ဗိုလ်ချုပ်အောင်ဆန်း ၏ လွတ်လပ်ရေးကြိုးပမ်းမှု
တက္ကသိုလ်နေဝင်း
တက္ကသိုလ်နေဝင်း
အဆိုပါကြေးနန်းကို ကျွန်တော်က တင်ပြသောအခါ ဗိုလ်ချုပ်က…..
“သူ့အိမ်မှာတော့မတည်းလိုဘူး။ဒါပေမယ့် ၂၄ ရက် နေ့ည ညစာတော့စားမယ်လို့ အကြောင်းပြန်လိုက်”ဟု အမိန့်ပေးသဖြင့်ကျွန်တော်လည်းထိုအတိုင်းပင်အင်္ဂလိပ်ဘာသာဖြင့် တောင်ကြီးသို့ ကြေးနန်းပြန်ရိုက် လိုက်ရပါသည်။
သို့နှင့်ပင် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ည တွင်ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒသ အရေးပိုင်မစ္စတာ “ဘရိတ်ကီ”တည်ခင်းဧည့်ခံသော ညစာစားပွဲသို့လာလေသည်။
ထိုညက ဖိတ်ကြားထားသောဧည့်သည်များကစုံလှပါသည်။ရှမ်းပြည်နယ်ရှိနယ်ရှင်စော်ဘွားကြီးများနှင့် မဟာဒေဝီများ အပြင် တောင်တန်းဒေသအရာရှိမစ္စတာစတီဗင်ဆင် အမှူးပြုသော အင်္ဂလိပ် အရာရှိများလည်း ပါဝင်လေသည်။ ညစာစားအပြီး အလ္လာပသလ္လာပ စကားပြောနေကြစဉ် မဟာဒေဝီတစ်ဦးက ဗိုလ်ချုပ်အားသူတို့ ရှမ်းပြည်နယ်မှ တိုင်းရင်းသားများသည် မျက်စိမပွင့်ကြသေး၍ နယ်အနှံ့သို့လှည့်လည်ဟောပြောရန်ပြောလေရာ ဗိုလ်ချုပ်သည် စတီဗင်ဆင်းအားညွှန်ပြရင်း……..
“ဒါကတော့ သူတို့ပြောတာဖြစ်မှာပေါ့ဗျာ”ဟုခပ်တည်တည်ပြောလိုက်လေသည်။
တစ်ဆက်တည်းမှာပင် ဗိုလ်ချုပ်က……………..
“သူတို့လက်အောက်မှာ အနှစ် ၆၀ လုံးလုံး ကျွန်အဖြစ်နေခဲ့ရလို့ပြည်နယ်သားတွေကိုရိုင်းတယ်လို့ အဆိုခံနေရတာပါ။ သူတို့ထွက်သွားတဲ့အခါကျတော့ ချက်ချင်း ယဉ်ကျေးလာအောင် ကျုပ်လုပ်ပြပါ့မယ်”ဟုပြောလိုက်ပြန်သည်။
ဗိုလ်ချုပ်က ယင်းသို့ရဲတင်းပွင့်လင်းစွာ ပြောလိုက်သည်ကိုရှမ်းစော်ဘွားများနှင့်မဟာဒေဝီများ အထူးဝမ်းမြောက်အားရ ကြသလောက် စတီဗင်ဆင်တို့အနေဖြင့် မျက်စိမျက်နှာပျက်လောက်အောင် အောင့်သက်သက်ဖြစ်သွားခဲ့ရလေသည်။
မြန့်မာ့လွတ်လပ်ရေးအတွက် ဘိလပ်သို့သွားရောက်အရေးဆိုရမည့်အချိန်ကား ရက်ပိုင်းမျှသာ လိုတော့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသတိုင်းရင်းသားလူမျိုးစုအား စည်ရုံးရေးကိုသာလျှင် သဲသဲမဲမဲ ကြိုးပမ်းနေဆဲဖြစ်လေသည်။
မစ္စတာ”ဘရိတ်ကီ”၏ညစာစားပွဲအပြီး နောက်တစ်နေ့ ၁၉၄၆ ခု ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်)နေ့တွင် ဗိုလ်ချုပ်သည်တောင်ကြီးမြို့ လူထုစည်းဝေးပွဲကြီးတွင် ညီညွတ်ရေးတရားဟောခဲ့သေးသည်။
ယင်းလူထုစည်းဝေးပွဲကြီးတွင် ဗိုလ်ချုပ်ကရှမ်းပြည်တွင်သွားရောက်နေထိုင်ကြသူမြန်မာအမျိုးသားများအား အောက်ပါအတိုင်း သတိပေးခဲ့လေသည်။
” ရှမ်းပြည်မှာလာနေပြီး ရောင်းဝယ်ဖောက်ကားနေတဲ့ ဗမာတွေကိုလည်း သတိပေးချင်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ရှမ်းအမျိုးသားတွေ အပေါ်မှာ အထင်မသေးရဘူး ၊ သွေးချင်းသားချင်းအဖြစ် ရင်းရင်းချာချာသဘောထားရမယ် ၊ ဆက်ဆံရမယ် ၊ သူတို့ရဲ့ဓလေ့ထုံးစံများကိုလည်း မထီမဲ့မြင်မလုပ်ရဘူး ၊ ခင်းဗျားတို့ကို အထူးသတိပေးလိုတဲ့အချက်ကတော့ ရှမ်းလူမျိုးများနဲ့ဆက်ဆံတဲ့ရာမှာအရင်းရှင်တွေလို ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ အဓမ္မဝါဒမျိုးမလုပ်ရဘူး ၊ တကယ်လို့ ကျုပ်သတိပေးတဲ့အတိုင်း မလိုက်နာကြပဲ အရင်းရှင်ဝါဒသမားတွေလို ထင်ရာလုပ်နေကြမယ်ဆိုရင်တော့ ကျုပ်တို့က ခင်ဗျားတို့အပေါ်လစ်လျူရှုနေမှာ မဟုတ်ဘူး”
ဗိုလ်ချုပ်က ဤသို့သတိပေးစကား ပြောကြားခဲ့ခြင်းမှာ အဓိပ္ပါယ်ရှိပေသည်။ လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံထူထောင်သည့်အခါ တောင်တန်းဒေသနေ တိုင်းရင်းသား လူမျိုးစုများကိုလည်း ပြည်မမှမြန်မာတို့နှင့် ကျောသားရင်သားမခွဲခြားပဲတန်းတူအခွင့်အရေးများ ရရှိစေမည်ဟု အမခံချက်အခိုင်အမာ ပေးလိုသည့် သဘောဖြစ်ပင်ဖြစ်လေသည်။
ထို့ကြောင့်ဗိုလ်ချုပ်၏ ဟောပြောချက်ကို လူထုစည်းဝေးပွဲ တက်ရောက်လာသော ရှမ်းအမျိုးသား ပရိတ်သတ်ကအထူးပင် နှစ်ထောင်းအားရ ဖြစ်ခဲ့ကြလေသည်။
အထက်ပါလူထုစည်ဝေးပွဲမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့တွင် ကျင်းပခဲ့ရာ ထိုနေ့ညနေဘက်တွင် ဗိုလ်ချုပ်သည်ညောင်ရွှေမြို့သို့ ခရီးဆက်ထွက်ခဲ့လေသည်။
ခရီးရောက်မဆိုက်မှာပင် ညောင်ရွှေစော်ဘွားကြီး၏ဟော်တွင် ရှမ်းစော်ဘွားများနှင့် တွေ့ဆုံဆွေးနွှေးပွဲတစ်ရပ် ကျင်းပခဲ့လေသည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)ညဘက် ဖြစ်လေသည်။
ယင်းဆွေးနွှေးပွဲတွင် ဗိုလ်ချုပ်က အောက်ပါအတိုင်းပွင့်လင်းစွာပြောခဲ့လေသည်။
“ဘိလပ်အစိုးရက ကျွန်တော့်ကို ဗမာပြည်အရေး ဆွေးနွှေဖို့ဆိုပြီး ဖိတ်ခေါ်ထားပါတယ်။ ဘိလပ်ရောက်သွားရင်တောင်တန်းဒေသကိစ္စကိုပါ ပြောရပါလိမ့်မယ်။ ရှမ်းပြည်နယ်အကျိုးအတွက် ကျွန်တော်ညွှန်ကြားထားတဲ့ အတိုင်းသဘောတူ လက်မှတ်ထိုးပေးလိုက်ရင်တော့ အကောင်းဆုံးပါပဲ”
