိုသွေးရတာ အလုပ်တခု။ ဒါတောင်တလုံးတော့ ထိုးထည့်ပေးလိုက်ရသေးတယ်ကွ”
ငပျော့ အရက်တလုံး လာချပေးရင်း
“နို့ နေစမ်းပါအုန်း။ မင့်ကောင်ကို လိုက်ရှာနေရအောင် ဘယ်တုန်းကများ မင့်သားက မင်းကို ကူဖော်လောင်ဖော်ရလို့တုန်း။ ကလေးပဲကွာ။ သူ့အဖော်အသင်းနဲ့ တနေရာရာ သွားလည်ပတ် ကစားနေတာဖြစ်မှာပေါ့။ နေ့ လည်နေ့ခင်းပါကွာ။ အချိန်မတော် ညကြီးမိုးချုပ်ဆိုလည်း ထားပါတော့”
ငပျော့ ငှဲ့ပေးသည့် အရက်ခွက်ကို ပက်ကနဲ ကိုညိုဒင် မော့သောက်ချလိုက်၏။
“ငါက ရက်ပိုင်းပဲကျန်တော့တာကွ ညိုဒင်ရ။ လွန်ရော ကျွံရော ရက် နှစ်ဆယ်ပဲ”
“ဘာ ရက်နှစ်ဆယ်လဲ”
ကိုညိုဒင် သိန်းဆောင်ပြောတာကို နားမလည်။
အုန်းခင်က
“ဒီလိုကွာ ဒီကောင်က မနှစ်က ဒီမှာ မရှိဘူးလေကွာ။ အနောက်ရွာ ဘက်ကို အိမ်သွားဆောက်နေတယ်မို့လား။ အဲဒီရွာက ရသေ့လိုလို ယောဂီလိုလို ဘိုးတော်လိုလိုလူက သူ့ကို ရေမန်းတိုက်သတဲ့။ ၀ါတွင်း သုံးလ အရက်ရှောင်ရင် သိန်းပါ ဆောင်ရရုံ မကဘူး။ သန်းပါ ကုဋ္ဋေပါ သပိတ်ဝင်အိပ်ဝင် အထုက်ကြီးအထည်ကြီးနဲ့ ကြီးပွားမှာလို့ မိန့်တော်မူထားတယ်ကွာ။ မင်းမှ သူ့အိမ် ဘက်မရောက်တာ။ ပွဲနဲ့ နန်းနဲ့ ဆရာ။ မသိရင်လည်း မေး၊ ဟုတ်ပလား”
“အော်”
ကိုညိုဒင် သိန်းဆောင်ကို သတိထားကြည့်လိုက်တော့ ရွှေလက်စွက် တ၀င်းဝင်း။ ရွှေဆွဲကြိုး တလက်လက်၊ အရက်ခွက် ကတောင် ရွှေရောင်တောက်နေသလား ထင်မှတ်မှားရသည်။ ကိုညိုဒင် တွေတွေငေးငေး ဖြစ်သွားသည်။ ငါ့အလုပ်က အကုသိုလ် အလုပ်။ ဘယ်အချိန် ဘယ်ကာလမှ ကျွတ်လမ်းမြင်ရမလဲ မသိပါလားလို့ တွေးနေမိ ပြန်၏။
“ဟေ့ကောင် အုန်းခင်... မင်းမယုံကြည်ရင် လွတ်လွတ်နေ။ ငါ့ကိစ္စကို ဘာမှ ဝေဖန်စရာမလိုဘူး။ ငါယုံကြည်တာ ငါလုပ်တာ။ အနည်းဆုံးတော့ကွာ သုံးလလောက်တော့ အရက်ဖိုးမကုန်ဘူးပေါ့ ဟုတ်လား၊ ဟားဟား.....”
