အကြွေးတွေ ကြေပါစေ
နေဇင်လတ်
နေဇင်လတ်
တချို့ ရေးချင်ပြီး မရေး ဖြစ်လိုက်ရ တာတွေ အများကြီးပဲ။ ရေးချင်တာနဲ့ ရေးသင့်တာတွေ ခွဲခြားလိုက်တော့ စာလုံး ဖြစ်လာတာတွေ ရှိသလို ရင်ထဲ သိမ်းပစ် လိုက်ရတာတွေလည်း ရှိလာပါတယ်။ အခုလည်း ချီတုံချတုံ။ ဒါပေမယ့် ရေးသင့်တယ်လို့ ယူဆတာနဲ့ ရေးဖြစ်လိုက် ရတယ်။ လူငယ်တွေ အတွက် ခွန်အားဖြစ်ဖြစ်၊ အသိအရာ ဖြစ်ဖြစ်၊ အတွေးအခေါ်ပဲ ဖြစ်ဖြစ်၊ တက်ကြွစိတ်လေးပဲ ဖြစ်ဖြစ် တစ်စုံတစ်ရာ ရကြရင် ရေးရကျိုး နပ်ပါပြီ။ ကိုယ်လည်း လူငယ်ဘ၀ ဖြတ်သန်း လာခဲ့ရသူတွေထဲက တစ်ယောက်ပဲ၊ လူငယ်တွေရဲ့ ခံစားချက်၊ သူတို့ရဲ့ အတွေ့အကြုံ၊ သူတို့ရဲ့ လုပ်နိုင်ကိုင် နိုင်ခွင့်တွေကို ကိုယ်ချင်းစာ မိတယ်။
ဘမောင်တို့ လူငယ်ဘ၀ ဖြတ်သန်းခဲ့ရတဲ့ ကာလဟာ လုပ်နိုင်ကိုင်နိုင်ခွင့် မည်မည်ရရ မရှိတဲ့ ကာလပါ။ စိတ်ဓာတ်တွေ ဘယ်လောက်ရှိရှိ၊ ခွန်အားတွေ ဘယ်လောက်ရှိရှိ၊ ဘယ်လောက်ပဲ လုပ်ချင်ကိုင်ချင်စိတ် ရှိရှိ အခြေအနေက အခါအခွင့် မသာခဲ့ဘူး။ အခုခေတ်ကျတော့ အခြေအနေက အတော်အသင့် ပေးလာပါပြီ။ ပိတ်သွားတဲ့ အမြင်တွေ ပြန်ဖွင့် ဆုတ်ယုတ်သွားတဲ့ ခွန်အားတွေ ပြန်ဖြည့်၊ ကွယ်ပျောက်သွားတဲ့ သုတတွေ ပြန်ရှာမှီး၊ ငုတ်သွားတဲ့ တက်ကြွ စိတ်တွေကို ပြန်ဖော်ပေးဖို့ပဲ လိုတယ်။ အဲဒီ တာဝန်ကို အုတ်တစ်ချပ် မဖြစ်ရင်တောင် သဲတစ်ပွင့်ဖြစ်ရင်ပြီးရော ဆိုတဲ့ ခံယူချက်နဲ့ လူငယ်၊ လူလတ်တွေ အတွက် ဆောင်းပါးတွေ၊ အက်ဆေးတွေ ရေးဖြစ်နေရတာ။
၂၀.၂.၂၀၁၀ နေ့က အင်းဝ စာအုပ်တိုက်မှာ ဘမောင်ရဲ့ အမေရိကန် အင်ပါယာ၏ လျှို့ဝှက်ချက်များ စာအုပ်အတွက် လက်မှတ် ထိုးပွဲလေး လုပ်တယ်။ လက်မှတ် မထိုးခင် စာဖတ်ပွဲလေး လုပ်တယ်။ ပြီးတော့ ပရိသတ်နဲ့ အမေးအဖြေ ကဏ္ဍ၊ သတ်မှတ်ချိန်က ၂ နာရီ၊ ၅ နာရီ ဆိုပေမယ့် ညနေ ၆ နာရီ လောက်မှ ပြီးသွားတယ်။ လက်မှတ်ကို ဆက်တိုက် ထိုးပေးနေရတော့ ပရိသတ်ကို တစ်ဦးချင်း ကောင်းကောင်း စကား မပြောဖြစ်လိုက်ရဘူး။
အဲဒီထဲမှာ အသား ဖြူဖြူ အသက် ၃၀ အရွယ်လောက် အမျိုးသမီးက လက်မှတ်ထိုးဖို့ စာအုပ်ပေးရင်း “ကျွန်မ ဆရာ့ ပရိသတ်ပါ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပေးပါ ဆရာ”ဆိုပြီး အတော် ထူတဲ့ စာအိတ် တစ်အိတ် ပေးသွားပါ တယ်။ သာမန် စာမျိုးတော့ မဖြစ်နိုင်ဘူးလို့ ဘမောင် ထင်လိုက် မိပါတယ်။ အိမ်ရောက်လို့ ဖတ်ကြည့်လိုက်တော့ နှစ်ကြောင်း၊ သုံးကြောင်းလောက် ဖတ်ကြည့်လိုက်ရုံနဲ့ အတော် အရေးအသား ကောင်းတဲ့ သူဆိုတာ သတိထားမိတယ်။ မကြာခင်မှာပဲ သူ့ဘ၀ အကြောင်း မိတ်ဆက်မှာ မဂ္ဂဇင်း တချို့ထဲ သူ့စာတွေ ပါထားဖူးတဲ့ “စာရေး ဆရာမ”တစ်ဦး ဆိုတာ သိလိုက်ရပါတယ်။ စာမျက်နှာ ၁၅ မျက်နှာ ဆုံးသွားတယ်။ သူ့နာမည်ကို ဖော်ပြမထားဘူး။ နောက်ဆုံးမှာ တော့ ပင်စင်စား သူ့အဖေ အရာရှိကြီး ရဲ့နာမည်ကိုတော့ ရေးထားပေးပါတယ်။
