ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Wednesday, July 28, 2010

မသွားဖြစ်ခဲ့သောခရီးနှင့်မစားဖြစ်လိုက်သောထမင်းဝိုင်း

မသွားဖြစ်ခဲ့သောခရီးနှင့်မစားဖြစ်လိုက်သောထမင်းဝိုင်း
ညောင်သုံးပင်ဆရာတော်
အမေ - အမေသည် မိမိအတွက်တော့. အမေချင်းမတူသော အမေဖြစ်သည်။ သားသမီးများအပေါ် ချစ်တတ်သော နေရာမှာလည်း ဘယ်သူနဲ့မှ မတူသောအမေပေတည်း။ လောကထဲရှိ- ရှိရှိသမျှ အမေများအားလုံးသည် သားသမီးများအပေါ် ချစ်တတ်သောအမေများသာဖြစ်ပေသည်။ ဒါပေသည့် အဲ့ဒီ ချစ်တတ်သော အမေများထက် အမေ့အချစ်သည် ပိုသည်ဟု မိမိ ထင်၏။ မိမိ ပတ်ဝန်းကျင်တွင် သားသမီးများကို အလွန်ချစ်သည့် အမေများ ရုပ်ရှင်ဇာတ်ကားထဲတွင် ချစ်တတ်သည် ဟူသော အမေများကို တွေ့မြင်ဖူးပါသည်။ သို့သော် ငါတို့အမေ၏ အချစ်ကို မှီအံ့မထင်ပါ။ အမေ၏အချစ်သည် နက်ရှိုင်း၏။ လေးနက်၏။ သုံနှစ်သားအရွယ်ကပင် မိမိအား သြကာသ ကန်တော့ကျိုး၊ ငါးပါးသီလ၊ အောင်တရာ့ရှစ်ကွက် ဗုဒ္ဓစက်- သမ္ဗုဒ္ဓေ- သဗ္ဗေသတ္တာ-မေတ္တာပို့ စသည်များ၊ ဒို့များနေရာ ဒို့နေရာ တဏှာအုပ်စိုးသည်… စသည်တို့ကို နှုတ်တိုက်သင်ပေးခဲ့သည်။ ရန်ကုန်ကဆွေမျိုးဝမ်းကွဲများ အိပ်လာလည်က မိမိဦးဆောင်၍ ဘုရားရှိခိုးတိုင်ပေးရသည်။ ညစဉ် ဘုရားရှိခိုးပြီးမှ အိပ်ခိုင်းသည်။

အမေ့တွင် သားသမီးငါးယောက်ရှိရာတွင် --

၁။ အကိုကြီးက- ပဲစေ့ (ခ) သိန်းအောင်၊

၂။ ကိုငပုန်း (ခ) တင်ဆန်း

၃။ မတင်ကြွယ်

၎။ မောင်ထွေးတင် (မိမိ)

၅။ ညီငယ် မောင်သက်ခိုင် …. တို့ဖြစ်၏။

အမေသည်ကား သားသမီးများအပေါ်တွင် တမျိုးစီချစ်တတ်၏။ မိုက်သော သားသမီးများအပေါ် မိုက်သည့်အလျှေက် ချစ်တတ်သလို၊ လိမ္မာ -လိမ္မာသလိုလည်း ချစ်တတ်သည်။ လိမ္မာလို့ ပိုသည်မရှိ၊ မိုက်လို့လျှော့သည်မရှိ။ အမေ့မေတ္တာကား တစ်သားထဲပါပေတည်း။