ရယ်ရယ်မောမော ပြောနေသည့် သိန်းဆောင်၏ အမူအယာက ပေါ့ပါး ပျော်ရွှင် နေပုံရသည်။
“ဒီမှာ ညိုဒင် ကြီးပွားလား မလားလားတော့ ငါမသိဘူး၊ မိန်းမကတော့ ကြည်ညိုနေတာပဲကွာ။ မင်းက အရေးမကြီးပါဘူးကွာ။ အကုသိုလ်နဲ့ အကျိုးပေးတဲ့ကောင်ပဲ။ တံငါချင်းတူရင်တောင် ငါးကြီးငါးကောင်း ရတဲ့ကောင်။ အကျိုးပေးဆိုတာက မတူကြဘူး လေကွာ။ ဘာဘိုးတော်မှ မင်းကို မ မလည်း မင်းအလုပ်က မင်းကို ဆောင်မနေတာပဲမဟုတ်လား။ အမှန်တော့ အမှန်ဆိုတာ ကလည်း အမှန်ဟုတ်ချင်မှ ဟုတ်တာပါကွာ”
အရက် နှစ်လုံးကုန်တော့ သိန်းဆောင် ၀ိုင်းဘေးမှာ ခွေအိပ်နေပြီ။
ကိုညိုဒင်လည်း ရွှေဘကို သတိပြန်ရလာသည်။
“ငါ ပြန်အုန်းမယ်ကွာ ငပျော့။ ညနေကျရင် တလုံးတော့ ပို့လိုက်။ ဒီမှာပိုက်ဆံ”
ကိုညိုဒင် လုံကွင်းကို ခါးစီးပြန်လာခဲ့သည်။
“တအောင့်ဆို ထွက်သွားလိုက်တာ။ တော်တို့ ၀ိုင်းက ပေတော်တော် ရှည်ကြတာပဲ”
ရောက်မဆိုက် မလုံးက ဆီးကြို၍ ငေါ့သည်။
“ထမင်းခူးရမလား”
“ခူးကွာ၊ ရွှေဘပြန်ရောက်ပြီလား”
“တော့်သားကဖြင့် အိမ်မေ့ယာမေ့၊ တနေ့ တနေ့ ဘယ်သဝေ ထိုးနေမှန်းကို မသိပေါင်။ တော်လည်း နည်းနည်းပါးပါးတော့ဆိုဦး၊ ပြောဦး။ သေစာရှင်စာတောင် မဖတ်တတ်တဲ့ကောင်ကို တော်ဒီလိုပဲ လက်ပိုက် ငါးထောင်ပြီး ကြည့်နေတော့မှာပဲလား” မလုံးစကားက ကိုညိုဒင့် နဖူး ကြောတွေ တင်းသွားအောင် ရိုက်ချက်ပြင်းဟန်တူသည်။ ကိုညိုဒင် ခေါင်းငိုက်စိုက်နှင့် ထမင်း ပန်းကန် ထဲကို ငရုတ်သီး ငပိချက်အရည်တွေ လောင်းထည့် လိုက်သည်။ ကိုညိုဒင့် ထမင်းပန်းကန်ထဲသို့ ငါးဇင်ရိုင်း ဆီကျန် ရေကျန် ဟင်းလေးကို ခပ်ထည့်ပေးရင်းက မလုံးစောစောက စကားပြန်ဆက်သည်။
“တော့်သားကို တော်ဒီလို ဆက်ထားနေရင်တော့ ကာလသားပေါက်မဖြစ်ခင် အိမ်ပြေး ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် စစ်ထဲရောက်ဖို့ ပဲရှိတယ်”
“ဒီကောင့် အသက်အပိုင်းအခြားနဲ့  မင်းပြောနေ တာတွေက နှစ်နဲ့ ချီကြာအုန်းမယ့် ကိစ္စတွေပါကွာ။ အလွဲအချော်တွေချည်း မင်းကလည်း အတွေးခေါင်လွန်းတယ်”
ကိုညိုဒင်တို့ မိသားစုထမင်းဝိုင်းလေးက တခုခု လိုအပ်နေသလို သွေ့ ခြောက်တိုးဆိတ်လွန်းလှသည်။ ကိုညိုဒင် ဘုရားစင် ပေါ်က စားပွဲတင်နာရီကို ကြည့်လိုက်တော့ နှစ်နာရီကျော်ပြီ။ ရွှေဘ၏ အရောင်အရိပ် အငွေ့ အသက်ကို မမြင်ရ၊ မရှူရှိုက် ရသေး။ ထမင်းဝိုင်းသိမ်းနေရင်းက မလုံး ကိုညိုဒင်ကို အကဲခတ်ကြည့်နေမိ၏။
“တော် ထပ်သွားရှာမနေနဲ့၊ ငတ်ရင်ပြန်လာလိမ့်မယ်။ အရွယ်နဲ့ မလိုက်ဘူး အလေ လိုက်နေတာက”
အိမ်ပေါက်ဝမှာ စောင့်ကြောင့်ထိုင်၊ ဆေးပေါ့လိပ်ကို မီးညှိ၊ လမ်းမထက်ကို မျှော်နေသည့် ကိုညိုဒင့် ပုံပန်းက ရိုးရိုးနှင့် ဆန်းနေသယောင်။ ရွှေရောင်ကွပ်ထားသည့် တိမ်မဲညို။
* * * * * * * * * * * * * * * *
“ကိုညိုဒင် ကိုညိုဒင်”
အိမ်ရှေ့ ကပြင်မှာ အိပ်ပျော်နေသည့် ကိုညိုဒင်ကို ငပျော့လှုပ်နှိုးရင်း အရက်ပုလင်းကို အိမ်တိုင်ဘေးတွင် မှေးထောင်ထား လိုက်သည်။
“အေး အေး မနက်က အရှိန်နဲ့ မှေးကနဲ အိပ်ပျော်သွားလိုက်တာကွာ ဘဲကြီးဆောရီး တောကြီးမြိုင်လည်ပဲ ငပျော့ရေ၊”
“မလုံး မှာသွားတယ်။ ညနေဈေး သွားတယ်တဲ့ ကိုညိုဒင်နိုးရင် ပြောလိုက်ဖို့ မှာသွားတယ်”
“အေးအေး ငပျော့”
ဘုရားစင်ပေါ်က နာရီကို ကြည့်လိုက်တော့ ငါးနာရီကျော်ပြီ။ နေပင်ချိုနေပြီ။ ကလေက၀ ကောင် ခုထိ အိမ်ရိပ် မနင်းသေးဘူး။ ဒီနေ့တော့ ငါးမျှားတံရိုးရဲ့ အရသာ မင်းမြည်းကြည့်စမ်းကွာလို့ ပြော ပြောပြီး ကောင်း ကောင်းတီးလိုက်မယ်လို့ ကိုညိုဒင် တေးထားသည်။ ကိုညိုဒင် အရက်ငှဲ့ နေစဉ် ရွှေဘ ခေါင်းငိုက်စိုက်နှင့် အိမ်ထဲဝင်လာသည်။
“အလို ဧည့်သည်တော်ကြီး ကြွပါခင်ဗျာ။ ကြွပါ။ ဘယ်နေပြည်တော်ကများ မြန်းလာပါလိမ့်။ လာရင်းကိစ္စကို မိန့်တော်မူပါဦး”
ကိုညိုဒင် ရွှေဘကို ရိတိတိ ပြောရင်း အိမ်ဘေးအဖီမှာ ထောင်ထားသည့် ငါးမျှားတံ တွေထဲမှ ခပ်တောင့်တောင့် ဖြောင့်ဖြောင့် တချောင်းကို ဆွဲထုတ်လိုက်သည်။ ကိုညိုဒင့်ပုံစံက အာဏာပါးကွက်သားဟန်အပြည့်။ မျက်နှာသေလေးဖြင့် ရွှေဘ သူ့ အဖေကို ကြည့်နေသည်။
“ကဲ ပြောစမ်းပါအုန်း လူက လက်တောက်လောက်။ မင်းကိုမင်း ဘာထင် နေလဲ၊ အိုးပစ် အိမ်ပစ်၊ အိမ်လစ်ကျောင်းလစ်၊ အရွယ်ရောက်တော့ စစ်သားဖြစ် ဆိုတာ မင်းလို ကောင်မျိုးပဲနေမှာ။ လာစမ်း ဒီတိုင်မှာကပ်”