သူ့ရင်ဖွင့်စာကို ကောက်ရရင် ဖခင် တစ်ဦးနဲ့ သမီးကြား အတွေးအခေါ်၊ အယူအဆ၊ အကွာအဟတွေ၊ တစ်ဦး ပေါ်တစ်ဦး အမြင် တစ်ထပ်တည်း မကျ နိုင်တာတွေ။ သူ့မိခင်၊ မောင်နှစ်ယောက် အကြောင်းနဲ့ သာယာနိုင်ခွင့် ရှိတဲ့ အိမ်ထောင်စုလေးဟာ သူ့ဖခင်ကြောင့် ၀မ်းနည်းဖွယ်ရာ ပျက်စီးသွားရတဲ့ အကြောင်း ကြေကွဲရင်နင့်စွာ ဖော်ပြထားပါတယ်။ ရနိုင်လျက်နှင့် ဖခင်၏ အပံ့အပိုးတို့မပါဘဲ သူအိမ်ထောင်ကျ ခဲ့ပြီး သူ့အပေါင်းအသင်းကောင်းတွေ အကြောင်းကို ဇာတ်လမ်း တစ်ပုဒ်ပမာ ရေးထားတာ တွေ့ရပါတယ်။ သူ့ရဲ့ ပါရမီပါတဲ့ အရေးအသား၊ အတင်အပြက ဖတ်ရသူကို ကောင်းကောင်းဖမ်း စားနိုင်ပါတယ်။ ဖတ်ပြီးတော့ ဘမောင်တောင် ရင်ထဲ အတော် မသက်မသာ ခံစားလိုက်ရတယ်။ အရွယ်နုရင် မျက်ရည်ဝဲလောက်တယ်။ ဇာတ်လမ်းကောင်းကို အရေးအသားနိုင်မှုက ကောင်းကောင်း ပံ့ပိုးပေးထားနိုင်တော့ စဉ်းစားကြည့်နိုင်ပါတယ်။ဘယ်လောက် “ရသ”မြောက်မလဲဆိုတာ.။
ဇာတ်လမ်းကို ပြောရရင် သူ့အဖေ က အစိုးရ၀န်ထမ်း၊ အရာရှိကြီးတစ်ဦး၊ အမေက ခင်ပွန်းသည်ကို လုံးဝမလွန် ဆန်တဲ့ရိုးအရှာတဲ့ မိခင်။ မောင်လေး နှစ်ယောက်က ဖခင်ကြီးရဲ့ပုံသွင်းမမှန် မှုကြောင့် လမ်းကြောင်း အမှန်ပေါ်က ဘေးချော် ထွက်နေသူ။ အဲဒီ ကလေးမ (ဘမောင်သမီးထက်ငယ်လို့) က ထက် ထက်မြက်မြက်လည်းရှိ။ လုပ်ချင် ကိုင်ချင်တဲ့ စိတ်လည်း အပြည့် ရှိပြီး ဘ၀ကို တိုးတက်ချင်တဲ့ စိတ်လည်း ရှိသူ ဖြစ်တော့။ ဖခင်ကြီးနဲ့ ပဋိပက္ခဖြစ်ရတဲ့ ဇာတ်လမ်း။ နောက်ဆုံး မိခင်ကြီး ကင်ဆာ ဖြစ်နေတာတောင် မိသားစုကို ကျောခိုင်း ထွက်သွားရက်တဲ့ ဖခင်အပေါ် နာကြည်းစိတ်ဖြစ်မိတဲ့ သမီးတစ်ယောက် ရဲ့ပုံရိပ်။
“ဆရာ့စာတွေ အားလုံးဖတ်ဖြစ် တော့ ဦးဘမောင်ကြီးနဲ့လည်း ရင်းနှီး ရတယ်ပေါ့။ ဦးဘမောင်ကြီးက သား သမီးတွေကို သိပ်တိုးတက်စေချင်ပေ မယ့် သားသမီးတွေထဲက တစ်ယောက် မှ လိုက်မပါတဲ့အခါ မချင့်မရဲဖြစ်တာ ကို ကျွန်မ ခံစားလို့ ရခဲ့ပါတယ် ဆရာ။ ကျွန်မလည်း နားမလည်နိုင်တဲ့ ကျွန်မ အဖေနေရာမှာ ဦးဘမောင်လို အဖေ မျိုးကို လိုချင်ခဲ့ပါတယ်။ တစ်ခါတလေ ဦးဘမောင်လို အဖေမျိုးရရင် ဘယ်လောက် ကောင်းမလဲလို့ စဉ်းစားမိတယ်။ ကျွန်မတို့ မိသားစုကလေး အရမ်းကို တိုးတက် သွားမယ်လို့ ယုံတယ် ဆရာ”
ထက်၊ အောက်သာ ကွာပေမယ့် တစ်ထပ်တည်း ကျတဲ့ ခံစားမှုမျိုးပါ။ သမီးအရွယ် သူ့ရဲ့ခံစားမှုကို ဘမောင် ကိုယ်ချင်းစာမိတယ်။ အထူးသဖြင့် မိဘရဲ့အထောက်အပံ့ကို စိတ်ခွန်အား ဖြစ်ဖြစ်၊ အသိမျှဝေမှုကပဲ ဖြစ်ဖြစ် တစ်စုံ တစ်ရာ ရယူဖို့ လိုအပ်တဲ့ တိုးတက်လိုစိတ် ပြင်းတဲ့ လူငယ် တစ်ယောက်ရဲ့ ခံစားချက် အပေါ် လေးလေးနက်နက်ကိုပဲ ခံစားလို့ ရခဲ့ပါတယ်။ ကိုယ်လည်း လူငယ် ဘ၀က ဖြတ်သန်း လာခဲ့ရလို့ ကောင်းကောင်းကြီးကိုပဲ စာနာမိရပါတယ်။ သူ့စာထဲမှာ “ဖခင်”ရဲ့မေတ္တာ ကို အပြည့်အ၀ မရခဲ့တာ အပြင် ဖခင် အရင်း တယောက်ရဲ့ ရက်စက်မှုတွေကို ရင်နင့်စွာ ရင်ဆိုင်ခဲ့ရတာတွေလည်း တွေ့ခဲ့ရပါတယ်။