ယခုအထိ အမေသည် မည်သူ့ကို အချစ်ဆုံးပါလဲဟု အကဲခတ်မရခဲ့ပေ။ အကိုကြီးပဲစေ့ကား မိုက်၏။ ရွာထဲ ရန်ပွဲတိုင်း၌ အကိုကြီးမပါ မပြီး၊ အကိုကြီးပါမှ ပွဲစည်သည်။ ရပ်ရွာကိစ္စဆိုရင် ဘာကိစ္စ မဆို သာရေး နာရေး ဇာတ်ပွဲ ဘုန်ကြီးပျံပွဲ ထိပ်ဆုံးကပါသည်။ သုဘရာဇာ မီးရျှိ့သည်ကအစ ကိုပဲစေ့ မပါ ဘယ်ဟာမှ မပြီးပါ။ ရွာကျောင်းဘုန်ကြီးကိစ္စရှိလို့ သန်းခေါင်လာနှိုး အချိန်မရွေး နိုးပြီးသား သာတည်း။
ထိုအခါ အမေက သားကြီးကိုအပြစ်မပြော၊ အပြစ်မတင်သည့်အပြင် ချစ်ခင်သည်က ပိုသေးသည်။ သား .. သူများကို ဒုက္ခရောက်လို့ကူညီတာ သိပ်ကောင်းတယ်။ သူများစိတ်ချမ်းသာရင် ကိုယ်စိတ်ချမ်းသာသလို ခံစားတတ်ပါသားရယ်၊ အိမ်နီးချင်းများ ဆန်လာချေးကလည်း အိမ်အတွက် ညနေစာ ချက်စရာမရှိအောင် ပေးတတ်သောအမေ ဖြစ်သည်။
အကိုလတ်- ကိုငပုန်းကား လောင်းကစားဝါသနာကြီး၏။ ကြက်တိုက်သည်ကအစပါ၏။ ကြက်ကို တယုတယ မွေးပြီးတိုက်၏။အမေ၏ ဘိုးဘွားပိုင်လယ်များကို နှစ်လုံးသုံလုံး ချဲထိုးလို့ကုန်သွား၏။ အမေသည် ညစဉ် ဆုံးမ၏။
“ငပုန်း- နင်ဝဋ်လည်မယ်။ နင် ကိုယ်ချင်းစာစိတ်ထားတတ်တဲ့တနေ့သိလိမ့်မယ်။”
ဟု အမေဆုံးမ၏။ တနေ့- အကိုလတ် ရန်ဖြစ်ခဲ့၏။ လုပ်ကြံခံရ၏။ ကံကြီးပေလို့ မသေခဲ့ပေ။ ထိုနေ့မှစ၍ သူတော်ကောင်းကြီးဖြစ်ခဲ့၏။ ရဟန်းဘောင်သို့ ရာသက်ပန်ဝင်ခဲ့၏။ ကျောင်းထိုင်ဘဝထိရောက်ခဲ့၏။ အမေ၏စကားတစ်ခွန်ကား - “ငပုန်း- သား.. မင်းကိုယ်ချင်းစာတတ်ပြီလား” တဲ့။

အမ- မတင်ကြွယ်.. ကားလိမ္မာ၏။ သမီးတစ်ယောက်ထဲ ပါသည်မို့လည်းအချစ်ပိုသည် မရှိ။ တန်းတူချစ်၏။