ကိုညိုဒင် ရွှေဘ လက်ကိုဆွဲပြီး အိမ်ကပြင်တိုင်မှာ ဆွဲကပ်လိုက်သည်။
“ကျုပ် ဘာလုပ်လို့ ရိုက်မှာလဲ ဘညို”
သွေးအေးအေးနှင့် မေးလိုက်သည့် ရွှေဘ၏မေးခွန်းကို ကိုညိုဒင်ဖြေလိုက်ပုံက ယဉ်သည်။ ငါးမျှားတံ အရင်းပိုင်းဖြင့် ရွှေဘ ကျောပြင်ကို အားနှင့်လွှဲ ရိုက်ချလိုက်ခြင်းပင်။
“ဘညို ကျုပ်မေးနေတယ်နော် ကျုပ်ကို ဘာလို့ ရိုက်ချင်တာလဲ။ ကျုပ် ဘာလုပ်လို့လဲ”
နာကျင်ရကောင်းမှန်းမသိသည့် မျက်နှာပေးဖြင့် ရွှေဘ ကိုညိုဒင်ကို နှုတ်ခမ်းတင်းတင်းစေ့၍ မေးပြန်သည်။ ကိုညိုဒင် နောက်ထပ် တချက်ရိုက်လိုက်စဉ် အသားပေါ်ကျသည့် အသံထွက်မလာပဲ တခုခု ခုခံထားသည့် အရာပေါ်က ထွက်လာသည့် အသံမျိုး ကိုညိုဒင် သတိထားမိလိုက်သည်။
ကောက်ခါငင်ခါ ရွှေဘ အကျီကို နောက်ကနေ ဆွဲလှန်လိုက်သည်။
ဗလာစာအုပ်ပါးပါးတစ်အုပ်။
“ဒါ ဘာလဲ”
“စာအုပ်”
“ဘာလုပ်တာလဲ”
“စာရေးတာပေါ့”
“ဘာ မင်းက စာသင်နေတယ် ဆိုတဲ့ သဘောပေါ့”
“ဟုတ်တယ်”
“ဘယ်ကျောင်းမှ မဖွင့်သေးတာ မင်းက ဘယ်ကောလိပ်သွားတက်နေတာလဲ။ ငါထပ် လုပ်မိတော့မယ်”
“ကျုပ် ဆရာကြီးဦးခိုင်ဆီမှာ ဗမာစာ ရေးတတ် ဖတ်တတ်အောင် သွားသင်နေတာ။ ဆရာကြီးက ဘ၀ ကိုလည်း သင်ကြား ရတာပဲတဲ့၊ ပညာကိုလည်း အမြဲမပြတ် ဆည်းပူးရမယ်တဲ့။ ကျောင်းမတက်ချင်ရင်လည်း အားတဲ့ လပ် တဲ့အချိန် စာကို သင်ရမယ်တဲ့။ စာမတတ်တဲ့သူဟာ အကန်းနဲ့ တူတယ်တဲ့”
“ငါ အကန်းမဟုတ်ဘူး။ ပြစမ်း မင်းစာအုပ်”
စာအုပ်ထဲတွင် စာကြောင်းတချို့ ကို တွေ့ ရသည်။ ကိုညိုဒင် မဖတ်တတ်။
“လုပ်စမ်းပါဦး၊ ပညာတတ်ကြီးရဲ့ ။ ခင်ဗျား သင်နေတဲ့ စာတွေ ဖတ်ပြစမ်းပါအုန်း”
“ငါးစားသာမြင် ငါးမျှားချိတ်မမြင်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်။ ငါးစိမ်းမြင် ငါးကင်ပစ်။ ငါးပွက်ရာ ငါးစာချ။ ငါးလွန်မှ ကွန်စွန့် ။ ငါးသိုင်းများဟင်းဟုန်။ ငါးမရ ရေချိုးပြန်”
ကြေကြေကွဲကွဲ ရွှေဘ၏ တင်ပါးလေးကို ပွတ်သပ်ချော့မြူနေသည့် ကိုညိုဒင့်ကို မလုံးတယောက် မျက်လုံးအ၀ိုင်းသားဖြင့် အံ့သြတကြီး ငေးရီနေသည်ကို တလောကလုံးကတော့ မမြင်တွေ့ နိုင်ပါချေ။
မောင်လွမ်းဏီ
၃-၄-၂၁၁၀
(မောက္ခပညာရေးမဂ္ဂဇင်းမှတဆင့်ကူးယူဖေါ်ပြပါသည်။)