ကွဲပြား ခြားနားကြတဲ့ ဘ၀တွေ ဆိုတာ သည်လိုပဲ ဖြစ်တတ်ကြပါတယ်။ ရတာတွေ မလိုဘဲ မလိုတာတွေလည်း ရတတ်ကြပါတယ်။ အဲသလို အခက်အခဲ တွေကြားထဲက တစ်စုံတစ်ရာ ဖြစ်မြောက်အောင် ကြိုးစားနိုင်တဲ့ သူဟာ တကယ့် လူတော်တွေ ဖြစ်ပါတယ်လို့ ဘမောင် လေးလေးနက်နက် ပြောချင်ပါတယ်။
လေးလေးနက်နက်ကိုပဲ တစ်ခု ပြောချင်တာ ရှိသေးတယ်။ အဲဒါက သိပ္ပံပညာကြီးနဲ့ တိုင်းတာလို့ မရတဲ့ အရာ။ ဗုဒ္ဓဘာသာရဲ့အခြေခံယုံကြည် မှုလည်း ဖြစ်ပါတယ်။ အဲဒါကတော့ လောကမှာ မိဘတွေရဲ့ကျေးဇူး တရားဟာ အကြီးမားဆုံး ဆိုတာပါပဲ။ အတိတ်ရဲ့ “ကံ”အကြောင်းတရား ကြောင့်လို့ပဲ မှတ်ပြီး သည်နေရာမှာ “ဖခင်”ကြောင့် တိုးတက်မှုတွေ ပျက်ပြားရတာ။ မိသားစု ဒုက္ခ ရောက်ရတာတွေ ကို မတွေးမီ၊ မနာ ကြည်းမိဖို့ပါပဲ။ “သူ့”ကြောင့်ဖြစ်တာကို မေ့ထားပြီး ပေးဆပ်ခြင်း တစ်ခု အတွက် ပေးဆပ်နေတာလို့ပဲ သဘောထား စေချင်ပါတယ်။ “ကံ”ဆိုတာ“စေတနာ”အရင်းခံ၊ “စိတ်“အရင်း ခံ ဖြစ်ဆိုတာ မေ့မပစ်လိုက်စေချင်ပါ။
ဆယ်ကျော်သက် ဘ၀မှာ အဖေ့ကို ဘမောင် စိတ်ကွက်အောင် လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် နောက်တော့ အဖေ စိတ်ပြေခဲ့ပါတယ်။ ဆယ်ကျော်သက်မှာပဲ အဖေကိုပြုစုရင်း ဘမောင် လက်ပေါ်မှာတင် အဖေ ဆုံးပါးခဲ့ပါတယ်။ အဖေ စိတ်ပြေခဲ့ပေမယ့်လည်း စိတ်ကွက်ခဲ့တဲ့ ကာလ အတွက် ဘမောင် အများကြီး ပေးဆပ်ခဲ့ရဖူးတယ်။ သူများထက် ပိုကြိုးစားခဲ့ရတယ်။ သူများထက် အများကြီး ပိုတဲ့ အခက်အခဲတွေကို ကျော်လွှားခဲ့ရဖူးတယ်။ တစ်ခါ တလေ လူ့လောကကြီးကို စိတ်ကုန် သွားရလောက်အောင်ပဲ။ အဖေ့ စိတ်ကွက်မှု တစ်ခဏတာ အတွက် နှစ်များစွာ ဘမောင် ပေးဆပ်ခဲ့ရပါတယ်။ အကျိုးပေး ကုန်သွားတော့လည်း ဘ၀က လေပြည်ညင်း တစ်ခါပေါ့။ ဒါပေမယ့် အခုထက်ထိ ဘမောင်ရဲ့သားသမီးတွေ တိုးတက်သင့်သလောက် မတိုးတက်ကြဘဲ ဆန့်ကျင်ဘက် ဖြစ်နေ ရတာကို အဖေ့ စိတ်ကွက်မှုရဲ့ နောက်ဆက်တွဲများလို့ တစ်ခါတစ်ခါများ တွေးမိနေရသေးတယ်။
အဲဒီတော့ ကျေးဇူးကြီးတဲ့ မိဘ အပေါ်တော့ ဘယ်လိုပဲဖြစ်ဖြစ်၊ မြူမှုန် တစ်မှုန်လောက်မျှ စိတ်မကွက်စေချင် ဘူး။ အဲဒါကို အရင်ဆုံး စိတ်ကို ဖွေး အောင်လုပ်စေချင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီ ကလေးမဟာ တစ်ချိန် ကျရင် အောင်မြင်တဲ့ စာရေးဆရာမကြီး တစ်ဖြစ်လဲ၊ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်လာမယ်လို့ ဘမောင် မြင်နေလို့ပါပဲ။
အောင်မြင် နေကြတဲ့ သူတွေ အားလုံးဟာ ဘာမှမဟုတ်တဲ့ ဘ၀က စခဲ့ကြရ သူတွေချည်းပါ။ မနှစ်က အဲဒီ ကလေးမ အိမ်ထောင် ကျခဲ့တယ်။ ဖခင်ရဲ့ ကူညီဖေးမမှု မပါဘဲ သူ့ကံ၊ သူ့ကြိုးစားမှု၊ သူ့ရဲ့ လိမ္မာ ပါးနပ်မှုကြောင့် စစ်အင်ဂျင်နီယာ အရာရှိတစ်ဦးနဲ့ သူတောင့်တခဲ့တဲ့ ဟိုတယ်ကြီးတစ်လုံးမှာ မင်္ဂလာဆောင် နိုင်ခဲ့တယ် ဆိုတာလည်း ရေးထားပါသေး တယ်။ စာလုံးတွေတိုင်း၊ စာကြောင်း တွေတိုင်းမှာ ခံစားချက်ကို ကိုယ်စားပြု နေတဲ့ အငွေ့အသက်တွေကို တွေ့နေရပါတယ်။ ခံစားချက်တွေ၊ အခက်အခဲတွေ ကို “အင်အား”အဖြစ် ပြောင်းလိုက် စေချင်တယ်။ အဲဒီ ခံစားချက်ကို ကျေးဇူး ရှိသူတွေ အပေါ်မှာတော့ မထားစေချင်ဘူး။ ဘ၀တစ်ခု အပေါ် ခံစားချက်၊ အတွေ့အကြုံ တစ်ခု အပေါ် ခံစားချက်လို့ပဲ မြင်စေ ချင်တယ်။