သားငယ်- သက်ခိုင်သည် ရုပ်အချောဆုံးဖြစ်၏။ အမေအပေါ်တွင် အလိုက်သိတတ်၏။

မိမိကား နို့ညှာဖြစ်၏။ မိမိ ငါနှစ်သားအရွယ်တွင် အဖေဆုံး၏။ အဖေသည် သားသမီးများအပေါ် အစွဲအလန်းကြီး၍လားမသိ သေပြီးမကျွတ်လွတ်ခဲ့။ အမေ့အား မကြာခဏ ဝင်ပူးပြီး ”ငါ့သားကို ကိုရင်ဝတ်ပေး” ဟုပြော၏။ ထိုအခါ အမေသည် မိမိအပေါ် သားရယ် မင်းအဖေကို ကျေးဇူးဆပ်လိုက်ပါ၊ သားကိုရင်ဝတ်နော်၊ ဆရာတော်ကြီးထိလုပ်နော်သား ဟုဆိုခဲ့၏။ မိမိသည် မိဘအားကျေးဇူးဆပ်သော အနေဖြင့် ကိုရင်ဝတ်ခဲ့၏။ ကျေးဇူးဆိုတာ ငယ်ရွယ်ချိန်မို့ဘာမှ မသိသေးပေမဲ့ အမေ့မျက်နှာ မျက်ရည်စတွေကြည့်ပြီး သနားခဲ့သည်။ သာသနာ့ဘောင်ရောက်ခဲ့သည်။ ကိုရင်ဝတ်သောနေ့ကား အမေပြုံးမျက်ရည်ကျခဲ့၏။ အခုထိအမေ့မျက်နှာမြင်ရောင်နေဆဲပါ။ ကိုရင်ဝတ်သည်ကိုမြင်၍ အမေပြုံးခဲ့သော်လည်း အဖေကိုသတိရ၍လားမသိ အမေသည် ပြုံးရာမှ ချက်ချင်း မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့သည်။ မိမိသည် ငါးနှစ်သားမှစ၍ သာသနာ့ဘောင်သို့ရောက်ခဲ့သည်။ လူထွက်မည်ကြံလျှင် အဖေသည် အမေ့အား ဝင်ပူး၍ ပြောပြန်၏။ ငါ့သားကိုပျော်အောင်ထားဖို့ မထွက်စေဖို့ အထပ်ထပ်ပြောခဲ့သည်။ မှာခဲ့သည်။ ထိုအခါ အမေက ငါ့သား မထွက်နဲ့နော်၊ သားအဖေကို ကောင်းရာသုဂတိ ရောက်ဖို့ သားမထွက်နဲ့ဆိုပြီး တစ်ဝါ နှစ်ဝါ သုံးဝါဖြင့် ကိုရင်ဝတ် မြဲစေခဲ့သည်။ ဆင်ရွာစာပြန်ပွဲတွင် မိမိ ပထမဆုရခဲ့စဉ်အခါက အမေ့ပီတိသည် လှုပ်ခါခဲ့သည်။ တုန်ခါခဲ့သည်။ မြည်ဟီးခဲ့သည်။ အမေ့ပီတိကား တုံလှုပ်ပီတိ၊ လှုပ်ခါပီတိ၊ တုံခါပီတိ၊ ဖရဏပီတိ တို့ထက် သာလိမ့်မည်ထင်သည်။ အမေ့မျက်နှာသည် ဖိုးလမင်းကြီးမော့ကြည့်ရသလို ထိန်ထိန်သာခဲ့၏။ ပီတိလှိုင်းများ ရိုက်ခတ်ခဲ့၏။ ငါ့သား..ငါ့သား..ငါ့သား....အငယ်ဆုံး...အတော်ဆုံး...ငါ့သားတော်လိုက်တာ...ကိုရင့်အဖေသာရှိရင် ကြွားလိုက်မည့်ဖြစ်ခြင်း၊ ကိုရင်တွေ ဦဇင်းတွေ အများကြီးထဲမှာ တစ်နယ်လုံးထဲမှာ ငါ့သား ပထမရတာ....တစ်ရွာလုံး တစ်အိမ်တက် တစ်အိမ်ဆင်းကြွားလို့မဆုံးခဲ့။ တစ်ဆယ့်တစ်နှစ်သားအရွယ်တွင် ပဲခူးမြို့ မြို့မစာသင်တိုက်ကိုစာသင်ရန် အမေပို့ခဲ့သည်။ ပဲခူးမြို့နယ်လုံးဆိုင်ရာ ဝိနယာဓိက စာမေးပွဲတွင် ဒုတိယ ရရှိတုန်းကလဲ အမေ အပျော်ကြီးပျော်ခဲ့သည်။ ဓမ္မာစရိယတန်း၊ နိကာယ်တန်းများအောင်ခဲ့စဉ်က အမေ့ကို ရွာမှခေါ်၍ ဂုဏ်ပြုပွဲဖိတ်ခဲ့သည်။ အမေအပြုံးပန်းများဝေခဲ့သည်။ ပြည်မြို့ ဇောတိကာရုံ ပါဠိတက္ကသိုလ်တွင် သာသနာ့နုဂ္ဂဟ ဓမ္မာစရိယဘွဲ့ ပထမရခဲ့စဉ်က အမေသည် ပြည်အထိ လိုက်လာခဲ့သည်။ ထိုပူဇော်ပွဲတွင် အမေ့ပီတိကား... ပြောမဆုံးပေါင် တောသုံထောင်ပါပေ။ မျက်ရည်များဝေသည်အထိ အမေပီတိများလှိုက်ဖြာခဲ့သည်။ မိမိ မန္တလေးမြို့ မစီုးရိမ်တိုက်သစ်တွင် သကျသီဟ စေတီယင်္ဂဏ သုသမာစာရ စာမေးပွဲများကြိုးစားစဉ်ကလည်း အမေရောက်အောင်လာခဲ့သည်။ ထိုမှ ပညာစုံ၍ မစီုးရိမ်တိုက်သစ် တိုက်ခွဲအဖြစ်စေလွှတ်၍ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိစာသင်တိုက် အဖြစ် တည်ထောင်တော့လည်း အမေရောက်အောင်လာခဲ့သည်။
မိမိကား- ကျောင်းထိုင်ဘဝရောက်တော့ အသိများရင့်ကျက်ခဲ့သည်။ သာသနာ၏ အကျိုးရလဒ်များ နားလည်ခဲ့သည်။ အမေသည် ငယ်ငယ်ထဲက စာမေးပွဲပြီးလို့ ရွာကိုပြန်တိုင်း အမြဲဆုံးမလေ့ရှိသော စကားများကို မှတ်မိနေသေးသည်။

"ငါ့သား- သာသနာ့ဘောင်မှာနေတယ်ဆိုတာ သူများ စားဦးစားဖျားတွေစားပြီးနေရတာ သီလမရှိဘဲ စားရင် သံတွေ သံခဲ မီးရဲရဲဖုတ်တာ စားရသလိုဘဲနော်၊ ဆရာတော်ကြီးဟောဟောနေတာ အမေမှတ်သားဖူးတယ်သား၊ ကိုရင်ပီသအောင်၊ ရဟန်းပီသအောင်နေနော်။ ငါ့သား မပျော်ခဲ့ရင် လူထွက်ခဲ့၊ အမေရှိတယ်။ ကိုရင်ဘဝ ရဟန်းဘဝကိုတော့ ဘယ်တော့မှ အလွဲသုံးစား မလုပ်နဲ့နော်၊ ဘုရားသားတော်ဟာ ဘုရားသားတော် အလုပ်ပဲလုပ်နော်၊ လူမှု့ရေးကိစ္စတွေ တခြားကိစ္စတွေ ဝင်မပါနဲ့၊ အမြတ်မရရင်နေပါစေ၊ အရင်းမဆုံးစေနဲ့နော်သား။ ရွာက မိန်းခလေးတွေနဲ့လည်း အရောတဝင် မနေနဲ့နော် ..သားတဲ့"

" ရဟန်းဘဝနဲ့ အရိုးထုတ်မယ်စိတ်ကူးရင် ရဟန်းပီသဖို့ အရေးကြီးတယ်သား၊ စာတတ်ပြီး အကျင့်မရှိရင်လဲ အလကားဘဲသား။ မိန်းခလေးဆို မောင်နှမတောင် အရောမဝင်နဲ့နော်၊ မ ဖျက်ရင် ပြည်တောင်ပျက်တယ်တဲ့"

မှတ်မိပါသေးသည်။ မိမိ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိစာသင်တိုက်မှာကျေင်းထိုင်တော့ အမေ ပဲခူးတိုင်း ဝေါမြိုနယ် ဆင်ရွာကနေ မိုးကုတ်ကို မရောက် ရောက်အောင်လာခဲ့သည်။ တပည့် ကိုရင်တစ်ပါးက ဘုန်းဘုန်း- ဘုန်းဘုန်း.. မယ်တော်ကြီးတဲ့.. ကားတစ်စီးဆိုက်လာတယ်တဲ့၊ ဘုန်းကြီးနဲ့တွေ့ချင်လို့တဲ့။ အေး.ကိုရင်..လွှတ်လိုက်ကွာ...
အမေကျောင်းပေါ်ရောက် ဘုရားဦးချပြီး မိမိကို ဦးချလို့ နှစ်ကြိမ်ဘဲ ရှိသေးတယ်....မိမိက တကာမကြီး.. တကာမကြီးကို မတွေ့ချင်လို့ တောထဲ တောင်ထဲမှာ နေနေတာ ဘာဖြစ်လို့ လိုက်လာရတာလဲ..ဟု ပြောမိလိုက်သည်။ ထိုအခါ အမေငိုလိုက်သည့်ဖြစ်ခြင်း။ ရက်စက်လိုက်တာ သားရယ် ငါ့သားကိုတွေချင်လို့ လိုက်လာတာပေါ့သားရယ်၊ အရမ်းကိုသတိရလို့ အရမ်းကိုလွမ်းလို့ အောင်းမေ့လို့ပေါ့၊ သားကိုတွေ့လို့ အသက်တောင် ဝဝ မရှုရသေးဘူး၊ ငါ့သား ပြောရက်လိုက်တာနော်တဲ့။

(ဆက်လက်၍ တင်ဆက်သွားပါမည်)ှ

မာတိကာ


statistics

web tracker