စော်ဘွားကြီးများကလည်း ဗိုလ်ချုပ်၏စေတနာကို ကောင်းစွာယုံကြည်ပါကြောင်း ယခုအကြံပေးချက် မှာလည်းလျော်ကန်သင့်မြတ်လှကြောင်း သို့သော် ယခုအစည်းအဝေးတွင် ရှမ်းပြည်တောင်ပိုင်းမှ စော်ဘွားများသာပါဝင်ပြီး ၊ မြောက်ပိုင်းစော်ဘွားများမပါသေးသဖြင့် မကြာမီစော်ဘွားအားလုံး စုံညီသည့် ဆွေးနွှေးပွဲတစ်ရပ်ပြုလုပ်၍ ဗိုလ်ချုပ်ထံအမြန်ဆက်သွယ် အကြောင်းကြားပါမည်ဟု ကတိပေးခဲ့ကြလေသည်။
ယင်းသို့ နယ်ရှင်စော်ဘွားများနှင့်ရင်းနှီးစွာဆွေးနွှေးပြီးနောက် ၁၉၄၆ ခု ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ညောင်ရွှေမြို့တွင်ကျင်းပသည့် လူထုစည်းဝေးပွဲကြီးတွင်လည်း ဗိုလ်ချုပ်အောင်းဆန်းသည် ရှမ်းပြည်နယ်လူထု ပရိတ်သတ်အား ဤသို့ပွင့်လင်းစွာဟောပြောခဲ့လေသည်။
ဗမာနိုင်ငံဟာ မကြာမီလွတ်လပ်ရေးရပါတော့မယ် ၊ ရှမ်းပြည်ကိုတော့ အင်္ဂလိပ်အဆိုးရက ခြေကုပ်ယူထားပြီး အရေးကြီးတဲ့အခွင့်အရေးတွေကို သူတို့လက်ထဲဆက်ထားဖို့ စိတ်ကူးနေကြတယ်။ ကမ္ဘာ့သမိုင်းမှာ တိုင်းပြည်တစ်ပြည်က အခြားတိုင်းပြည်တပြည်ကိုသိမ်းထားတယ်ဆိုတာ စေတနာရှိလို့မဟုတ်ဘူး။ လိုချင်လို့သာ သိမ်းပိုက်ထားခြင်းဖြစ်တယ် ၊ ပြီးတော့လည်း ပြန်လက်မလွှတ်
ချင်ကြဘူး။ ဒါပေမယ့် ကျွန်တော်တို့ဗမာပြည်ကိုလက်မလွှတ်ရင် မဖြစ်တဲ့အခြေအနေရောက်နေပါပြီ။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်ကစပြီး နိုင်းငံတကာရဲ့အခြေအနေတွေဟာ ပြောင်းလဲနေပါတယ်။ ဘုရင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ အီတလီနိုင်ငံတွေဟာ ဒီမိုကရေစီစနစ်အရသမ္မတအုပ်ချုပ်တဲ့ နိုင်ငံများဖြစ်လာကြရတယ်။ စာပေကျမ်းဂန်များမှာပါတဲ့အတိုင်း ရှေးအခါကတိုင်းသူပြည်သားများက သူတို့ကိုအုပ်ချုပ်တဲ့ သမ္မတမင်းကိုတင်မြှောက်ရပါတယ်။ ခုချိန်ခါ မျိုးမှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာ ပူပေါင်းဆောင်ရွက်ဖို့ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း သာမက အာရှတိုက်ကနိုင်ငံအချင်းချင်းတောင် ပူပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ဆိုရပါမယ်။
ထိုသို့လျှင် ညောင်ရွှေမြို့ လူထုအစည်းအဝေးပွဲကြီးတွင် စည်းလုံးညီညွတ်ရေးတရား ဟောပြောခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် ထိုနေ့တွင်ပင် ရှမ်းပြည်မှ ရန်ကုန်သို့ ပြန်ခဲ့လေသည်။ မြန်မာ့လွတ်လပ်ရေးအတွက် လန်ဒန်မြို့သို့ ခရီးထွက်ရန်၆ရက်မျှသာလိုတော့ပေသည်။
တက္ကသိုလ်နေဝင်း
သွေးသောက်မဂ္ဂဇင်း
စက်တင်ဘာ၊၁၉၇၉မှ
ကူယူဖေါ်ပြပါသည်။