အဖေက အရာရှိကြီး ဖြစ်ပေမယ့် သူ့ကြိုးစားမှုနဲ့ သူ အလုပ်ရခဲ့ပုံ၊ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ငွေသုံးထောင်ကျပ် မရှိလို့ ကွန်ပျူတာသင်တန်း မတက် နိုင်ခဲ့ရပုံ၊ အသက် ၂၀ ကျော်ဘ၀ တက်ကုန်၊ ရွက်ကုန်ဖွင့်လို စိတ်ပြင်းပြ နေချိန်မှာ သူ့ရဲ့ ကြီးပွား တိုးတက်လို စိတ်တွေကို ဖိနှိပ် ရိုက်ချိုးခံခဲ့ရပုံတွေ ဟာလည်း သူ့ရဲ့ခရီးကြမ်းထဲက အစိတ်အပိုင်း တချို့တွေပဲ ဖြစ်ပါတယ်။ သူဖတ် ခဲ့တဲ့ စာရေးဆရာတွေက ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ ကြည်အေး၊ မလေးလုံ၊ သော်တာဆွေ၊ မင်းကျော်၊ ခင်နှင်းယု၊ ဂျူး၊ အဲဒီကမှ အခု ဆရာကျော်ဝင်းတို့ ဆိုတော့ အတော်ပဲ စာစုံဖတ်နိုင်တဲ့ သူဆိုတာ ခန့်မှန်းလို့ ရပြန်ပါတယ်။ အဲဒီ စာရေးဆရာကြီးများ၊ ဆရာမကြီးများ ရေးတဲ့ စာတွေဖတ်ပြီး စာပြန်ရေးတဲ့ ဆရာမ ဆိုတော့၊ သူ့ရဲ့ခါးသီးတဲ့ အတွေ့အကြုံ၊ တွန်းတွန်းတိုက်တိုက် ကျော်ဖြတ်ခဲ့ရတဲ့ ခရီးကြမ်းတွေနဲ့ ပေါင်းလိုက်ရင် တစ်ချိန်မှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် ဆိုတာ ပြောလို့ရနေ ပြန်ပါတယ်။
ဇာတ်လမ်း အထွတ်အထိပ်က တော့ အတော့်ကို “ဟတ်”ထိစရာပဲ။
“ကျွန်မမှာ အမေ့ကို ဆေးရုံ တင်ထားရတုန်းက ဆိုရင် ဘေးအိမ်က ပိုက်ဆံပြေးချေး၊ ကျွန်မ သူငယ်ချင်းတွေဆီက ငွေချေးပြီး ကုပေးနေတယ်“
“ကျွန်မက အမေ့အတွက် ဆေးကုသ စရိတ်ကို အဖေ့ဆီက တောင်းပါတယ်။ အဖေက ငွေမရှိဘူးလို့ ပြောပြီးမှ အမေ့ ဆေးကုသစရိတ် တစ်ဝက်ကို ပေးမယ်။ ဒါပေမယ့် (ကွာရှင်းစာချုပ်) နဲ့ လဲရမတဲ့ ဆရာရယ်”
“ကျွန်မတို့က ကျေးဇူးရှင် အဖေလို့ မေတ္တာ ထားချိန်မှာ ယောက်ျား တစ်ယောက်၊ ဖခင် တစ်ယောက်ရဲ့ ကောက်ကျစ်မှုတွေက အံ့သြစရာကြီးပါပဲ”
“ယောက်ျား တစ်ယောက်ဆီမှာ နောက်ထပ် ဆန္ဒတစ်ခု ရှိနိုင်တာကို နားလည်ပေးလို့ ကျွန်မက အဖေ့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးခဲ့ပါ သေးတယ်။ အမေ့ကိုတော့ မထားရစ် ခဲ့ဖို့။ ဟိုးငယ်စဉ် အရာရှိငယ် ဘ၀ကတည်းက ဆင်းရဲဒုက္ခ အတူခံပြီး ပေါင်းသင်းလာခဲ့တဲ့ အမေ့အတွက် ကျန်းမာ ရေး စိတ်ချရတဲ့ အထိ စီစဉ်ပေးဖို့”
“ကျွန်မ အဖေ့ကို ပထမတော့ နားမလည်နိုင်ခဲ့ဘူး။ သားသမီးတွေ အပေါ်မှာ တစ်မျိုးစီ ဘာကြောင့် ဆက်ဆံ ခဲ့သလဲ ဆိုတာ။ အခုတော့ သဘော ပေါက်သွားတယ် ဆရာ။ ကျွန်မတို့ မောင်နှမတွေ စည်းရုံးမှုပျက်ပြား သွားရင် သူလုပ်ချင်တာ လုပ်လို့ရပြီကိုး။ အံ့သြတယ် ဆရာရယ်၊ ကျွန်မတို့က သားရင်း၊ သမီးရင်းတွေပါ။ သည်လို မရက်စက်သင့်ပါဘူး”
