ဟွန်ဒူးရပ်စ် ဘာဝနာခရီး
ခင်လေးမြင့်
ခင်လေးမြင့်
“ဟွန်ဒူးရပ်စ်ကို သွားမယ်”လို့ ပြောလိုက်မိရင်ပဲ ကြားသမျှ လူတွေက မနှစ်ကမှ ဖြစ်ထားတဲ့ ပူပူနွေးနွေး အာဏာသိမ်းမှုနဲ့ မနေ့က အထိ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ သည်နေ့အထိ ကြားနေရတဲ့ စာနယ်ဇင်း သမား သေဆုံးရမှုတွေကြောင့် “ဘာသွားလုပ်မှာလဲ၊ မသွားပါနဲ့လား၊ စိတ်ပူတယ်”လို့ချည်း တုံ့ပြန်ခဲ့ကြပါတယ်။ ဟွန်းဒူးရပ်စ်ဟာ အနောက်ကမ္ဘာမှာ ဟေတီနဲ့ နိုက်ကာရာဂွါ ပြီးရင် အဆင်းရဲဆုံး နိုင်ငံပါ။ သည်လို နိုင်ငံမျိုးကို အပျော် အပန်းဖြေ ခရီးထွက်မှာ မဟုတ်ဘူးဆိုတာ သိနေကြတဲ့ ဟားဗတ်အသိုက်အ၀န်းက ကိုယ့်ကိုနားမလည်စွာ မေးခဲ့ကြတာ မဆန်းပါဘူး။ “၀ိပဿနာ တရား အားထုတ်ပုံကို သွားပြောပြပေးမလို့”
လို့ ကိုယ်က ပြန်ဖြေတဲ့ အခါမှာတော့ ကတ်သလစ် အများစုနဲ့ ပရိုတက်စ်တင့်တွေသာ ရှိပြီး အခြား ဘာသာတရားကို ကိုးကွယ်သူ အနည်းအကျဉ်းသာ ရှိတဲ့ စပိန် စကားပြော နိုင်ငံမှာ ဘာကြောင့်များ ဘာဝနာ တရားကို သွားပြောမှာပါလိမ့်လို့ စောဒက တက်ကြတာလည်း ဖြစ်သင့်ပါရဲ့။
ကိုယ့်ဘက်ကလည်း အဲသည်လို လွယ်ကူ ချောမွေ့မယ့် ခရီးမျိုး မဖြစ်နိုင်တာကြောင့်ကို သွားချင်ခဲ့တာလို့ ဖြေရပါမယ်။ သည်ခရီး သွားဖြစ်ဖို့ ဖြစ်လာတာက ဟားဗတ်ပါမောက္ခ မော်နီကာကြောင့်ပါ။ သူက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကတည်းက ဟွန်းဒူးရပ်စ်မှာ အမျိုးသမီး စွမ်းဆောင်ရည် တိုးမြှင့်ရေး အစီအစဉ်တွေကို လုပ်နေခဲ့သူ ဖြစ်ပြီး ကိုယ့်ရဲ့ ၀ိပဿနာ အကြောင်း ဟောပြောပွဲ တစ်ခုကို လာတက်ရာက ကိုယ်သိထားတဲ့ ဘာဝနာ တရားတွေကို ဟွန်ဒူးရပ်စ် သူတွေအတွက် မျှဝေပေးနိုင်မလားလို့ မေးလာခဲ့ပါတယ်။ နိုင်ငံရေဂး မတည်ငြိမ်မှု အပြင် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာနေတဲ့ ဟွန်ဒူးရပ်စ်မှာ အမျိုးသမီးတွေဟာ လက်ရှိဘ၀ အခြေအနေ အပေါ် သွေးပျက် စိတ်ကုန်ပြီး အားကိုးရာ မဲ့သလို ခံစားနေကြရတာမို့ သူတို့ကို ၀ိပဿနာ တရား အားထုတ်ပုံသင်ပြပေးနိုင်ရင် အများကြီး အကျိုးရှိ မယ်လို့ မော်နီကာက ထင်ပါတယ်။ အမှန်တော့ သူကလည်း ကက်သလစ် သီလရှင်ပါပဲ။ ဒါပေမယ့် ဟားဗတ်ရှိရာ ကိန်းဘရစ်ခ်ျမြို့ရဲ့ ၀ိပဿနာတရား ပြစခန်းတစ်ခုမှာ အားထုတ်ကြည့်ရာက တရားအရသာကိုသိပြီး ကိုယ်တိုင် လည်း မပြတ်အားထုတ်ကာ အခြားသူ များကိုလည်း အားထုတ် စေချင်တဲ့ ဆန္ဒ ရှိသူပါ။ သူက စပိန်လိုလည်းကောင်းကောင်း ပြောသူမို့ သူကိုယ်တိုင် လိုက်ပါပြီး ဘာသာပြန်ပေးမယ့် ဟွန်ဒူးရပ်စ် ဘာဝနာ ခရီးကို ကိုယ်က လွယ်လင့်တကူ လက်ခံခဲ့ပါတယ်။
