ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Friday, July 23, 2010

စာမလိပ်ချင်ဘူး

စာမလိပ်ချင်ဘူး
မောင်ဝဏ္ဏ




ခေတ်မီတိုးတက်တဲ့ ကမ္ဘာကြီးပေါ်မှာ ဘယ်လိုနေရပါ့မလဲနော်။ မနေ့ ညက စာရေးစာဖတ်နဲ့မို့ တော်တော်ညဥ့်နက်သွားပါတယ်။ ညတုန်း က စာဖတ်ရင်း ခြင်ကိုက်လို့ ခြင်းဆေးထွန်းမယ်ကြံတယ်။ ဒါပေတဲ့ ခြင်ဆေးခွေတို့၊ ခြင်ဆေးတိုင်တို့ဆိုတာက ဓါတုဗေဒအဆိပ်တွေ ပါ သတဲ့။ ခြင်ဆေးခွေတခွေစာ ထွန်းထားလို့ထွက်တဲ့ အငွေ့တွေ အား လုံးရှူမိရင် တထိုင်တည်း စီးကရက်အလိပ်ပေါင်း နှစ်ရာလောက် သောက်ပစ်လိုက်သလို ကိုယ့်ခန္ဓာကိုယ်ထဲမှာ အဆိပ်ငွေ့တွေ ရောက် သွားနိုင်ပါသတဲ့။ (ပြောကြတာပဲ)
ဒါနဲ့ပဲ မြင်းမြီးလို့ခေါ်တဲ့ (ဘာကောင်ရဲ့ အမြီးမှန်းမသိတဲ့ အမြီးမွေး တွေတတ်ထားတဲ့) မြီးယပ်ကလေးယူပြီး ဟိုရမ်းဒီရမ်း လုပ်နေလိုက်ပါတယ်။ ခြင်ဆိုတဲ့အကောင်ကလည်း အယ်လ်ခေဒါနဲ့ တာလီဘန် တို့လိုပဲ လစ်ရင်လစ်သလို ဝင်ဝင်တွယ်တတ်တယ်။ ပိုးသတ်ခြင်နိုင် မှုတ်ဆေးဖျန်းရင်လည်း ခြင်သေတာထက် ကိုယ့်အသက်ရှူ ပေါက်ကတဆင့် ကိုယ်ခန္ဓာထဲ အဲဒီအငွေ့တွေဝင်လေတော့ ကိုယ့်ကိုယ်ကိုယ် မြှင်းပြီး သေကြောင်းကြံသလို ဖြစ်ဦးမယ်။ ဒုတိယ ကမ္ဘာ စစ်ပြီးခါနီးမှာ ဂျပန်တွေ ခါမိခါဇော လုပ်သလိုဖြစ်သွားလိမ့်မယ်။ ဒါကြောင့် သားမြီးယပ်ဆိုတဲ့ ပစ္စည်းလေးနဲ့ပဲ ခြင်ရမ်းနေလိုက်ပါတယ်။ သန်ခေါင်တော်တော်ကျော်တော့မှ အိပ်ရာထဲဝင်ခဲ့ပါတယ်။ (အိပ်ရေးဝအောင် အိပ်ပါလို့ ကျန်းမာရေးပညာပေးထားသားပဲ)

မနက်အိပ်ရာကနိုးတော့ နံနက်ကိုးနာရီ။ မျက်နှာသစ်တယ်၊ အကျင့်ပါနေလို့သာ မျက်နှာသစ်တာပါ။ တကိုယ်ရေသန့်ရှင်းရေး ဆိုတာ ကို စိတ်တောင်မကူးမိပါဘူး။ ဒါပေတဲ့ မျက်နှာသစ်ရင်း ရေကသန့်ရဲ့လားလို့ စဉ်းစားမိတယ်။ ဟုတ်တယ်လေ မျက်နှာသစ်ရင် ငယ် ငယ်က အကျင့်အတိုင်း မျက်စိကို ရေနဲ့ကျင်းလေ့ရှိပါတယ်။ အဲဒီရေမသန့်ရင် မျက်စိကို ဒုက္ခပေးနိုင်မယ်။ ကျနော့်မျက်စိကလည်း ဂိတ် ဆုံးအောင်စောင်းနေပြီလို့ ဆရာဝန်ကပြောထားတယ်။ မျက်စိမှုန်တာကို မျက်မှန်ပါဝါအများကြီးနဲ့ ထပ်တင်လို့ရတယ်။ သူငယ်အိမ် စောင်း တာကတော့ ၁၈ဝ ဒီဂရီထက် ပိုတင်လို့မရဘူးတဲ့။ ကျနော့်မျက်မှန်ဆေးစာမှာ အက်ဇစ် ၁၈ဝံ တဲ့ ဂိတ်ဆုံးပြီပေါ့။ (အမြင်စောင်း တဲ့နေရာ တော့ ဂိတ်ဆုံးအောင် စောင်းတာပါပဲ)

မျက်စိကို ရေနဲ့ကျင်းမယ်လုပ်ပြီးမှ ဘုံဘိုင်ခေါင်းကကျလာတဲ့ ရေကို ကြည့်လိုက်တယ်။ ကြည်လင်လို့ပါပဲ။ အဝိစိတွင်းရေနဲ့ မိုးရေရော နေတဲ့ တိုင်ကီကကျလာတဲ့ ရေမိုသိပ်ပြဿနာတော့မရှိနိုင်ပါဘူး။ ဒါပေတဲ့ ပလတ်စတစ်ပိုက်တွေကစိတ်ချရရဲ့လား၊ တတ်နိုင်ဘူး၊ တန်ရုံနဲ့တော့ ပြဿနာမဖြစ်ပါဘူးလို့ ဆုံးဖြတ်ပြီး မျက်စိထဲကို ရေနဲ့ကျင်းတယ်။ ပြီးတော့ ပလုပ်ကျင်းတယ်။ သွားတိုက်ဆေးတွေထဲမှာ အရောင်တွေ စပ်ကတည်းက သွားတိုက်ဆေးမသုံးတော့ဘူး။ ဘာတွေစပ်ထားမှန်းမှ မသိတာ။ ဆားနဲ့ပဲသွားတိုက်တယ်။ (အဘိုးတို့ အဘွားတို့လည်း ဆားနဲ့ပဲသွားတိုက်တာ အသက်ရှစ်ဆယ်လောက်ထိ သွားမကျိုးဘူး) မျက်နှာသုတ်တယ်။ အဲ.... မျက်နှာသုတ်ပဝါ သန့်ရဲ့လား။ မလျှော်ရတာ တပတ်လောက်ရှိပြီ။ ကိစ္စမရှိပါဘူးလေ။

ကျနော့်အိမ်မှာ တယောက်မျက်နှာသုတ်ပဝါ သေးတထည်စီသုံးတာပဲ။ ကိုယ့်ပိုးနဲ့ကိုယ်တော့`အင်မျူးန်´ ဖြစ်နေပါလိမ့်မယ်။ လက် ဖက်ရည်ဆိုင်သွားဖို့ အိမ်ပြင်ထွက်လိုက်တယ်။ ဝါဆိုလ နေကပူလှပါလား။ နေ့ဝါဆို ညပြာသိုဆိုကိုး။ ဆရာဝန်က မှာထားတယ် နေပူ ထဲထွက်ရင်ငွေရောင်ထီး ဆောင်းပါတဲ့။ ဘာကြောင့်လဲဆိုတော့ ကျနော်အလုပ်က နေပူထဲသွားလာလှုပ်ရှားခဲ့ရတာ။ အနှစ်ငါးဆယ် နီးပါး နေပူထဲအလုပ်လုပ်ခဲ့တော့ အရေပြားကို နေလောင်သတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဆိုလားပဲ။ အရေပြားမှာ ပွန်းပဲ့ရာလို အနာလေး တွေပေါက်လို့ အရေပြားဆရာဝန်သွားပြခဲ့တာ ဆရာဝန်က ဆေးပေးပြီး နေပူထဲထီးမဆောင်းပဲ မထွက်ရလို့ ပညတ်ခဲ့ တယ်။ အိမ်ထဲထီးရှာတယ် မိုးတွင်းဆိုတော့ ထီးနှစ်လက်က လက်မလည်ဘူး ထီးရှာမရဘူး။ သိပ်မထူးပါဘူးလေလို့ ဆုံးဖြတ်ပြီး လက် ဖက်ရည်ဆိုင်ဘက် နေပူထဲပဲ လျှောက်လာခဲ့တယ်။

လက်ဖက်ရည် မှာလိုက်တယ်။ စဉ်းစားမိပြန်ပါရော။ လက်ဖက်ခြောက်မှာ ဆိုးဆေးပါနိုင်တယ်။ နို့ဆီမှာ တာရှည်ခံအောင်လုပ်တဲ့ ကာ ဗွန်(မီးသွေး)နဲ့ ဆိုဒီယမ် (ဆားဓာတ်) ပါလိမ့်မယ်။ သကြားကိုဖြူအောင်လုပ်တဲ့ ချွတ်ဆေးလည်း ပါနိုင်တယ်။ ဒါပေတဲ့....။ နာမည် ကျော်(မှတ်ပုံတင်ပြီး) လက်ဖက်ခြောက်ကုမ္ပဏီနဲ့ နို့ဆီကုမ္ပဏီက ထုတ်လုပ်ထားတာပဲ။ ပြီးတော့သောက်နေကျ လက်ဖက်ရည်ဆိုင်။ လက်ဖက်ရည်သောက်လိုက်တယ် အရင်ကတော့ မနက်ပိုင်းမှာ ကြက်ဥ မကျက်တကျက်သောက်တယ်။ နောက်တော့ ကြက်တုတ် ကွေး၊ ငှက်တုတ်ကွေး ဆိုတာနဲ့ မကျက်တကျက်တွေ မစားတော့ဘူး။ မုန့်စားမယ်လို့စဉ်းစားတယ်။ ပလာတာ၊ စမူဆာ စတာတွေရှိ တယ်။ ဆီကပြဿနာ၊ စားအုန်းဆီထဲတောင် အရောအနှောရှိသတဲ့။ ပြီးတော့ မိုးတွင်းမို့ ယင်ကောင်အုံနိုင်တယ်။ ဝမ်းပျက်ရင်အခက်။ မုန့်ကြွပ်ကတော့ မဆိုးဘူး၊ ဒါပေတဲ့ ဆိုဒီယမ်များသတဲ့ မစားတော့ပါဘူးလေ။

လက်ဖက်ရည်လေး တကျိက်လောက် ကျိက်ပြီးတော့ ဆေးပေါ့လိပ်ဖွာမိတယ်။ အဲ....ဆေးလိပ်ငွေ့က အဆုပ်၊ အသည်းစတာတွေကို အန္တရယ်ပေးသတဲ့။ ကင်ဆာဖြစ်နိုင်တယ် ဆိုလား။ ဆေးလိပ်ဖြတ်ပါလို့ မိတ်ဆွေတွေက အကြံကောင်းပေးတာများလှပေါ့။ ဆေးလိပ် ဖြတ်ဦးမှ။ ဒါပေတဲ့ ဆေးပေါ့လိပ်ပဲလေ တဖွာလောက်တော့ အာသာပြေဖွာတာ သိပ်အန္တရာယ်မများပါဘူးလို့ ကိုယ့်ဘက်ကိုယ်ယက်ပြီး တွေးလိုက်ပါတယ်။ ပြီးတော့ ရန်ကုန်လိုမြို့ကြီးမှာ ဆေးလိပ်ငွေ့လိုပဲစက်ရုံ၊ အလုပ်ရုံ၊ မော်တော်ကား၊ ဓါတုဗေဒစက်ရုံ အစရှိတာတွေ ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေက ပြည့်လျှံနေပြီဥစ္စာ၊ ဆေးလိပ်မဖွာလည်း အဲဒီမီးခိုးတွေ အလိုအလျှောက်ရှူမိပြီးသား ဖြစ်နေပြီ၊ ခွပဲ။

လက်ဖက်ရည်ဆိုင်က ပြန်လာတယ်။ မော်တော်ကားကြီးတစီးက မီးခိုးငွေ့တွေ အလုံးလိုက်လွှတ်တယ်။ တော်သေးတာပေါ့လေ ကား ကြီး တော်တော်များများ စီအင်ဂျီဓာတ်ငွေ့ ပြောင်းသုံးလို့။ ဘတ်စ်ကားမှတ်တိုင်ကို ဖြတ်လျှောက်တော့ ကိုယ့်နှာခေါင်းကိုယ် လက်နဲ့ပဲ ပိတ်လိုက်တယ်။ ကမ္ဘာလူတုတ်ကွေး ဆိုတာကြီးက လူများတဲ့နေရာမှာ ပိုးမွှားကူးနိုင်ဆိုပဲ။ နှာခေါင်းစီးတွေက ခွဲစိတ်ခန်းသုံး ဟုတ်မှ ဟုတ်ရဲ့လားမသိ။ ဘာပဲဖြစ်ဖြစ်လေ တန်ရုံတော့အကာအကွယ် ပေးမယ်ထင်ပါရဲ့။ လက်ကိုင်ပုဝါစီးထားရင်လည်း သိပ်မဆိုးပါဘူး။ ဒါပေတဲ့ ကျနော်တို့ငယ်ငယ်က နှာခေါင်းကို လက်ကိုက်ပဝါ စီးပြီး`ဇောရိုးကွ´ `ရွှေဘကွ´နဲ့ ကစားခဲ့တာကို သတိရတယ်။ လူကြား သူကြား နှာခေါင်းကို လက်ကိုင်ပဝါစီးထားဖို့ကလည်း စတိုင်ပဲ့မယ်။ ဒီတော့လက်ကိုင်ပဝါ လေးဆောင်ထားပြီး လူကြားသူကြားရောက် ရင် နှာခေါင်းအုပ်ထားဖို့ လိုမယ်ထင်တာပဲ။ လက်ကိုင်ပဝါတထည် လောက်ဝယ်ပြီး ဆောင်းထားဦးမှ။

လမ်းဘေးမှာ ပလတ်စတစ်အမှိုက်တွေ မြင်မကောင်အောင် ပြန့်ကြဲနေတယ်။ ပလတ်စတစ်ကို ဘယ်သကောင့်သားက ထွင်ခဲ့သလဲ မသိဘူး။ အဲဒီငနဲကို ကမ္ဘာ့ခုံရုံးတင်းပြီး သေဒဏ်မဟုတ်တောင် တကျွန်းလောက်ပြစ်ဒဏ်ချသင့်တယ်။ ပလပ်စတစ်ကြောင့်ဘယ် လောက်ဒုက္ခများသလဲ။
"ပလတ်စတစ်ကို ဆန့်ကျင်ကြလော့ အရင်းရှင်စနစ် ကျဆုံးပါစေ"လို့
ဆိုင်မဆိုင်ကြွေးကျော်လိုက်ချင်တယ်။

အိမ်ရောက်တော့ သတင်းစာရှာတယ်၊ မရောက်သေးဘူးတဲ့။ ငယ်ငယ်တည်းက မနက်စောစော သတင်းစာဖတ်လေ့ရှိတာက အကျင့်စွဲ နေပြီ။ အရင်ကတော့ သတင်းစာဆိုတာ နောက်အကျဆုံး မနက် ၆ နာရီ ၇ နာရီရောက်တာပဲ။ ခုတော့ဆယ်နာရီ ဆယ့်တနာရီမှ သတင်းစာရောက်တယ်။ မနက်ပိုင်းမှာ သတင်းစာမဖတ်ရရင် တခုခုလိုနေတယ်လို့ထင်တဲ့ အကျင့်ကိုဖျောက်ဦးမှ။ (ခေတ်နောက်ကျ ရင် ကျပါစေ ညကျမှ သတင်းစာဖတ်မယ်) အိမ်ရှေ့က ပူညံပူညံအသံကြားရတယ်။ ကျနော့်ဇနီးရဲ့ အိမ်ဆိုင်မှာ အမ်းစရာအကြွေမရှိလို့ ဈေးဝယ်တယောက်က မကျေမနပ် ပြောနေတာ။ သကြားလုံးမစားဘူး၊ စီးကရက်မသောက်ဘူး၊ အချဉ်ထုတ်မစားဘူး၊ နောက်ဆုံး တော့ ပဲလှော်ထုပ်နဲ့ အဆင်ပြေသွားတယ်။

ရာတန်ငါးဆယ်တန်တွေကလည်း ဆယ်လိုတိပ်ရာ ဗလပွနဲ့။ နဂိုရည်ပျက်နေပြီ အဲဒီအကြွေတွေက လက်ပေါင်းထောင်သောင်းသိန်း သန်းနဲ့ ကိုင်ထားတာ။"အကြွေကိုင်ရင် လက်အိတ်စွတ်ပါလား" လို့ဇနီးကို ဧရာမအကြံကြီးပေးဖူးတယ်။ "အို အလုပ်ကရှုပ်သနဲ့"လို့ ပြန် ပြောတယ်။ စာပွဲပေါ်က မဂ္ဂဇင်းတစောင် ကောက်ကိုင်တယ်။ ဖုံတွေတက်နေပြီ။ လမ်းမတန်းမှာနေတော့ လမ်းမကြီးက လွင့်လာတဲ့ဖုံ တွေကတအိမ်လုံးအနှံ့။ စာအုပ်ကိုဖုံခါပြီး ဖတ်တယ်။ ကမ္ဘာကြီး ပူနွေးတာ၊ ဖန်လုံအိမ်အာနိသင်၊ ကျန်းမာရေးပညာပေး စုံနေတာပါပဲ။ ပညာပေးတဲ့ အတိုင်းတိတိကျကျ လိုက်နာဖို့ မလွယ်ဘူး။ ဖက်ရှင်တွေကလည်း ထွင်လိုက်သမှ မျိုးကိုစုံလို့။

မိတ်ကပ်နဲ့ ဖက်ရှင်အဝတ်အစားတွေ အတွက်ကုန်မယ့်စရိတ်ကို ကျန်းမာရေးနဲ့ညီတဲ့ အဝတ်အထည် အစားအသောက်တွေဝတ်စား ကြပါတော့လားလို့ ကြီးကြီးကျယ်ကျယ်တွေးလိုက်မိသေးတယ်။ (ဘယ်သူကလိုက်နာ မှာတဲ့တုံး) တူမလေးဈေးက ပြန်လာပြီး ငါးကိုင် နေတယ်။ ရေထုညစ်ညမ်းမှုကြောင့် ရေသတ္တဝါတွေ အဆိပ်သင့်နေပြီဆိုပဲ။ တူမလေးနားသွားပြီး "ငါးကိုင်ပြီးရင် လက်ကိုစင်အောင် ဆေးနော်"လို့ ဆရာလုပ်ပစ်လိုက်တယ်။ ဟင်းသီးဟင်းရွက်တွေကလည်း ဓာတ်မြေသြဇာကို အတိုင်းအဆမရှိ သုံးလို့ သိပ်မနိပ်ဘူးတဲ့။ ဒါပေတဲ့ အဲဒီဟင်းသီးဟင်းရွက်မှ မစားရင် ဘာသွားစားမလဲ။ "ဟင်းရွက်တွေ ကျက်ကျက်ဆူအောင် ချက်နော်" ပညာပေးပစ်လိုက် တယ်။

သားငယ် အိမ်ထဲဝင်လာတယ်။ ဘယ်ကပြန်လာမှန်းမသိဘူး။
"သား ဒီနေ့ ဒီပလိုမာသင်တန်း မတက်ဘူးလား"
"နှာချေနေလို့ သင်တန်း မတက်ဘူး"
"ခု နှာချေသေးလား"
"မချေတော့ဘူး"
"မနက် ကျောင်းတက်"
"နက်ဖြန် စနေနေ့ သင်တန်းပိတ်တယ်"
"တနင်္လာနေ့ ကျောင်းတက်၊ လက်ကိုင်ပဝါယူသွား"
"ဟုတ်ကဲ့"
(ဟုတ်ကဲ့ ဆိုပေတဲ့ သင်တန်းတက်ချင်မှတက်မှာ) ဒီကောင်တွေနှယ် ခက်လိုက်တာ တို့တုန်းက တက္ကသိုလ်တက်ရတာ သိပ်ပျော်တာ ပဲ သူတို့ကျတော့ တက္ကသိုလ်တက်ရတာ မပျော်ဘူးလား။ စာလည်းသင်၊ ကောင်မလေးတွေလည်း ငမ်းရမယ့်ဟာကို။ သူတို့ခေတ်ကို နားမလည်းဘူး။ ထားလိုက်ပါလေ...။

သတင်းစာ ရောက်ပြီ။ ဖတ်တယ်။ အာဖဂန်နဲ့ အီရတ်မှာဗုံးကွဲ၊ တော်သေးတာပေါ့ မြန်မာပြည်မှာ အမေရိကန်စစ်တပ် မရှိဘူး၊ အသေခံ ဗုံးခွဲမရှိဘူး။ နာရေးထဲမှာ အသိအကျွမ်းများပါသလားလို့ ဖတ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သူတွေရဲ့ နာမည်တွေ့တယ်။ ဒီလို ပေါ့လေ အနိစ္စသဘောကိုးလို့ ဖြေသိမ့်လိုက်တယ်။ ထမင်းစားလို့ရပြီတဲ့။ ချဉ်ပေါင်ဟင်း၊ ကျက်သမှ ချဉ်ပေါင်ရွက်တွေပျော့ပြဲနေပြီ။ ငါးဟင်းကလည်း ခြောက်သယောင်းလို့။ ဆီတွေစိတ်မချရလို့ ဆီသိပ်မသုံးနဲ့လို့ မှာထားတာကို။ ခရမ်းသီးပြုတ်ကတော့ အနေတော်ပဲ။ ငပိရည်နဲ့ တို့စားတယ်။ အဲငပိတွေလည်း ဆေးဆိုးဆိုလား၊ ငရုတ်သီးမှုန့်မှိုတက်ရင် မစားနဲ့တဲ့။ ကင်ဆာဖြစ်တတ်သတဲ့။ ငပိရည်လေး အာသာပြေပဲစားလိုက်တယ်။

အချိုမှုန့်က ခေါင်းမြီးခြုံပြီး ဝင်လာမြဲ။ အချိုမှုန့်ထဲမှာ ကျန်းမရေးနဲ့ မညီညွတ်တဲ့ သွေးတိုးနှလုံးရောဂါဖြစ်တတ်တဲ့ ဓါတ်တွေပါသတဲ့။ "အချိုမှုန့်မသုံးပါနဲ့" လို့တော့ အိမ်ရှင်မကိုပြောထားတယ်။ ဆားခတ်ပေါ့၊ ဆားများရင်လည်း သွေးတိုးမယ်တဲ့။ ဒါဆို ငံပြာရည်၊ ပိုဆိုး သေး ငံပြာရည်ထဲမှာ မတော်မတဲ့တွေ ထည့်ဆိုပဲ။ ထမင်းတပန်းကန်တော့ ကုန်အောင်စားမှ။ အဲ....ဆန်...။ တီဗွီထဲမှာ ဓါတ်မြေသြဇာ တွေ လွှတ်ကြော်ငြာနေတယ်။ မြန်မာ့မြေပြင်တပြင်လုံး ဓါတ်မြေသြဇာနဲ့များ ဖို့နေကြရော့သလား။

မက်ထရစ် ဖြေတုန်းကဘာသာတွဲမှာ စိုက်ပျိုးရေးသိပ္ပံ ယူဖူးတယ်။ အကောင်းဆုံးမြေသြဇာဟာ နောက်ချေး (နွားချေး) နဲ့ သစ်ရွက် ဆွေး သဘာဝမြေသြဇာတဲ့။ ဓါတ်မြေသြဇာကိုလိုမှ အတိုင်းအဆနဲ့ပဲသုံးရမတဲ့။ သဘာဝမြေသြဇာကို လိုသလောက်ထုတ်ပေးနိုင်ပါ့မ လား။ ဓါတ်မြေသြဇာကိုကော အတိုင်းအဆမှန်မှန် သုံးရဲ့လား။ ပိုးသတ်ဆေးတွေကကော။ စံနစ်တကျ ဖြန်းရဲ့လား။ အဲဒီပိုးသတ်ဆေး တွေက အသီးအနှံတွေကို ဈေးကဝယ်ပြီး သုံးရက်လောက်ထားပါတဲ့။ သုံးရက်အတွင်းမှာ ရေခဲသေတ္တာထဲ ထည့်ထားရမယ်တဲ့ ပြီးမှ စားပါတဲ့။ အစားအစာတွေကို လေးဒီဂရီစင်တီဂရိတ် ရေခဲလုမှာသိမ်းရမတဲ့။

အင်း...ဆန်ကတော့ ဆန်အဟောင်းပဲလေ။ သိပ်ပြဿနာမရှိနိုင်ပါဘူး။ ပြီးတော့ ရေခန်းချက်ထားတာ။ ပူကျက်ဆူပွက်အောင် ချက် ထားတာ။ ထမင်းတော့စားမှဖြစ်မယ်။ မြန်မာလယ်သမားတွေကို ယုံကြည်လိုက်တာကောင်းပါတယ်။ ထမင်းစားပြီးတော့ ရေနွေး ကြမ်း သောက်တယ်။ အကြမ်းခြောက်သောက်တယ်။ အကြမ်းခြောက်လည်း ဆေးဆိုးသတဲ့။ တန်ရုံပဲအရောင်ရှိပြီး အရောင်မရင့်ဘဲ ခါးသက် သက်ဖြစ်နေရင် စိတ်ချလိုက်ရမှာပါပဲ။ ပင်လောင်းလဖက်ခြောက်ကောင်းကောင်း မသောက်ရတာကြာပြီ။ စိမ်းဖန့်ဖန့် ဝါတာတာလေးနဲ့ ခါးဆိမ့်ဆိမ့်ကလေး။ အရင်တုန်းက ရေနွေးဆူထဲထည့်လိုက်ရင် နီကြောင်ကြောင်ဖြစ်လာတဲ့ လက်ဖက်ခြောက်ဆို လွှင့်ပစ်လိုက်တာ။ ခုလက်ဖက်ခြောက် တဆယ်သားတထုပ် "တထောင့်ငါးရာ" တဲ့ လွှင့်မပစ်ရက်ပါဘူး။ တန်ရုံခါး၊ တန်ရုံနီရင်တော်ရောပေါ့လို့ သဘော ထားပျော့ပျောင်း ပစ်လိုက်တယ်။ မကောင်းဘူးလား။

ဖတ်လက်စ စာအုပ်ကိုထားလိုက်တယ်။ စာတပုဒ်လောက် ရေးဦးမှလို့ ဆုံးဖြတ်ပြီးစာရွက်တွေယူတယ်။ အဲ့..... ဒီနေ့နေ့ခင်း မိတ္တူဆိုင် မှာမီးမလာဘူး.... မီးစက်ဘာညာနဲ့ကူးရင် သိပ်မနိတ်ဘူး။ ဒီတော့ စာရေးရင်အရင်တုန်းကလို မင်ခံစက္ကူခံပြီးရေးတာ ကောင်းတယ်၊ မင်ခံစက္ကူထုတ်လိုက်တယ်၊ ကာဗွန်ပေပါလို့ခေါ်တဲ့အတွက် မီးသွေးမှုန့်တွေကို ဓါတုဗေဒဆေးနဲ့ ရောပြီးလုပ်ထားတာ ဖြစ်လိမ့်မယ်။ မင်ခံစက္ကူက အနံတမျိုးထွက်နေတယ်။ ပြီးတော့ကိုင်ရတာ ချွဲကျိကျိ။ လက်ဆေးဦးမှပဲ။ အို ဒီလောက်ကလေးနဲ့ ဘာမှမဖြစ်လောက်ပါ ဘူး၊ ပြီးမှပဲ လက်ဆေးတာပေါ့။ စာရေးဖို့ထိုင်လိုက်တယ်။ အင်ဗာတာ ခလုတ်ဖွင့်တယ်။ ဘက်ထရီကြီးက ဧည့်ခန်းထောင့်မှာ ဘက်ထ ရီ ထဲမှာ အက်ဆစ်ရှိတယ် အက်ဆစ် ဆိုကတည်းက ငရဲမီးအပျော့စားပဲ။ အငွေ့ပျံတတ်လို့ မိုးရေလို့ခေါ်တဲ့ ဒစ္စရီဝါးတာ ထည့်ပေးရသ တဲ့။ ဘက်ထရီအိုး အဖုံးလေးတွေဖွင့်ပြီး လက်နှိပ်မီးနဲ့ ထိုးကြည့်တယ်။ မိုးရေသိပ်မခန်းသေးဘူး။ အနံကမွန်တွန်တွန်မို့ အဖုံးကို အမြန် ပြန် ပိတ်တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက မိတ်ဆွေတယောက်ရဲ့ သားငယ်။ အဲသလိုပဲ အင်ဗာတာဘက်ထရီ အက်ဆစ် ကျန်မကျန်စစ်ဆေး တာ ဖယောင်းတိုင်မီးနဲ့ ကြည့်မိသတဲ့။ အက်ဆစ်ကို လုံအောင်ပိတ်ထားတော့ ဓါတ်ငွေ့ဖြစ်နေပြီး ဖယောင်းတိုင်မီး အဟပ်မှာ ဘက်ထ ရီအိုးပေါက်ကွဲ သတဲ့။ ကံကောင်းထောက်မစွာ ဘက်ထရီကို စားပွဲအောက်မှာ ထားတဲ့အတွက် မျက်နှာတော့ မထိဘူး၊ ရင်ဘတ် လောက် ကစပြီး ထိခိုက်ဒဏ်ရာရလို့ ဆေးရုံပို့ရသတဲ့။ ဆရာဝန်တွေက ဘက်ထရီအကွဲစတွေကို စိတ်ရှည်လက်ရှည် ခွဲထုတ်ပေးသ တဲ့။ အမာ ရွတ်လေးတွေတော့ ဖြစ်သပေါ့။

အသက်မဆုံးတာပဲ ကံကောင်း။ အဲဒါကြားဖူးသိဖူးလို့ ဘက်ထရီနားမှာ မီးဖို ဂက်စ်အိုးနားမှာ ဖယောင်းတိုင်၊ မီးခြစ် လုံးဝမသုံးရလို့ အိမ်တွင်းအမိန့်ထုတ်ထားလိုက်တယ်။ ဒါနဲ့လည်း သိပ်စိတ်မချလို့ ဖယောင်းတိုင်မထွန်းရလို့ ထပ်ကွန့်တယ်။ အဲဒါကျတော့ အိမ်ရှင်မ က ကန့်ကွက်တယ်။ သူ့အိမ်ဆိုင်နေရာမှာတော့ အင်ဗာတာမီးအားကျရင် ဖယောင်းတိုင်ထွန်းမှာပဲတဲ့။ ဈေးဖိုးအထောက်အကူပေးတဲ့ ဆိုင်နေရာဆိုတော့ ကင်းလွတ်ခွင့်ပေးလိုက်ရပါတယ်။ (ပြန်လည်ပြင် ဆင်လိုက်တာပေါ့လေ) အင်ဗာတာမီးချောင်း ဖွင့်ပြီးစာရေးမယ် လို့ ထိုင်လိုက်တယ်။ ဖျပ်ခနဲ သတိရတယ်။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းက ရေစုပ်မော်တာ လျှပ်စစ်ကြိုးရှော့ဖြစ်တယ်။ ညသန်း ခေါင်ကြမှ မီးအားပြည့်လို့ စာရေးရင်း ရေတင်နေတုန်း အရပ်ထဲကရေစုပ်စက်တွေ တပြိုင်နက်တည်း ပိတ်လိုက်သလားမသိဘူး။ မီး အားဆောင့် တက်လာတယ်ထင်ပါရဲ့။ ရေစုပ်စက် လျှပ်စစ်ကြိုးကရှော့ ဖြစ်တယ်။ တယောက်တည်း ဘာလုပ်ရမှန်းမသိလို့ မိန်းဆွစ်ချ ဖို့ အပြေးမှာ သားကြီးနိုးလာတယ်။

ရှော့ဖြစ်ပြီး မီးခိုးထွက်တဲ့နေရာကို သားက ပုဆိုးရေစွတ်ပြီး ငြိမ်းလိုက်တယ်။ တအိမ်သားလုံးနိုးပြီး သန်းခေါင်မှာ အလုပ်ရှုပ်သွားတယ်။ မိန်ချ။ လက်နှိပ်မီးထိုး၊ ရှော့ဖြစ်တဲ့ ဝါယာတွေဖြတ်ပစ်။ တိပ်ခွေနဲ့ ဝါယာအစတွေ လိုက်ပတ်။ မိန်ပြန်တင်။ ခဏစောင့်ကြည့် နောက် တော့မထူးဘူးလို့ ဆုံးဖြတ်ပြီး အဲဒီတညလုံး မိန်းဆွစ်ချ။ စားရေးနေတာရပ်။ လက်နှိပ်မီး အိပ်ရာထဲယူ သွားအိပ်။

နောက်သုံးလေးရက်ကြာမှ လျှပ်စစ်ဆရာကို ခေါ်လို့ရတယ်။ သူ့ခမျာလည်း မအားရှာဘူး။ အရပ်ထဲဟိုအိမ်ဒီအိမ် အရေးကြီး ကြီးသလို လိုက်လုပ်ပေးနေရရှာတာ။ လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေဝယ်၊ ကြိုးပြန်သွယ်၊ ဖျူးစ်တပ် စသဖြင့်နဲ့ ရှိစုမဲ့စုထဲကသုံးသောင်းလောက် ထွက်သွားတယ်။ ဒါတောင် အိမ်မှာဝယ်ထားတဲ့ ကြိုးအသစ်ကို ပြန်သုံးလို့။ နို့မို့ဆို ကုန်မှာ။ မောင်မင်းကြီးသား လျှပ်စစ်ဆရာကို ကျေး ဇူးတင်ရတယ်။ လျှပ်စစ်ဆိုတာ ကျွမ်းကျင်သူမှ သွယ်ခွင့်ရှိတယ်မဟုတ်လား။ ပြီးတော့ ဓါတ်လိုက်ရင်သေတတ်တယ်။ ဝါယာရှော့ဆို တာ မီးလောင်တတ်တယ်။ ဂရုစိုက်လွန်းပါမှ တန်ကာကျတယ်မဟုတ်လား။ မန္တလေးနဲ့ မော်လမြိုင်ဈေးကြီးတွေ မီးလောင်တာ လျှပ် စစ်ဝါယာ ရှော့ကြောင့်ဆိုပဲ။

တောင်တောင် အီအီလျှောက်တွေးနေလို့ မပြီးဘူး စာရေးဦးမှ။ စာရေးမယ်ဆိုမှ ဘယ်ကစပြီး ဘယ်လိုရေးရမှန်း မသိဘူး။ "စာရေး တယ်ဆိုတာ ဘယာကျော် ကြော်သလို မဟုတ်ဘူးကွဲ့လို့ ဆရာကျားဘညိမ်း ပြောဖူးတာကို သတိရတယ်။ အဲဒီစကား ကျနော့်မိန်းမ ကိုပြောတော့ မိန်းမက.....။ "ဘယာကြော် ကြော်တာကော လွယ်တယ်မှတ်လို့လား၊ မီးသွေးမီးဖို မီးမွှေးကြည့်စမ်းပါဦး၊ ပဲရေစိမ်တာကို က တညသိပ် စိမ်ရတာ ဆီလက်လွန်လို့ မရဘူး၊ နည်းသွားလို့လည်မရဘူး၊ ကြက်သွန်ပါးပါးလှီးကြည့်စမ်းပါ" စသဖြင့် ပြန်တွယ်တာ သတိရတယ်။

စာရေးလို့မရသေးတော့ ရေချိုးလိုက်ဦးလို့ ဆုံးဖြတ်တယ်။ ဒီနေ့နေသာတယ်။ မိန်းမက ခြင်ထောင်တွေ စောင်တွေလျှော်ပြီး နေပူလှန်း ထားတယ်။ ဟုတ်ပ မိုးငွေ့ကြောင့် စောင်တွေအောက်သိုးသိုး ဖြစ်နေတာ သတိထားမိတယ်။ စွတ်စိုထိုင်းမှိုင်းတဲ့ရာသီမှာ ဗိုင်းရပ်စ်တွေ အသက်ရှည်သတဲ့။ နေသာတုန်းအဝတ်တွေ လျှော်တာမိန်းမမှန်တယ်။ သူကတော့ ဗိုင်းရပ်စ်တွေ ဘာတွေစဉ်းစားနေတာ မဟုတ်ပါ ဘူး၊ လုပ်စရာရှိတာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ပစ်လိုက်တာပါ။ အဲဒါကောင်းတယ် `ဂျင်နရယ်နောလစ်´ တွေက တော်တော်စရင်း ရှုပ်တယ် ဗိုင်းရပ်စ်တွေ၊ အင်တီဘိုင်အိုတစ်တွေ၊ တောက်ဆင်တွေ။

ရေချိုးခန်းထဲ ဝင်တယ်၊ ကျောက်ပြားပေါ်ထပ်ခင်းထားတဲ့ သစ်သားပြားက ချောကျိကျိဖြစ်နေပြီ။ ကျောက်ပြားပေါ်မှာ ချော်လဲမှာစိုးလို့ သစ်သားပြားခင်းထားကာမှ ချော်လဲနေရင် ခက်မယ် သစ်သားပြားကိုဘရပ်ရှ်နဲ့ တိုက်ပြီး နေပူထုတ်လှန်းဦးမှ။ "ရေချိုးကာနီးရင် သောက်ရေ တခွက်သောက်" လို့ အမေသင်ထားတာကို သတိရတယ်.... ရေချိုးခန်းကပြန်ထွက်ပြီး ရေအိုးထဲက သောက်ရေတခွက် သောက်တယ်။ အဘိုးအဘွားတွေ သင်ထားတာရှိသေးတယ်။ ကိုယ်ချိုးမယ့်ရေကို တငုံလောက်သောက်တဲ့ ဘယ်အရပ်ရောက်ရောက် အဲဒီအရပ်ကရေကို တခွက်ဖြစ်ဖြစ် ရောက်ရောက်ချင်း တငုံဖြစ်ဖြစ် သောက်တဲ့၊ ရှေးလူကြီးတွေက ကိုယ်ခံအားစံနစ်ကို ရိုးရာနည်းနဲ့ နား လည်းထားပုံရတယ်။

ခုတော့ တွေ့ကရာရေသောက်လို့ မဖြစ်ပေဘူး။ တကမ္ဘာလုံး အဆိပ်တက်နေတာ။ အဲ ရေသန့်ဆိုတာတွေကလည်း သိပ်စိတ်မချရဘူး။ ရေသန့်ဗူးတွေပေါ်စတုန်းက ပရိတ်ရေကိုရေသန့်ဗူးနဲ့ ယူလာဖူးတယ်။ အဖုံးပက်ကင်ပိတ်နဲ့ ဘုရားစင်မှာ ထားထားရင်း အဲဒီရေသန့်က အနယ်တွေထိုင်လာတယ်။ အဲဒီကတည်းက ရေသန့်ဆိုတာတွေကို မယုံတော့ဘူး။ ငယ်ငယ်ကတည်းက သောက်နေကျဘုန်းကြီး ကျောင်းရေတွင်းကရေပဲ ထည့်သောက်တယ်။ ခရီးသွားရင်တော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ရေသန့်ဆိုတာကိုပဲ သောက်ရတယ်။ နယ် တနယ်ကို ရောက်တုန်းကဒီလိုကြားရဖူးတယ်။ မန်ကျီးပင် အုပ်အုပ်ကြီးအောက်မှာ တွေ့ရလေ့ရှိတဲ့ သေက်ရေချမ်းစင်လေးတွေကို လွမ်းလိုက်ပါ ဘိတော့တယ်။

ရေတခွက်သောက်ပြီး ရေချိုးတယ်။ ဆပ်ပြာကမွှေးလွန်းတယ်။ အမြှုပ်တွေလည်း တအားထွက်တာပဲ ရေမွှေးနဲ့ကော့စတစ်တွေ များ တယ်ထင်တယ်။ အရေပြားက နေလောင်လို့ သိပ်မနိပ်ရတဲ့ထဲ ဒီရေမွှေးနဲ့ ကော့စတစ်အက်ဆစ်တွေက ဒုက္ခပေးဦးတော့မှာပဲ။ ဆပ်ပြာ နည်းနည်းပဲ တွန်းတယ်။ ရေချိုးပြီးထွက်လာတော့- "ရေချိုးတာ မြန်လှချည်လား"လို့ မိန်မကပြောတယ်။ `မှန်းစမ်း´ဆိုပြီး ခြေ ထောက်ကို ချေးတွန်းကြည့်တယ်။ ချေးမစင်ဘူး။ `ဒါလားရေချိုးတာ´ လို့ မိန်မက မြည်တွန်တောက်တီးတယ်။ ဆပ်ပြာအကြောင်းရှင်း ပြမနေတော့ပါဘူး။ `တကမ္ဘာလုံး ဆပ်ပြာသုံးနေတာ´ ဘာညာနဲ့ အရစ်ရှည်နေဦးမယ်။ `ခြေထောက်တွေ ပြန်ဆေးပါ့မယ်ကွာ´ လို့ စကားနည်းရန်စဲ ငြိမ်းချမ်းရေးယူလိုက်ရတယ်။

ကျနော်ငယ်ငယ်က ချေးထူလို့ဆိုပြီး ကြီးတော်က အုန်းဆံဖတ်နဲ့ တကိုယ်လုံးကိုတိုက်ပေးတာ သတိရမိတယ်။ ညစ်ပတ်ဖွာလန်နေတဲ့ ပလတ်စတစ် ဘရပ်ရှ်နဲ့ စာရင် အုန်းဆံဖတ်ကမှ တော်ဦးမယ်။ ခြေထောက်ချင်းပွတ်ပြီတော့ပဲ ခြေဆေးလိုက်တယ်။ အုန်းဆံဖတ်လိုက် ရှာဖို့မလွယ်ဘူးလေ။ ဟိုးတနှစ်တုန်းကတော့ သပွတ်အူတွေရလို့ ရေချိုးခန်းထဲ ထည့်ထားသေးတယ်။ သပွတ်အူကတန်ရုံပိုးမွှားကို နိုင်သတဲ့။ ခုသပွတ်အူလည်းရှာမရဘူး။ အရှုပ်အထွေးသက်သာတာပေါ့လို့ စိတ်ဖြေနိမိတ်ယူပစ်လိုက်တယ်။

စာရေးဖို့ ပြန်ထိုင်တယ်။ ခေါင်းကလည်းဘာမှ ထွက်မလာဘူး ဦးနှောက်မသွက်တော့ဘူး။ အေးလေ အရင်တုန်းကလောက်တော့ ခေါင်းဘယ်ကောင်းနိုင်ပါ့မလဲ။ ကလာပ်စည်းတွေ တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးနေတယ်လို့ ဆိုကြတာပဲ။ ဟုတ်မှာပေါ့။ `သြော် အနိစ္စ´လို့ တရားဆင်ခြင် ပစ်လိုက်တယ်။ ထိုင်ရတာ ညောင်းလာတော့ ထပြီးလမ်းလျှောက်တယ်....တနေ့ကို အနည်းဆုံး တမိုင်လမ်း လျှောက်ပါတဲ့။

တမိုင်မှာ ပေပေါင်းငါးထောင့် နှစ်ရာရှစ်ဆယ် ရှိသတဲ့။ ခြေလှမ်းတလှမ်းကို ပျမ်းမျှ တပေခွဲ။ ဒါဆိုဘယ်နှလှမ်း ရှိမလဲ။ သုံးပေတကိုက် ဆိုတော့ တကိုက်မှာ ခြေလှမ်း နှစ်လှမ်း....။ ဟာ တွက်ရတာရှုပ်တယ်၊ ခေါင်းကလဲ အတွက်အချက်မပြေးတော့ဘူး။ အိမ်ထဲလမ်း လျှောက်နေတာ တမိုင်ပြည့်အောင် ဘယ်လောက်လျှောက်ရမလဲ မသိဘူး။ အဲ.... လူတယောက် ခပ်မှန်မှန် လမ်းလျှောက်ရင် တနာရီ လေးမိုင်လောက် ခရီးပေါက်နိုင်သတဲ့။ ဒါဆို ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင် တမိုင်ပေါ့။ ခြေလှမ်း အစိပ်အကြဲ မသေချာဘူး။ ပိုပိုမိုမို မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်နေလိုက်တာပေါ့လေ လို့စဉ်းစားပြီး အိမ်ထဲမှာပဲ ခေါက်တုန့်ခေါက်ပြန် လျှောက်နေလိုက် တယ်။

ဘယ်နှနာရီ ဘယ်နှမိနစ်ကစပြီး လမ်းလျှောက်တယ်ဆိုတာ မှတ်မထားမိတော့ ဘယ်အချိန်မှာ မိနစ်နှစ်ဆယ်ပြည့်ပြီမှန်း မသိတော့ ဘူး။ မထူးပါဘူး တအောင့်လောက် ကွမ်းတယာညက်လောက် အဲ......လျှောက်ချင်သလောက် လျှောက်နေလိုက်တာကောင်းပါတယ်။ လမ်းလျှောက်နေတုန်း အိမ်ရှေ့လမ်းမက ကားကြီးတစင်း အသံဗြဲကြီးနဲ့ အော်ပြီး ဖြတ်သွားတယ်။ တမံသလင်းတောင် သိမ့်သိမ့်တုန် သွား သလိုပဲ။ ဆူညံသံတွေကလည်း ကျန်းမရေးကို ထိခိုက်စေသတဲ့။ ဆွစ်ဇာလန်မှာ ဂျက်လေယာဉ်သံတွေ ဆူလွန်းလို့ လေယာဉ် ကွင်းနား နေတဲ့လူတွေက သူတို့ကျန်းမရေးထိခိုက်ပါတယ်ဆိုပြီး လေယာဉ်ကွင်းနဲ့ လေယာဉ်ကုမ္ပဏီတွေကို တရားစွဲသတဲ့။ ဘယ်သူ နိုင်သလဲ မမှတ်မိတော့ဘူး။ လျှော်ကြေးရတယ်ဆိုလားပဲ။

အိတ်ဇောပေါက်၊ အသံဆူ၊ မီးခိုးလုံးကြီးတွေ ထွက်တဲ့ကားတွေကို ဆိုင်ရာက အရေးယူဖို့ အကြံပြုဦးမှ။ ဘယ်ဌာနနဲ့ဆိုင်သလဲဆိုတာ မသိတော့ ဘယ်သူ့ကို အကြံပြုရမှန်းလည်း မသိတော့ဘူး။ ဦးနှောက်သေးသေး လေးနဲ့ အကြံပြုလို့ မဖြစ်သေးပါဘူးလေ။ ဆူညံသံ မကြားချင်ရင် ဟိုးမြို့စွန်သွားနေရုံပဲ။ အဲ..... မြို့သစ်အစွန်အဖျားမှာ မြွေပေါသတဲ့။ မှောင်နဲ့မည်းမည်းမှာ မမြင်မစမ်းနဲ့ မြွေကိုက်ခံရရင် ခွပဲ။ မြို့သစ်က မြို့စွန်မြို့ဖျားဆိုတော့ ဆေးခန်းဆေးရုံကို ချက်ချင်းရောက်ဖို့ မလွယ်ဘူး။ မဖြစ်သေးပါဘူးလေ အိမ်နောက်ဖေး ခြံဝန်း လေးထဲ ထွက်နေရင် အသံဗလံတွေ အကြားရသက်သာမှာပေါ့။

တိုက်ခန်းထဲ နေရတဲ့ လူတွေဆိုဒုက္ခ၊ ပြေးစရာမြေမရှိဘူး။ ကိုယ့်မှာ မြေလွတ်လေးနည်းနည်းရှိလို့ တော်သေးတာပေါ့လို့ ကြံဖန်ဂုဏ်ယူ ပစ်လိုက်တယ်။ လမ်းလျှောက်ရတာ ညောင်းလာတော့လှဲလျှောင်းချင်လာတယ်..... ကွပ်ပျစ်လေးပေါ် လှဲမယ်လုပ်တော့ မီးပူမတိုက်ရ သေးလို့ ပုံထားတဲ့လျှော်ပြီးသား အဝတ်တွေက ကွက်ပျစ်ပေါ်မှာ အထွေးလိုက်။ တမံသလင်းပေါ်မှာ လျှာထိုးလေးခင်းထားဖို့ စိတ်ကူး တာကြာလှပေါ့။ အီးရောအီးရောနဲ့ ခုထိ လျှာထိုးမခင်းဖြစ်သေးဘူး။ တလောကကြုံလို့ လျှာထိုးပြားဈေးမေးကြည့်တယ်။ ပြည်တွင်းသုံး ပျဉ်းကတိုး လျှာထိုး ဆယ်ပေပတ်လည်ဆို တသိန်းလောက်ကျမတဲ့။ အဲဒါ ဘောင်တွေ၊ ဆင့်တွေ တန်းတွေ မပါသေးဘူးတဲ့။

လျှာထိုးပြားခင်းမယ်အစား ခုံဖိနပ်ဝယ်စီးရင် ကောင်းမလားပဲ။ ဒီခေါင်းက ဒီလိုအကြံကောင်းဉာဏ်ကောင်းတွေ ထွက်သေးသား။ မဆိုး ပါဘူး။ လှဲချင်ရင် နှစ်ယောက်ထိုင် ကြိမ်ကုလားထိုင်ဟောင်းမှာလှဲ၊ ခြေထောက်တော့ နည်းနည်းကွေးထား ဒါလည်းဖြစ်နိုင်တာပဲ။ စာ ရေးဦးမှလို့ သတိရတာနဲ့ စာရေးဖို့ထိုင်တယ်။ ခေါင်းထဲက ဘာမှထွက်မလာဘူး။ အကြံတုံးဉာဏ်တုံး ဖြစ်နေပလား၊ မဟုတ်သေးပါဘူး။ တောင်စဉ်းစား မြောက်စဉ်းစား ဟိုဟာမကျေနပ် ဒီဟာ မကျေနပ်၊ ဟိုစိုးရိမ် ဒီစိုးရိမ်၊ ရူးကြောင်ကြောင်တွေ လျှောက်တွေး၊ ထိုင်လိုက် ထလိုက် အီးရောအီးရော လုပ်နေတာ စာရေးဖို့ဘယ်စဉ်းစားလို့ ရမတုန်း။ ဒီလိုနဲ့ ညနေစောင်းပါရော။ ငါးနာရီထိုးတော့ လျှပ်စစ်မီးလာ ပြီ မိန်မက မီးပူတိုက်ဖို့ ပြင်တယ်။ မီးပူတိုက်ရင်းကြည့်ဖို့ တီဗွီဖွင့်တယ်။ ဒီနေ့စာရေးလို့ ဖြစ်မယ်မထင်ဘူး။ မီးလာတုန်း ကြည့်ရတာ ဆိုပြီး ဇာတ်လမ်းတွဲတွေ ဆက်တိုက်ကြည့်တော့မှာ ဆယ်နာရီခွဲလောက်ထိ ဇာတ်လမ်းက တွဲဦးမှာ။ ဒီည ၁၁ နာရီကျ မီးပြတ်မယ့် အလှည့်။

တနေ့ကို မနက်ဘက် တနာရီ ညဘက် တနာရီပဲ တီဗွီကြည့်သင့်တယ်လို့ ပညာရှင်တွေက ပြောတာပဲ။ အနီ၊ အစိမ်း၊ အပြာရောင်တွေ က ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေသတဲ့။ အဲဒါမိန်းမကို ပြောဖူးတယ် မိန်းမက....."မီးလာတုန်း ကြည့်ရတာ ကြည့်မှာပဲ၊ ကြား ထဲက မကြည့်လိုက်ရလို့ ပြတ်သွားတဲ့ ဇာတ်လမ်းတောင် ကိုယ့်ဘာသာမှန်းနေရတာ ရှင့်ပညာရှင်ဆိုတာတွေက ရှင့်လိုပဲ ရူးကြောင် ကြောင်တွေ..." တဲ့။ ဒီတော့ ဘာမှမပြောတော့ဘူး၊ ကြည့်ချင်တာကြည့်ပစေ။ ခေါင်းမူးတယ်ဆိုရင် သွေးဆေးနဲ့ သကြားတိုက် လိုက်ရုံ ပေါ့။

ဒီနေ့စာရေးဖြစ်မယ် မထင်ဘူး။
ဒီအတိုင်းနေထားတာ ကောင်းလိမ့်မယ်။
အတိုင်းတိုင်းဋီကာဆိုတဲ့ စာအုပ်တောင် ထွက်ဖူးသေး။
ဟေး....ဟေး။ ။

မောင်ဝဏ္ဏ

ကလျာ အောက်တိုဘာလ ၂ဝဝ၉

မာတိကာ


statistics

web tracker