“ဦးဘမောင်ကြီးက သားရင်း၊ သမီးရင်းတွေလို သူ့ဘ၀ အနစ်နာခံပြီး ပေးဆပ်ခဲ့သလောက် အဖေက သူ့ဆန္ဒ တစ်ခုအတွက် သူ့သားသမီး အရင်း အချာတွေကို နင်းချေပစ်ရက်ခဲ့တယ်”
“ပြောချင်တာ၊ ရေးချင်တာတွေ အများကြီး ကျန်သေးပေမယ့် အမှားပါရင် ခွင့်လွှတ်ပါ ဆရာ။ ကျွန်မ အဖေ နာမည်က _ _ _”
သူ့အဖေ နာမည်ကိုတော့ ရေး ထားပါတယ်၊ သူ့နာမည်ကိုတော့ ရေးမထားခဲ့ပါ။ လူငယ်ဘ၀ စိတ်ခွန်အား အတက်ကြွဆုံး အချိန်မှာ အထောက်အပံ့ များနဲ့ ဘ၀ရဲ့တိုးတက်မှုတွေကို တစ်လှမ်းချင်း၊ တစ်ထစ်ချင်း တက်နေ ရမယ့် အချိန်မှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေ တစ်ခုပြီးတစ်ခုရနေရ တဲ့ လူငယ် တစ်ဦးရဲ့ဘ၀ကို ကောင်းစွာ စာနာနိုင်ခဲ့ရပါတယ်။ အကြွေး တစ်ခုကို အတိုးတွက် များစွာနဲ့ ပေးဆပ်နေတာလို့ပဲ မှတ်ထား လိုက်စေချင်ပါတယ်။ သည့်ထက်ပိုပြီး ဆန့်ကျင်ဘက် စေတနာ စိတ်တွေကို သတိနဲ့ ဖယ်ရှားပေးလိုက်ပါ။ ငယ်စဉ်က အဲဒီ အတွေ့အကြုံတွေဟာ တစ်ချိန် ကျရင် အထောက်အပံ့တွေ ပြန်ဖြစ်လာ ပါလိမ့်မယ်။
သူ့စာဖတ်ပြီး ဘမောင်တောင် အသက်ရှူမ၀ ဖြစ်သွားတယ်။ အရွယ်နဲ့ အတွေ့အကြုံမမျှတာ သတိထားမိတယ်။ တော်ရုံ စိတ်ဓာတ် မခိုင်မာရင် ဘ၀တစ်ခု ပျက်စီး သွားနိုင်လောက်တယ်။
“ကျွန်မကို သူငယ်ချင်းတွေက နင် မရူးသေးဘူးလားလို့ မေးတယ်။ ကျွန်မက ဟုတ်တယ်။ အခုထိတော့ မရူးသေးဘူးလို့ ပြန်ဖြေလိုက်တယ်”
“ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသမျှ ကြိုးစားရင်း၊ အမေ့ကိုလည်း ကြည့်ရှုရင်း ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားမယ် ဆရာ”
တော်ပါသေးတယ်။ စိတ်ခွန်အား လက်ကျန်များ ပြင်းပြဆဲ၊ စူးရှဆဲ ရှိနေသေးတာကို တွေ့နေရပါသေးသည်။
ဘ၀ တိုက်ပွဲထဲက တစ်ခုသော အတွေ့အကြုံလို့သာ သဘော ထားလိုက်ရင် သက်သာသွားနိုင်တယ်။ ဒါက မိသားစုတွင်း တိုက်ပွဲတစ်ခုပါ။ စီးပွား ရေးကို ထဲထဲဝင်ဝင် လုပ်ရင်လည်း အဲဒီ လိုမျိုး ခါးသီးတဲ့ အတွေ့အကြုံတွေ တွေ့ရပါဦးမယ်။ လူမှုရေး၊ ပညာရေး ဘက်မှာလည်း ရှောင်လွှဲလို့ မရပြန်ဘူး။ ပြောရရင်တော့ ဘ၀တစ်ခု ရလာက တည်းကိုက ကြမ်းတမ်းတဲ့ ခရီးတစ်ခု၊ ခက်ခဲတဲ့ တိုက်ပွဲတွေကို တိုက်ဖို့ ဖြစ်လာ တာပါပဲ။ အဲဒီ တိုက်ပွဲတွေကို ကျော်လွှား နိုင်တဲ့အခါမှာ ရလာမယ့် ရလဒ်က ချိုမြိန်တဲ့ ပီတိနဲ့ တိုးတက်ကြီးပွားမှု တစ်ခုပါ။ မျိုးဆက်သစ်တွေကို စာတွေ့ထက် လက်တွေ့နဲ့ ယှဉ်ပြီး အမွေ ထားခဲ့နိုင်တာ ပေါ့။
ကိုယ်ချင်း စာမိတာလေး တစ်ခုတော့ ရှိတယ်။ ဘမောင် မိဘတွေက ငယ်ငယ်လေးကတည်းက အားပေးခဲ့သူ တွေပါ။ အဖေက ပညာရဲ့တန်ဖိုး၊ အလုပ်ရဲ့တန်ဖိုးတွေကို ဘမောင် အတော် ငယ်ငယ် ရွယ်ရွယ်ကတည်းကကို ပြောပြခဲ့ဖူးတယ်။ စာအုပ်ဝယ်ရင် မတွန့်တမ်း ငွေထုတ်ပေးတယ်။ သူ့ အလုပ်ခွင်ကို တစ်ခါတလေ ခေါ်သွားတယ်။ ဘမောင် စီးပွားရေး သမား ဖြစ်အောင်၊ ပညာရှင် တစ်ဦးဖြစ်အောင်၊ စာရေးဆရာ တစ်ဦးဖြစ်အောင် မျိုးစေ့ချ ပေးခဲ့သူက အဖေပဲ။ တက္ကသိုလ် ဒုတိယနှစ်မှာ အဖေဆုံးတော့ သူသဘောကျတဲ့ ဗိသုကာ ဖြစ်သွားတာကို မမြင်လိုက် ရရှာခဲ့ဘူး။
ကျန်ခဲ့တဲ့ အမေက လောကဓံကို ပြုံးပြုံးကြီး ရင်ဆိုင်ပြီး ဘမောင်တို့ မောင်နှမ လေးယောက်ကို ပြုစု ပျိုးထောင် ပေးခဲ့တယ်။ လောကဓံနဲ့ အခက်အခဲ တွေကို ခပ်ပြုံးပြုံး ရင်ဆိုင်တတ်အောင် သန္ဓေ ထည့်ပေးတာက အမေ ဖြစ်လာတယ်။ ကျောင်းမပြီးခင် အမေ့ကို ကူညီချင်စိတ်နဲ့ ဘမောင် စီးပွားရေးလုပ် ဖြစ်တယ်။ ကားလေလံဆွဲတဲ့အလုပ် ပေါ့။ အသက်ငယ်ငယ်နဲ့ အမြတ်အစွန်း ကြီးကြီးရတော့ ခွန်အားတွေ ပြည့်လာပြီး လုပ်ချင်ကိုင်ချင် စိတ်တွေ ပိုပြီးထက် သန်လာတယ်။ ကျောင်းပြီးတော့ ၀ါသနာပါတဲ့ စာပေနယ်ထဲ ၀င်ခဲ့လိုက် သေးတယ်။ စာအုပ်ထုတ်ဝေသူ ပါပလစ်ရှာပေါ့။ တချို့စုန်းပြူးတွေရဲ့ နှိပ်စက်တဲ့ ဒဏ်ကို အလူးအလဲ ခံလိုက် ရပါတယ်။ ငွေပေးတယ်။ စာမူမရဘူး။ စာအုပ် တင်တယ်။ အကြွေး မရဘူး။ တစ်ချိန် ဒါရိုက်တာ မီးပွားဖြစ်လာမယ့် ကိုခင်ဇော်က ဘမောင်ကို အကူအညီ အများကြီး ပေးခဲ့တယ်။ သူ့ကျေးဇူး မမေ့သေးဘူး။
ဘမောင်အသက် ၂၈ နှစ်၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှာ ဦးစီးတတိယတန်းနဲ့ တာဝန်ကျတော့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကို အသုံးချ ရင်း ကိုယ်ပိုင်ဆောက်လုပ်ရေး လုပ်ဖြစ် သေးတယ်။ ဆက်ဆံရတဲ့ သူတစ်ဝက် ကျော်က လူလိမ်၊ လူကောက်တွေချည်းပဲ။ ကိုယ်က ကိုယ့်စိတ်နဲ့ နှိုင်းပြီး ငွေပေး၊ ငွေယူလုပ်တယ်။ ဒါပေမယ့် မှန်ကန်မှု မရှိတာတွေနဲ့ ရင်ဆိုင်ရခဲ့တယ်။ ငွေကတော့ ငွေပဲ၊ သက်မဲ့အရာ။ ဒါပေမယ့် တစ်ဖက် လူပေါ်မှာ မူတည်ပြီး ဖောက် ပြန်တတ်တဲ့ သူတွေနဲ့ မှန်ကန်တဲ့ သူတွေ ဆိုပြီး ကွဲပြားလာတယ်။ တစ်ခါတစ်ခါ အလုပ် လုပ်ချင်စိတ် ကုန်သွားတယ်၊ အမေက အမြဲ အားပေးတယ်။ လိုတဲ့ငွေ ကို မညည်းညူတမ်း၊ အပြုံးမပျက်တမ်း ထုတ်ပေးရှာတယ်။ စိတ်ခွန်အားတွေကို လည်းပေးခဲ့တယ်။ စီးပွား လုပ်ငန်းရှင် တစ်ဦး ဖြစ်သွားအောင် ပုံသွင်းပေးလိုက် တာ အမေပဲ။
ဈေးကွက် စီးပွားရေးခေတ် ရောက်တော့ ကိုယ့်ဘ၀ကို ပိုပြီး ခြေဆန့် နိုင်မယ့် စီးပွားရေး လုပ်ဖို့ ဘမောင် အငြိမ်းစား ယူဖြစ်သွားတယ်။ ဘုမသိ၊ ဘမသိ နိုင်ငံတကာစီးပွားရေးနဲ့ ဖက်လဲ တကင်း လုပ်ရတယ်ပေါ့။ နိုင်ငံခြားသားတွေနဲ့ စကားပြောရင်၊ ဘာသာစကားရဲ့ အားနည်းချက်ရော၊ စီးပွားသုတရဲ့ အားနည်းချက်ရော၊ အတွေ့အကြုံနဲ့ ပညာရဲ့ အားနည်းချက်ရောနဲ့ ကိုယ်က အောက်စီးကချည်းပဲ။ ကိုယ့်ဘက်မှာ ရိုးသားမှုနဲ့ ကြိုးစားမှုနှစ်ခုပဲ ရှိတယ်။ တကယ်တော့ နိုင်ငံတကာ စီးပွားရေးမှာ အဲဒီ အရည်အချင်း နှစ်ပါးဟာ လုံလောက်မှု ကောင်းစွာ မရှိခဲ့ပါဘူး။ ကုန်သွယ်ရေး ၀န်ကြီး ဌာနက ဖွင့်တဲ့ “သွင်းကုန်၊ ထုတ်ကုန်” သင်တန်း တစ်ပတ်တက်၊ RSက ဖွင့်တဲ့ ကွန်ပျူတာ သင်တန်း ၁၀ ရက် လောက်သာ တက်ပြီး ကမ္ဘာ့ စီးပွားရေး နဲ့ နပန်းလုံး ဖြစ်သွားရတဲ့ ဘ၀က စခဲ့တာပါ။
ကိုယ်စားလှယ် လုပ်ငန်းမှာ အတွေ့ အကြုံတွေ အများကြီး ရခဲ့ပါတယ်။ လစာ မပေးဘဲ အလကား ခိုင်းသွားတဲ့ ကုမ္ပဏီတွေ ရှိသလို စေတနာနဲ့ သင်ပြ ပေးသွားတဲ့ သူတွေလည်း ရှိခဲ့တယ်။ အမှုမဲ့ အမှတ်မဲ့ မနေဘဲ ဖြတ်သန်းခဲ့ရသမျှ အတွေ့အကြုံတွေကို ပြန်သုံးသပ် ခဲ့ ရတာ အလုပ်ကြီး တစ်ခုပဲ။ ပြည်ပမှာ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ ကျရင် ပညာ၊ အတွေ့အကြုံ မစုံသေးတော့ ဘမောင်တို့ “ဆွံ့အ”တဲ့ လူကြီးဖြစ်ခဲ့ ဖူးသေးတယ်။ အသုံးအနှုန်းတွေကို သဘော မပေါက်လို့။ နောက်ဆုံးတန်း တူရည်တူလေး ဖြစ်အောင် စီမံ ခန့်ခွဲရေးနဲ့ ဆိုင်တဲ့ စာအုပ်တွေ ၀ယ်ပြီး အပြင်းအထန် ဖတ်ဖြစ်သွားတယ်။ အဲဒီတော့ တန်းတူရည်တူ၊ ပွင့်တူရွက်တူ ဖြစ်လာခဲ့တယ်။ လူတွေ တစ်ဦးနဲ့ တစ်ဦး လုပ်ပုံ ကိုင်ပုံ မတူဘဲ တစ်ဦးကို တစ်ဦး ကျော်ဖြတ်သွားတာTalent ဆိုတဲ့ ဥာဏ်စွမ်း ရည်ပဲ။
အဲဒါက မွေးယူလို့ ရတဲ့အရာဆို တာကိုလည်း ဘမောင် သိလာတယ်။ ရှာဖွေဖတ်လို့ မပြီးနိုင်တဲ့ စီမံခန့် ခွဲရေးကို ဘွဲ့တစ်ခု အနေနဲ့ ကျောင်းတက် ဖြစ်လိုက်တော့လား လား အများကြီးပဲ။ ကိုယ့်တစ်သက် ရှာဖတ်လို့ ဘယ်လို မှ မရနိုင်တဲ့ အရာတွေပါ။ ကံကောင်းချင်တော့ နိုင်ငံခြားသား သင်တန်း ဆရာ တစ်ဦးက သိပ်တော်တယ်။ ဘမောင်နဲ့လည်း အတော် ရင်းနှီးသွားတယ်။ သူက သီအိုရီနဲ့ ယှဉ်ပြီး ဘာကြောင့် အောင်မြင်တယ်၊ ဆုံးရှုံးရတယ် ဆိုတာကို ကမ္ဘာ့ ကုမ္ပဏီကြီးတွေ ဆွဲထုတ်ပြပြီး သင်ပေးခဲ့တယ်။ စီးပွားရေး ကမ္ဘာ့ မဟာဗျူဟာတွေ၊ အဂ္ဂဗျူဟာတွေ အထိကို သင်ပေးသွားတာ။ ကျန်တာ ကိုယ် ဆက်လုပ်ပေါ့။
ပြောချင်တာက ဘ၀ဆိုတာ မျက်လုံး မမှိတ်မချင်း။ ကျန်းမာရေး အခြေအနေပေးနေသရွေ့ ရုန်းကန် လှုပ် ရှားနေရတာပဲ။ အမြဲတမ်း မရပ်မနား ပြေးနေရတဲ့ သူတစ်ဦးပါ။ ကြိုးစားခဲ့ မှုတွေဟာ ကိုယ့်အတွက်ချည်း ဖြစ်ချင် မှဖြစ်မယ်။ နောင်လာနောက်သား မျိုးဆက်သစ်တွေ အတွက်ဆိုတဲ့ စိတ်မျိုးထားဖြစ်ဖို့ လိုတယ်။
ကောင်းတဲ့ဘက်က ကြည့်ရင် ငယ် စဉ်ကာလမှာ အခက်အခဲများများ ရင်ဆိုင်ခဲ့ရသူတစ်ဦးဟာ ကြီးလာရင် ပိုပြီး ထက်မြက်လာတတ်ပါတယ်။ ငယ်စဉ်ကကို ထက်မြက်ပြီးသားဆိုရင် တော့ ပြောစရာမလိုတော့ဘူးပေါ့။ အိတ်ပိတ် ပေးစာ ပေးခဲ့တဲ့ ဆရာမရဲ့ ဘ၀ကို ဘမောင် လေးလေးနက်နက် စာနာနိုင်လိုက်ပါတယ်။ အခုအခြေ အနေမှာကို စိတ်ခွန်အားတွေ ရှိနေ သေးတာ တွေ့လိုက်ရလို့လည်း ၀မ်းသာပါတယ်။ နောက်ပိုင်း နယ်ပယ် မတူတဲ့နေရာတွေမှာ တွေ့လာရမယ့် အခက်အခဲတွေကို ခပ်ပြုံးပြုံးနဲ့ ကျော် လွှားနိုင်မယ်လို့လည်း ယုံကြည်ပါ တယ်။ ဘ၀ဆိုတာ အဆိုး၊ အကောင်းရဲ့ ကြား၊ အချိုအခါးရဲ့ကြားက ဖြစ်တည် မှုတစ်ခုလို့ပဲ သဘောထားလိုက်စေချင် ပါတယ်။ လက်မြှောက် အရှုံးပေးလို စိတ်ကိုတော့ အနားတောင် အကပ် မခံ လိုက်ပါနဲ့။
အဲဒီပွဲမှာ ဆရာမလည်း ကြားမှာ ပေါ့။ လူတစ်ဦး မေးသွားတဲ့ မေးခွန်း
“လုပ်ငန်း အမွေ ဆက်ခံမှုမှာ ဆရာ့ သားသမီးတွေ စွမ်းဆောင်ရည် မပြည့်ဝရင်၊ ဒါမှမဟုတ် လုပ်ငန်းအပေါ် စိတ်ဝင်စားမှု မရှိခဲ့ရင် ဆရာ ဘာဆက် လုပ်မလဲ”
အဲဒါကိုက ဘမောင် တောက်လျှောက် ရင်ဆိုင်နေရတဲ့ ပြဿနာ တစ်ခုပါပဲ။ ဘမောင် ဖြေလိုက်တာလည်း အားလုံး ကြားကြပါလိမ့်မယ်။
“ကံ ပေါ့ဗျာ။ ကျွန်တော် အရွယ် တစ်ခု ရောက်လို့မှ လုပ်ငန်းအမွေဆက်ခံ မယ့်သူ မပေါ်ခဲ့ရင် Management တစ်ရပ်ကို ခေါ်ပြီး စီမံ ခန့်ခွဲခိုင်းဖို့ စီမံထား ပါတယ်။ သူတို့ ခွဲဝေပေးသလို သုံးကြပေါ့။ အဲဒီ အချိန်မှာတော့ ကျွန်တော်နဲ့ ဇနီးသည်က ရိပ်သာ တစ်ခုခုကို ရောက်နေပြီ”
တခါတလေကျရင် သည်လိုလည်း ဖြစ်တတ်သေးတယ်။ ဖြစ်ချင် သလို ဖြစ်မလာခဲ့တော့ ဖြစ်သင့်တာကို လုပ်လိုက်ရတာမျိုးပေါ့။
လောကမှာ လူအမျိုးမျိုး၊ ဖြစ်ရပ် အထွေထွေ ရှိတတ်ကြပါတယ်။ “ကံ” စီမံရာတွေ ဖြစ်ပါတယ်။ တချို့က “ရယူ လိုစိတ်” နဲ့ ရှင်သန်သူ၊ တချို့က “ပေး ဆပ်လိုစိတ်” နဲ့ ရှင်သန်ကြသူ၊ တချို့က ဘ၀ကို “အရှုံး” စိတ်နဲ့ ဖြတ်သန်းသူ၊ တချို့က “ဒူးမထောက်၊ လက်မမြှောက် စိတ်”နဲ့ ဖြတ်သန်းကြပါတယ်။
ပြောရ ရင် “အဆန်စိတ်” သမား တွေနဲ့ “အစုန်စိတ်” သမားတွေလို့ ပြောလို့ရတယ်။ ထပ်ပြောလို့ ရတာက “သခင် စိတ်နဲ့ ကျွန်စိတ်”တွေပဲ။ အများကြီး ကွာခြားပါတယ်။ “ကောင်းစိတ်” တွေ ကိုမွေးပြီး ခါးသီးတဲ့ အတွေ့အကြုံတွေကို အင်အားအဖြစ် ပြောင်းနိုင်တဲ့ အခါ ရင့်ကျက်တဲ့ “သခင်စိတ်” ကို ပိုင်ဆိုင်သူ တွေဖြစ်လာပါတယ်။ သူများထက် ထူးကဲတဲ့၊ သာလွန်တဲ့ သူတွေ ဖြစ်လာ တတ်ကြပါတယ်။ ရှေ့ဆောင်စိတ်၊ ဦးဆောင်စိတ်၊ ရဲရဲတောက်စိတ်တွေဟာ ဘယ်တော့မှ ခါးသီးတဲ့ လှိုင်းအောက်မှာ အမြဲ မရှိနိုင်ပါ။
အကြွေး တစ်ခုကို အတိုးများများနဲ့ ပေးဆပ် နေခြင်းလို့ပဲ သဘော ထားလိုက်ပါ။ အချိန်တန်ရင် အကြွေးတွေ ကျေသွားပါလိမ့်မယ်။ အကြွေးဆပ်ရင်း နောက်အကြွေး တစ်ခုသာ မတင်မိပါစေ နဲ့။ ကျေးဇူးရှိသူတွေ ပေါ်တင်တဲ့ အကြွေးရဲ့အတိုးက ပိုများတတ်ပါတယ်။ ကိုယ့်ဘ၀ကို ကောင်းအောင်ပဲ ကြိုးစားစေချင်တယ်။ ကိုယ့်လမ်းကို ဖြောင့်အောင်ပဲ လျှောက်စေချင်တယ်။ ကိုယ့်ရည်မှန်းချက်တွေ ပိုပြီး အထင် အရှား ရှိစေချင်တယ်။ ခွန်အားတွေ တိုးပွားစေချင်တယ်။ လူကောင်းရင် နတ်ကောင်း “မ” တတ်ပါတယ်။
နာကြည်းတဲ့ စိတ်တွေကို ဖယ်ရှား ပစ်လိုက်ပါ။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုသာ သားကောင်း၊ သမီး ကောင်းပဲဖြစ်အောင် ကြိုးစားလိုက်ပါ။ တူသောအကျိုးဆိုတာ ရှိကို ရှိနေပါ တယ်။ ကိုယ့်အလှည့်ကျ သားကောင်း၊ သမီးကောင်းတွေ ပြန်ရလာပါလိမ့်မယ်။ မုန်တိုင်းလွန်ရင် လေပြည်ကစောင့်နေ ပါလိမ့်မယ်။ အကြွေးတွေသာ ထပ်မတင်မိပါ စေနဲ့တော့။
နေဇင်လတ်
၂၀၁၀ မေလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ...