မျက်ခုံးလှုပ်နေရှာပြီ ဖြစ်တဲ့ မြန်မာ့လက်ဖက်ရည်ကြမ်းဝိုင်း
လူထုဒေါ်အမာ
လူထုဒေါ်အမာ
လက်ဖက်ရည်ကြမ်းဝိုင်းဆိုတာ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ်ဖြစ်ကျမတို့တတွေ အချင်းချင်းတွေ့ဆုံရာ စကားစမြည်ပြောကြတဲ့နေရာ လေးပါ။ ကျမတို့လူ့အဖွဲ့အစည်းမှာ သန့်သန့်ရှင်းရှင်းနဲ့ ချစ်စရာကောင်းတဲ့ လူနဲ့လူချင်း ခင်မင်ရင်းနှီးစွာ တွေ့ဆုံကြတဲ့နေရာကလေး ဟာ လက်ဖက်ရည်ကြမ်းဝိုင်းမှာပါပဲ။
ဒီမှာပဲရပ်ရေးရွာရေး ပြောမိကြတယ်။ သားရေး၊ သမီးရေး ပါချင်လည်းပါမယ်။ ရောင်းရေးဝယ် ရေးပြောချင်လည်း ပြောကြမယ်။ သ တင်း ပလင်းဖလှယ်ရင်း၊ စိတ်ချရသူတွေ တယောက် တယောက်က အတွင်းသိအစင်းသိ မိတ်ဆွေတွေမို့ ကိုယ့်ရင်ထဲမျိုသိပ်ခံစား နေရတာ ကလေးများဖွင့်ဟကြတာလည်း လုပ်ချင်လုပ်မယ်။ သင်္ဂြိုလ် ငြင်းစရာနေရာလေး ဖြစ်ချင်လည်း ဖြစ်မယ်လေ။
လက်ဖက်ရည်ကြမ်းဝိုင်းကလေးမှာ အပေါင်းအသင်းလည်းစုံတတ်တယ်။ အကြောင်းအရာလည်းစုံတတ်တယ်။ ဒါ့ကြောင့်မလာရမနေ နိုင်ဘဲဖြစ်ချင်လည်း ဖြစ်လိမ့်မယ်။
မြန်မာတို့ဓလေ့က မိတ်သင်္ဂဟဆိုတာ ဖိတ်ကြားနေစရာမလိုဘူး။ လာမယ်လို့လည်း ကြိုအကြောင်းမကြားဘူး။ လာချင်တဲ့အခါလာ အားတဲ့သူကလာမယ်။ လာရင်ငုတ်တုတ်ကြီးမထားဘူး။ အိမ်ရှင်က ရေနွေးကြမ်းဝိုင်းကလေးနဲ့ ဧည့်ခံတယ်။ ဒီအတွက် ကြီးကြီးကျယ် ကျယ် အကုန်ကျခံစရာမလိုပါဘူး။ အညာမှာဆိုရင် ထန်လျက်ခဲလေး တပန်းကန်၊ ပဲလှော်ကလေး တဆုပ်၊ လက်ဖက်ကလေး တအုပ်နဲ့ ပြီးတယ်။ အောက်အရပ်မှာ ငါးပိဖုတ်ကလေး သံပုရာရည်ညှစ်လို့၊ ဒါမှမဟုတ် ငါးရံ့ခြောက်ကလေး ဖုတ်လို့ ရေနွေးကြမ်းကလေးနဲ့ တည်တယ်။ ဒါဆို ဧည့်ဝတ်ကျေပြီးပေါ့။
အားကြရင် ထိုင်ပါလေ့အကြာကြီး၊ လက်ဖက်ရည်ကြမ်း တအိုးကုန်သွားရင် နောက်တအိုးဆက်နိုင်တာပဲ။ ဒါဟာ ကျမတို့လူ့ပေါင်းသင်း ဆက်ဆံမှုပုံစံပါ။ လက်ဖက်ရည်ကြမ်းဝိုင်က ကျန်းမာရေးကိုလည်း ဘာမှမထိခိုက်စေပါဘူး။ စီးပွားရေးကိုလည်း ထိခိုက်လောက်အောင် မကုန်ကျပါဘူး။
ကျမတို့ မန္တလေးမှာသာ "လက်ဖက်ရည်ကြမ်း" ခေါ်တာပါ။ အင်းလေးဒေသနဲ့ ရှမ်းပြည်နယ်မှာတော့ "အခါးရည်" လို့ ခေါ်ပါတယ်။ ရန်ကုန်ဘက်မှာတော့ "ရေနွေးကြမ်း" တဲ့။ အချို့အရပ်ကတော့ လက်ဖက်ရည်အဖန်လို့လည်း ခေါ်ကြပါသေတယ်။ အဖန်ခေါ်ခေါ်၊ အခါး ခေါ်ခေါ်၊ အကြမ်းပဲခေါ်ခေါ် ဒေသအလိုက်ခေါ်ချင်ရာခေါ်ပါ။ သူကတကယ်တော့ သိပ်ဖန်၊ သိပ်ခါး၊ သိပ်ကြမ်းတဲ့အရသာ မ ဆောင်ပါဘူး။
မိုးရေ၊ မြစ်ရေ၊ ချောင်းရေလို ရေချိုကို မီးပေါ်မှာဆူအောင်တည်၊ ရေကျိုက်ကျိုက်ဆူတော့ လက်ဖက်ခြောက်ကလေး လက်လေးချောင်း နဲ့ယူခပ်၊ ခဏနှပ်ပြီး ချသောက်ရတဲ့သောက်စရာပါ။ သူ့မှာအရသာက ဖန်တယ်ဆိုရုံကလေး၊ ခါးတယ်ဆိုရုံကလေးရှိပြီး လက်ဖက်နံ့ သင်းသင်းလေးနဲ့ ယူသောက်လိုက်ရရင် ခံတွင်းရှင်းသွားပါတယ်။ ပါစပ်ထဲမှာတင်ကျန်ရစ်တဲ့ ခံတွင်းချဉ်နေမှုကို ပြေသွားစေပါတယ်။
ဒါ့ကြောင့် မြန်မာ့ပါးစပ်က လက်ဖက်ရည်ကြမ်းကို ပူနေရင်မှုတ်သောက်တယ်။ စကားပြောကောင်းနေလို့ အေးသွားရင် အပူကလေး ဖြည့်စရာရှိရင် နည်းနည်းဖြည့်၊ မရှိရင် မော့သောက်ချလိုက်တာပါ။ အမြည်းကလေး တဖဲ့တရွဲ့ယူဝါးလိုက်၊ လက်ဖက်ရည်ကလေး တကျိုက်ကျိုက်လိုက်၊ အာလာပသလ္လာပကလေး ပြောလိုက်နဲ့ အလွန်အဆင်ပြေပါတယ်။ လက်ဖက်ခြောက်ကို ရှမ်းပြည်နယ်ဘက်နဲ့ အင်းထဲက အစိမ်းမခတ်ဘူး။ လှော်ပြီးမှခတ်တယ်။ လှော်ခတ်တော့ တမျိုးမွှေးတာကိုး။
ကျမတို့နိုင်ငံက ပူတဲ့နိုင်ငံမဟုတ်လား။ ပူတဲ့နိုင်ငံမှာရှိတဲ့ လူတွေအဖို့တနေ့ကို ရေအာတာပုလင်းနဲ့ ၃ ပုလင်းသောက်ဖို့ လိုအပ်ပါသတဲ့။ ပြီးတော့ ဒီခန္ဓာကိုယ်က အနည်းဆုံး တပုလင်းပြန်ထုတ်ကြရသတဲ့။ အဲဒီ လိုအပ်တဲ့ရေကို ကျမတို့လူတွေက ရေအေး၊ ရေစိမ်းသောက် တယ်။ ရေကျက်အေးသောက်တယ်။ လက်ဖက်ရည်ကြမ်းသောက်တယ်လေ။ ဘယ်အရည်သောက်လို့မှ လူ့ကျန်းမာရေးကိုမထိခိုက် ဘူး။ သောက်ချင်ရာသာ သောက်ရော့။
ဒါ့ကြောင့် အလျူဒါန၀ါသနာပါတဲ့ ကျမတို့ လူမျိုးက သစ်ရိပ်ဝါးရိပ်ကောင်းကောင်းမှာ သောက်ရေအိုးစင် သန့်သန့်ပြန့်ပြန့်ကလေး တည်ပြီး သောက်ရေလှူတယ်။ အိမ်ကိုလာတဲ့ မိတ်သင်္ဂဟအစိမ်းအကျက်မရွေး လက်ဖက်ရည်ကြမ်းကို တတ်နိုင်ရင် အမြည်းကလေးနဲ့ တည်ခင်းရတာကို ဘာမှ ဘယ်သူကမှဝန်မလေးဘူး။ ကျေကျေနပ်နပ် ပြုစုပါတယ်။ ဒါဟာကျမတို့ရဲ့ အမျိုးသားရေး ယဉ်ကျေးမှုပါပဲ။
ခုတော့ အရက်သေစာ စီးပွားရေးသမားများက မြန်မာနိုင်ငံမှာ လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုကို "ဘီယာ" နဲ့ အစားထိုးကြစို့၊ တအား ကြိုးစားလို့ ကြွေးကြော်နေပါပြီ။ သူတို့က ဒီ "ဘီယာ" ကို စတိတ်ရှိုးမှာ ခုံပေါ်က ကခုန်၊ ခုံအောက်က ခုန်နေတဲ့နေရာမှာသာ မနေစေနဲ့၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကိုလည်း ဘီယာထဲမှာနှစ်ထားဖို့ ကြိုးစားကြ တဲ့။ အလားတူပွဲတိုင်းမှာ"ဘီယာ" ဖုံးလွှမ်းပေစေ။ ဘီယာဟာအခုဆို ရင် နည်းမျိုးစုံနဲ့ ထွင်းဖောက်ဝင်ရောက်တိုးဝှေ့ နေရာယူလာနိုင်ပြီး။ ဘီယာဟာ မြန်မာလူငယ်လူရွယ်တွေထဲ အများကြီး ကျယ်ပြန့်လာ ပြီ လို့ စီးပွားရေးဆောင်းပါး တပုဒ်မှာ ဖတ်လိုက်ရပါတယ်။
မြန်မာနိုင်ငံမှာ ဘီယာကြော်ငြာတွေ မျိုးစုံနေပုံကိုလည်း ဒီဆောင်းပါးကရေးပြတယ်။ ၀ယ်သူကို ပေါက်မဲတွေ၊ ဆုတွေပေးတာကတ နည်း၊ နည်းမျိုးစုံအောင် ကြေငြာရမယ်။ ဘီယာအရောင်းဟာ တနှစ်နဲ့တနှစ် မတူဘူး။ ပိုလို့ပိုလို့ ရောင်းကောင်နေပြီ မဟုတ်လားလို့ ဒီဆောင်ပါးက ရေးပါတယ်။
ကြေငြာဆိုတာကလည်း ကြောက်စရာအကောင်းသား မဟုတ်လား။ ဘီယာဆိုတာ တကယ်တော့ သေရည်ပါ။ သူ့အထဲမှာမူးယစ် စေတတ်တဲ့ သေ၊ စွဲလမ်းစေတတ်တဲ့ သေ ရာခိုင်နှုန်း ၅% ကနေပြီး ၈% အထိ ပါဝင်ပါတယ်။
ဒါကိုပဲ ဘာအရက်မှ မပါလေဟန်၊ အချိုရည်တမျိုး ဖြစ်လေဟန် ပြောတဲ့လူကပြောတယ်။ အနောက်နိုင်ငံတွေမှာ ရေမသောက်ဘူး။ ဘီယာသောက်ကြတယ်လို့ သတင်းလွှင့်သူက လွှင့်တယ်လေ။ ပြီးတော့ ကျမတို့ကို ဆီလျှော့စားပါ။ ဆီဟာလူ့ကျန်းမာရေးအတွက် ကို လက်စရော ပိုတက်စေနိုင်တာမို့ ဆီစားများရင် အန္တရယ်ရှိပါတယ်လို့ သတိပေးနေသံများ နေ့တိုင်းနီးပါး ကြားနေရပါတယ်။ ဘီယာ သောက်ရင် ဘီယာထဲမှာပါတဲ့ ပစ္စည်းက လူ့ခန္ဓာကိုယ်မှာ ကိုလက်စရော ပိုတက်စေတယ်လို့ သိရပါတယ်။ ဘီယာက လူ့သွေးထဲအဆီ ဓာတ်များစေတဲ့ပစ္စည်း ပါပါတယ်။ ဘီယာဖော ဖောနေတာ၊ ဘီယာဝ ၀နေတာဆိုတဲ့စကား ကျမတို့လူတွေ ပြောတာကြားလာရပါပြီ။
တကယ်ဆိုတော့ အနောက်နိုင်ငံနဲ့ ကျမတို့လို ပူအိုက်တဲ့နိုင်ငံနဲ့က ဘာဆိုင်ပါသလဲ။ ဒီမှာ တနေ့ကိုအာတာပုလင်းကြီး ၃ ပုလင်းကုန် လောက်ရေသောက်ဖို့လိုတဲ့ နိုင်ငံမှာ ရေအစားသေရည်ပါတဲ့ ဘီယာကို သောက်ကြရင် အရက်သောက်လို့ ကြုံတွေ့ရတဲ့ ကျန်းမာရေးထိ ခိုက်မှုမျိုး သောက်သူတိုင်း ဖြစ်ကြရမှာပေါ့၊ အလကားရတဲ့ ရေကောင်းကို မသောက်ဘဲ ဈေးကြီးလှတဲ့ဘီယာကိုသောက်တော့ မစွဲခင် တောင်ပိုက်ဆံက သောက်သောက်လဲ ကုန်ကျဦးမှာ မဟုတ်လား။
မြို့တွေမှာ ဘီယာသောက်သင်၊ ဘီယာသောက် ကျင့်နေကြပြီဖြစ်လေတော့ "ဘီယာယဉ်ကျေးမှု" ဆိုတာကို ကျမတို့တတွေ၊ မိဘပြည် သူတွေ၊ ဆရာသမားတွေ၊ ရဟန်းရှင်လူတွေက နိုးနိုးကြားကြား တားဆီးတိုက်ဖျက်ဖို့ လိုနေပါပြီ။ သေသောက်ကြူးတဲ့လူမျိုး၊ သေ အရက်ကြောင့် အသက်တိုပြီး ရောဂါဆိုးကြီးများနဲ့ သေရမယ့်အဖြစ်က လွတ်အောင် သတိဝီရိယနဲ့ တားကြပါ။ အသိနဲ့ တားကြပါ။
မြန်မာ့လက်ဖက်ရည်ကြမ်းဝိုင်းက တဦးနဲ့တဦး ရင်နှီးချစ်ခင်မှုပိုတယ်၊ ဗဟုသုတရတယ်၊ သတင်းစုံကြားရတယ်၊ အသိပညာတိုးနိုင် တယ်။ ဘီယာဝိုင်းက ရန်ဖြစ်တယ်၊ ငါးပါးသီလအားလုံး ကျိုးပေါက်နိုင်တယ်၊ ရောဂါရတယ်၊ ပိုက်ဆံကုန်တယ်။
ဒါကြောင့် ခေတ်အလျှောက်ဝင်ရောက်လာတဲ့ မကောင်းမှုတွေကို တမျိုးသားလုံးက တားဆီးနိုင်ဖို့ အရေးကြီးပါပြီ။
လူထုဒေါ်အမာ
ဧပြီလ၊ ၁၉၉၇ ခုနှစ်။
(ကလျာ အောက်တိုဘာ ၂၀၀၉)