ဗီဇာနဲ့ လေယာဉ်လက်မှတ် လုပ်တာတွေ အားလုံး အဆင်ပြေပြီး မိုင်ယာမီ ကတစ်ဆင့် ဟွန်ဒူးရပ်စ်ရဲ့ မြို့ကြီး တစ်မြို့ဖြစ်တဲ့ ဆန်ပီဒရို ဆူလာကို ရောက်ပါတယ်။ ကိုယ်လည်း လူဝင်မှု ကြီးကြပ်ရေး အရှာရှိရှေ့မှာ ရပ်လိုက်ရော လေယာဉ်ကွင်း တစ်ခုလုံး မှောင်အတိ ကျသွားတော့တာမို့ ကိုယ့်မှာ အသံ ထွက်ပြီးတောင် ရယ်လိုက်မိပါတယ်။ မီးက ခဏနဲ့ပြန်လာပြီး အရာရှိက ကိုယ့်ပတ်စ်ပို့ကို မမြင်ဖူးလို့ဆိုကာ အကြာ ကြီး ကြည့်နေပြီးမှ ကိုယ့်ကို ရက်ခြောက် ဆယ် နေခွင့်ပေးလိုက်ပါတယ်။ နောက်တော့ မိုင်ယာမီမှာကတည်းက နောက်နေ့မှာ ဘာဝနာပွဲ စီစဉ်မယ့် စီစီလီယာတို့ သားအမိ ပြင်သစ်က ပြန်အလာနဲ့ ကြုံခဲ့ တာမို့ သူတို့ကား လာအကြိုကို လေဆိပ်မှာ စောင့်ဖြစ်ကြပါတယ်။ လေဆိပ်က ခပ်သေးသေးဖြစ်ပြီး အဆင်တန်ဆာ မရှိပေမယ့် လေယာဉ်ကွင်းထဲမှာ ရပ်ထား တဲ့ကားတွေ အတော်များများက နောက်ဆုံးပေါ် အပျံစားတွေချည်း ဖြစ်နေတာကို သတိထားလိုက်မိပါတယ်။ ဆင်းရဲ တဲ့ နိုင်ငံလေးမှာ ပြည်ပ ထွက်နိုင်ကြသူ အများစုဟာ အစစ်အမှန် ချမ်းသာ သူတွေပဲလို့ သဘောပေါက်ယူ လိုက်မိပါတယ်။
အဲဒီနေ့က ရက်ပေါင်းများစွာ အပူချိန် တစ်ရာကျော်အောင် ပူနေတဲ့ ဟွန်းဒူးရပ်စ်မှာ မုန်တိုင်းကျကာ မိုးသည်းတာမို့ ကားလမ်းတွေ ရေလျှံပြီး လမ်းတွေ ပိတ်နေခဲ့ပါတယ်။ နောက်ဆုံးတော့ နောက်ဆုံးပေါ် ကားကြီးရဲ့အဲကွန်း အအေးဓာတ်ထဲမှာ ထိုင်ကာ သူတို့ အတွက် ရေကြီး နေတယ်ဆိုတဲ့၊ ကိုယ့် အတွက်တော့ ကားလမ်းရေကျော် သလောက်သာ ရှိတဲ့၊ မိုးလက်ကျန် စိုစွတ် နေတဲ့ ဆန်ပီဒရိုဆူလာ လမ်းမတွေကို ကျော်လွှားပြီး ကိုယ်တို့ တည်းခိုမယ့် ခရစ်ယာန် ရိပ်သာလေး တစ်ခုကို ရောက်သွားခဲ့ပါတယ်။ ပန်ကာလေးသာ ရှိပြီး ပကာသန မရှိတဲ့ အခန်းလေးထဲမှာ အပူရှိန် တငွေ့ငွေ့က ကိုယ့်ကို ကြိုဆိုနေပါ တယ်။
နောက်နေ့မနက်မှာ အချိန် ကွာဟချက်ကြောင့် မနက် ငါးနာရီခွဲလောက် ကတည်းက နိုးနေကာ ရိပ်သာအနောက် ဘက်ကတောင်ပေါ် လမ်းသွားလျှောက် ကြပါတယ်။ လမ်းတစ်လျှောက်မှာ တော့ ဆင်းရဲချမ်းသာ ကွာဟမှုကြီးတယ် ဆိုတာနဲ့ စိုးရိမ်ပူပန်နေရတဲ့ နိုင်ငံရေး တင်းမာမှုတွေကို အရိပ်အမြွက် တွေ့ရပါပြီ။ ချောင်းကြီး တစ်ခုရဲ့ ဘယ်ဘက်မှာ အိမ်ကောင်းတွေ အစီအရီ တွေ့ရပြီး ညာဘက်ခြမ်းမှာတော့ ရန်ကုန် အခေါ် ကျူးကျော် တဲမျိုးတွေကို တွေ့နေရပါတယ်။ ကိုယ့်မှာ ဓာတ်ပုံ ရိုက်ချင်တာတောင် အခြေအနေကို ကြည့်ရပါသေးတယ်။ အိမ်ကြီး အိမ်ကောင်းတွေ ရှေ့မှာ ကိုယ်ပိုင် သက်တော် စောင့်လက်နက်ကိုင် တချို့ကို တွေ့ရတတ်သလို တောင်ပေါ်အ၀င် ပန်းခြံဝမှာ လက်နက်ကိုင်ရဲတွေ တော်တော်များများကို တွေ့လိုက်ရပါတယ်။
ဒါပေမယ့် တောင်ပေါ် တက်လမ်း တစ်လျှောက်မှာတော့ အားကစား ၀တ်စုံတွေနဲ့ တွေ့ရတဲ့ လူကုံထံတွေလို့ ယူဆရသူတွေရော၊ လူလတ်တန်းစားလို့ ယူဆရသူတွေပါ အားလုံးက “ဘွန်နော့ဒီး ယပ်စ်၊ မင်္ဂလာ နံနက်ခင်း”လို့ဖြစ်စေ၊ “အိုလာ၊ ဟဲလို”လို့ဖြစ်စေ နှုတ်ဆက်သွား တတ်ကြတာမို့ စိတ်ထဲမှာကြည်နူးမိပါတယ်။ ဟားဗတ် ၀န်းကျင်မှာ ကိုယ်တစ်ခါမှ မမြင်ဖူးသူကို “ဂွဒ်မောနင်း”လို့ ဘယ်သူကမှ နှုတ်မဆက်ကြဘဲကိုး။ အပူချိန်က နေထွက်လာတာနဲ့ တက်လာတာ ကိုးဆယ့်ခြောက်လောက်မို့ ခြောက်ဆယ်ကျော်လောက် ကြားမှာ နေလာတဲ့ ကိုယ့်မှာ ချွေးတွေ ရွှဲနေခဲ့ပါပြီ။
ဒါကြောင့် အမျိုးသမီး သမ၀ါယမ အသင်းတစ်ခုရဲ့ ရုံးခန်းကို သွားခါနီးမှာ ရေချိုးခေါင်းလျှော် လုပ်ရပြန်ပါတယ်။ သည်ရုံးခန်းက မြို့ရဲ့နောက်တစ်ဖက် စွန်းမှာမို့ တာဝန်ရှိသူ နယ်လီက သူ့ကိုယ်ပိုင် ဒတ်ဆန်း ပစ်ကပ်နဲ့ လာကြိုပါတယ်။ ရန်ကုန်မှာ စီးနေကျ ဂန္ထ၀င်ကားတွေ အတိုင်း တံခါးကို အပြင်က ဖွင့်ပေးမှရတဲ့ နယ်လီ့စီးတော် ယာဉ်လေးက မြို့လယ်ကိုဖြတ်ပြီး မောင်းသွားတာမို့ ဆန်ပီဒရိုဆူလာကို တစေ့ တစောင်း ကြည့်မြင်ခွင့်ရခဲ့ပါတယ်။ ငုဝါပင်၊ စိန်ပန်းပင်၊ ဗာဒံပင်၊ သရက်ပင် တွေနဲ့ တကွ အပူပိုင်း ဒေသရဲ့ အသွင်အပြင်တွေ ပြည့်နေတဲ့ သည်နေရာမှာ ဒေသခံ ၀တ်စား ဆင်ယင်မှုရယ်လို့ လုံးလုံး မတွေ့ရတာမို့ တချို့နေရာတွေမှာ အာရှသားနဲ့ ဆင်လှတဲ့ ဟွန်းဒူးရပ်စ် လူထုကို တွေ့ရတဲ့ အခါ ရေခြားမြေခြားမှာပါလားလို့တောင် မတွေးမိတော့သလို ဖြစ်နေပါတယ်။
ကားလမ်းပေါ် တက်မောင်းနေတဲ့ သစ်သား နောက်တွဲလေး ဆွဲလာတဲ့ မြင်းလှည်း၊ သရက်သီးအစိမ်းတွေကို သရေစာ အဖြစ် လှီးစိတ်ပြီး ရောင်းနေတဲ့ ဆိုင်၊ လမ်းဘေးက ဖိနပ် တိုက်ပေးတဲ့ ဆိုင်တန်းလေး၊ ကားလမ်းဘေးက စာနယ်ဇင်းနဲ့ သစ်သီးအရောင်းဆိုင်၊ လာသမျှကားတွေကို လှမ်း အော်ပြီး တော်တီယာ ရောင်းနေတဲ့သူ၊ ယာဉ်ရပ်နားခ ကောက်ဖို့ နေပူပူမှာ ပလတ်စ တစ်ခုံတစ်လုံးနဲ့ ထိုင်စောင့်နေသူ။ အရာရာဟာ ဟားဗတ်နဲ့ အလှမ်း ဝေးလွန်းလှ သလောက် ရန်ကုန်နား ရောက်သွားသလို ဖြစ်နေတာမို့ ကိုယ့်ကိုယ်ကို နိုင်ငံခြား ရောက်နေကြောင်း မေ့ချင်ချင် ဖြစ်လာပါတယ်။ နယ်လီက ယာဉ်ရပ်နားခကောက် သူကို ကိုယ်တို့နဲ့ မိတ်ဆက်ပေးပြီး သူ့ကို အင်္ဂလိပ် စကားပြော သင်ပေးသူတွေထဲမှာ သူလည်း ပါတယ်လို့ ပြောလိုက်ပါတယ်။ အသံထွက်ကောင်းကောင်းနဲ့ အင်္ဂလိပ် စကားပြောပြီး လက်ပြ ကျန်ခဲ့တဲ့သည် လူ့ခါးမှာ လက်ကိုင်ဖုန်းသာ ချိတ်မထားရင် ကိုယ်လုပ်ခဲ့တဲ့ ဘားလမ်းဆေးရုံက လုံခြုံရေး ၀န်ထမ်းလေလားလို့ ထင်မှတ် မှားမိချင်နေသေးတာပါ။
နောက်တော့ ကားလမ်းဘေးမှာ ယူနီဖောင်း ဆင်တူနဲ့ ကလေးမလေးတွေ အော်ချာတာခေါ်တဲ့ ပဲနို့ရည်ကို လိုက် ရောင်းနေတာ တွေ့ရပါတယ်။ နေပူပူမှာ အရိပ်မည်မည်ရရ မရှိဘဲ ရောင်းနေကြတာ စိတ်မချမ်းမြေ့စရာပါ။ စုံစမ်း ကြည့်တော့ စီးပွားရေးတက္ကသိုလ်က ကလေးတွေဖြစ်ပြီး လက်တွေ့သင်တန်း အနေနဲ့ စီးပွားရေးလုပ်ခိုင်းနေတာလို့ ဆိုပါသတဲ့။ ကလေးတွေက ရှက် ကြောက်နေကြတာမို့ နေသာကုန်ရော ဘာမှ ရောင်းလိုက်ရမယ့်ပုံမမြင်ပါဘူး။ စီးပွားရေးပညာတော့ ဘယ်လောက် တတ်သွားကြလဲ မသိနိုင်ဘူးပေါ့။ နောက်ဆုံးတော့ ဆင်ခြေဖုံး ရပ်ကွက်လေးက ရုံးခန်းကို ရောက်ပါတယ်။ ရပ်ကွက်ထဲက အမျိုးသမီးတွေအတွက် ငွေစုငွေချေး ကိစ္စမျိုး အပါအ၀င် အင်တာနက်၊ ဖုန်းသုံးတာမျိုး အထိ လွယ်ကူ သက်သာအောင် ကူညီနေတဲ့ နယ်လီတို့ အဖွဲ့လေးမှာ အလုပ်လုပ် နေသူ အားလုံးက မိန်းမတွေချည်းပါ။
သည်ရပ်ကွက် ၀န်းကျင်မှာ လက်လုပ်လက်စားတွေ များပေမယ့် ကားရောင်းဝယ်ရေး၊ ပြုပြင် ရေးဆိုင်တချို့ကို တွေ့နိုင်ပါသေးတယ်။ သည်တစ်ခုကတော့ နိုင်ငံခြားရောက် နေတာ သေချာစေပါတယ်။ နေရာ အနှံ့မှာ ကားအရောင်းဆိုင်တွေကို တွေ့ရ သလို လမ်းပေါ်မှာ သစ်ပေ့ကောင်းပေ့ ဆိုတဲ့ ကားတချို့ကို ခပ်စုတ်စုတ်၊ ခပ် လတ်လတ်ကားတွေနဲ့အတူ တွေ့ရပါ တယ်။ ငွေလွှဲ လုပ်ငန်းအများအပြားကို တွေ့ရပြီး တချို့နေရာတွေမှာ လက်နက် ကိုင်အစောင့်တွေ ရှိနေပါတယ်။ နိုင်ငံ့ လူဦးရေက ရှစ်သန်း မပြည့်ဘူး ဆိုပေ မယ့် ပြည်ပ ရောက်နေပြီး အိမ်ကို ငွေပြန် လွှဲနေကြသူ ဦးရေကိုတော့ မသိခဲ့ရပါဘူး။ ပြည်တွင်းမှာ အလုပ် လက်မဲ့နှုန်း ကတော့ ၂၈ ရာခိုင်နှုန်း နီးနီးရှိပါသတဲ့။ သည်တော့လည်း ကားပစ္စည်း အရောင်းဆိုင်လို နေရာမျိုးထဲမှာတောင် လက်နက်ကိုင် အစောင့်တွေ ထားထားတာ တွေ့ရတဲ့ အခါ လက်ရှိ အနေအထားကို မှန်းဆနိုင်ခဲ့ပါတယ်။
ရုံးခန်းမှာ နယ်လီက နေရစ်ခဲ့ပြီး မနက်စာကို ဒေသခံစာ သက်သတ်လွတ် စားလိုက်ကြပါတယ်။ သည့်နောက်တော့ စီစီလီယာတို့နဲ့ ပြောင်းလိုက်သွားကာ ၀ိပဿနာ အားထုတ်ပုံကို ပြောပြမယ့် နေရာဆီ ထွက်ခဲ့ကြပါတယ်။ သူတို့ အုပ်စုက လူသိပ်မများပေမယ့် နဂို ကတည်းက ယောဂဖြစ်စေ၊ တခြား တရားအားထုတ်မှု တစ်ခုခုကိုဖြစ်စေ အားထုတ် လက်စ ရှိသူတွေပါ။ သူတို့နဲ့ ပြောဖြစ်တဲ့နေရာက မြို့စွန်တစ်နေရာက မဖွင့်ရသေးတဲ့ အသစ်စက်စက် ဟိုတယ် တစ်လုံးရဲ့ ငါးထပ်ခေါင်မိုး ထပ်မှာမို့ တောင်တွေ နောက်ခံနဲ့ တရားအားထုတ်လို့ ကောင်းတဲ့ နေရာမျိုးပါပဲ။ စီစီလီယာတို့ အဖွဲ့ကို မြင်မြင်ချင်းတော့ အတော် လေး စဉ်းစားစရာ ဖြစ်နေခဲ့ပါတယ်။ ၀တ်စားထားတာတွေ ကြည့်ကတည်းက လူ့မလိုင်တွေဆိုတာ သိသာနေတာမို့ ရေပေါ်ဆီ အားထုတ်မယ့် သူတွေများ လားလို့ ဇဝေဇ၀ါ ဖြစ်မိပါသေးတယ်။
သည်နောက်ပိုင်းမှာ ယောဂကျင့်စဉ်နဲ့ တရားအားထုတ်မှုတွေကို လူချမ်းသာ တချို့က ငွေကြေး အမြောက်အမြား အကုန်ခံပြီး သင်ယူ လေ့လာကြတာမို့ လူချမ်းသာတွေရဲ့ လူမှုရေး လေ့ကျင့်ခန်း တစ်ခုလို သဘောထားကာ အားထုတ် နေကြသူတွေများလားလို့လည်း သူတို့ အပေါ် လျှော့တွက်ခဲ့မိပါသေးတယ်။ ဒါပေမယ့် သူတို့ကို ရှင်းပြရာမှာတော့ မော်နီကာရဲ့ ဘာသာပြန်မှုကိုတောင် သိပ်အများကြီး အားမကိုးရဘဲ လွယ် လွယ်ကူကူနဲ့ ထိထိရောက်ရောက် ရှင်းပြ နိုင်တာကို တွေ့လိုက်ရပါတယ်။ နေ့စဉ် အချိန်မှန်မှန် အားထုတ်လက်စ ရှိသူတွေ ဖြစ်ပြီး ယောဂ သင်ပေးနေသူ တစ်ယောက်လည်း ပါလာပါတယ်။ ကိုယ် က ရုပ်သဘာဝ၊ နာမ်သဘာဝကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ အလုပ်ပေး တရားကို စပြောတော့ သူတို့ အားလုံးက မေးခွန်းတွေ မြောက်မြားစွာနဲ့ စိတ်ဝင်တစား တုံ့ပြန် ပါတယ်။ ပျံ့လွင့်နေတဲ့ စိတ်တွေကို ဇွတ်အတင်း ထိန်းချုပ်နိုင်အောင် ကြိုးစားဖို့ထက် စိတ်ရဲ့သဘာဝနဲ့ ရုပ်ရဲ့သဘာဝကို ကွဲပြားအောင် ရှုမြင်နိုင်ရေး ဦးတည်ကာ ပေါ်သမျှ အာရုံတွေကို မှတ်နိုင်ဖို့ ကြိုးစားပါလို့ တိုက်တွန်းတာကိုလည်း သဘောပေါက် လက်ခံ ကြပါတယ်။
ရုပ်နဲ့နာမ်ကြားက အဆက်အစပ်နဲ့ နာမ်ခန္ဓာလေးပါးအကြောင်းကို သူတို့နားလည်လွယ်အောင် ဥပမာလေးတွေနဲ့ ရှင်းပြတော့လည်း နားလည်သဘောကျ လာကြပါတယ်။ သူတို့ အားထုတ်ခဲ့ဖူးတာတွေက သမထဆန်တဲ့ ကျင့်စဉ်မျိုးတွေမို့ ခုလိုပေါ်သမျှ ရုပ်နာမ်ကို သိပေးရမယ်ဆိုတဲ့ ၀ိပဿနာနည်းကို ထူးဆန်းနေသလို ဖြစ်ပေမယ့် လွတ်လပ်မှု ပိုရှိတဲ့ နည်းရယ်လို့ သဘောကျကြပါတယ်။ အခြေခံ တရားသုံးပါးဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို အကြမ်းဖျင်း သဘောပေါက်သွားအောင် အချိန်ယူပြီး ရှင်းပြလိုက်ပြန်တော့လည်း အတော်ကြီး လိုက်နိုင်ကြတာကို တွေ့ရပါ တယ်။
နောက်တော့ သည်သဘောတရားတွေကို သဘောပေါက်အောင် ရှင်းပြတာထက် ကိုယ်တိုင် ကျင့်ကြံပြီးမှ ကိုယ်တွေ့ပညာ၊ ကိုယ်တွေ့တရားဖြစ်နိုင်ကြောင်း ပြောပြကာ လက်တွေ့အားထုတ် ခိုင်းလိုက်ပါတယ်။ နာမ်ရဲ့စေစားမှုနဲ့ ရုပ်ရဲ့ အစေစားခံ သဘောကို နားလည်သွားအောင် စင်္ကြံလျှောက်သင်ပေးရာမှာ “ကြွချင်တယ်၊ ကြွတယ်၊ လှမ်းချင်တယ်၊ လှမ်းတယ်၊ ချချင်တယ်၊ ချတယ်”ဆိုတာမျိုး အသေးစိတ် မှတ်ခိုင်းလိုက်ပါ တယ်။ နေရာနဲ့ အချိန် ရွေးနေစရာမလိုတဲ့ အားထုတ်နည်းဆိုတာကို သဘောပေါက် စေပြီးနောက်မှာတော့ ဆက်လက် အားထုတ် သွားနိုင်ကြစေဖို့ တိုက်တွန်းအားပေး ဖြစ်ပါတယ်။
ဗုဒ္ဓအကြောင်းမပါ၊ သံဃာအကြောင်းမပါဆိုပေမယ့် ဓမ္မသားသက် သက်ကိုပြောဖြစ်ခဲ့တာမို့ ရုပ်နဲ့ နာမ်ရဲ့ ဖြစ်ပျက်များမှ ပြေးမလွတ်သူများပီပီ သည် တရားရဲ့အရသာကို သဘောပေါက်သွားကြကာ ကိုယ့်ကို ကျေးဇူးတွေ အတင်ကြီးတင် နေခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သည်နိုင်ငံမှာ သည်လောက် ချမ်းသာနေသူတွေဟာ သမာ အာဇီဝမှ ဖြစ်ရဲ့လားလို့ သံသယ ဖြစ်ခံနေရသူတွေပါ။ ခုတော့ သူတို့ဟာ မဂ္ဂင် ရှစ်တန် အကျင့်မှန်ရဲ့ တစ်စိတ်တစ်ဒေသကို ကြားသိစပြုလာပြီမို့ ကိုယ်နောက်ဆုံး ပြောဖြစ်ခဲ့တဲ့ သည်ကျင့်စဉ်အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ သီလစင် ကြယ်မှုအပေါ် အလေးအနက် ထားဖြစ်သွားကြမယ်လို့ မျှော်လင့်ရင်း ကိုယ့်မှာလည်း ပီတိဖြစ်ရပါတယ်။
နောက်နေ့ မနက်မှာတော့ နယ်လီတို့ အဖွဲ့က ဦးဆောင်တဲ့ အမျိုးသမီး အုပ်စုကြီး ကိုယ်တို့ တည်းခိုတဲ့ ခရစ်ယာန် ရိပ်သာလေးဆီ ရောက်လာကြပါတယ်။ သည်အဖွဲ့က တော့ လူလတ်တန်းစား နည်းနည်းနဲ့ နွမ်းပါးသူ အများစုတွေပါ။ သည်တစ်နှစ်အတွင်း မှာ မိသားစုဝင် တစ်ဦးဦး ဆုံးရှုံးခဲ့ရသူ၊ ချစ်သူနဲ့ ကွေကွင်းရသူတွေ ပါလာပါတယ်။ စားဝတ်နေရေး အတွက် အားထုတ်နေရသလို သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ကမောက်ကမ နိုင်မှုတွေအပေါ် မျက်နှာ မလွှဲနိုင်သူတွေမို့ သူတို့အားလုံး ကြည့်ရတာ စိတ်လည်းနွမ်း၊ ကိုယ်လည်း ပန်းနေကြပုံပါ။ တရား အားထုတ်မှု ဆိုတာကိုလည်း ဟုတ်တိပတ်တိ ကြားဖူး မြည်းဖူးကြပုံ မရှိကြပါဘူး။ သူတို့ကို တွေ့ရတဲ့ ရိပ်သာ ခန်းမထဲမှာ အဲကွန်းသာ အလုပ် မလုပ်နေရင် ကိုယ့်မှာ ဆေးရုံက လူနာတွေကြား ပြန်ရောက် နေလေသလားလို့ ထင်မှတ် မှားနေမိမှာ သေချာပါတယ်။ မျက်ရည် သီဝေ့ပြီး အားကိုးကြည့်တွေ ပြည့်နေတဲ့ သည်မျက်ဝန်းတွေကို ဖတ်ဖို့၊ နားထောင်ဖို့အတွက် ဘာသာပြန် မလိုပါဘူး။
ဝိပဿနာကို ရှင်းပြဖို့ အတွက်ကတော့ ကိုယ်က အင်္ဂလိပ်လို နှစ်ခွန်းလောက် ပြောပြီး မော်နီကာက စပိန်လို လေးခွန်းလောက် ပြန်ရှင်းပြယူရပါတယ်။ သူတို့ခံစားနေတာတွေ သက်သာသွားအောင် တစ်ခါက ကိုယ့်မှာ တီဘီရောဂါနဲ့ အတူ ရောဂါ ဝေဒနာဆိုးတွေကြောင့် ခြောက်လဆက်တိုက်ဖျားကာ ကိုယ်အလေးချိန် ပေါင် ရှစ်ဆယ်ထိ ကျသွားဖူးပြီး မကြာခဏ သတိလစ်တဲ့ထိ နာကျင်တဲ့ ဝေဒနာကို အပြင်း အထန် ခံစားရဖူးကြောင်း၊ အဲသည်အချိန်မှာ ကိုယ့်နားမှာလည်း မိသားစုဝင် တစ်ဦးမှ မရှိနိုင်ခဲ့တဲ့ အချိန်ဖြစ်ကြောင်း ပြောပြဖြစ်ပါတယ်။ ကိုယ်မှာ နာကျင်ရသော်လည်း စိတ်မှာမနာကျင်ဘဲ သည်နေ့သည်နေရာမှာ သည်လိုစကားတွေကို တည်တည်ငြိမ်ငြိမ် လာပြောနေနိုင်ရခြင်းရဲ့ လျှို့ဝှက်ချက် ဟာ ၀ိပဿနာ အားထုတ်မှုဖြစ်ကြောင်း ရှင်းပြပြီးတဲ့ အခါမှာတော့ သူတို့အားလုံး ရဲ့မျက်ဝန်းတွေ အရောင်ပြန်တောက် လာကြပါပြီ။ မနေ့ကအုပ်စုလို အခြေခံ မရှိထားသူတွေဖြစ်တဲ့အပြင် စကား တိုက်ရိုက် မပေါက်သူတွေမို့ သည်အုပ်စု ကိုတော့ အချိန် ပိုယူပြီး ရှင်းပြရပါတယ်။
ရုပ်နာမ် သဘာဝကို ရှင်းပြပြီး အစမ်း မှတ်ကြည့်ခိုင်းတဲ့ အချိန်ဟာ နေ့လယ်စာ စားပြီးချိန်မှ ဖြစ်နေလေတော့ တချို့က တရားပုခက်ကြီး တွင်တွင်စီးလို့ အိပ် ပျော်သွားကြတာလည်း တွေ့ရပါတယ်။ သူတို့ရဲ့ ဘ၀ အမောတွေကနေ ထွက်ပြေး လာတဲ့ သည်လို နေ့မျိုးမှာ တရား ရေအေးရယ်၊ မှတ်သား မကျလို့ ထိနမိဒ္ဓ၀င်တာ ရယ် ပေါင်းမိသွားလို့ အိပ်ပျော်တာကို အဆန်း မဟုတ်ကြောင်း ရှင်းပြကာ အမှတ်စိပ်စိပ် မှတ်နိုင်ဖို့ အားပေးရပါ တယ်။ တစ်ခါ ဘ၀ အမောတွေကြောင့် ညဘက် အိပ်မပျော်နိုင် ဖြစ်နေရင် ခုလိုပဲ အမှတ်စိတ်လေး ကောင်းအောင် လုပ်ပြီး စိတ်လေး တည်ငြိမ်လာတဲ့ အခါ မှတ်အားလေး ကျဲပေးလိုက်ရင် အိပ်နိုင် သွားမယ်လို့ အိပ်နည်းပါ သင်ပေးရပြန် ပါတယ်။
စင်္ကြံလျှောက်နည်း ပြပေးပြီး အစမ်းလျှောက်ခိုင်းတော့ တချို့က လျှောက်ရတာကို ပိုသဘောကျပေမယ့် တချို့ကတော့ သည်လိုသာ အားထုတ် နေရင် တစ်နေကုန် ဘာအလုပ်မှ လုပ်နိုင် မှာ မဟုတ်တော့ဘူးလို့ လက်လှုပ်မှ ပါးစပ် လှုပ်ရသူပီပီ မှတ်ချက်ပေးလာပါ တယ်။ ဒါကြောင့် သွားရင်းလာရင်း မှတ်နိုင်မယ့် လက်တွေ့ကျ နေ့စဉ်ဘ၀ ဘာဝနာကိုလည်း ထပ်သင်ပေးလိုက်ရ ပါတယ်။ ညနေ ပွဲသိမ်းမှာတော့ သူတို့ က သူတို့ရဲ့ဆွေးနွေးပွဲတွေမှာ လုပ်နေ ကျအတိုင်း လက်မနဲ့ လက်သီးဆုပ်ချိတ် တွဲပြီး စက်ဝိုင်းပုံဖော်ကာ ၀ိုင်းသိမ်းပေ မယ့် ကိုယ်က အဖန်ဖန် သတိပေးနေတဲ့ “သတိမြဲမြဲထား” ဆိုတဲ့ ဆောင်ပုဒ်ကို လည်း အော်ပြီး ပွဲသိမ်းလိုက်ကြပါ တယ်။ တိုက်ရိုက် စကားမပေါက်တဲ့ အတွက် အပြန်နှုတ်ဆက်ကြရာ သူတို့ တွေထုံးစံ ပါးချင်းအပ်၊ ကိုယ်လုံးချင်း ပွေ့ဖက်တဲ့ အခါမှာတော့ သူတို့ တော်တော်များများက ကိုယ့်ကို မလွှတ်တမ်း အကြာကြီးဖက်ကာ အနမ်းတွေလည်း မခန်းတော့သလို ပေးခဲ့ကြပါတယ်။
အဲသည်နေ့ညကတော့ နယ်လီ့ အိမ်က လေဆိပ်နဲ့ နီးတာမို့ အဲသည်ကို ပြောင်းအိပ်ကြပါတယ်။ အခြား လုပ်စရာ တွေကြောင့် ဟားဗတ်ကို မပြန်မဖြစ်တဲ့ အတွက် ကိုယ်တစ်ယောက်တည်းပဲ နောက်နေ့မနက် လင်းအားကြီးမှာ ဆန်ပီ ဒရိုဆူလာကနေ ပြန်ရတော့မှာပါ။ နယ်လီ့ အိမ်က ရပ်ကွက်လေးထဲမှာမို့ လုယက် ခိုးယူမှာကို ကြောက်လို့ သံတိုင် ကြားကပဲ အရောင်းအ၀ယ် လုပ်ကြတဲ့ ကုန်စုံဆိုင်လေးတွေရဲ့ အပြင်အဆင်သာ မရှိခဲ့ရင် လမ်းပေါ်မှာ ပြေးလွှားဆော့နေ တဲ့ ကလေးတွေ၊ ကတ္တရာ၊ အင်္ဂတေ ဘာဆိုဘာမှ မခင်းထားတဲ့ မြေမှုန်မှုန် လမ်းလေးတွေ၊ အပင်အောက်မှာ သစ် သားခုံတန်းလေးတွေ ခင်းပြီး စားစရာ ရောင်းတဲ့ ဆိုင်လေးတွေ၊ ကားတာယာ အဟောင်းထဲမှာ စိုက်ထားတဲ့ အပင် လေးတွေကို တွေ့ရတော့ ကိုယ့်ကိုယ်ကို စမ်းချောင်းကနေ လှိုင်မှာ လာလည်နေ မိတာမျိုးလိုလို ထင်နေမိပြန်ပါတယ်။ မော်နီကာကတော့ စီစီလီယာကလည်း သူ့အိမ်မှာ လိုက်အိပ်ရင် မနက်လေဆိပ် ကို သူပို့ပေးပါ့မယ်လို့ ပြောခဲ့တာကို ပြန်သတိရကာ အဲသည်မှာ သူတစ်ခါ သွားအိပ်ဖူးကြောင်း အင်မတန် ခမ်းနား ကြီးကျယ်တဲ့ အိမ်ဖြစ်ပြီး လက်နက်ကိုင် အစောင့်တွေနဲ့မို့နေရတာ စိတ်ကျဉ်းကျပ် ခဲ့ကြောင်း ရှင်းပြလာပါတယ်။ ကိုယ် ကတော့ မပြန်ခင်မှာ သည်လိုရပ်ကွက် ထဲက ဟွန်းဒူးရပ်စ်ဘ၀ကို တွေ့ခွင့်ရ လိုက်တဲ့အတွက် နယ်လီ့ကိုရော မော်နီကာ့ကိုပါ ကျေးဇူး တင်နေမိပါတယ်။
အမှန်တော့ စီစီလီယာအုပ်စုနဲ့ နယ်လီ အုပ်စု။ သည်အုပ်စုနှစ်စုဟာ မတူကြတာ သိသာသလောက် တူကြတာတွေလည်း သိသိသာသာ ရှိနေတယ် ဆိုတာကို သဘောပေါက်ကြတဲ့ ကိုယ်နဲ့ မော်နီကာကတော့ သည်နှစ်ရက်မှာ သူတို့ရသွားတဲ့ အခြေခံ ဘာဝနာအတွက် အားတက် ဖြစ်နေပါတယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး နောက်ခံချင်း မိုးနဲ့မြေလို ကွာချင်ကွာမယ်။ ရုပ်နဲ့နာမ် ရှိတဲ့အဖြစ်မှာတော့ တူသူ ချည်းပဲမို့ ဘာဝနာတရား လက်ကိုင် ထားမိကြပြီးရင် သူတို့နှစ်အုပ်စုကြားမှာ ချောင်း မခြား မြစ်မခြား ဖြစ်သွားနိုင်စေဖို့ မော်နီကာနဲ့ ကိုယ်က ရည်ရွယ်ထားခဲ့တာပါ။ သည်အုပ်စု နှစ်အုပ်စုကို တစ်ပေါင်းတည်းစုကာ ဘာဝနာ အားထုတ်ပွဲတစ်ခု ဟွန်းဒူး ရပ်စ်မှာ ပေါ်ထွန်းလာအောင် မော်နီကာက ဆက်လက် လုပ်ဆောင်သွားဖို့ အလွန်ကို စိတ်အား ထက်သန်နေပါပြီ။
အကြောင်းကတော့ ကိုယ်ချ ပေးမိတဲ့ ဘာဝနာ မျိုးစေ့ကို အပင်ပေါက်လာတဲ့ အထိ ဆက်မွေးမြူလို စိတ်ဟာ နှစ်ဖက်စလုံးမှာ အထင်အရှား ဖြစ်နေတာကို ပွဲသိမ်းချိန် ကတိစကားတွေ အရ သိခဲ့ကြလို့ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ သည်နေရာကို နောက်တစ်ခေါက် ထပ်လာနိုင်ဖို့ သိပ်မသေချာသေးပေမယ့် မော်နီ ကာက ဆက်လာနေဦးမှာမို့ သည်အုပ်စု နှစ်စုရဲ့ စုပေါင်း ဘာဝနာပွဲ အကြောင်း တစ်နေ့ မဟုတ် တစ်နေ့မှာ ကြားရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဘာပဲဖြစ်ဖြစ် သည်ခရီး စဉ်ဟာ ကိုယ့်အတွက် လျှပ်တစ်ပြက် အချိန်လေးသာ ကြာခဲ့ပေမယ့် သူတို့အတွက် တစ်ဘ၀စာ ဘာဝနာ တရားကို မျှဝေ ပေးနိုင်ခဲ့တာမို့ ကြည်နူး ၀မ်းသာရတဲ့ ခရီးစဉ်ပါ။ ဟားဗတ်က ကိုယ့်ကို စိတ်ပူစွာ စောင့်နေသူတွေကတော့ ကိုယ့်ရဲ့ချောမွေ့လှတဲ့ ဘာဝနာ ခရီးကို သာဓု ခေါ်နိုင်သွားကြပါပြီ။ ကိုယ်ကတော့ ဟွန်းဒူးရပ်စ်ရေ... သာဓုခေါ်ဖို့ စောင့်နေမယ်။
ခင်လေးမြင့်
၂၀၁၀ ဇူလိုင်လထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ...