အမြိုက်စကား မျောက်နမူနာ
ပါရဂူ
ပါရဂူ
အီတလီနိုင်ငံ ရောမမြို့တော်၌ ရှေးဟောင်းမျှော်စင်ကြီးတစ်ခုရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ကျော်ခန့်ကပင် ရှိလာခဲ့သော မျှော်စင် ကြီးကို ‘ မန်းကီးတာဝါ ’ (မျောက်မျှော်စင်) ဟု အမည်ပေးထားသည်။ ‘ မန်းကီးတာဝါ ’ (မျောက်မျှော်စင်) အမည်နာမ၌ နောက်ခံအ ကြောင်း ရှိနေသည်။
တစ်နေ့သ၌ မျှော်စင်အနီးကအိမ်တွင် မိခင်ဖြစ်သူက သူ၏သားငယ်ကို အင်္ကျီလဲဝတ်ပေးနေသည်။ မိခင်နှင့်ကလေးငယ်ကို အကဲခတ်နေ သော အိမ်ပေါ်ဘက် တစ်နေရာက မျောက်တစ်ကောင်သည် ဘာစိတ်ကူးရသည်မသိ ဖြုတ်ခနဲ အိမ်ထဲဝင်လာပြီး ကလေးငယ်ကို ချီယူ ထွက်ပြေးသွားသည်။ သူ၏ ကလေးကို မျောက်တစ်ကောင် အတင်းချီယူ ထွက်ပြေးသွားသည်ကို တွေ့ရသောအခါ မိခင်ခမျာ တငိုငိုတရီရီ ဖြစ်ကျန်ခဲ့သည်။ အိမ်နီးနာချင်းများလည်း ၀ိုင်အုံလာကြသည်။ ကလေးကို ချီပြေးသော မျောက်သည် မျှော်စင်ပေါ် တက်သွားသည်။ မျှော် စင်ပေါ်တွင် ကလေးငယ်၏ အင်္ကျီကိုချွတ်ပြီး သူ့ကိုယ်တွင် ၀တ်ကြည့်သည်။
ထို့နောက် မျောက်သည် ကလေးမိခင်လုပ်သလို ကလေးငယ်ကို ရင်ခွင့်ဖြင့်အပ်လျက် ချီယူခဲ့ပြီး မျှော်စင်အောက် ဆင်းလာသည်။ အား လုံးက တအံ့တသြ ငေးမောကြည့်ရှု့နေစဉ် ကိုရွှေမျောက်သည် ဖျတ်ခနဲ ကလေးငယ်ကို မိခင်၏ ရင်ခွင်ထဲထည့်ပြီး သစ်ပင်တစ်ပင်ပေါ် ပြေးတက်သွားသည်။ မျောက်၏ ယင်းအပြုအမူကြောင့် ကလေးငယ်သည်မည်သို့မှ ထိခိုက်ခြင်းမရှိပေ။
ထိုအချိန်မှအစပြုပြီးရောမမြို့တော်ရှိ ယင်းမျှော်စင်ကို ‘မန်းကီးတာဝါ’ (မျောက်မျှော်စင်) ဟု ကင်ပွန်းတပ်လိုက်ကြသည်။
ဒါဝင်သီအိုရီအရ လူဟာ မျောက်က ဆင်းသက်လာတယ်လို့ တချို့က ပြောကြတယ်။ ဒါဝင်သီအိုရီ… မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မျောက်သတ္တ၀ါများဟာ လူ၏ အပြုအမူကို အတုခိုးတဲ့နေရာမှာလည်း ကောင်းတဲ့ အမူအကျင့်ကို အတုခိုးတာက များတယ်။ အဲဒီအတွက် ကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဇာတ်တော်တွေထဲမှာ ဘုရားလောင်းဘ၀ကို သရုပ်ဖော်တဲ့ တချို့နေရာတွေမှာ မျောက်သတ္တ၀ါနဲ့ သရုပ်ဖော် လေ့ရှိကြတယ်။ မိမိကို ကျေးဇူးပြုတဲ့ မျောက်ရဲ့အသား စားချင်တဲ့အတွက် မျောက်ဦးခေါင်း ကျောက်ခဲ့နဲ့ ထုတဲ့ ကျေးဇူးကန်းတဲ့လူမိုက် ကိုတောင် သူတော်ကောင်းမျောက်ဟာရန်ငြိုးမထားဘဲ သူ့ဦးခေါင်းက ယိုစီးနေတဲ့သွေးစက် မြေကြီးပေါ် တစက်စက်ကျစေပြီး လမ်းမှား နေတဲ့ငမိုက်သားကို အိမ်ပြန်ရောက်သွားအောင်ကျေးဇူးပြုခဲ့တယ်။ ဇာတ်တော်တစ်ခုထဲမှာလည်း သစ်ပင်တစ်ပင်ပေါ်မှာ ရှိနေကြတဲ့ မိမိ အပေါင်းအသင်း မျောက်များ ရန်သူတွေ ရန်မမူနိုင်အောင် ချောင်းတဖက်ကမ်း တိမ်းရှောင်ဖြတ်ကူးသွားဖို့အတွက် ညွတ်ကိုင်းကျနေ တဲ့ကြိမ်ပင်များကို တံတားသဖွယ် ပြုလုပ်တဲ့အခါ သူတော်ကောင်းမျောက်ဟာ ကြိမ်ပင်များ တစ်ဖက်ကမ်းမရောက်တရောက်ဖြစ်နေလို့ သူ့ကျော်ကုန်းကို တံတားသဖွယ် ခင်းပေးလိုက်တယ်။
ဒဿဂီရိဘီလူနှင့် ရာမမင်းသား တိုက်တဲ့စစ်ပွဲမှာ ဟနုမာန်မျောက်ရဲ့ အကူအညီသာမရရင် ရာမမင်းသား အနိုင်ရဖို့ မလွယ်ဘူး။ အာရှ နိုင်ငံတိုင်းလိုလိုမှာ ကျော်ကြားနေတဲ့ ရာမ၀တ္တုထဲမှာ ဟနုမာန်မျောက်ဟာ အဓိက ဟီရိုးအဖြစ်ပါဝင်နေတယ်။ ဓမ္မနှင့်အဓမ္မတိုက်ပွဲမှာ ဟနုမာန်မျောက်က ဓမ္မဘက်က ပါဝင်တိုက်ခိုက်ပေးတယ်။
အဲဒီအကြောင်းတွေကြောင့် ဟိန္ဒူလူမျိုးများဟာ ဟနုမာန်မျောက်ကို သူတို့ ဆည်းကပ်ကိုးကွယ်တဲ့ ပူဇနိယစာရင်းထဲမှာ ထည့်ထားကြ တယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ဟနုမာန်အထိမ်းအမှတ် ဘုရားကျောင်းများတောင် ရှိနေတယ်။ ရန်ကုန်မြို့ ကန်တော်ကြီးအရှေ့ ဘက်က ဟိန္ဒူဘုရားကျောင်းလည်း ‘ ဟနုမာန်မဏ္ဏိရ်’ (ဟနုမာန်ဘုရားကျောင်း) အဖြစ်နှင့် ထင်ထင်ရှားရှား ရှိနေတယ်။
မျောက်သတ္တ၀ါကတောင် အသက်စွန့်ပြီး သူတစ်ပါးအကျိုးဆောင်ရွက်တယ်ဆိုရင်၊ ဓမ္မနှင့်အဓမ္မတိုက်ပွဲမှာ ဓမ္မဘက်ကပါဝင်ပြီး တိုက် တယ်ဆိုရင် မနုဿလူသားတွေအနေနှင့် ကိုယ်ကျိုးမဖက်ဘဲ သူတစ်ပါးအကျိုးဘာကြောင့် မဆောင်ရွက်နိုင်ရမှာလဲ။ ဓမ္မနှင့်အဓမ္မတိုက် ပွဲမှာ ဓမ္မဘက်က ဘာကြောင့် ပါဝင်မဆင်နွှဲနိုင်ရမှာလဲ။
ပါရဂူ
Customs News Journal
(13-8-02)